Sunday, July 20, 2008

ကျွန်တော်တို့ ခင်ဗျားတို့များစွာ ဒီလိုနဲ့ပဲ မအိုချင်ခဲ့ကြ
ရေးသူ - ငြိမ်းအေးအိမ်


ဒီလိုနဲ့ပဲ ခုနေခါ ကျွန်တော်ဟာ အသက်တစုံတရာ ရခဲ့ပြီ။
ဆိုရရင် အိုခဲ့ပြီ။
ငယ်ဘ၀လည်း လွန်ခဲ့ ...။ ရွယ်ဘ၀လည်း ကျွံခဲ့။
ကျွန်တော်က ဖြစ်ခဲ့တဲ့ ကျွန်တော့် သားသမီးတွေသော်မှ အတောင်အလက် စုံကြတော့ မယ်။ ကျွန်တော် ဘယ်ထိ ရောက်ခဲ့ပါသလဲ။ ဘယ်ခရီး ပေါက်ခဲ့ပါသလဲ။ ဘယ်လမ်းက လျှောက်ခဲ့မိပါသလဲ။
အခု တင်ဆက်နေတဲ့ အရေးအသားတွေဟာ ကဗျာတပုဒ်ကို အကြောင်းပြုပြီး ဖြစ်လာ ခဲ့တဲ့ ခံစားမှုကနေ ကိုယ် ဖြတ်သန်းခဲ့ဖူးတဲ့ နှစ်သက္ကရာဇ်နဲ့ အဖြစ်အပျက် တချို့တလေ အကြောင်း ရေးဖွဲ့မိတာပါလို့ ကြိုတင်ဝန်ခံထား လိုပါတယ်။
ကိုယ့်ဘ၀ကို ရောက်ရာနေရာက လှမ်းမျှော်ကြည့်နေမိခြင်းမှာ အမောတွေ ပါတယ်။ ခြေစုံ ရပ်မိထားတဲ့ ရက်စွဲတွေရဲ့ အရှေ့ကိုပဲ မျှော်မျှော်၊ အနောက်ကိုပဲ မျှော်မျှော်ပေါ့။ ယုံပါ မိတ်ဆွေ။ ကျွန်တော်တို့ ရင်မှာ အမောတွေ ရွာနေတယ်။ သည်းသည်းခက်ခက်နဲ့ ရက်ရက် စက်စက်ကြီးကို ရွာကျနေတာပါ။


တပြိုင်နက်မှာပဲ ဖားဖိုလို ဒီရင်အုံကြီးထဲမှာ နေထိန်ထိန်သာ လင်းလက်ပူကျက်နေတဲ့ ခံစားမှုတမျိုးလည်း ပါရှိနေပြန်သေးတယ်။ အဲဒီ ခံစားမှုကတော့ ကိုယ်ဖြတ်သန်းခဲ့ဖူးတဲ့ ဒါမှ မဟုတ် ကိုယ်ရွေးချယ်မိခဲ့ဖူးတဲ့ ကိုယ့်သမိုင်းအတွက် ဘယ်တော့မှ နောင်တမရခြင်း။ ဘွာ မခတ်ခြင်းပါပဲ။
ကိုယ်ရွေးချယ်ခဲ့မှုကို ဘယ်တော့မှ နောင်တမရခဲ့ခြင်းတွေဟာ ကျွန်တော့်ကိုယ်မှာ တလက်လက် လင်းဆဲ။ မီးပြင်း ပန်းပဲဖိုတခုက မီးခဲ မီးလျှံများလို တဖျစ်ဖျစ်မြည် လောင်ကျွမ်း ဆဲ။ မင်းမှားခဲ့တယ်ဟေ့လို့ ပြောမယ့်ပါးစပ်နဲ့ ကြည့်မယ့် မျက်လုံးတွေကို ဒေါသမပါပဲ အေးစက်စက် မာကျောကျော ပြန်ကြည့်တတ်မြဲ။
လွန်ခဲ့ပြီဖြစ်သော သက္ကရာဇ်နှစ်များမှာ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို ဘော်ရှီဗစ် တယောက်အဖြစ်၊ ကွန်မြူနစ် တယောက်အဖြစ်၊ ဆာရီယယ်လစ်အဖြစ်၊ ဟျူမင်နစ်ဇင်အဖြစ်၊ ဒါမှမဟုတ် လစ်ဘရယ်အစ်ဇင်တယောက်အဖြစ် တစုံတခု ရွေးချယ်မိကောင်း ရွေးချယ်ဖြစ်ခဲ့ပါ လိမ့်မယ်။ ဘယ်အင်္ကျီ၊ ဘယ်တံဆိပ်ကိုပဲ ၀တ်ဆင်ခဲ့ ၀တ်ဆင်ခဲ့ ဒီအချိန် ဒီကာလမှာ ဒီလို ၀တ်ဆင်ခဲ့မိလေခြင်းလို့ ကျွန်တော် နောင်တ မရခဲ့ပါ။ ငယ်ငယ်တုန်းကမှ ကွန်မြူနစ် မဖြစ်ခဲ့ဘူး ရင် သူရဲဘောကြောင်သူ၊ အသက်လေးဆယ် ကျော်လို့မှ ကွန်မြူနစ်ဖြစ်နေသေးရင်တော့ အတော်တုံးအ, သူဆိုသလား အူကြောင်ကျား စကားတခွန်းကိုလည်း ကြားဖူးခဲ့။ လက်ခံသင့်တဲ့ အပြောင်းအလဲကို လက်ခံဝံ့တဲ့ အသိဥာဏ်နဲ့ ကိုယ့်တည်ရှိခဲ့မှုကို ကိုယ်ကိုယ်တိုင် ကျေကျေနပ်နပ် သိမှတ်ပြုရဲတဲ့ ယုံကြည်ခြင်းများအကြောင်း သင်ခန်းစာသစ် တခု ပြင်ဆင်ပြီး သင်ကြားပေးရမှာလား။ တချို့ ပါးစပ်တွေဟာ သူတို့ ခံတွင်းတွေ အနံ့အသက် မကောင်းကြောင်း ကိုယ်တိုင်မသိလိုက်ကြ။ "မင်းယုံကြည်ခဲ့တဲ့ စနစ်ကြီး ကျဆုံးသွားပြီကွ" လို့ အာလုပ်သံကြီးနဲ့ အော်ကြီးဟစ်ကျယ် လှောင်ရယ် ရယ်ခဲ့သူတွေနဲ့လည်း ဆုံခဲ့ဖူးရဲ့။ အလှောင် အပြောင်လည်း ခံခဲ့ရဖူးပါရဲ့။ သူတို့ ညွှန်းဆိုတဲ့ စနစ်ကြီးဟာ သားသတ်လက်နက် မဟုတ် ကြောင်း၊ ကမ္ဘာဖျက်ဗုံးတလုံး မဟုတ်ကြောင်း၊ ဓါးစားခံ အပြည့်တင်ဆောင်၊ ဆီအပြည့်ဖြည့် ထားပြီး ဒဗလျူတီစီကို ၀င်တိုက်ခဲ့တဲ့ လေယာဉ်တစီးလည်း မဟုတ်ကြောင်း လှောင်ပြောင်သူ တွေ သတိမမူမိခဲ့။ ကျွန်တော်တို့ ကိုယ်တိုင် သူ့ရှေ့မှောက်မှာ အသက်ရှင်လျက် ရှိနေသေးတာကို မေ့လျော့နေခဲ့။ စကြ်ာတံဆိပ်တခုရဲ့ ရက်စက်မှု၊ ကင်ဒိုဓါးတချောင်းရဲ့ ရန်လိုမှုတွေနဲ့ စပါးတားကပ်စ်ခေတ်က ကျွန်ပြုသူတွေရဲ့ ကြာပွတ်သွားကို အသက်သွေးပေး ဆန့်ကျင်ခဲ့သူတွေရဲ့ ၀ိဥာဉ်တွေမှာ နောင်တ မပါခဲ့ဘူးဆိုတာ ဘယ်သူ့ကို ဘယ်လို ပြောပြရပါ့မလဲ။ ခက်တာက စောင်းသမားတွေဟာ သူ့ တူရိယာကို ဘယ်နားမှာသာ တီးခတ်သင့်ကြောင်း သိနေကြတာပါပဲ။
တချို့က နည်းနည်းဝေးတယ်။ တချို့က ဝေးချင်ယောင် ဆောင်ကြတယ်။ လေးဖြူရဲ့ ပါဝါပြည့်ပြည့် အသံကြီးကို သိပ်သဘောကျတာပဲ။ ရူးချင်ယောင်ဆောင်မနေနဲ့ ဆိုတဲ့ သီချင်းက သူ့အသံနဲ့ သိပ်လိုက်ဖက်တယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်၊ မအိုချင်ပေမယ့် ကျွန်တော် အိုခဲ့ပြီ။ အိုပြီဆိုတာ ကိုယ်လျှောက်ဖူးတဲ့ ငယ်ဘ၀က လမ်းတွေကို ပြန်ငဲ့ကြည့်မိတယ်။ ကိုယ်နဲ့အတူ ပခုံးယှဉ်လျှောက်ခဲ့ဖူးတဲ့ လူတွေကို လည်း ပြန်အမှတ်ရတယ်။ အနာဂါတ်ကို သွက်သွက်လက်လက် မလှမ်းနိုင်တော့တဲ့အခါ တက်တက်ကြွကြွ ခြေလှမ်းချဖူးခဲ့တဲ့ အတိတ်ရက်တွေကို မျက်စေ့တဆုံး လှမ်းကြည့်မိတယ်။ ကျွန်တော်တို့ လျှောက်ခဲ့ ရောက်ခဲ့ ပြီးသမျှလမ်းဟာ အမှန်ချည်းလားဆိုတာ မဟုတ်။ တက်ကြွမှုတွေနဲ့ချည့်လား ဆိုတော့လည်း မဟုတ်။ ပျင်းရိခြင်းတွေနဲ့ လေးတိလေးကန်လား ဆိုတော့လည်း မဟုတ်။ ဘ၀အချိုရည်ကို တချိန်လုံး အာသာရမ္မက်ပြင်းခဲ့ကြသလား ဆိုပြန်တော့ မမှန်။ အားလုံးဟာ အချိန်အခါအလိုက်၊ အခြေအနေအလိုက်၊ စိတ်ခံစားမှုအလိုက် မိုးဦးတိမ်တွေလို ပြောင်းလွယ် ရွေ့လွယ် ခဲ့ဖူးတယ်။
ကျွန်တော်တို့ကိုယ်တိုင် (လမ်းလျှောက်ခဲ့ဖူးသူများကိုယ်တိုင်) အဲသလို ပြန်ကြည့်မိရုံ မက၊ ကျွန်တော်တို့ထက် ငယ်ရွယ်သူ နောက်မျိုးဆက်တွေကလည်း ကျွန်တော်တို့ကို ပြန်ကြည့်နေရတာ တွေ့ရပြန်တယ်။ သူတို့ဟာ ရှေ့ဆက်လျှောက်ကြည့်မယ့် (ကျွန်တော်တို့ လျှောက်ခဲ့တဲ့လမ်း မဟုတ်တဲ့) လမ်းတွေကို ကြည့်မျှော်နေကြသလို၊ သူတို့နောင်တော်တွေ လျှောက်ဖူးတဲ့ လမ်းကိုလည်း လှမ်းကြည့်နေပြန်တယ်။ ဒီအကြည့်တွေမှာ သံယောဇဉ်တွေနဲ့လား။ သံသယနဲ့ ကြည့်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီလူကြီးတွေ လမ်းမှန် ကမ်းမှန်မှ လျှောက်ခဲ့ကြရဲ့လား ဆိုပြီးတော့ပေါ့။ ဒီလူကြီးတွေ ငါတို့ ဆက်လျှောက်မယ့် လမ်းကို ကောင်းကောင်းကန်းကန်း မှန်မှန်ကန်ကန် ဖောက်ပေးခဲ့ကြရဲ့လားဆိုတဲ့ အတွေးမျိုး တွေ နဲ့ပေါ့။
အဲဒီလိုမျိုး ခံစားချက်ကို ၂၀၀၆ ခုနှစ်ထုတ်၊ ဇူလိုင်လထုတ် "ပိတောက်ပွင့်သစ်" မဂ္ဂဇင်းထဲက 'လွှမ်းရုံ' ရဲ့ "ခင်ဗျားနဲ့ ကျွန်တော် ဒီလိုပဲ အိုတော့မယ်" ကဗျာမှာ သွားတွေ့လိုက်မိပါတယ်။
ဒီကဗျာဟာ ကျွန်တော့်ကို တော်တော် ပြင်းပြင်းထန်ထန် ထိမှန်ခဲ့တယ်။ ကိုယ်လုံးတီး ချွတ်ထားတဲ့ ကိုယ့်ခန္ဓာကိုယ်ကို မှန်ထဲမှာ အတိုင်းသားကြီး ပြန်မြင်လိုက်ရသလိုပါပဲ။
ဆရာ 'လွှမ်းရုံ'ရဲ့ ကဗျာပေါ်မှာ ခံစားရတာတွေကို မပြောခင် သူ့ကဗျာကို အရသာမပျက် အရင်းတိုင်းလေး ဖတ်ကြည့်စေချင်ပါတယ်။ အနက်ဝှက် မပါ၊ ပုံဖျက်ထားခြင်းမရှိတဲ့ ကဗျာလေးမို့ အလွယ်နားလည် ခံစားနိုင်ပါလိမ့်မယ်။
တစိမ့်စိမ့် တွေးယူတဲ့အခါ တဦးနဲ့တဦး အသက်အရွယ် ကွာခြားမှု၊ ရွေးလျှောက်ခဲ့တဲ့ လမ်း ကွာဟမှုတွေ အရပဲ 'အို' သွားကြတော့မလား ဆိုတဲ့ မေးခွန်းကတော့ ညက်ညက် ကလေးနဲ့ နက်နက်ထိုးစိုက်ဝင်ရောက်လာတဲ့ ဓါးချက်ပါပဲ။
အသက်သုံးဆယ်အရွယ် ကဗျာဆရာဟာ ဘ၀ရဲ့ ကြားဘူတာ တည့်တည့်လောက်မှာ ရပ်ပြီး သူ့ခရီးရဲ့ ရှေ့နောက်ကို ဆင်ခြင်နေပုံပါပဲ။

ခင်ဗျားနဲ့ ကျွန်တော် ဒီလိုပဲ အိုတော့မယ်

ဒီလိုပဲ
ခင်ဗျားတို့ တွေးခဲ့ခေါ်ခဲ့သလိုပဲ
ခင်ဗျားတို့ ထူးဆန်းခဲ့သလိုပဲ
ခင်ဗျားတို့ ရိုးအီခဲ့သလိုပဲ
အီရတ်ဆီ အပျော်ခရီးထွက်ဖို့ ခင်ဗျားတို့ မစဉ်းစားခဲ့သလိုပဲ
ပိုက်ဆံမရှိတဲ့ရက်မှာ အနုပဋိလောမကို
အတည်ပေါက်ရွတ်ခဲ့သလိုပဲ
ခင်ဗျားငိုခဲ့သလို ကျွန်တော်ရယ်ခဲ့ဖူးသလိုပဲ
အသည်းအသန်လုစီးရတဲ့ ဘတ်စ်ပေါ်
(၇၀)ကျော်အဖွားကြီးလည်း
မညည်းတော့သလိုပဲ
မိန်းမတယောက်ရှိဖို့ လိုအပ်ကြောင်း
သွေးသားက တောင်းဆိုခဲ့သလိုပဲ
နတ်ပွဲလည်းကြိုက် ချဉ်ငန်စပ်လည်းကြိုက်
မရှက်တရှက်လေး ဖော်ရမှာကြိုက်တဲ့
ခေတ်ပေါ်မိန်းမများရဲ့ လူရာဝင်သလောက်ပါပဲ
ခြေတဖက်ပြတ်သွားတဲ့
ကလေးတယောက်ရဲ့ အနာဂတ်ကို
ကမ္ဘာကြီး စဉ်းစားမပေးသလိုပဲ
ခင်ဗျားနေခဲ့သလို ကျွန်တော်မသေချင်သေးသလိုပဲ
ဘယ်လိုနေနေ အပြစ်မလွတ်တဲ့
ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ ချုံးပွဲချဟာသတွေလိုပဲ
ကိုယ့်ဘ၀ကိုယ် ရွံ့မှာကြောက်ပြီး
ကိုယ့်အကြောင်းမရောက်အောင်တွေးခဲ့သလိုပဲ
ခင်ဗျားလည်း ထမင်းဆာနေသလို
ကျွန်တော်လည်း ကားခိုးစီးခဲ့သလိုပဲ
ဒီလိုပဲ
ခင်ဗျားပြောခဲ့သလိုပဲ
ခင်ဗျားလျှောက်ခဲ့သလိုပဲ
ခင်ဗျားကောက်ကျစ်ခဲ့သလိုပဲ
ခင်ဗျားပန်းပွင့်ခဲ့သလိုပဲ
ခင်ဗျားနေ၀င်ခဲ့သလိုပဲ
ခင်ဗျားမိုးမလင်းခဲ့သလိုပဲ
ဘ၀ကို ပျော်သလိုကြာခိုခဲ့တဲ့
အနှစ်(၃၀)
ဒီလိုပဲ
ခင်ဗျားထင်တဲ့အတိုင်းပဲ
ဟိုရောက်ဒီရောက်နဲ့
ဘယ်မှမရောက်ခဲ့တာလည်း
အတူတူပဲ။

လွှမ်းရုံ

ကဗျာဖတ်ပြီး သွားတဲ့အခါ ကျွန်တော့်ရင်ထဲ ပြောချင်တာတွေ မြစ်တစင်းမက စီးဆင်းခဲ့ ပေမယ့်၊ ပြောလို့မဖြစ်တာ၊ ပြောလို့ မထွက်တာတွေလည်း တောင်တန်းတခုမက မြင့်ပုံနေခဲ့ တယ်။
ကဗျာနဲ့ ကျွန်တော့်ကြားမှာ (ကဗျာဆရာရဲ့ နှလုံးသားနဲ့ ကျွန်တော့်စိတ်ခံစားမှုများ ကြားမှာလည်း ဖြစ်နေနိုင်ပါတယ်) အသံထွက် ဖော်ပြလို့မရတဲ့ စကားတွေ တမြို့စာမက တည်ခဲ့တယ်။
အရွယ်ရောက်စ ကာလတွေ ကတည်းက ကျွန်တော်တို့ တခုခုကို တွေးခေါ်တာ အမှန်ပဲ။ ကျွန်တော်တို့ဟာ စမ်းတ၀ါးဝါးနဲ့ လမ်းရှာနေကြတာလည်း ဖြစ်ပါတယ်။ အဲဒီအချိန် တုန်းကတော့ တွေ့မြင်သမျှ၊ ကိုယ်မသိသေးသမျှ အားလုံးဟာလည်း အထူးအဆန်းတွေ ဖြစ်ခဲ့တာပဲ။ ဘာမဆို အလွယ်တကူ စုပ်ယူမျိုချလက်ခံလိုက်ဖို့ အသင့်ဖြစ်နေခဲ့တဲ့ ငယ်ဘ၀တွေပါပဲ။ ကိုယ့်ဘက်က အမှန်တရားလို့ ထင်တဲ့ဟာနဲ့ အရာရာကို ပစ်လဲလိုက်ဖို့ နည်းနည်းမှ ၀န်မလေးခဲ့တဲ့ လွမ်းစရာ အချိန်လေးတွေပေါ့။
သစ်ခြင်းလို့ ကိုယ်ယူဆခဲ့တာ မှန်သမျှနဲ့ လင်ကိုယ်မယားလို နှစ်ရှည်လများ ပေါင်းဖက် နေထိုင်ခဲ့တဲ့နောက် အဲဒီ အသစ်တွေဟာ မသစ်ပြန်တော့ဘူး။ ကျွန်တော်တို့ ကိုယ်တိုင်က ရိုးအီလွယ်ခဲ့ကြသလား။ ကျွန်တော်တို့ လက်ခံထားရှိမှုတွေ ကိုယ်၌က ပျင်းရိစရာ ကောင်းလွန်းအောင် ခေါက်ရိုးကြေနေခဲ့ကြတာလား။
တချို့တလေက ငယ်နုစိတ်တခုတည်းနဲ့ (ဘာကိုမှ တိတိကျကျ မယ်မယ်ရရ မဆုပ်ကိုင် လိုက်နိုင်သေးခင်) "ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီးစဉ်" ဆိုတဲ့ သံစဉ် စာသားလေးအတိုင်း အပြိုင်းပြိုင်း ထပျံကြတယ်။
အများစုကတော့ သေပန်းတွေ ပွင့်နေတဲ့ ပူရှရှ နေ့လည်ခင်း တခုဆီကို ယဉ်တစီးစီးနဲ့ အခမဲ့ ပို့ပေးပါ့မယ်ဆိုရင်တောင်မှ အဲဒီမှာဖြင့် သစ်ဆန်းမှာပဲ ဆိုပြီး သွားကြည့်ချင်စိတ် မရှိခဲ့ကြပါဘူး။ ခြေမ ခလုပ်တိုက်ရင်တောင် 'အမေ' တပြီး နာတတ်ကြတဲ့ ကျွန်တော်တို့တတွေ ဟာ ကျည်ဆံမှန်ရင် အတော်နာကျင်မှာပဲလို့တော့ တွေးတောမိတတ်ကြပါတယ်။ အဲသလို နေရာမျိုးဆီ အပျော်ခရီးထွက်ဖို့ ငြင်းဆန်ခဲ့တတ်တာပါပဲ။
ဘ၀အိုးထဲမှာ အတ္တနဲ့ပရ ဘယ်အချိုးနဲ့ ရောမွှေ စပ်ဟပ် ခဲ့ပါသလဲ။
ဒါတွေဟာ ကျွန်တော်တို့ ရွယ်စဉ်တုန်းက စိတ်အခြေအနေပါ။ ကဗျာဆရာက(... သလိုပဲ) တွေ ထပ်ထပ်သုံးပြသွားတော့ သူတို့အခြေအနေ (ကျွန်တော်တို့ နောက်မျိုးဆက်ရဲ့ အခြေအနေ) ကလည်း ထူးမခြားနားပါလားလို့ သတိထားမိတယ်။ နှစ်ကာလတွေဟာ အရှိန်နဲ့ ရွေ့လျားသွားပေမယ့် အခြေအနေကြီးကတော့ ကြပ်ခဲကြီး ဖြစ်ကျန်နေတာလား။ ကျွန်တော်တို့ တွေးခဲ့သလို သူတို့ ဘာလို့ တွေးတောကြတာလဲ။ တခုတော့ ရှိပါတယ်။ ဒီနေ့မှာတော့ ဘယ်လူငယ်မှ အနုပဋိလောမကို ရွတ်ဖတ်သရဇ္ဈာယ် မနေလောက်တော့ဘူး ထင်ပါရဲ့။ ဒါဟာလည်း အနုပဋိလောမကြီး မှားနေလို့တော့ မဖြစ်တန်ပါ။ ခေတ်လှိုင်းဟာ အဲဒီ တံတိုင်းကြီးကို ကျော်လွှားဖုံးလွှမ်းသွားလိုက်တာပဲလို့ ထင်မြင်မိပါတယ်။
ကဗျာဆရာ သုံးပြသွားတာလေးကတော့ လှလွန်းတယ်။ ကျွန်တော်တို့ ငယ်ဘ၀ ကြားနေကျ 'ပစ္စည်းမဲ့လူတန်းစား'၊ 'အနုပဋိလောမ' ဆိုတဲ့ ဝေါဟာရတွေဟာ ကော်ကောင်း ကောင်းနဲ့ အကပ်ခံထားရတဲ့ စာလုံးတွေပါ။ ကျွန်တော်တို့လို ဥမမယ်စာမမြောက် ပညာတတ် ပေါက်စလေးတွေထဲမှာ ကိုယ့်ကိုယ်ကို ဆုံးရှုံးစရာဆိုလို့ နှောင်ကြိုးကလွဲရင် ဘာမှမရှိတဲ့ တကယ့်ပစ္စည်းမဲ့တွေလို ထင်ပြီး အတည်ပေါက်နဲ့ အနုပဋိလောမဂါထာကို ရွတ်ခဲ့ဖူးသူတွေ များကြလိမ့်မယ် ထင်ပါတယ်။ အဲဒီခေတ် အဲဒီအခြေအနေက ကျွန်တော်တို့ကို သူလှမ်းမြင် ကြည့်ပြီး ပြောသွားတာလေးကတော့

ပိုက်ဆံမရှိတဲ့ရက်မှာ အနုပဋိလောမကို
အတည်ပေါက်ရွတ်ခဲ့သလိုပဲ

'ပိုက်ဆံမရှိတဲ့ရက်မှာ' ဆိုတာ ဆင်းရဲစဉ်က အခြေအနေကို ပြောတာနေမှာ။ အဲဒီတုန်းက အနုပဋိလောမကို အတည်ပေါက်ရွတ်ခဲ့ကြသူတွေဟာ၊ နှစ်တွေ အတော်ကြာ ပြီးနောက်၊ အပြောင်းလဲတွေအောက် ရောက်သွားကြပြီးနောက် ပိုက်ဆံတွေ (သို့မဟုတ်) ရာထူးရာခံ အခွင့်အလမ်းတွေ ရရှိသွားတဲ့ နောက်များမှာ။
(အဲဒီ ၀ါကျကို ရေးနေမိတုန်းမှာပဲ ကျွန်တော်တို့ တောမြို့လေးတွေမှာ တွေ့ရတတ်တဲ့ ရုပ်ရှင်ကြော်ငြာ လှည်းကလေးဆီက အသံကို ကြားယောင်လာမိပါတယ်။ ငွေရောင်ပိတ်ကား ပေါ်မှာ ဆက်လက်ရှုစားကြပါခင်ဗျား ဆိုတဲ့အသံပါ)
ငိုကြ၊ ရယ်ကြ၊ ကြည်နူးကြ၊ ကြေကွဲကြ၊ ဒေါသဖြစ်ကြ၊ သိမ်မွေ့နူးညံ့ကြနဲ့ ဖြစ်ရိုးဖြစ်စဉ် ဘ၀လွင်ပြင်ထဲ သူသူငါငါလို ကျွန်တော်တို့တတွေ ဖြတ်သန်းသွားလာနေကြတဲ့ ရုပ်ပုံကားချပ် တွေကို "ခင်ဗျားငိုခဲ့သလို ကျွန်တော်ရယ်ခဲ့ဖူးသလိုပဲ" ဆိုတာကလေးနဲ့ ကားဆက်ပေးခဲ့တယ်။ အဲဒီနောက် "အသည်းအသန်လုစီးရတဲ့ ဘတ်စ်ပေါ် (၇၀) ကျော်အဘွားကြီးလည်း မညည်း တော့ သလိုပဲ" လို့ ဘ၀တနံတလျားကို ဇွန်းအောက် (Zoom Out) လုပ်ပြီး၊ အဝေးမြင်နဲ့ လှစ်ကနဲ တချက်ပြသလိုက်တဲ့အခါ၊ ကျွန်တော်တို့ ရင်ထဲမှာ (နှစ်ပေါင်း ၇၀) (အသည်းအသန် လုစီးရတဲ့ ဘတ်စ်ကား) (မညည်းညူတတ်တော့်တဲ့၊ ညည်းညူခြင်းဝေါဟာရများကို မေ့လျော့ နေတဲ့နှုတ်ခမ်း) (နေ့များ) (ညများ) (ခြောက်သွေ့ ပူပြင်း စွတ်စိုရာသီများ) (ကိုယ်နံ့များ) (ဆူငေါက်သံ အော်သံများ) (ဘယ်ငေးနေမှန်းမသိတဲ့ ဆုံချက်မဲ့ ရီဝေေ၀ မျက်လုံးများ) (စစ်ကြိုခေတ် အင်ဂျင်ဟောင်းတလုံးဆီက မချိမဆန့်အော်ရုန်းသံ) (တွန့်ကြေနေသော အ၀တ် အထည်များ) (လိုရာအချိန်မီ ရောက်လိုစိတ်နဲ့ နာရီခဏခဏ ကြည့်တတ်သူများ) စသဖြင့် ဖြတ်ပိုင်းဖြတ်စတွေဟာ တလက်လက် ပေါ်လာတယ်။ စပ်ထည်စတွေနဲ့ ချုပ်လုပ်ပြသတဲ့ ဘ၀ အမည်ရ ပန်းချီကားတချပ်ကို ရပ်ကြည့်နေရသလိုပဲ။
ငယ်စဉ်ကနေ ရွယ်စဉ်ဘ၀ကို ကူးပြောင်းတဲ့အခိုက်မှာ ဘာတွေ ဖြစ်ခဲ့ကြပါသလဲ။
တကယ့် ရက်စွဲခါးခါးတွေကို စားသုံးခဲ့ရတဲ့၊ ပြတင်းပေါက်ကျဉ်းကျဉ်းက ပျော်ကျလာတဲ့ လရောင်ကို လက်ခုပ်နဲ့ ခံသောက်ကြရတဲ့ ၁၉၇၀ ကျော်ကာလတ၀ိုက်မှာ ကျွန်တော်တို့ အားလုံးလိုလိုဟာ အသက် (၂၀) မပြည့်သေးသူနဲ့ ကျော်ရုံလေးသာ ရှိသေးသူတွေ ဖြစ်ကြ တယ်။ အဲဒီကနေ (၈၀) ဆီ စွန်းစမှာ အတော်များများဟာ လက်တွဲဖော်တွေနဲ့ ဖြစ်သွားကြတယ်။ ချစ်ခြင်းက တောင်းဆိုခဲ့တာလား၊ သွေးသားက မျက်စိမှောက်ခဲ့တာလား၊ သုတေသနပြုဖို့တော့ မလွယ်ကူလှပါ။ အဲဒီနောက် ကျွန်တော်တို့ရဲ့ ဘ၀တွေဟာ လူကြီး ဖြစ်သွားခဲ့ကြသလား။ လူရာဝင်ခဲ့ကြသလား။ ကိုယ်မမြင်တဲ့၊ ကိုယ်မချနိုင်တဲ့ မှတ်ချက်ကို ကဗျာဆရာက ဟောသလို ပြောခဲ့တယ်။

"မိန်းမတယောက်ရှိဖို့ လိုအပ်ကြောင်း
သွေးသားက တောင်းဆိုခဲ့သလိုပဲ
နတ်ပွဲလည်းကြိုက် ချဉ်ငန်စပ်လည်းကြိုက်
မရှက်တရှက်လေး ဖော်ရမှာကြိုက်တဲ့
ခေတ်ပေါ်မိန်းကလေးများရဲ့ လူရာဝင်သလောက်ပါပဲ"

လုံလောက်ပါရဲ့။ သူမှတ်ချက်ချခဲ့သလိုပဲ ကျွန်တော်တို့ အိမ်ထောင်ရက်သား ကျပြီးနောက် လူရာဝင်မှုဟာလည်း ဒိထက် နည်းနည်းလေးမျှ ပိုခဲ့မယ် မထင်ပါ။ ဒီလောက်ပါပဲ လူရာဝင်ခဲ့ကြပုံက။
အဲဒီနောက် သူဆက်ရေးတဲ့ ဟောဒီအပိုဒ်ဟာ အိမ်ထောင်ရက်သား ကျခြင်းနဲ့ ဆက်စပ်လိုက်လေသလား။ သီးခြားပြောလိုတဲ့ အချက်တခုပေလား။ မသေချာပေမယ့် ကျွန်တော်တို့ တုန်းကတော့ ပျံသန်းမယ့်ငှက်အတော်များများရဲ့ တောင်ပံတွေဟာ အိမ်ထောင် ရေးမြှားမှန်ပြီး အပိုင်းပိုင်းကျိုးခဲ့တာ မြင်ခဲ့ရတယ်။

"ခြေတဖက်ပြတ်သွားတဲ့
ကလေးတယောက်ရဲ့ အနာဂတ်ကို
ကမ္ဘာကြီး စဉ်းစားမပေးသလိုပဲ"

တကယ်တော့ ကမ္ဘာကြီးက ဘယ်သူ့အတွက်မှ မစဉ်းစားပေးပါ။ (၂၄)နာရီ စည်းချက် ထဲမှာ တိတိကျကျဝင်အောင် ချိန်မှတ်၊ သူ့တိမ်မျှင် ဂါဝန်ကြီးတွေကို ကားကနဲဖြစ်အောင် ဝှေ့ယမ်းပြရင်း၊ ပျော်ပျော်ကြီး ကခုန်နေတာပါပဲ။ သူ့အလုပ် သူလုပ်၊ သူ့အထုပ်နဲ့သူ ဟုတ်နေတာပါ။
ကမ္ဘာကြီးပေါ်မှာ နေထိုင်ရင်း ရုန်းကန်နေကြတဲ့ လူသားဆိုတဲ့ သတ္တ၀ါတွေမှာသာ လူ့မျိုးဆက်တွေအတွက် စဉ်းစားနေကြ၊ စဉ်းစားပုံမတူ၊ အားထုတ်ပုံမတူ၊ ညီညွတ်ခြင်းမတူ၊ စနစ်မတူမှု ကြားမှာ မတူတဲ့အဖြေတွေ ထွက်ထွက်လာနေကြတာပါပဲ။ ကျွန်တော်တို့ဟာ အချိုတလုပ် စားရရင်လည်း အဲဒါကို ချက်ပြုတ်ကျွေးမွေးခဲ့တဲ့ ကျွန်တော်တို့ လူမျိုးနွယ်တွေ ကြောင့်ပါပဲ။ အခါးတခွက် သောက်ခဲ့ရရင်လည်း သူတို့ကြောင့်ပါပဲ။ တခုတော့ ရှိပါတယ်။ အဲဒီ ကျွန်တော်တို့ ခံစားနေရတဲ့ ရလဒ်အားလုံးဟာ ကိုယ်အပါအ၀င် ကိုယ်နဲ့ခေတ်ပြိုင် လူသားအားလုံးရဲ့အစွမ်းအစ အားလုံးနဲ့ မကင်းရာ မကင်းကြောင်းတွေလည်း ဖြစ်နေတယ် ဆိုတာ မမေ့သင့်ဘူး ထင်ပါရဲ့။
နတ်သုဒ္ဓါ တခွက် စားချင်ရင်တော့ အဲသဟာ ရှိရာ အရပ်ကို မလျှော့သောဇွဲနဲ့ အကြောက်တရားမဲ့စွာ ရောက်အောင်သွားတတ်ဖို့တော့ လိုပါလိမ့်မယ်။

"ခင်ဗျားနေခဲ့သလို ကျွန်တော်မသေချင်သေးသလိုပဲ
ဘယ်လိုနေနေ အပြစ်ကမလွတ်တဲ့
ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ ချုန်းပွဲချ ဟာသတွေလိုပဲ
ကိုယ့်ဘ၀ကိုယ် ရွံမှာကြောက်ပြီး
ကိုယ့်အကြောင်းမရောက်အောင်တွေးခဲ့သလို"

ကျွန်တော်တို့ဟာ ဒီဒွန္ဒရာကြီးအလယ်မှာ ကိုယ့်ရှင်သန်မှု ကိုယ့်တည်ရှိမှု တခုတည်း အတွက်ကိုပဲ ကြည့်ပြီး ရက်တွေ ဘယ်လောက် ဖြတ်သန်းခဲ့ပြီးပြီလဲ။ ၀ပ်ကျင်းတွေ ဘယ်လောက်ခိုင်ခိုင် တည်ဆောက်ပြီးခဲ့ ကြပါပြီလဲ။
ကျွန်တော် နေချင်ခဲ့တာလဲ ဘ၀ကို ခင်တွယ်လို့ပါပဲ။ ခင်ဗျားမသေချင်တာလဲ ဘ၀ကို ခင်တွယ်လွန်းလို့ပါပဲ။ အဲဒီ ခင်တွယ်စိတ်၊ ချစ်တဲ့စိတ်တွေနဲ့ တည်ဆောက်ထားခဲ့တဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဘ၀တွေကရော ဘယ်လောက် ဟန်ကျနေခဲ့ပြီလဲ။ ဘယ်လောက် အပြစ်ကင်းစင် နေခဲ့ပါသလဲ။ တခါတရံပေါင်း များစွာမက ကျွန်တော်တို့ဟာ ကျွန်တော်တို့ ပိုင်ဆိုင်နေတဲ့ ဘ၀တွေကိုရော၊ ကိုယ့်စိတ်ရဲ့ ဟိုးအတွင်းပိုင်းကိုပါ ပက်ပက်စက်စက် ရွံမုန်းခဲ့ရ တာတွေ ကြုံဖူးမှာပါ။ ကိုယ့်ဘ၀ကို ကိုယ်ကိုယ်တိုင် ရွံမုန်းမှာကြောက်ပြီး ပုန်းခိုရာကျင်းအဖြစ် ကိုယ့်အကြောင်းကိုယ့်အကြောင်း ကိုယ်ပြန်မတွေးမိတဲ့ ရက်တွေကို အမှတ်ထင်ထင် ဖွဲ့ပြခဲ့တဲ့ ကဗျာဆရာကို ကျွန်တော်က လှမ်းပြုံးပြလိုက်မိပါတယ်။
စာကြောင်းရေ (၄၀)ကို ပုဒ်ဖြတ်၊ ပုဒ်မ မတပ်ပဲ တဆက်တည်း ရေးပြထားတဲ့ ကဗျာရဲ့ နောက်ဆုံး စာကြောင်းတွေမှာတော့ ကဗျာဆရာ (သူနဲ့ခေတ်ပြိုင်တွေကို ကိုယ်စားပြုထားတာ လည်း ဖြစ်နိုင်ပါတယ်) ရဲ့ ဘ၀ဟာ ရှေးက ကျွန်တော်တို့ ဘ၀နဲ့ ထူးပြီးခြားနားမနေတော့ပါ။ စက်မှုစနစ် ချို့ယွင်းလို့ ဒီနားတင်ပဲ တ၀ဲဝဲလည်ပြီး ဒီအသံတွေချည်း ထပ်ထပ်ထွက်နေတဲ့ စီဒီတချပ်လို ဖြစ်နေပါတော့တယ်။ ကဗျာဆရာက တအုံတနွေးနွေး တအီလည်လည် သူ့ကိုယ်သူ စိတ်ပျက်ခြင်းတွေ ရွာလည်ရင်း ဒီလိုပြောချခဲ့တယ်။

"ဘ၀ကို ပျော်သလို ကြာခိုခဲ့တဲ့
အနှစ် (၃၀)
ဒီလိုပဲ
ခင်ဗျာထင်တဲ့အတိုင်းပဲ
ဟိုရောက်ဒီရောက်နဲ့
ဘယ်မှမရောက်ခဲ့တာလည်း
အတူတူပဲ"

ကျွန်တော်တို့ဟာ မွေးဖွားလာကတည်းက လျှောက်ခဲ့ကြရပါတယ်။ ဘ၀ကိုက မလျှောက်လို့မှ မဖြစ်တာကိုး။ ဒီလိုနဲ့ နှစ်တွေ ကြာခဲ့တယ်။ ဘယရောက်ခဲ့ ဘယ်ထိပေါက်ခဲ့ ပါသလဲ ဆိုတဲ့ မေးခွန်းကို စနစ်တကျ ဖြေဆိုဖို့ရာမှာတော့ ကျွန်တော်တို့ ဖ၀ါးတွေအောက်က မရပ်မနား လျှောက်နေရတဲ့ လမ်းမကြီးကို အရင်ငုံ့ကြည့်ရပါလိမ့်မယ်။ ပြီးတော့ ဒီလမ်းမကြီးရဲ့ ခေါ်ဆောင်သွားရာ မိုးကုပ်စက်ဝိုင်းဆီ လှမ်းမျှော်ကြည့်ရပါဦးမယ်။ သာမန်မျက်လုံးနဲ့ လှမ်းမမြင် နိုင်တဲ့ လမ်းနဲ့ ပြန်ဆက်ထားတဲ့စက်ဝိုင်းရဲ့ အစိတ်အပိုင်းတခု ဖြစ်နေတယ်ဆိုရင်တော့ ....။ ကဗျာဆရာရေ ဒီလိုပုံနဲ့ ကျွန်တော်တို့ ဆက်လက်အိုမင်း နေရပါဦးတော့မယ်။
တကယ်တော့ ကျွန်တော်တို့ ဖြစ်ဖြစ် ခင်ဗျားတို့ဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် ဒီလိုနဲ့ပဲတော့ အိုချင်ခဲ့ကြမှာ မဟုတ်ပါ။
ကျွန်တော် ခုရေးခဲ့တာဟာ ကိုယ်ဖတ်လိုက်ရတဲ့ ကဗျာတပုဒ်ကို ဂုဏ်ပြုဖော်ထုတ် ချီးကျူးတဲ့ အရေးအသား မဟုတ်ပါ။ ရှင်းနေတဲ့ ကဗျာကြီးကိုက ဘာသာပြန်တာ၊ ဖတ်ညွှန်း ရေးတာလည်း မဟုတ်။ ကဗျာဝေဖန်ရေးက ပိုမဟုတ်သေး။ ကျွန်တော့်ရင်ထဲ ရောက်လာတဲ့ ဒီကဗျာရဲ့ ရိုက်ခတ်မှုကြောင့် ကျွန်တော် ခံစားရတာတွေကို ချရေးလိုက်တဲ့ ကဗျာဖတ်သူတဦးရဲ့ ခံစားမှုသာ ဖြစ်ပါတယ်။ ဒီတခါမှာ ကျွန်တော့်ခံစားမှုတွေဟာ ကဗျာဆရာရဲ့ မူလဆိုလိုရင်းနဲ့ လွဲရင်လည်း လွဲချော်နေမယ်။ ပွတ်တိုက် ထိပါးမိတာ၊ တိုက်ရိုက်ဝင်သွားခဲ့တာလည်း ရှိကောင်း ရှိမယ်။ ဘာဖြစ်ဖြစ် ကိစ္စမရှိပါ။ ကဗျာတပုဒ်ကို ကဗျာဆရာက ရေးထုတ်တယ်။ ဖော်ပြတယ်။ ဖတ်သူက ဖတ်ရတယ်။ ခံစားရတယ်။ ဒီကဗျာတပုဒ်ထဲကို ဖတ်လိုက်ရသူ အားလုံးရဲ့ ခံစားမှုက ထပ်တူမကျနိုင်တာ အသေအချာပါပဲ၊ ရေးဖွဲ့ဖြင်း၊ ဖော်ထုတ်ပြခြင်း၊ ဖတ်ရှုခံစားခြင်းဆိုတဲ့ အဲဒီ ဖြစ်စဉ် ပြီးမြောက်တဲ့အခါ ကဗျာရဲ့ အလုပ်ပြီးမြောက်ပါတယ်။
ကဗျာတပုဒ်ဟာ သူ့အလုပ် ပြီးမြောက်ပေမယ့် အဲဒီ ပြီးမြောက်မှုနောက်က ရလာတဲ့ ရလဒ်ဟာ တူညီမှု မရှိနိုင်တာလေးကိုတော့ ကျွန်တော်တို့ သတိပြုမိကြပါလိမ့်မယ်။ အဲဒီ မတူညီတဲ့ ရလဒ်ပေါင်း များစွာထဲက တခုဟာ အခုရေးမိခဲ့တဲ့ ဟောဒီအရေးအသားပါပဲ။
ကဗျာဆရာ "လွှမ်းရုံ" ကျန်းမာရွှင်လန်းစွာ အိုမင်းနိုင်ပါစေ။

ငြိမ်းအေးအိမ်
ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် (၉) နိုဝင်ဘာ ၂၀၀၆ မှ ကူးယူဖော်ပြပါတယ်။

No comments: