ဒီနေ့ဆိုရင် ဂျူမုံတို့၊ ချန်ဂင်တို့၊ အွန်စော တို့ရဲ့ ရှေး ဂျိုဆောင် နယ်မြေ၊ 'ကုန' လို့ သူတို့ အတိုကောက် ခေါ်တဲ့ (KNUA)၊ ကိုးရီးယား အနုပညာတက္ကသိုလ်ကို ရောက်တာ၊ ခုနှစ်ရက်မြောက်တဲ့ နေ့ပေါ့။ အခု အခန်းထဲက breakfast စားတဲ့ နေရာကနေ လှမ်းကြည့် လိုက်ရင်၊ လက်တကမ်းမှာ စိမ်းမြနေတဲ့ သစ်ပင်အုပ်တွေကို လှမ်းမြင်နေရတယ်။ ၁၉၉၃ ခုနှစ်ကမှ စပြီး တည်ထောင်ခဲ့တဲ့ တက္ကသိုလ်တဲ့ .....။ အရာရာမှာ ပြီးပြည့်စုံပြီး နိုင်ငံရဲ့ နံမည်အကြီးဆုံး အနုပညာတက္ကသိုလ်တဲ့ .....။ ဒီလောက်အချိန်လေး အတွင်းမှာ တက္ကသိုလ်ဟာ စိမ်းမြနေတဲ့ တောအုပ်ထဲမှာ၊ .... တောအုပ်ထဲမှာ.....။ ရင်ထဲမှာ နာကျင်ရပြန်ပြီ....။ စိန်ရတုကျော်လွန်ခဲ့တဲ့ ကျွန်မတို့ ရန်ကုန်တက္ကသိုလ်က စိမ်းမြတဲ့ ကံ့ကော်တော ကတော့ မရှိတော့ဖူးနော် ....။ မေ (၃) ရက် မနက်ခင်းကို မစဉ်းစားပါရစေနဲ့။ ကြောက်မက်ဖွယ် လေချွန်သံ၊ တခါမှ မမြင်ဖူးခဲ့တဲ့ တုန်လှုပ်ဖွယ် သစ်ပင်တွေရဲ့ ယိမ်းနွဲ့မှု ..။ ဘယ်တော့မှ မကြားချင်တော့တဲ့ သွပ်ပြားချင်း ရိုက်ခတ်သံ၊ လူများစွာရဲ့ အထိတ်တလန့် အော်ဟစ်သံ၊ ကလေးတွေရဲ့ သနားစဖွယ် ငိုကြွေးသံ..။ နာကျင်စရာတွေ ... များစွာ ..၊ များစွာ ...၊ များစွာ ....။
ကျွန်မ နေထိုင်ရာ တက္ကသိုလ် ဆရာများရဲ့ အခန်းလေးက နဲနဲ လေ၀င်သက်သာတဲ့ မီးဖိုခန်းလေးထဲမှာ၊ ကျွန်မတို့ နှစ်ယောက်..၊ ည ဆယ့်နှစ်နာရီကနေ၊ နောက်နေ့ ဆယ်နှစ်နာရီထိ 'ပု' နေခဲ့ရတာ..။ အမှောင်ထုကြီးထဲမှာ၊ လက်နှိပ်ဓါတ်မီးလေး တလက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်းပေါ့။
မနက်လင်းအားကြီးမှာ ကြောက်စရာ အသံကြီး တသံနဲ့အတူ၊ ကျွန်မတို့ အဆောက် အဦကြီး ပြိုကျပြီလို့ ထင်လိုက်တာ..။ 'တိုက်ပြိုပြီ'လို့ ကျွန်မ အော်လိုက်မိတယ်။ ကျွန်မ ခင်ပွန်းက 'သတိထား...၊ သတိထား..၊ မကြောက်နဲ့' တဲ့။ ပြီးတော့ လင်းရောင် ပျပျမှာ အရိပ်မဲကြီးတခု ကျွန်မတို့ကို ဖုံးလွှမ်းသွားသလိုပဲ....။
ကျွန်မတို့ အဆောက်အဦးရဲ့ အမိုးကြီး အချပ်လိုက် ကွာကျလာတာ..။ ကြီးမားလှတဲ့ အဲဒီ အမိုးကြီးက ကျောင်းဆရာတွေရဲ့ ကားစုတ်ကလေးတွေပေါ်ကို ရိုက်ခတ် ဖုံးအုပ် လိုက်တော့တာ..။
အမိုးမရှိတော့တဲ့ အပေါ်ဆုံးထပ်က အခန်းတွေထဲကို မိုးတွေ လေတွေ၊ ဒလဟော ၀င်လာခဲ့တာပေါ့။ အသက်လုပြီး အောက်ထပ်အခန်းတွေကို ဆင်းပြေးကြရတဲ့ ပါမောက္ခတွေ၊ ကထိကတွေ၊ မိသားစုတွေ.....။
၁၁' x ၄၅' အကျယ်အ၀န်းရှိတဲ့ အခန်းရှည်မျောမျောလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ တက္ကသိုလ်ဆရာများရဲ့ လေးထပ်တိုက် အဆောက်အဦး နီနီတွေကို တခုသော စာပေဟော ပြောပွဲကအပြန် အကိုကြီး ကိုသုမောင်က အထုပ်ဆွဲ လိုက်ပို့ရင်း 'ဒါ တက္ကသိုလ် ဆရာများရိပ် သာလား.... ရေခဲတိုက်တွေနဲ့ တူတယ်' လို့ နောက်ပြောင်ခဲ့ဖူးတယ်။ ရယ်မောရင်း၊ နှုတ်လှန်ထိုးရင်းက ၀မ်းနည်းနာကျင်ခဲ့ဖူးတယ်။
ဘယ်တော့မှ မေ့လို့ ရမှာမဟုတ်တဲ့ ဒီအိပ်မက်ဆိုး မုန်တိုင်းကြီးနဲ့အတူ တကိုယ် ကောင်းဆန်သူတွေ၊ စွန့်လွှတ်အနစ်နာခံသူတွေ၊ လူလူချင်း စာနာထောက်ထားမှု ဆိုတာကို အံ့သြစရာ ကောင်းလောက်အောင် မျက်ကွယ်ပြုနိုင်သူတွေ၊ ရှိသမျှလေးကို ခွဲဝေကျွေးပြီး ရိုင်းပင်းကူညီကြသူတွေကို ကျွန်မ တွေ့ခဲ့ရတယ်။
နာဂစ်ကပြောပြတဲ့ ရင်နာစရာ ဇာတ်လမ်းပေါင်းများစွာ၊ တထောင့်တညကို ဘယ်လို များ ရေးရက်ပါ့မလဲ...။ နားတောင်မှ မထောင်ရဲခဲ့ဘူး။ တွံတေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ သွားလမ်းမကြီးဝဲယာက လူတန်းရှည်ကြီးတွေ၊ ကျွန်မတို့ မြန်မာတွေ၊ ကျွန်မတို့ လူမျိုးတွေ....၊ ဒုက္ခသည်ချင်းအတူတူ၊ ရှိသမျှလေးထဲက ခွဲဝေကျွေးနိုင်တာ၊ မရှိတဲ့ ကြားထဲက လှူဒါန်းရဲတာလဲ ကျွန်မတို့ လူမျိုးတွေပါ။ ကျွန်မတို့ ရင်ထဲမှာ ရှိနေနိုင်သေးတဲ့ ဒီစိတ်ဓာတ် ကလေးဟာ မြန်မာဆိုတာ ရှိနေသေးသရွေ့၊ ရှိနေနိုင်ပါရစေ၊ ဘယ်တော့မှ ပျောက်ကွယ် မသွားရ ပါစေနဲ့....။ ရေနစ်သူတွေကို ၀ါးကူထိုးခဲ့တဲ့ နာဂစ်ရေ...၊ တို့ တိုင်းပြည်လေးကို ဘယ်တော့မှ ပြန်မလာပါနဲ့တော့နော်.....။
နောက်ဆံတငင်ငင်နဲ့ ထွက်လာရတဲ့ ဒီခရီးဟာ တကယ်တော့ ကျွန်မကို ဖိတ်တဲ့ရက် ထက် ဆယ်ရက်ကျော် နောက်ကျနေခဲ့ပါပြီ...။ e-mail ဘယ်တော့မှ မသုံးတဲ့ ကျွန်မ ချစ်သူငယ်ချင်း ကိုးရီးယားကဗျာဆရာဟာ သိပ် စိတ်ပူနေရှာပါပြီ။ အနုပညာသမားတို့ရဲ့ အမူအကျင့် အားလုံးရှိတဲ့ ကျွန်မသူငယ်ချင်းဟာ သူတို့နိုင်ငံရဲ့ နံမည်အကြီးဆုံး ဒီအနုပညာတက္ကသိုလ်ရဲ့ (President) ပါ။ ပါမောက္ခချုပ်ကြီးပေါ့လေ.....။ အံ့သြစရာ မကောင်းဘူးလား....။ 'မင်း ဒီလိုနေရာမှာ ရှိနေတာ ငါဘယ်လိုမှ စဉ်းစားလို့ မရဘူး' လို့ ကျွန်မက ပြောတော့ သူလဲ ဘယ်လုပ်ချင်ပါ့မလဲတဲ့...။ ဒါပေမယ့် အနုပညာတက္ကသိုလ်ရဲ့ (Prisedent) ဟာ နိုင်ငံကျော် အနုပညာရှင်တယောက်ပဲ ဖြစ်သင့်တယ်ဆိုပြီး သမတက တာဝန်ပေးအပ်ခြင်းကို ခံရတာတဲ့လေ..။ "မင်းသိသားပဲ၊ ငါ ကဗျာပဲ ရေးချင်တာ၊ တာဝန်တွေနဲ့ မနေချင်ပါဘူး..၊ ငါရတဲ့ လစာ ၀မ် သိန်းသုံးရာကျော် မမက်ဖူး" တဲ့...။
ကျွန်မနဲ့ သူနဲ့က ၂၀၀၀ပြည့်နှစ်၊ IWPI, U.S မှာ၊ အိုင်အိုဝါ IOWA တက္ကသိုလ်မှာ ပေါ့...။ အဲဒီမှာ ဆုံကြပြီး ရင်းနှီးခင်မင်ခဲ့ကြတာပေါ့။ နိုင်ငံတကာ စာရေးဆရာ၊ ကဗျာဆရာ၊ ပြဇာတ်ဆရာတွေ ဆယ့်ခွန်နှစ်ယာက်မှာ ထုံးစံအတိုင်း တူရာ၊ တူရာ တွဲကြတော့ ကျွန်မရယ်၊ အမျိုးသမီးသတင်းစာဆရာမ ဗီယက်နမ်မလေးရယ်၊ ကိုးရီးယား ကဗျာဆရာရယ်၊ အိန္ဒိယ ပြဇာတ်ဆရာရယ် တွဲမိကြပြီး၊ မောင်နှမတွေလို ဖြစ်သွားကြတော့တာ။ အိုင်အိုဝါက (Hawkeye) အဆောင်မှာ မထော်မနှမ်းတွေ ဖြစ်နေကျ။ ကျွန်မနဲ့ ဗီယက်နမ်မလေး ဗိုသီဟိုတို့ ကို ကိုးရီးယားသူငယ်ချင်း ဟွမ် (Hwong) က အမြဲအကူအညီ ပေးခဲ့တာ။ တောကတက်လာတဲ့ ကျွန်မတို့ နှစ်ယောက်ဟာ (911) ရဲ့ ဖုံးနံပါတ်ကို မှားနှိပ်လို့ ရဲရောက်လာတာလဲ ရှိတယ်။ အခန်းထဲမှာ အာရှဟင်းတွေ ချက်မိလို့ Smoke Alarm ထမြည် တာလဲ အကြိမ်ကြိမ်...။
တကယ်တော့ e-mail ဆိုတာကို ဘယ်လိုဟာလဲ ဆိုတာ ကျွန်မနဲ့ 'ဟို' ကို သင်ပေးခဲ့သူဟာ KNUA ပါမောက္ခချုပ်ကြီးပေါ့...။ ဒါပေမယ့် အထင်တော့ မကြီးလိုက်ပါနဲ့။ အိုင်အိုဝါ တက္ကသိုလ်စာကြည့်တိုက် အပေါ်ထပ်မှာ အလုပ်လုပ်နေတဲ့ သူ့သူငယ်ချင်း ကိုးရီးယားတယောက်ကို သွားခေါ်လာပြီး သင်ပေးခဲ့တာပါ...။ သူကတော့ ခုချိန်ထိ..၊ e-mail လိပ်စာ ရှိပေမယ့် ဘယ်တော့မှ မသုံး...။ အိုင်အိုဝါ တက္ကသိုလ်တခွင်မှာ သူဝါသနာပါတဲ့ ဓာတ်ပုံ ရိုက်တဲ့အလုပ်ကို လုပ်ဖို့ ကင်မရာကြီးတလွယ်လွယ်နဲ့ လျှောက်သွားနေတာ..။ ကျွန်မနဲ့ 'ဟို' က ဓာတ်ပုံမော်ဒယ်တွေပေါ့..။ လွမ်းစရာပါ။ ဒါတွေဟာ လွန်ခဲ့တဲ့ ရှစ်နှစ်ကပေါ့လေ၊ ကျွန်မတို့ သူငယ်ချင်းနှစ်ယောက် ဒီလို ပြန်ဆုံကြလိမ့်မယ်လို့လဲ တခါမှ မတွေးခဲ့မိပါဘူး...။
ချစ်သူငယ်ချင်း စီစဉ်ထားတဲ့ ကျွန်မအခန်းဟာ (KNUA) ရဲ့ အဆောင် မြေညီထပ်မှာ ပါပဲ။ ဒါပေမယ့်... အခန်းကို တွေ့တာနဲ့ ကျွန်မ သိပ်အံ့သြသွားမိတာပဲ။ အခန်းက အကျယ်ကြီး၊ ကျွန်မစိတ်ထင် ပေအစိတ်ပတ်လည်လောက် ရှိမယ်။ အခန်းထဲမှာ မီးဖိုချောင်လေးလဲ ပါတယ်။ အိုးခွက်ပန်းကန် အပြည့်အစုံ၊ လျှပ်စစ်ရေနွေးအိုး၊ မိုက်ကရိုဝေ့ဖ်၊ ရေခဲသေတ္တာ၊ နှစ်လုံးတွဲ ဂက်စ်မီးဖို၊ တကယ့်ကို လိုလေသေးမရှိတဲ့ မီးဖိုချောင်လေးပဲ။ ကွန်ပြူတာ၊ တယ်လီဖုံး၊ တီဗွီ၊ ဒီဗွီဒီစက်၊ အဲယားကွန်း၊ ရေချိုးခန်းထဲမှာ သီးသန့်အခန်းလေးနဲ့ အ၀တ်လျှော်စက်လဲ ရှိတယ်။ စတိုခန်းလေးတောင် ပါလိုက်သေးတယ်။ အဲဒီထဲလေးမှာ စောင်အပို၊ ခေါင်းအုံးအပိုတွေနဲ့ ဖုံစုတ်စက်ကလေး ရှိတယ်။ အခန်းထဲစီးဖို့ ဖိနပ်နှစ်ရံတောင် အဆင်သင့် ရှိပြီးသား။ ဆောင်းတွင်းအတွက် အနွေးဓာတ်ပေးတဲ့ Heater လဲ ရှိတယ်။ စက်မှုထွန်းကားတဲ့ နိုင်ငံမို့လား မပြောတတ်ပါဖူး.....။
ကျွန်မသွားခဲ့ဖူးတဲ့ နိုင်ငံတကာ အစီအစဉ်တွေမှာ နေခဲ့ဖူးတဲ့ အခန်းတွေထဲမှာ ဒီလောက်ကောင်းတာမျိုး မတွေ့ခဲ့ဖူးဘူး။ ကျွန်မ သူငယ်ချင်းက ကျွန်မမို့လို့ စီစသ်ပေးတာ မဟုတ်ဖူး။ တက္ကသိုလ် အဆောင်ရဲ့ မြေညီထပ်မှာ ဒီလိုအခန်းမျိုး ခွန်နှစ်ခန်းခန့် ရှိတယ်။ နိုင်ငံတကာက ဖိတ်ကြားထားတဲ့ အနုပညာရှင်၊ အနုပညာနဲ့ ပါတ်သက်တဲ့ ပညာရှင်တွေ အတွက် သီးသန့် အထူးခန်းတဲ့...။
အဆောင်အပေါ်ထပ်က အခန်းတွေမှာတော့ နိုင်ငံတကာက ကျောင်းသားကျောင်းသူ တွေရဲ့ လေးယောက်ခန်းလေးတွေ ရှိတယ်။ သူတို့ကတော့ အဆောင်လခ၊ တလ ဒေါ်လာ (၁၅၀) ပေးနေရတယ်။ ဒါတောင်မှ နေချင်တဲ့သူတိုင်း နေလို့ မရဖူး၊ စာမေးပွဲရမှတ် (၉၀) ကျော်တဲ့ သူမှ နေခွင့်ရတာတဲ့။ အဆောင်မှာ နှစ်ဆယ့်လေးနာရီ ဖွင့်ပေးထားတဲ့ စက်ထဲကနေ ကော်ဖီတို့၊ ခေါက်ဆွဲပြုတ်တို့ကို ၀ယ်လို့ရတယ်။ ချက်စားချင်ရင်လဲ ကျောင်းသား ကျောင်းသူတွေအတွက် ဘုံမီးဖိုခန်း ရှိတယ်။ ဘုံအ၀တ်လျှော်စက်တွေလဲ ရှိတာပေါ့။ အားလုံးဟာ လွတ်လွတ်လပ်လပ်ပေမဲ့ စည်းကမ်းတော့ ရှိတယ်။ အဆောင်အ၀င်အထွက် တံခါးကို လက်ဗွေနဲ့ ဖွင့်မှ ၀င်လို့ရတယ်။ ညနှစ်နာရီဆို တံခါးကို လုံးဝမဖွင့်ပေးတော့ဖူး။ အဆောင်ရုံးခန်းနဲ့ နှစ်ဆယ့်လေးနာရီ အစောင့်လဲ ရှိတယ်။
အဆောင်ရုံးခန်းရှေ့မှာ တက္ကသိုလ်ရဲ့ လှုပ်ရှားမှု ဂျာနယ်၊ မဂ္ဂဇင်းတွေ၊ အပတ်စဉ်ထုတ်၊ လစဉ်ထုတ်တွေကို တွေ့တော့ ကျွန်မ ကောက်ကြည့်မိတယ်။ ဒါပေမယ့် အရုပ်ကြည့်ရုံပဲ၊ အားလုံးဟာ ကိုးရီးယား စာတွေနဲ့လေ......။
ကျွန်မသူငယ်ချင်းရဲ့ ဒီ (KNUA) 'ကုန' မှာလဲ အနုပညာဆိုင်ရာ ဘာသာရပ်များအားလုံး ကို ကိုးရီးယားလိုပဲ သင်တယ်။ ဒီတက္ကသိုလကို တက်ချင်ရင် ၀င်ခွင့်ရလို့ ရောက်လာရင်တောင် ကိုးရီးယားစကားကို ခြောက်လ အပြင်းအထန် သင်ရတယ်။ ပြီးရင် ၀င်ခွင့်စာမေးပွဲကို ကိုးရီးယားလို ဖြေရသတဲ့...။ အဲဒီ စာမေးပွဲအောင်မှ ဆက်တက်ခွင့် ရတာတဲ့၊ ကျရင်တော့ ပြန်ပေတော့ပေါ့....။ အဲဒီတခုကတော့ ဘယ်လိုပြောရမလဲ မသိပါဖူး၊ ဂျပန်လဲ အဲဒီလိုပဲလေ၊ ကိုယ့်ဘာသာစကားကို ပြန့်ပွါးအောင် မြှင့်တင်ကြတဲ့ သဘောပေါ့။ မြှင့်တင်နိုင်ကြလို့လဲ မြှင့်တင်ကြတာပါ။ ကိုယ့်နိုင်ငံကို တခြား နိုင်ငံတကာက အထင်ကြီးပြီကိုး။ ဒီနိုင်ငံမှာ ကျောင်းတက်ချင်ကြပြီ၊ ဒီနိုင်ငံမှာ အလုပ်လုပ်ချင်ကြပြီ၊ ဒီနိုင်ငံမှာ Training ဆင်းချင်ကြပြီ ဆိုမှတော့ လုပ်လို့ ရပြီလေ။ တို့ဘာသာစကားနဲ့ပဲ သင်ပေးနိုင်မယ်ပေါ့...။
ကျွန်မတို့ အစီအစဉ်မှာတောင်မှ ကိုးရီးယားဘာသာစကား အပျော်ထမ်းသင်ကြားရေး ပါသေးတယ်။ သူငယ်ချင်းကိုတောင် ပြောရသေးတယ်...။ 'အညာဆေးရိုး' တို့၊ 'ဂန်ဆန်းမီသာ' တို့၊ 'မီဟာနယ်' တို့လောက်တော့ ငါရတယ်လို့....။ တကယ်တော့ သူတို့ ဘာသာစကားဟာ အကောင်းဆုံး၊ အထိရောက်ဆုံးသော စည်းရုံးရေးလမ်းကြောင်းဖြစ်တဲ့ ကိုးရီးယားရုပ်ရှင် တွေက တဆင့် နိုင်ငံတကာကို ရောက်ပြီးသားပါ။ ကျွန်မတို့ဆီမှ ဆယ်ကျော်သက်ကစပြီး လူငယ်လူရွယ် တော်တော်များများဟာ ကိုးရီးယားရုပ်ရှင် ဇာတ်လမ်းတွဲတွေကြောင့် ကိုးရီးယားစကားကို အတော်အသင့် နားလည်နေကြတာပဲ။ ကိုးရီးယားမင်းသား မင်းသမီးတွေ ကို အရူးအမူး ဖြစ်နေတဲ့ ဆယ်ကျော်သက်တွေ အများကြီး၊ လူကြီးပိုင်းတွေလဲ ဇာတ်လမ်းတွေ ကို အရူးအမူး ဖြစ်ကြတာပဲ....။ တကယ်လဲ သူတို့ကောင်းပါတယ်။ ကျွန်မ ၀န်ခံရမှာပါ။ ရုပ်ရှင် crazy ကျွန်မတယောက် ဘယ်တုန့်ကမှ ခေါင်းထဲ မရှိခဲ့ဖူးတဲ့ ကိုးရီးယားရုပ်ရှင်ဆိုတာကို စပြီး ကြည့်မိတဲ့အခါ အံ့အားသင့်ခဲ့ရတယ်။ နိုင်ငံတကာကို ထိုးဖောက်နိုင်ခဲ့ပြီပဲလေ။ အားကျ အတုယူစရာတွေပါပဲ။ ဒီမှာ ဥပဒေပါရဂူဘွဲ့ လာတက်နေတဲ့ ညီမငယ် မီမီလေးက မေးရှာတယ်။ ကျွန်မကို ပါတီတခုမှာ ကိုးရီးယားပါမောက္ခ ဆရာမကြီးတယောက်က ပြောတယ်။ (၁၉၅၈-၅၉) ခုနှစ်တွေတုန်းက ကိုးရီးယားတွေက မြန်မာပြည်ကို Traning လာဆင်းရတာတဲ့...။ ဟုတ်လား ဟင် မမ လို့ မေးရှာတယ်။ ကျွန်မ မသိနိုင်ဖူးလေ..၊ ကျွန်မ တနှစ်သမီးအရွယ်က၊ လွန်လေပြီး သော ကာလက အဖြစ်အပျက်တွေကိုး။
ကျွန်မရဲ့ သက်ပြင်းချသံကို အိပ်ရာဘေးမှာ ထောင်ထားတဲ့ ဓာတ်ပုံလေးထဲက မြေးအဖိုးနှစ်ယောက် ကြားသွားတယ် ထင်ပါရဲ့...။ ပြုံးစပ်စပ်နဲ့ မြေးကလေးက ဘာဖြစ်လို့လဲ အဖွားတဲ့..။ မြေးကလေးရေ..... တီးမစ်ထုပ်တွေ မေ့လာခဲ့လို့ အဖွားသိတ်မကြိုက်တဲ့ ကော်ဖီကို အင်တာနက်က မြန်မာသီချင်းသံလေးနဲ့ မျှောချနေရတယ်။
မနက်တိုင် သောက်နေကျ အဖိုးဖျော်တဲ့ အိမ်လက်ဘက်ရည်ကို လွမ်းလိုက်တာ....။
'xx အဖော်မပါဘဲနဲ့ကွယ်xx ပင်လယ်ဖြတ်xx ကမ္ဘာကိုပတ်ကာx- သွားတတ်သူရယ်xx' တဲ့။ ချစ်တဲ့သူ အမြဲဆိုတတ်တဲ့ သီချင်းလေးပေါ့..။ ဟုတ်ပါရဲ့လေ၊ ကျွန်မက ခဏခဏ ခွဲခွါ သွားတတ်သူကို...။ ဘယ်နေရာသွားသွား၊ တပါတ်နေရင် အိမ်ပြန်ချင်တဲ့ ကျွန်မအကြောင်း ကို သိတဲ့ သူက မှာတော့ မှာလိုက်ရှာပါတယ်...။ 'you are not child' တဲ့..။ ကလေးမဆန်ပါနဲ့တဲ့။ ကလေးမဟုတ်ဖူးတဲ့။ ခက်တာပဲ...။ ကျွန်မက မနေ့ကတောင် ချစ်သူငယ်ချင်း(our president) ကို ဈေးဆစ်ကြည့်ပြီးပြီ...။ ကဗျာဆရာက နားလည်စွာ တဟားဟား ရယ်ပေမယ့်.. မရဖူးတဲ့။ ကျွန်မ ခြောက်လကြီးတောင် ဒီမှာနေရမှာ...။
မြေးကလေးရေ.... ကြည့်နေရင်းက မိုးရွာလာပြန်ပြီ..။
ကျွန်မ ဒီကိုရောက်ရောက်ချင်း သိတာနဲ့ ပြေးလာရှာတဲ့၊ မွေးစားသား 'ဘောကျော်ကလေး' က မနေ့ညက ကျွန်မဓါတ်ပုံတွေကို e-mail ကနေ ပို့ပေးရှာတာ သီချင်းလေးတပုဒ်ပါ၊ ပါလာတယ်လေ။ အာဇာနည်ရဲ့ သီချင်းလေးက၊ ကောင်းလိုက်တာ၊ ဒီသီချင်းလေးကို ကျွန်မ မကြားခဲ့ဖူးပါလား...။
"xx သူစိမ်းတွေကြားမှာxx လှုပ်ရှားရင်းပဲသာxx ဒို့နှစ်ဦး ရည်မှန်းတာxx မျှော်လင့်ဆဲပါ"
"..ပြန်ဆုံနိုင်မဲ့.. နေ့ရက်လေးတွေ မရောက်သေးခင်..."
"..လွမ်းရက်တွေကို တဖြည်းဖြည်းနဲ့... ဖြတ်ကျော်မှာ..." တဲ့။
နုနုရည်-အင်းဝ
၂၀ - ၆ - ၂၀၀၈။
KNUA (Korea)
No comments:
Post a Comment