Thursday, July 31, 2008

ကောင်မလေးနှယ် ရိုးပုံနှင့်လှသူရဲ့
ရေးသူ- ၀ိဓူရသခင်ချစ်မောင်

(နေ့စွဲ ၂၄-၆-၅၃)
ဘူဒါပက်(စ)မြို့ကြီးမှ ထွက်ခွါ ခုတ်မောင်းလာသော ရထားကြီးသည် တောတွေ၊ တောင်တွေ၊ ကွင်းပြင်၊ လယ်ယာတွေ၊ မြစ်ချောင်း ရေယဉ်တွေ၊ မြို့တွေ၊ ပြတွေ၊ ရွာတွေ၊ စသည်ဖြင့် ကြည့်ပြီး၊ မငြီး ရှုမငြီးသော ရှုခင်းများကို ဖြတ်သန်းမောင်းနှင်လျက်ပင် ရှိပါသည်။
ဆရာကြီးမှာ အလွန်သာယာချိုအေးသော လေပြေလေညှင်း ရှုခင်းပုံပြင်တို့နှင့် တွေ့ထိနေရကား၊ စကားများများပင်ပြောဆို ဆွေးနွေးခွင့်မရတော့ အိစက်ညက်ညောသော ဆိုဖာထိုင်ခင်းပေါ်တွင် တငြိမ့်ငြိမ့်နှင့် တသိမ့်သိမ့် အိပ်ပျော်နေသည်ကိုသာ တွေ့နေရ ပေတော့သည်။
ကျွန်တော်တို့ ရထားကြီးမှာ မနေ့ကမနက် ဟန်ဂေရီနိုင်ငံနှင့် ဆိုဗီယက်ယူနီယံနယ်ခြား 'အချော့' မြို့ကြီးသို့ ဆိုက်ရောက်ပြီးနောက် တဖန်ပြောင်း၍ စီးလာရသော ဆိုဗီယက် ရထားကြီးဖြစ်ပါသည်။ နယ်ခြားဘူတာမှသည် ယခုအခါ ယူကရိန်းပြည်နယ်ခြားမှ ဆိုဗီယက် ယူနီယံပြည်မကြီး၏ နယ်စပ်နားသို့ပင် ရောက်၍လာပါပြီ။ မနက်ဖြန်ညနေ ၂ နာရီတွင် မူကား မော်စကိုမြို့တော်ကြီးသို့ပင် ဆိုက်ရောက်ပေတော့သည်။




ယနေ့ ညနေစောင်းတွင်မူ ဆရာကြီးသည် အတော်အိပ်ရေးဝ၍ ရွှင်လန်း ကြည်လင်ပုံရ လာရာကား၊ ဆိုဗီယက်ကျေးလက်၏ နွေရာသီရှုခင်းများ စိမ်းလန်းနေပုံများကို ထိုင်၍ကြည့် ရှုလိုက်ပါနေပါသည်။
မကြာမီပင် ဆရာကြီးသည် ကျွန်တော့်ဘက်သို့လှည့်၍...........
"ဟေ့......... သခင်ချစ်မောင်...... မင်းတို့ အရင်တခါ လာတုန်းက ဒီနေရာတွေကို ကြည့်ရတာ တော်တော်ဘဲ ဒီလို သာသာယာယာ ရှိသလားကွ......"
"ကျွန်တော်တို့ လာတုန်းက ဆောင်းတွင်း ရေခဲရာသီ ဆရာကြီးရဲ့...... ဒီလိုနွေရာသီ မဟုတ်ဘူး...... မြင်မြင်သမျှ ရေခဲတွေ ဖုံးလွှမ်းပြီး ဖွေးဖွေးရိုက်နေတဲ့ ရှုခင်းကြီးပေါ့ ဆရာကြီးရဲ့...."
"ဟေ...... သစ်ပင်တွေ ဘာတွေကရော......"
"ကျွန်တော်တို့ ဗမာနိုင်ငံမှာ နွေရာသီသစ်ရွက်တွေ ဟောင်းနွမ်း ကြွေကျပြီး ခြောက်ကပ်ကပ်ကြီး ဖြစ်နေသလို ဒီနေရာမှာလဲ ဆောင်းတွင်းမှာ သစ်ပင်တွေက အကုန်လုံး အရွက်တွေ ကြွေပြီး အကိုင်းအရိုး ငေါက်တက်တက် ကြဲတဲတဲ ဖြစ်ပြီး....."
"ဒါပေါ့ကွာ..... သီတ တေဇော..... ဆိုတဲ့ အအေးလွန်ကဲ လွန်းတော့လဲ ပူပြင်းခြောက် သွေ့သွားတဲ့ ဓါတ်သဘောတွေပေါ့ကွာ"
"ဒါပေမဲ့.... ဆရာကြီးရဲ့..... ဆောင်းတွင်း ရှုကွင်း ကြပြန်တော့လဲ ရေခဲဆီးနှင်းတွေဟာ အဲဟိုလို သစ်ကိုင်း သစ်ခက်တွေပေါ်မှာ တွဲရရွဲ စီရရီဆိုသလို ဖုံးလွှမ်း ကပ်တွယ်ပုံမြင်ရတော့လဲ အဆုပ်အဆုပ် အခိုင်အခိုင် အဖြူဆိုင် အဖြူခဲတွေဟာ ပန်းဖြူကြီးတွေ ပွင့်နေကြသလို တမျိုးတော့ ကြည့်လို့ ကောင်းတယ်...."
"ကောင်းပေမဲ့လဲကွာ..... ဒီလောက် ရေခဲကုန်းပြင်ကြီးဖြစ်ပြီး အေးစက်နေလွန်းတော့လဲ မင်းသားကျင်ခဲလို....အိပ်ရာထဲက တကတဲမှ မ,ထချင်ပါ.... မကြွချင်ပါ...... ဆိုဒါလို ဖြစ်နေမှာ ပေါ့ကွာ..."
ဤသို့ပြော၍ ဆရာကြီးသည် ရှုခင်းများကို ကြည့်ရင်း ခပ်ပြုံးပြုံးကြီး လုပ်နေပါသည်။
သို့ဖြင့် ရောက်တတ်ရာရာ ပြောရင်းက ဆရာကြီးသည် သူရိယသတင်းစာတိုက်တွင် ဝင်ရောက် အလုပ်လုပ်ခဲ့စဉ်က သူ့ဘဝ အကြောင်းအရာများကို ရောက်သွားပါသည်။ ထိုစဉ်က သူရိယတိုက်မှာ အလုပ်လုပ်သည်ဆိုသော်လည်း တနေ့မှ ၂-နာရီလောက်သာ အလုပ်လုပ်ရ ကြောင်း၊ အခြားအချိန်ရှိသမျှ ဘားနဒ် ကင်းဝန်စသည့် စာကြည့်တိုက်များ ဘုန်းကြီးကျောင်း များတွင်သာ လှည့်လည်၍ စာပေဗဟုသုတများကို ရသမျှ သူတောင်းစားလွယ်အိပ်ပမာ ရှာဖွေဆည်းပူးခဲ့နိုင်ကြောင်း။ ဦးဘဖေမှာ ထိုသို့ ဆရာ့အား ကြိုက်သလိုနေ၊ ကြိုက်သလိုလုပ် ခွင့် ပေးခဲ့ဘူးခြင်းများအတွက် ကျေးဇူးရှိဘူးကြောင်း၊ အခါတပါး၌ ဦးဘဖေက နတ်ကြီး အခန်းမှနေ၍ ဘုန်းကြီးပျံလုပ်ပုံ ငြွေဖုံးပုံတွေကို ကလော်တုပ်ခဲ့သဖြင့် ဘုန်းကြီးထုကြီးနှင့် အချင်းများခဲ့ရာ ကံကောင်းလို့ တိုက်မပျက်ခဲ့ရကြောင်း၊ ထိုစဉ်က ဆရာ ဦးဘဖေကို ဘုန်းကြီးပျံ ကလော်ပွဲတွင် နောက်ကွယ်မှ ကူညီ၍ အစွမ်းကုန်ပါဝင် ဆင်နွဲခဲ့ရကြောင်း၊ ထိုကလော်ပွဲကြီး မှာ မန်လည်ဆရာနှင့် ပဒုမဆရာတို့ ပွဲလောက် စကားလုံးပြောင်ပြောင် ကဲခဲ့ ရကြောင်းနှင့် အားရပါးရ ပြောဆိုပြီးနောက် ဆရာကြီးသည် မန်လည်ဆရာတော်ကြီး၏ ပါရမီ ထက်မျက်စူးရှပုံများကို ဆက်လက်ပြောဆိုနေပါသည်။ ဆရာတော်ကြီးမှာ ရှမ်းပြည်သို့တက်၍ စာသင်ခဲ့ရကြောင်း၊ မန္တလေးတွင် စာသင်ခဲ့ရသည် ဆိုသည်မှာ စာကူးရန်လာရင်း စာသင်ရခြင်း သာဖြစ်၍ အချိန်ကြာမြင့်စွာ သင်ကြားခွင့် မရရှိခဲ့ဘူးကြောင်း၊ သို့ပေမင့် ပါရမီ ဥာဏ်ထက်သန် လွန်ကဲသော ပုဂ္ဂိုလ်ထူးကြီးဖြစ်၍ အံ့သြလောက်ဘွယ် ပဋိကတ်ဥာဏ် ထက်သန် စူးရှကြောင်းများကို ပြောပြန်ပါသည်။
ထို့နောက် ဆရာကြီးသည် ဗန်းမော်ဆရာတော်ကြီးနှင့် မန်လည်ဆရာတော်ကြီးတို့၏ သူနိုင် ငါနိုင် ပညာရည်၊ စကားရည်လုပွဲများတွင် သုံးနှုန်းသော စကားလုံး၊ စကားချိပ်၊ စကားထေ့၊ စကားဝှေ့တို့သည် အလွန်ချက်ကျ ပိုင်နိုင်လှကြောင်းများကိုပြော၍ စပ်မိစပ်ရာ မှတ်မိမှတ်ရာများကို အပြင်ရှုခင်း သာယာများ၏ ရိုက်ခတ်လှုံ့ဆော်မှုဖြင့် တဟဲ..... ဟဲ...... ရီမောခါ ရွတ်ဆိုပြပါတော့သည်။
တရံရောအခါ မင်းတုန်းမင်းကြီးအား မဖွယ်မရာ ပစ်စာပစ်မှုနှင့် ပတ်သက်၍ ဗန်းမော်ဆရာတော်ကြီးအား စွပ်စွဲခြင်းခံရလေသည်။ ထိုအခါ ဆရာတော်ကြီးက.....
"တိုင်းလုံးငယ်ကျော်၊ ဗန်းမော်ကိုဖမ်းလို့စစ်တယ်၊ သည်ခေတ်ဝယ် ကမ္ဘာဆုံးစေတော့၊ စီကုံးသူ ပစ်စာရင်းကို မင်းတို့သိဘူး"
သို့ဖြင့် ဗန်းမော်သို့ နယ်နှင်ခံရသောအခါ ဆရာတော်ကြီးသည် မခံသာ စောင်းရမ်း၍ ရေရွတ် ဆဲရေးလိုဟန် ပြုလိုရာကား......
"ငါ့ကံနှယ်ဆိုးပါဘိ၊ သင်း အမေ(ရိုး)မဲ့ ကံရယ်။ ငါ့လဆီး ငါ့ချည်းသွားရမယ်"
၎င်းနောက် ဗန်းမော်မှ ပြန်ပင့်အလာ စစ်ကိုင်းဘက်တွင် သီတင်းသုံး နေရပြန်ရာကား မခံသာသည့် စိတ်တို့သည် မကုန်ခန်းတော့ ငေါ့လိုက်ချင်သေး ဟန်ပြုလိုရာကား.....
"ဇေယျတိုင်း၊ စစ်ကိုင်းမှာတဲ့ပျော်။ ဗန်းမော်ကိုသေပြီမှတ်လို့၊ ညာလက်ခတ်တီး။ အစေ့ကိုလှန်၊ အဆံကိုတူနဲ့ထုဟဲ့၊ ဘာစောက်မှုလဆီး"
ထို့နောက် ပညာတတ်သီလရင် မယ်ကင်းနှင့် အချင်းဖြစ်ကြပြန်ရာ မယ်ကင်းက...
"အဖျားရယ်ပေ၊ အနားခွေ မခိုင်ပြတ်ခါမှ၊ မြိုင်ရပ်ကိုမှီး၊ စိတ်ပုတီးနှင့် ယပ်ကြီးကို ထမ်းကိုင်၊ မဂ်လမ်း ဘယ်လိုဆိုင်ပမယ်၊ ဝတ်သင်းပိုင် မုန်ရည်ကွက်ကယ်နှင့် တောထွက် ခင်ကြီး"
ထိုအခါ ပညာရည်တွင် ဆိတ်ဆိတ်ထိမခံလိုသော ဗန်းမော်ဆရာတော်ကြီးသည်....
"နှုတ်သီးရယ်စွာ၊ ပုတ်ကြီးကာတာတာနှင့် ဖါမယ်သီလ။ အကျင့်ငယ်တန်၊ မသင့်တာ အမြင်သန်လို့၊ နင်အကြံဝသီဆိုးတယ်၊ ရိုး-လိုက်ချင်လှ"
၎င်းနောက် ဆရာကြီးသည် မန်လည်ဆရာတော်ကြီး၏ ဥာဏ်ရည် စကားရည်လှည့်ပုံ ကို ပြောဆိုပြလိုရာကား၊ ဆရာတော်ကြီးနှင့် ဦးပဒုမ ဆရာတော်တို့ စကားရည်လုခန်းတွင်.....
"သူ မ,တို့လေမှ၊ သူတို့လျှင် တကယ်မြည်တဲ့၊ မြို့ရွှေလည် ရွှေစည်ကြီးပါကွဲ့၊ တီးသမျှဖိန့်ဖိန့်တုန်။ သူမာလျှင် မာစိန် စောင်းပါဘဲ၊ သူပြောင်းလျင် အရေဖြစ်နိုင်ငဲ့၊ မယုံလျှင် မအေနှင့် စစ်လာတော့၊ သနစ်ကို ကုန်မလင်းသော်လဲ၊ အဖြစ်ဆို ဂုဏ်သတင်းကိုလ၊ လေညှင်းလာ သင်းကာပျံ့ ပန်းရနံ့ပုံ..."
"ပဒုမ၊ တုပခါနင်မယောင်နှင့်၊ ဆင်ပြောင် ခြင်ကောင်ဝါးသည့်နှယ်၊ ယားရုံမျှ ဥပမာ၊ ဥာဏ်အနက်ကိုလှ၊ စံဘက်ပေါ် နင်မလျှော်ဘု၊ နင့်မယ်တော် ရှင်ဇလာနှင့် ခင်ဆရာ အိမ်ထောင်ကျလျှင် ပဒုဆို မောင်ရွှေမမှာ၊ သားငယ်မျှသာ...."
"နှစ်ဘက်ကန်း၊ မျက်ခန်းနေကိုပြိုင်သို့၊ ခွင့်လုံးပိုင် မင်းစာမှားပြီမို့၊ အလားငယ် ပယ်မကျစေ နှင့်၊ သားအရာခွင့်ကျေကြအောင်ပ၊ ငါဆရာမင်းဖေဘကို၊ ဦးချလှည့်အုံး....."
"ပြိုင်လိုလျှင် ပြိုင်လာတော့၊ ဆိုင်လာလျှင် ကြာမနှေးနှင့်၊ ရှုံးသူဟာ နှမပေးပါလို့၊ လိုသေးလျှင် ကိုယ်ပိုင်ယူမှ နိုင်တဲ့သူ ယောက်ဖကြီးပါဘဲ၊ ဇက်ပေါ်မှာဒေါက်ခွ စီးတဲ့ပြင် (ရီး)စုတ်ကြတမ်း"
ဤသို့ဆရာကြီးသည် ရွတ်ဆိုပြရင်း တဟဲဟဲရယ်မောနေပါတော့သည်။ ဤလိုစာချိုး စာချိပ်များကို မှတ်မိသေးသည်ကိုလည်း သူ့ဟာသူ အပြစ်တင်ချင်သလိုလို ရယ်မောခါ
"အသက်ကြီးပေမဲ့...... အဲဒီလို ညစ်ညစ်ပတ်ပတ် စာချိုးတွေကျတော့..... မှတ်မိ နေသဟေ့...... ပုထုဇဉ်စိတ်များ တယ်ဆိုးသကွာ" ဟုပြောဆို ရယ်မောနေပြန်လေသည်။
"ပြီးတော့..... မင်း.... မန်လည်ဆရာတော်က သူ့တူအရင်း ကသာ အင်္ဂလိပ်ကျောင်း သွားနေလို့ ဖာကျိုး သေဒါ၊ မသာပို့မဲ့လူ မရှိဖြစ်နေတာနဲ့ မသာဖိတ်စာ ရေးလိုက်ပုံကို ရော မင်းကြားပလား......"
"မကြားဘူးသေးပါဘူး..... ဆရာကြီးရဲ့ ....."
"ဟေ..... ဒီလိုတဲ့ကွ....."
"သေရိုးတဲ့မသေ၊
ကသာမှာ လူပျိုလုပ်တယ်၊
(ရီး)ပုတ်လို့သေ။ ။
သေသာသေ၊ သေပေ့စေငပြုံး၊
သည်မသာ လနာပုတ်ကို တူးမြှုပ်ကြအုံး"
သို့ဖြင့် ဆရာတပည့်နှစ်ဦးမှာ တရိပ်ရိပ်ပြေးလွှားနေသော ရထားပေါ်မှာ သာယာသော ရှုခင်း ပုံပြင်များကို တဘက်တွင် ရှုစားရင်း ရီစရာ မောစရာ မှတ်စရာ စာမျိုးများကို ရွတ်ဆို ပွဲကျ၍ နေပါတော့သည်။
ဆရာကြီးသည် ဤသို့သာ ဗန်းမော်ဆရာတော် မန်လည်ဆရာတော်တို့ စာချိုး ထိလှမိလှသည်များကို ရွတ်ဆိုပြခဲ့ရာ ဆရာကြီးကိုယ်တိုင် စာချိုးကောင်းခဲ့ပုံများကိုကား ဆိတ်ဆိတ်ပင် နေခဲ့ပါသည်။
ကျွန်တော် လေ့လာရသည့် ဆရာကြီး၏ စာချိုးများတွင် ကျွန်တော် အနှစ်သက်ဆုံး ဖြစ်ခဲ့သော စာချိုးကြီးတပုဒ်မှာ ကြာဋီကာဆောင်းပါးကြီးတွင် 'မယ်တင့်' နှင့် 'ဆရာမှိုင်း' တို့ တဦးနှင့်တဦး ပြိုင်ပြိုင်ဆိုင်ဆိုင် အလဲထိုးခဲ့ကြသော စာချိုးများ ဖြစ်ကြပါသည်။ ၎င်းတို့အနက် စာချိုးတပုဒ်မှာ.....
"ကောင်မလေးနှယ် - ရိုးပုံနှင့် လှသူရဲ့၊ တတောင်က မဝေးသဟယ်- တမျိုးတဖုံ ထပြန် ပေါ့၊ ဆိုးဂုဏ်မပြချင်နှင့် (တင်) ၏ သဘွယ် (မယ်တင့်ရယ်) ဟောသည် ပုဆိုးခပုံ မ,ပါလို့ ပြင်မိတယ်။
။ရန်မဖြစ်ချင်ဘုကွယ်တို့ရယ်၊ (သြော်) တရန်ဖြစ်ရပြန်ပေါ့၊ မာရ်စစ်သည် ဗိုလ်သေနင် တို့နှင့် ဗဟိုရ်မြေ ပလ္လင်ကို တိုက်စရာခဲသလိုပ၊ ကိုရွှေတင် ကြိုက်ရာက နွဲခဲ့ပေတော့၊ ပွဲမျာ့အလယ်မှာနော်ကွယ်၊ ရဲစ တကယ်။
။မင်းတို့ ဥာဏ်အမြင် တမိုက်တထွာမျှရယ်နှင့်၊ ငြင်းဘို့သန်လျှင် မိုက်ရာကျပါလိမ့်၊ စရိုက် သဘာဝရယ်တဲ့ ကျမ်းဂန်နယ်၊ အို...... မန်းသံထယ်ထယ်နှင့် မာနတက်စရာများ၊ (တင်တင်ရယ်) အရမ်းတယ် မဟယ်ဖြင့် ဗာလလက္ခဏာတပါး။
။မှိုင်းတဲ့နှော်၊ တိုင်းနဲ့ပြည်ကျော်ဘို့၊ ဖြေမနော် အဖက်ဖက်က စမ်းကြပါတော့၊ မပြေသော် တသက်နှင့် -နှစ်သက်တမ်းပါဘဲ၊ ထက်မန်းမဏ္ဍလာဘုံက၊ ဟံသာဒဂုန် အောက်နယ် တကြောတွင်မှ၊ ဓမ္မခန္ဓာအစုံကြောက်ဖွယ် သဘောတွေနှင့် ဥဏ်ဝစနာ အပုံမောက်မယ်လို့ ပြောကြပါစို့၊ (အမယ်မင်း) ဓမ္မောသထသူ့ အခြေရတနာတပါးပေမို့၊ ဟောရလိမ့် မကွဲ့- သုတေသနာ အများတို့ရဲ့ (အိုမယ်တင့်ရဲ့) စောဒကတို့ရဲ့ ထုချေလွှာတွေ သနားလှချည့်ရဲ့၊ သဘောမကျရှာတဲ့ ဥပဒေ ဘာဝနာသမားတွေနဲ့ (တင့်တင့်ကိုကွယ်) (Law) လောပြလို့ ယခု ဖြေစရာတွေ အများ....."

ဝိဓူရသခင်ချစ်မောင်-မှတ်တမ်းတင်သည်။
၂၄/၆/၅၃


[ဝိဓူရသခင်ချစ်မောင် ရေးသည့် 'ကမ္ဘာလှည့်သခင်ကိုယ်တော်မှိုင်း' စာအုပ်၊ ဒုတိယ နှိပ်ခြင်း၊ ၁၉၆၄-ခု စက်တင်ဘာမှ ကူးယူဖော်ပြသည်။]

No comments: