စာကြည့်တိုက်ကြီးတွေများများနဲ့ ကောင်းကောင်းမရှိတဲ့ ဗမာပြည်၊ စစ်ဘေးစစ်ဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ ဗမာပြည်မှာ သတင်းစာအဟောင်းတွေ၊ ဂျာနယ်အဟောင်းတွေကို မပျောက်မပျက် သိမ်းထားနိုင်တဲ့ လူတွေ ရှိသေးတယ်ဆိုတာ နဲနဲနောနော ၀မ်းသာဘို့ကောင်း တာ မဟုတ်ဘူး။ 'လိုရစေကြိုးနှယ်ခွေ' ဆိုတဲ့ သဘောမျိုး ပိုးမထိုး ခြမကိုက်အောင် သိမ်းကြရမှာဘဲ။ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြန်လည်ဖော်ထုတ်တဲ့အခါ ဒါတွေက သိပ်အသုံးကျတာ မဟုတ်လား။ အကြောင်းအရာ တစုံတခုကို ကိုယ်က ပြောချင်တယ်ဆိုရင် အဲဒီ အကြောင်းအရာနဲ့ ပါတ်သက်ပြီး၊ ဘယ်နေ့ထုတ် ဘယ်သတင်းစာက ဘယ်လိုရေးသား ဖော်ပြတယ်ဆိုတာကိုများ ဆွဲထုတ်ပီး ကိုးကား ပြနိုင်တယ်ဆိုရင် ကိုယ်ပြောလိုက်တဲ့ အကြောင်းအရာက အပုံကြီး ခိုင်မာ တောင့်တင်းသွားတော့တာကိုး။ ဒါကြောင့် တတ်နိုင်ရင် သတင်းစာဟောင်း၊ ဂျာနယ်ဟောင်း၊ မဂ္ဂဇင်းဟောင်းတွေကို သိမ်းကြရတယ်။ ပိုးမထိုး ခြမကိုက်အောင်လဲ အတတ်နိုင်ဆုံး စောင့်ရှောက်နေကြပါတယ်။
ဒီလိုအဖိုးတန် အသုံးဝင်ရာမှာ တခုတော့ သတိထားရပါတယ်။ ကိုယ်သုံးတဲ့ သတင်းပါတဲ့ သတင်းစာ ဂျာနယ် မဂ္ဂဇင်းဟာ ဘယ်လိုအမျိုဒအစားထဲက ဖြစ်တယ်ဆိုတာကို တော့ ကိုယ်ကိုယ်တိုင်ကလဲ သတိထားဘို့ လိုတယ်။ အထူးသဖြင့် ကိုယ်ကပြန်ပီး အသုံးချမယ်၊ အကိုးအကားပြုမယ် ဆိုရင်ပေါ့။ ဒါမှလဲ ကိုယ့်အကိုးအကားဟာ လေးနက်မှု ရှိပါတယ်။
ဒီလိုမဟုတ်ဘဲ၊ ကိုယ်ကိုယ်တိုင်က ဒီ စာနယ်ဇင်း အဟောင်းဟာ ဘယ်အရည်အသွေး ရှိတယ်ဆိုတာ မသိဘဲ သုံးရင် ကိုယ့်စာဟာ တန်ဘိုးတက်သင့်သလောက် မတက်ဘူး။ သိတော့သိတယ် ဒါပေမယ့် မဖော်ပြဘဲ သုံးတယ်ဆိုရင်လဲ ရိုးသားမှု မရှိတဲ့ အနေအထားမို့ မလုပ်သင့် မလုပ်အပ်ဘူး။ ဒီစကားကို ရှင်းပါအုံးမယ်။
ပါလီမန်ဒီမိုကရေစီခေါ်တဲ့ အရင်းရှင်ဒီမိုကရေစီခေတ်၊ ဗြိတိသျှကျွန်ဘ၀ခေတ်တွေ တုန်းက သတင်းစာတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ ဆိုတာ အသွေးအရောင် အမျိုးမျိုးနဲ့ ထုတ်ဝေကြတာ ဖြစ်တယ်။ ပါလီမန်ဒီမိုကရေစီက အလုပ်သမား လယ်သမားတွေကို တကယ်ကိုယ်စားပြုတဲ့ လက်ဝဲပါတီမျိုးကို တရားဝင် ရပ်တည်ခွင့် မပေးပေမဲ့၊ အရင်းရှင် ကိုယ်စားပြု၊ မြေရှင်ကိုယ်စားပြု ပါတီတွေကိုတော့ ဆိုင်းဘုတ်အမျိုးမျိုးနဲ့ ဘယ်နှစ်ပါတီဖွဲ့ဖွဲ့၊ ဘယနှစ်မျိုးဘဲ ပေါ်ပေါ် ထွက်ပေါ် ရပ်တည်ခွင့် ပေးပါတယ်။ ဒါတွေအတွက် ၀ါဒဖြန့်စရာလဲ စာနယ်ဇင်းအမျိုးမျိုးကို လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့် ရှိပါတယ်။
ဒါကြောင့် သတင်းစာဆိုရင်လဲ အစောင်ပေါင်းမြောက်မြားစွာ၊ ဂျနယ်ဆိုရင်လဲ အမျိုး အမည် အများကြီး၊ မဂ္ဂဇင်းဆိုရင်လဲ စုံစေ့အောင်၊ ရေတွက်လို့ မလွယ်လောက်အောင် အများကြီး ထွက်ပေါ်ခဲ့တယ်။ နို့ပေမဲ့ ထွက်တဲ့ စာနယ်ဇင်းတိုင်း စောင်ရေတွေ အများကြီး ရိုက်နှိပ်ကြရသလား ဆိုတော့ မဟုတ်ပါဘူး။ စာဖတ်ပရိသတ် ပြည်သူလူထုအပေါ် သြဇာရှိသလား ဆိုတော့ မဟုတ်ပါဘူး။ သတင်းစာတစောင်ဘဲ၊ ဂျာနယ်တစောင်ဘဲဆိုပေမဲ့ မည်ကာမတ္တဘဲ ပြည်သူလူထုအပေါ် သြဇာမရှိပါဘူး။ လူတွေရဲ့ အမြင်ကို လှည့်စားဖျက်ဆီးဘို့ အတွက် ကြိုးပမ်းထားတာတွေဘဲ ဖြစ်ပါတယ်။ အဖြူပေါ် အမဲထင်ပီး စာနဲ့ရေးထားတာဆိုရင် မှန်လိမ့်မယ်လို့ ရိုးအ,သေးတဲ့လူတွေက ထင်ကြလေရဲ့ ဆိုပြီး ပြည်သူကို မှိုင်းတိုက်ဘို့ ကြိုးစားခဲ့ကြမှုတွေပါ။ ဒါမျိုးကိုဘဲ တနေရာကနေပီး ကိုးကားရာမှလဲ အသုံးကျတယ် မှုတ်လား။ ဥပမာဆိုပါတော့ ရန်ကုန်မြို့မှာ ကုလားဗမာရိုက်ပွဲကြီး ဖြစ်နေတယ်။ အဲဒီရိုက်ပွဲနဲ့ ပါတ်သက်ပီး ကုလားငွေနဲ့ ထုတ်ဝေနေတဲ့ စောင်ရေ (၁၀၀၀-၉၀၀)မှ မရှိတဲ့ သတင်းစာလေးတစောင်က ဒီအဓိကရုဏ်းနဲ့ ပါတ်သက်လို့ ဘယ်လိုရေးတယ်လို့ အိန္ဒိယသတင်းစာအချို့က ကိုးကားရင် ကမ္ဘာမှာလဲ ဒီအာဘော်က ပြန့်လွင့်နိုင်တယ် မဟုတ်လား။ အဲဒီလို အသုံးချရအောင်၊ ဒီလို နာမည်ခံသတင်းစာလေးတွေ ထုတ်ဝေကြတာ ဖြစ်တယ်။ ဒါကြောင့် ဟိုခေတ်ကဆိုရင် သတင်းစာတချို့က ထွက်နေတယ်ဆိုရုံ သတင်းစာတစောင်လို့သာ ဆိုရတယ်၊ တနေ့မှ စောင်ရေ ၃၀၀ နဲ့ ၅၀၀ ကြားသာ ရိုက်နှိပ်နေတာမျိုးလဲ ရှိတယ်။
ဒီလောက်စောင်ရေနဲ့ဟာ စီပွါးရေးအရ ရပ်တည်နိုင်သလားလို့ အဲဒီခေတ်ကို အသိမီ လိုက်သူများက မေးချင်လိမ့်မယ်။ အံ့သြနေလိမ့်မယ်။ ရပ်တည်နေခဲ့ပါတယ်။ တချို့များ အဲဒီ စောင်ရေမျိုးနဲ့ ၁၅ နှစ်၊ နှစ် ၂၀ကြာအောင် ထုတ်ဝေနေတာတောင် ရှိပါတယ်လို့ ဖြေကြား ပါမယ်။
သူတို့ ရပ်တည်ပုံက အစိုးရကဖြစ်စေ၊ တခြား ငွေကြေးပေးကမ်းနိုင်သူတွေက ဖြစ်စေ၊ တိုက်စရိတ် ကာမိတဲ့အပြင် တိုက်ရှင်များ စားသုံးနိုင်လောက်တဲ့ ငွေကြေးမျိုးထိ ရရှိစေနိုင်တဲ့ ကြော်ငြာများ ထည့်ပေးထားပါတယ်။ အဲဒီငွေကြေးနဲ့ဘဲ ဒီသတင်းစာမျိုးက ထုတ်ဝေထွက်ပေါ် နေတယ်။ ဒါကြောင့် သူ့မှာ သတင်းစာဆိုပေမဲ့ သတင်းစုံစုံလင်လင်မပါဘူး။ သတင်းထောက် တွေ ဘာတွေကို ငွေကုန်ကြေးကျခံပီးခန့်မထား၊ သတင်းဝယ်ယူမှု မပြုဘဲကိုး။ သတင်းသာ စုံစုံစောစောစီးစီး မပါသလား။ ဆောင်ပါးတော့ ဖတ်ချင့်စဖွယ် အပါသား မဟုတ်လားလို့လဲ မမေးစေချင်ဘူး။ လူရိုသေ ရှင်ရိုသေ ကလောင်မျိုးက ဒီလိုသတင်းစာမျိုးမှာ ၀င်မရေးလိုဘူး။ ငွေကြေးရမှရေးတဲ့ ကလောင်ကောင်းတွေကလဲ ငွေကြေးမပေးလို့ မရေးကြဘူး။ အဲဒီတော့ ကလောင်နာမည်တလုံး ဖြစ်မလာသေးလို့ နာမည်ရချင်တဲ့ ကလောင်ရှင်ရဲ့ ဆောင်းပါးမျိုး၊ အဆင့်အတန်းမမီလို့ ဘယ်ကမှ လက်မခံတဲ့ ဆောင်းပါးမျိုးဘဲ ပါပါတယ်။
အဲဒီလို သတင်းစာမျိုးတွေ မန္တလေးမှာလဲ ရှိခဲ့တယ်။ ရန်ကုန်မှာလဲ ရှိခဲ့တယ်။ ဒီသတင်းစာဟာ ရှင်းရှင်းဆိုရရင် ကိုလိုနီသမားရဲ့ အလိုတော်ရိ သတင်းစာသက်သက်ဘဲ၊ ဒါကြောင့် သူတို့သြဇာ ပြည်သူကြားမှာ ဘာမှမရှိဘူး။ သူတို့ ဘာရေးနေနေ ဘယ်သူကမှ အရေးယူ အချိန်ကုန်ခံပီး ဖတ်မနေကြဘူး။
သူတို့ စီပွါးရေးအတွက် လုပ်စားနေကြတဲ့ ကြေးစားသတင်းစာလို့ဘဲ လူတွေက နားလည်ထားကြတယ်။ ဒါက တမျိုးပါ။
တချို့ သတင်းစာဂျာနယ်များကတော့၊ သတင်းစာတစောင်၊ ဂျာနယ်တစောင် မဖြစ်မနေ ထုတ်ဝေမယ်ဆိုပီး၊ စိတ်အားထက်ထက်သန်သန်နဲ့ စတင်ထုတ်ဝေတာတော့ မှန်ရဲ့။ နို့ပေမဲ့ ငွေရေးကြေးရေးကြောင့် ဖြစ်စေ၊ အရေးအသားကြောင့် ဖြစ်စေ ဒီသတင်းစာ၊ ဒီဂျာနယ်ကို သက်ဇိုးရှည်အောင် မတတ်နိုင်ဘူး။
ဒါကြောင့် ထွက်လာပီး ၃ လနဲ့ ပိတ်လိုက်ရ၊ ၆ လနဲ့ ပိတ်လိုက်ရ၊ တနှစ်လောက်ခံတယ် ပျက်သွားရော ဆိုတာမျိုးဖြစ်ကုန်လို့ သတင်းစာတစောင်၊ ဂျာနယ်တစောင်ဆိုတဲ့နာမည်၊ မှတ်ပုံတင်တခုတော့ဖြင့် ကျန်ရစ်ပါရဲ့၊ ပြည်သူ့ကြားမှာ ကြာကြာသြဇာသက်ရောက်မှု ရှိမသွား ရလို့ မေ့ပျောက်သွားကြတယ်။
တချို့ ဂျာနယ်၊ တချို့ သတင်းစာကတော့ နိုင်ငံရေးတကွေ့မှာ တခုသော အရင်းရှင်နိုင်ငံ ရေးပါတီတရပ်က သူတို့အတွက် ၀ါဒဖြန့်ဘို့ သက်သက်ရည်ရွယ်ပီး ထုတ်ဝေတဲ့ သတင်းစာ ဂျာနယ်ဖြစ်တယ်။ ဒါမျိုးကလဲ သက်ဇိုးမရှည်တတ်ဘူး။ နိုင်ငံရေး နောက်တကွေ့ မရောက်ခင် ပျောက်ကွယ်သွားတတ်တယ်။ ဒီသတင်းစာမျိုးကတော့ နိုင်ငံရေးရာသီအလိုက်ပေါက်တဲ့ မှို သတင်းစာမျိုးပေါ့။
အချို့ သတင်းစာကျတော့ သက်တမ်းရှည်တယ်။။ လူကြားမှာလဲ သြဇာတိက္ကမကြီး တယ်။ နို့ပေမယ့် ဒီသတင်းစာမျိုးထဲကကိုဘဲ သတင်းစာရဲ့ ပေါ်လစီဟာ ထွက်ကတဲကစပီး နောက်ဆုံးအထိ တသမတ်ထဲ ရှိချင်မှ ရှိတတ်တယ်။ အကြောင်းအမျိုးအမျိုးကြောင့် အပြောင်းအလဲတွေ ရှိတယ်။ ဥပမာ ဆိုပါတော့ သူရိယသတင်းစာကြီး။ သက်တမ်းဟာ အနှစ် ၃၀ ကျော် ၄၀ နီးပါးရှည်ခဲ့တယ်။ ပြည်သူကြားမှာ သြဇာကြီးခဲ့တယ်။ နို့ပေမယ့် သူရိယ သတင်းစာထဲမှာ ပါတဲ့ သတင်းကိုဖြစ်စေ၊ ခေါင်းကြီးကို ဖြစ်စေ၊ ဆောင်းပါးကို ဖြစ်စေ ကိုးကား ဖော်ပြချင်တယ် ဆိုရင်ဖြင့် ခုနှစ်သက္ကရာဇ်ကိုသာမက သူရိယသတင်းစာက ဘယ်ပေါ်လစီကို ကိုင်စွဲနေချိန်မှာ ဖြစ်တယ်ဆိုတာကိုပါ ဖော်ပြထိုက်ပါတယ်။
သူရိယသတင်းစာဟာ ၁၉၁၁ ခုက စထွက်တယ်။ ၁၀ နှစ် ၁၁ နှစ်ကြာ ၀ိုင်အမ်ဘီအေ၊ ဂျီစီဘီအေ တို့ရဲ့ ၀ါဒ အမျိုးသားလွတ်လပ်ရေးကို ကိုင်စွဲတယ်။ တိုင်းရင်းသားပညာတတ် လူတန်းစားရဲ့ အမြင်ကို ထင်ဟပ်တယ်။ နောက် ဂျီစီဘီအေ နှစ်ခြမ်းကွဲပီး ၂၁ ဦး ဒိုင်အာခီကို လက်ခံတဲ့အချိန်၊ သူရိယကို အုပ်စီးတဲ့ ဦးဘဖေ၊ ဦးလှဖေ၊ ဦးဘကလေးတို့ ၂၁ ဦးခေါင်းဆောင်ကြီးတွေ ဖြစ်သွားတဲ့ အချိန်မှာ သူရိယဟာ ဗြိတိသျှ ကိုလိုနီသမားနဲ့ လက်တွဲရေး 'ပူးသတ်' ၀ါဒကို ကိုင်စွဲခဲ့တယ်။ ဂျီစီဘီအေတခြမ်းကို ဆန့်ကျင်တယ်။ ၁၉၃၀ ခုနှစ်လွန်တော့ ဦးဘဖေကြီးက သွေးသစ်လောင်းပါသော်ကောလို့ ဦးစောကို လက်သပ်မွေး လာတယ်။ အကြံကြီးလှတဲ့ ဦးစောက ဦးဘဖေရဲ့ မြှောက်စားချက်ကို အခွင့်ကောင်းယူပြီး ဦးဘဖေကြီးကို ငြမ်းသဖွယ် အသုံးချတယ်။ သူရိယကို အပိုင်စီးတယ်။ သူအာဏာရရေး အတွက် လုံးလုံးအသုံးချတယ်။ ဒီအချိန်မှာ သူရိယဟာ တိုးတက်တဲ့ လူငယ်များ ဆန့်ကျင်ရေးသတင်းစာ လုံးလုံးဖြစ်လာတယ်။
ဒါကြောင့် သတင်းစာတစောင်တောင်မှ အချိန်အခါလိုက် ထားရှိတဲ့ ပေါ်လစီအပြောင်း အလဲတွေ ရှိနေတာမို့ နောက်လူတွေက နိုင်ငံရေး၊ လူမှုရေး၊ စီပွါးရေးအတွက် သတင်းစာ ဟောင်းတွေကို ပြန်လည်ကိုးကားဖော်ပြတယ်ဆိုရင် အဲဒီသတင်းစာဟာ ဘယ်သူတွေက ဦးစီးထုတ်ဝေတဲ့ ဘာပေါ်လစီရှိတဲ့ သတင်းစာ၊ ပြည်သူကြားမှာ သြဇာတိက္ကမ ဘယ်လောက်ရှိ တဲ့ သတင်းစာကိုပါ သိမှ ကိုးကားသင့်တယ်။ ကိုးကားရာမှာလဲ အဲဒီသတင်းစာရဲ့ အရေအရောင်ကို ဖော်ပြသင့်တယ်။
ဒီလိုမဟုတ်ဘဲ သာမန်ဆွဲသုံးရင်တော့ အကျိုးထက် အပြစ်ဖြစ်နိုင်တယ်။ သိရက်နဲ့ လုပ်ရင်လဲ မရိုးသားမှု ကြီးလွန်းတယ်လို့ဘဲ ဆိုရလိမ့်မယ်။
သတင်းစာတွေရဲ့ ထိပ်မှာ 'မကြောက်မညှာ မှန်ရာရေးမည်' ဆိုတဲ့ စာတန်းမျိုး၊ 'မည်သည့်ပါတီ၊ မည်သည့်ဂိုဏ်းဂဏနှင့်မျှ မဆိုင်' ဆိုတဲ့ စာတန်းမျိုး၊ 'အမျိုးဘာသာ သာသနာအတွက်' ဆိုတဲ့ စာတန်းမျိုး ထဲ့တတ်ကြတယ်။ ဒီလို ထဲ့တာဟာ အဓိပါယ်တစုံတရာ အလေးအနက် မရှိပါဘူး။ ဖတ်တဲ့လူတွေ ယုံအောင် ထဲ့တာပါ။ ဘာဆိုင်းဘုတ်ကြီး တပ်ထားထား၊ သတင်းစာမှန်ရင် ကိုယ်ရပ်တည်တဲ့ လူတန်းစားဘက်ကနေ ရေးတာ၊ ဘက်လိုက်တာပါဘဲ။ ခေါင်းကြီးပိုင်းမှာမှ ဘက်လိုက်မှုက ရှိတာမဟုတ်ဘူး။ သတင်းရေးရာ၊ ခေါင်းစဉ်တပ်ရာ၊ နေရာပေးရာ အစခပ်သိမ်း၊ ကိုယ်မလိုရင် မလိုသလို၊ လိုရင် လိုသလို ဘက်လိုက်ပီး ဖော်ပြတာချည်းပါဘဲ။ ဆောင်းပါးကျတော့ သာဆိုးပါတယ်။ သတင်းစာရဲ့ ပေါ်လစီနဲ့ ဆန့်ကျင်တဲ့ ဆောင်းပါးမျိုး လုံးဝထဲ့မပေးဘူး။ သတင်းစာရဲ့ ပေါ်လစီနဲ့ ဘောင်ဝင်မှာ ထဲ့တယ်။ 'ဆောင်းပါးရှင်ရဲ့ အာဘော်ဖြစ်သည်' ဆိုပေမဲ့ သတင်းစာရဲ့ မူလပေါ်လစီကို မဆန့်ကျင်ကြဘူး။
ဒါကြောင့် သတင်းစာသမိုင်းကို ရေးကြဘို့ ကြိုးစားမယ်၊ ပြန်လည်ဖော်ထုတ်မယ် ဆိုတဲ့ အခါမှာလဲ ဘယ်သတင်းစာက ဘယ်နိုင်ငံရေးပါတီအတွက် ဘယ်သူထောက်ပံ့တဲ့ ငွေကြေးနဲ့ ထွက်ပေါ်လာတာ၊ ဘယ်ဝါဒအတွက် ရေးထားတာဆိုတဲ့ သတင်းစာရဲ့ ရှင်သန်ရာ အသက် သွေးကြောကိုလဲ တိတိကျကျဖော်ထုတ်ဖို့ လိုပါလိမ့်မယ်။
စစ်ကြီးမဖြစ်ခင် ဗြိတိသျှကျွန်ဘ၀တုန်းကဆိုရင် ဘယ်သတင်းစာဟာ ဘယ်သူ့ငွေနဲ့ ထုတ်တာ၊ ဘယ်ဘက်က ရေးပေးဘို့ ထုတ်တာ ဆိုတာတွေ သိတဲ့လူတွေ အများကြီးပါ။ ဖုံးကွယ်လို့ မရပါဘူး။ ဒါကြောင့် ရှေးမီ နောက်မီ လူကြီးတွေဆီက မေးမြန်းမှတ်သားတာ၊ သတင်းစာတစောင်အတွက် ဒီသတင်းစာရဲ့ အာဘော်ကို ကာလအမျိုးအမျိုးမှာ ဖမ်းယူတာမျိုး လဲ လုပ်ဆောင်သင့်ပါတယ်။
ခွဲရေးတွဲရေးခေတ်မှာ ကုလားငွေနဲ့ ထုတ်တဲ့ သတင်းစာက ဘယ်ဟာဘယ်ဟာ၊ ဘယ်သတင်းစာက ဘယ်ကုန်တိုက်ကြီးတွေရဲ့ ကြော်ငြာနဲ့ တသက်လုံး ဘယ်လိုရပ်တည် ခဲ့တယ် ဆိုတာတွေ ပြောပြနိုင်သူတွေ ရှိပါသေးတယ်။
ဒါကြောင့် သတင်းစာ ဂျာနယ်အဟောင်းကို ဖော်ထုတ်ကိုးကားတဲ့အခါ အဲဒီ စာနယ်ဇင်းဟာ ဘယ်လူတန်းစားက ဘာအတွက် ထုတ်ဝေတာ ဆိုတာကိုပါ ဖော်ပြ ကိုးကားနိုင်အောင် ကြိုးစားကြပါစို့။
အမာ။
{ ဦးဝင်းတင် စီစဉ်တည်းဖြတ်တဲ့၊ ဟံသာဝတီတိုက်ထုတ်၊ "ပြည်သူတို့၏စကားပြန်" စာအုပ်၊ ပထမအကြိမ်၊ ဒီဇင်ဘာ ၁၉၇၄ မှ ကူးယူဖော်ပြပါတယ်။ }
No comments:
Post a Comment