
နေခြည်ပျိုက
လှစ်ဟလို့ ကြိုဆို
အသံရှင်ကို
အလွမ်းပိုနေရှာရဲ့။
အေးမြတဲ့ အရိပ်
ချွေးသိပ်ခိုနိုင်ဖို့
သစ်ပင်စိုစို
တောင်ညိုညိုကလည်း
ပြင်ဆင်နေရဲ့။
ခရီးဝေးဧည့်သည်
မောနေရှာမယ်အတွေးနဲ့
စမ်းချောင်း ရေချိုက
အကဲပိုပြီး
အလိုလို ကြည်လင်နေရဲ့။
သူ့ရဲ့ခရီး မနီးလှဘူး
ကျေးငှက် အထူးထူးက
မြူးကြွမယ့် ဂီတသံ
ဖန်တီးဖို့ အကြံနဲ့
ဟိုတဖွဲ့ ဒီတဖွဲ့
စောင့်ကြိုနေရဲ့။
ရင်တွင်း အေးမြ
ရွှင်ပြစေဖို့
ပန်းမာလာတို့လေ
သင်းရနံ့တို့စု
ကမ္ဘာ့လေထု အနှံ့
ပျံ့လွင့်နေရဲ့။
ဟော
မြင်းခွာသံ တညံညံနဲ့
သူ့ရုပ်ပုံကား ထင်ရှားလာပြီ
လက်နက်ကိုင် တော်လှန်ရေး
လမ်းမထက်
အာဏာရှင်တွေအတွက်
ဓါးတလက်နဲ့အတူ။ ။
ပွင့်သစ်(ကရိန်ကန်)
ဒေါင်းအိုးဝေ၊ အတွဲ(၃)၊ အမှတ်(၁)။ ၁၉၉၂-ခု၊ ဇန်န၀ါရီ၊ ဖေဖေါ်ဝါရီ ။
နိုဝင်ဘာ ၂၀၊ ၂၀၀၈ မှာ ကွန်လွန်သွားရှာတဲ့ သားသားကြီး(ခ)နေလ(ခ)ဂုရု ရဲ့ကဗျာဖြစ်ပါတယ်။
ပွင့်သစ်(ကရိန်ကန်) အပြင်၊ အခြားကလောင်ခွဲများမှာ- နေလ၊ မြင့်အောင်၊ မြင့်ဇေ၊ ဒီမြင့်သစ်၊ ဖိုးဇေ ဖြစ်ပါတယ်။
No comments:
Post a Comment