Sunday, November 2, 2008

မာယာဝမ့်စွေ့


မာယာကိုစာမူ ပို့နိုင်ရင်ကျနော်ဝမ်းသာတယ်။ မာယာစာမျက်နှာမှာ ကိုယ့်ရေးတာလေး ပါလာရင် သိပ်ကြည်နူးမိတယ်။ တပါတည်းမှာ မာယာကိုစာမူမပို့နိုင်တာကြာလာရင် ကိုယ့်ကိုယ်ကိုမကျေမနပ် ဖြစ်ရတယ်။ ကိုယ့်မှာချွတ်ယွင်းချက်ကြီးတခုရှိနေသလို ခံစားရတယ်။ သူများရေးတာတွေဖတ်ရတဲ့အခါ မုဒိတာတော့ပွားမိပါရဲ့၊ မနာလိုသလိုလို ဖြစ်တာကိုလည်း ၀န်ခံရမယ်။ သေချာတာကတော့ ကိုယ်ရေး-ရေး၊ မရေး-ရေး။ မာယာက တော့အရှိန်အဟုန်နဲ့ရှေ့သို့ချီတက်နေဆဲ။


မာယာအရှိန်အဟုန်နဲ့ ဆက်ချီတက်နေတယ်ဆိုတာဟာ ဖတ်သူတွေ၊ ၀င်ရေးသူ တွေရှိနေလို့။ ဒါဟာ အရည်အချင်းရှိတဲ့ စာကိုဖတ်သူ၊ ရေးသူတွေအများအပြား ရှိနေသေး တယ်ဆိုတဲ့ အဓိပ္ပာယ်မို့ ၀မ်းသာရ ပြန်တယ်၊ ပြည်တွင်းမှာ အရည်အချင်းသန့်သန့်ထုတ်တဲ့ စာနယ်ဇင်းတွေဟာ နအဖဖန်တီးထားတဲ့ခေတ် ဒီရေကိုမလွန်ဆန်နိုင်ရှာကြ၊ တောင့်မထား နိုင်ရှာကြတဲ့အခြေအနေမှာ မာယာကတောင့်ထား၊ ထိန်းထား နိုင်တဲ့အတွက်လည်း မာယာကိုကျေးဇူးတင်၊ ချီးကျူးမိပါတယ်။ မာယာဟာ အတွင်းက စာပေလောက ကိုယ်စား လုပ်နိုင်သလောက် လုပ်နေတယ်လို့ သဘောပေါက်မိပါတယ်၊ဒီလိုနဲ့ပဲ ကာလကြာလာရင် မာယာလျှောက်တဲ့လမ်းဆိုတာမျိုးလေး ပေါ်လာမယ်လို့ ထင်ပါတယ်။ အဲဒီအခါကျရင် မာယာဟာဆင်ဖြစ်လောက်ပြီလို့ မျှော်လင့်လျက်၊
မာယာဝမ့်စွေ့၊ ၀မ့်-၀မ့်စွေ့!
ဖိုးသံ(လူထု)

No comments: