Monday, November 17, 2008

လူကိုဘယ်သူကဖန်ဆင်းသလဲ
ရေးသူ- လူထုဒေါ်အမာ

{မာယာမဂ္ဂဇင်း နိုဝင်ဘာ၊ ၂၀၀၃ မှာ ဖော်ပြခဲ့ပီးသောစာမူကို အင်တာနက် စာဖတ် ပရိသတ်အတွက် အမေမာ မွေးတဲ့ နိုဝင်ဘာလမှာ အမေ့ကို ဂါရ၀ပြုသောအားဖြင့် ထပ်မံ ဖော်ပြပါတယ်}

လူတယောက်ဆိုပြီးတော့ အမေတို့ အသက်ရှင် လှုပ်ရှားနေကြပါတယ်။ ဒါပေမယ့် တယောက်နဲ့တယောက် လူတွေဟာ မတူညီကြတာတွေ ရှိသလို၊ တူညီကြတာတွေလဲ ရှိတယ်။ မတူညီကြမှုကို အကြောင်းပြုပီးတော့ အဲဒီလူရဲ့ ပုံပန်းဖြစ်ပေါ်လာတာပဲ ထင်ပါရဲ့ကွယ်။
ဥပမာ (၁) သူမွေးဖွားကြီးပြင်းရတဲ့ ခေတ်ကာလ အခြေအနေ (၂) သူ့ကို မွေးဖွားလာတဲ့ အခါ သူ့ကို ကြီးပြင်းအောင်မွေးတဲ့ မိဘအသိုင်းအ၀ိုင်းရဲ့ စီးပွါးရေးအခြေအနေ (၃) သူ သင်ကြားဖတ်မှတ်ရတဲ့ စာပေဗဟုသုတ၊ ပြီးတော့ (၄) သူ လုပ်ကိုင်စားသောက်ရတဲ့ အသက် မွေးဝမ်းကျောင်း (၅) သူ့ တသက်မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေဟာ သူ့ဘ၀ကို ပုံသွင်းတယ်လို့ အမေတော့ ထင်တာပဲ။



ကိုယ်မွေးလာတဲ့ ခေတ်ကာလအခြေအနေ ဆိုပါတော့။ အမေတို့ဆိုရင် ဗြိတိသျှ ကျွန်ဘ၀မှာ မွေးခဲ့တော့၊ အဲဒီဘ၀မှာ အသက် ၂၅ နှစ် ထက်မနည်း နေခဲ့ရတယ်။ ဗြိတိသျှ အစိုးရဆိုတာ အဲဒီတုန်းက ကမ္ဘာ့မြေပုံကို ကြည့်လိုက်ရင် အင်မတန်ကြီးမားလူဦးရေများပြားတဲ့ အိန္ဒိယနိုင်ငံကြီးနဲ့တကွ ဗြိတိသျှအစိုးရ ပိုင်ဆိုင်တဲ့နိုင်ငံတွေကို အနီရောင်နဲ့ ဖော်ပြထား တာဟာ တကမ္ဘာလုံးအနှံ့ နည်းတာတွေ မဟုတ်ဘူး။ ပြီးတော့ ကြားနေရသေးတယ် ဗြိတိသျှရဲ့ အင်ပိုင်ယာကြီးဟာ ခုအတိုင်း ရပ်မနေသေးဘူး။ ဆက်ဆက်ပြီးလည်း ကျယ်တုန်းတဲ့။ တမိနစ်ကို ဘယ်နှစ်ဧကနှုန်းနဲ့ ဆက်လက်တိုးတက်တုန်းတဲ့။ သူတို့ရဲ့ ရေတပ် လေတပ် ကြည်းတပ် ဆိုတာတွေကလည်း များမှများ။ အမေတို့ မြန်မာနိုင်ငံလေးက ဗြိတိသျှအင်ပိုင်ယာ ကြီးထဲက အိန္ဒိယအစိုးရရဲ့ လက်အောက်ပြည်နယ်တခုအဖြစ် နေရတာတဲ့။ အမယ်လေး အိန္ဒိယနဲ့ ခွဲရပါမယ့်အကြောင်း ကျွန်တသီးတသန့် ဖြစ်လာပါမယ့်အကြောင်း ခွဲရေးတွဲရေး ဆိုတာကို လုပ်လိုက်ရသေးတယ်။ ဒို့အချင်းချင်း စိတ်ဝမ်းကွဲကြရသေးတယ်။ အမေ ဒီအကြောင်းတွေကို ပြောနေတာက ဗြိတိသျှအစိုးရဟာ အင်အားကောင်းတယ်၊ ခိုင်မာတယ် ဆိုတာကို သိရအောင် ပြောပြတာပါ။ သူတို့က သူတို့ ခိုင်မာတယ် မြဲမြံတယ်လို့ သိထားတော့ သူတို့ အအုပ်ချုပ်ခံလူတွေကို ဒီမိုကရေစီ ၅၀ သားလောက်ပေးထားတယ်။ သူတို့ဆီမှာ ရှိတဲ့ တပိဿာလောက်ကို တ၀က်၊ အဲဒါကို ဒို့ အအုပ်ချုပ်ခံတွေက နည်းလို့ ထပ်တောင်းတော့ ၆၀ သားလောက်ထိ တိုးပေးတယ်။ ဒို့က တိုက်ပွဲဝင်လို့ ရမှန်းသိတော့ ထပ်တောင်းတယ်။ တောင်းတော့ ၆၅ိ သားလောက်ထိ ပေးတယ်။ နောက်တော့ ဘယ်လို တောင်းတောင်းကို မပေးဘူး။ အဲဒါ အမေတို့ ကြီးပြင်းခဲ့ရတဲ့ ခေတ်ကာလ အခြေအနေပဲ။
လူတယောက်အဖို့ ဆင်းရဲတဲ့ မိဘက မွေးကျွေးသုတ်သင်လာတာဖြစ်ရင် ဆင်းရဲတာ ဆို ကောင်းကောင်းနားလည်တယ်။ အဲဒါက လူများစု။ မိဘ ချမ်းသာတဲ့ဆီက မွေးဖွားခဲ့တာ၊ သူ ကြီးပြင်တဲ့အထိ မိဘတွေက ချမ်းသာသေးတယ်ဆိုရင် သူဟာ ဆင်းရဲတာကို သိတ်နားမလည် ဘူး။ စာနာထောက်ထားတတ်ပြီး စိတ်ကောင်းစေတနာရှိတဲ့လူက နည်းနည်း နားလည်တယ်။ ကိုယ်လိုချင်တခု ရဖို့အတွက် ဘယ်လောက် ရုန်းကန်ရတယ်ဆိုတာ နာလည်သိရှိမှုမှာ ကွာခြားချက်တွေရှိတယ်။
ပညာရေးနဲ့ ရှာဖွေမှတ်ခဲ့ရတဲ့ ဗဟုသုတကတော့ လူဘ၀မှာ အရေးကြီးဆုံးပါဘဲ။ အဲဒီမှာ လူ့အသိပညာချင်း တော်တော်ကွာခြားသွားတယ်။ ကွာခြားတာမှ အတူတူ ဒီစာကို ဖတ်ထားတာချင်းတောင်မှ ဒီစာနဲ့ပါတ်သက်လို့ ဆက်လက်တွေးခေါ်ရာမှာ ခြားနားသွားတတ် ပါသေးတယ်။ အထူးသဖြင့် ငွေဇွန်းကိုက် မွေးခဲ့တယ်ဆိုတဲ့ လူချမ်းသာနဲ့၊ မိဆင်းရဲ၊ ဖဆင်းရဲက မွေးဖွားကြီးပြင်းခဲ့ရသူနဲ့ သဘောပေါက်ပုံချင်း၊ လက်ခံယုံကြည်ပုံချင်း ကွဲပြားခြားနားတတ်ပါ သေးတယ်။
လုပ်ကိုင်စားသောက်ရတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကလည်းလူကို ပုံသွင်းရာ မှာ ကွာခြားချက် ရှိနိုင်တယ်လို့ လူကြီးသူမတွေက ယုံကြည်ကြတယ်။ ဒီလူဟာ ခေါက်ရိုးကျိုး မှာပေါ့၊ သူ့မှာ ဆရာ့ဆရာတွေနဲ့ နေရတာကိုးလို့ ပြောတတ်တယ်။ ရွှေအရောင်းအ၀ယ်သမား လို့ဆိုရင် သိပ်စည်းကမ်းကြီးတယ်။ နှမိနှမြော သိတ်ရှိတတ်သတဲ့။ ဘာလို့လဲလို့ မေးတော့ သူတို့က ရွှေကို ရောင်းရာ ၀ယ်ရာမှာ ရွှေထိအောင် တွက်ချက်ရောင်းဝယ်ရတာမို့တဲ့။
ရွှေဆိုတာ အဖိုးတန် ပစ္စည်းဟုတ်လား၊ အဲဒီတော့ ဒီ တမတ်သား၊ တမူးသား၊ တပဲသားအပြင် ရွေးစေ့နဲ့ချိန်ပြီး ဘယ်နှရွေးထိ တွက်ချက် ရောင်းဝယ်ရတယ်လေ။ အဲဒီတော့ အကျင့်ပါပြီး ပစ္စည်းရဲ့ တန်ဘိုးကို နည်းနည်းထိအောင် တွက်ချက်သလို အရာရာကိုလဲ အဲဒီအကျင့်က ပါနေရောတဲ့။
လူတယောက်ကို စိတ်ရှည်လက်ရှည် သင်ကြားပေးနေရင်လည်း စိတ်ရှည်မှာပေါ့ ကျောင်းဆရာကိုးတဲ့။
လူ့တသက်မှာ မမျှော်လင့် မထင်မှတ်တာတွေနဲ့လည်း ကြုံတွေ့ရတတ်တာပဲတဲ့။ ဥပမာ- ကိုယ်နေတဲ့နေရာ မီးကြီးလောင်ခံရတယ်။ ဘာမှ မယူလိုက်နိုင်ပဲ အားလုံးပြာကျ သွားတာနဲ့ ကြုံလိုက်ရတယ်ဆိုရင် ဘာမှ သိတ်စုဆောင်းမနေပါနဲ့။ သူကုန်ချင်ရင် လွယ်လွယ်နဲ့ ကုန်သွားတာပဲလို့ ပြောတတ်ပြီး၊ ပစ္စည်းပေါ် တွယ်တာမှု နည်းသွားတာမျိုးလည်း ရှိတယ်။
နိုင်ငံရေး နည်းနည်းပါးပါး လုပ်မိလို့ အဖမ်းအဆီးခံရတယ်။ နှစ်ရှည်လများ ထောင်ထဲမှာ နေခဲ့ရတယ်ဆိုရင်လည်း တော်တော်ရင့်ကျက်တဲ့ နိုင်ငံရေးသမားတယောက် ဖြစ်လာတတ်တယ်။
အသက်အရွယ် သိပ်မကြီးသေးဘဲနဲ့ အိမ်ထောင်ပျက်ပြားရတယ်ဆိုရင်လည်း အိမ်ထောင်ပြုမှုအပေါ်ကို ကြောက်သွားပြီး နောက်ထပ် ဒီအပူမျိုးကို မခံချင် ရတော့တာ မျိုးလည်း ရှိတယ်။ အိမ်ထောင်ပြုတယ်ဆိုတာကို သိပ်အလေးအနက် မထားတော့ပဲ ပေါ့ပေါ့တန်တန် ဖြစ်သွားသူတွေလည်း ရှိတယ်။
အရေးကြီးတာ စကားပြောတာကတော့ ဖတ်မှတ်စုဆောင်းတဲ့ ဗဟုသုတတွေနဲ့၊ အဲဒါတွေအပေါ် မှန်ကန်တဲ့ သုံးသပ်ချက်တွေ ရှိဖို့ပါပဲ။ ဒါကလည်း ပြောခဲ့ပြီးတဲ့ အကြောင်းအရာတွေကပဲ ဖြစ်ပေါ်စေတာမို့ သူတို့သည်ပင်လျင် လူတယောက်ရဲ့ ဘ၀ကို ဖန်ဆင်းရှင်တွေပါလို့ ပြောရမလား မသိပါဘူးကွယ်။

လူထုဒေါ်အမာ။

No comments: