Monday, November 17, 2008

မိတ်ဆွေ ဘယ်လဲ ဘာလဲ
ရေးသူ- လူထုစိန်ဝင်း


မိတ်ဆွေ....
သင့်အိမ်ထဲကို တဖက်ခြံက မွေးကင်းစမြွေပွေးတကောင် တိုးဝင်ရောက်ရှိလာတယ်ဆိုရင် သင်ဘာလုပ်မလဲ။အမိဝမ်းဗိုက်က ထွက်လာ ကာစကလေး သနားပါတယ်ဆိုပြီး နို့တိုက်မွေးမြူထား မလား။
ဒါမှမဟုတ်။ တနေ့နေ့မှာ ကိုယ့်အိမ်က ကလေးတွေကို ကိုက်သတ်မယ့် အန္တရာယ် ကောင်လေးလို့ သဘေထားပြီး ရိုက်သတ်ပစ်လိုက် မ လား။
မြွေပွေးလေးတကောင်မဟုတ်ဘဲ၊ မျက်လုံးကလေးတောင် ကောင်းကောင်း မဖွင့်တတ် သေးတဲ့ မွေးကင်းစ ကြောင်ငယ်ကလေးတ ကောင်ကို တွေ့လိုက်ရမယ်ဆိုရင်တော့ မိတ်ဆွေ ဘာလုပ်မလဲ။


ဒီ ဒုတိယမေးခွန်းကို မိတ်ဆွေဘယ်လိုဖြေမယ်ဆိုတာ လူတိုင်းဆဝါး မိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်လို လူသားမျိုးမဆို ကြောင်သတ္တဝါကို ရွံတတ်မုန်းတတ်သူ ဖြစ်စေအုံးတော့ မွေးကင်းစ သနားစရာ သတ္တဝါလေးတကောင် တကျီကျီ တကျာကျာနဲ့ အော်မြည်နေတာကို မြင်တွေ့လိုက်ရရင် သနားဂရုဏာ သက်ဝင်ပြီး ရင်ခွင်ထဲပွေ့ ပိုက်ထား မိကြမှာ။ နို့ရှာပြီး တိုက်မိကြမှာချည့် ဖြစ်လို့ပါ။ ပထမမေးခွန်းရဲ့ အဖြေကို ဆဝါးမိဖို့ကြတော့ သိတ်မလွယ်လှပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖြေတဲ့လူရဲ့ အတွေးအခေါ်ကို လိုက်ပြီး အဖြေ အမျိုးမျိုး ထွက်လာနိုင်လို့ပါ။
မိတ်ဆွေဟာ မြွေပွေးဆိုတာ ကြီးကြီးငယ်ငယ် မြွေပွေးပဲ။ အဆိပ်နဲ့၊ အစွယ်နဲ့၊ လူကို သေစေအန္တရာယ်ဖြစ်စေတဲ့ သတ္တဝါပဲလို့ တွေးမိမယ်ဆိုရင် ကျောက်တုံးကြီးကြီးတတုံးယူပြီး ထုသတ်လိုက်မှာပါ။
မိတ်ဆွေဟာ မြွေပွေးကို မြွေပွေးလို့မတွေးပဲ မွေးကင်းစ သနားစရာ သတ္တဝါ ကလေးတခု အဖြစ်နဲ့သာ တွေးမိမယ်ဆိုရင်တော့ နို့တိုက်ပြီး မွေးမြူထားမိမှာပါ။
မိတ်ဆွေဟာ မြွေပွေးကို မြွေပွေးလို့တွေးမိပေမယ့် လတ်တလော အန္တရာယ် မဖြစ်စေတာရယ်၊ ဘေးလူတွေက ရက်စက်ကြမ်းကြုတ်သူ တဦးရယ်လို့ အထင်ခံရမှာ စိုးရိမ် တာရယ်ကြောင့် တုတ်ကလေး တချောင်းနဲ့ ကော်ပြီး နီးရာချုံပုတ်တခု ထဲပစ်ထည့်လိုက်မိ ပါလိမ့်မယ်။
မိတ်ဆွေ....
သင် ဘယ်လိုတွေးပြီး ဘယ်လိုလုပ်မလဲ။
မိတ်ဆွေ....
သင်ဟာ ရိုးရိုးလူသာမန်တဦး မဟုတ်ပဲ၊ စာတိုပေစ အဖတ်အရှု အလေ့အလာ ဝါသနာ ထုံသူတဦး ဖြစ်နေမယ်ဆိုရင် ပြီးတော့ မြန်မာပြည်မှာနေပြီး မြန်မာစကားပြောတဲ့ မြန်မာလူမျိုး တဦး ဖြစ်နေမယ်ဆိုရင် မေးခွန်းကို ပုံစံပြောင်းပြီး မေးကြည့်ပါရစေ။
ဒီနေ့ မြန်မာစာပေနယ်အတွင်းကို မျက်မှောက်ခေတ် မြန်မာပြည်သူတွေရဲ့ ဖြစ်ပေါ် တိုးတက်မှုအဆင့်၊ ပကတိအခြေအနေတို့နဲ့ နည်းနည်းလေးမှ မအပ်စပ်တဲ့၊ ဖြစ်တည်မှု ပဓါနဝါဒတို့၊ ကပ်ဖကာဝါဒတို့၊ ဆာရီယယ်ဝါဒတို့စတဲ့ စိတ္တဇစာပေ အယူအဆဝါဒ အမျိုးမျိုး တွေ၊ ကာလလရေကြည် သန္ဓေတည်အောင် အစွမ်းကုန်ကြိုးစားအားထုတ် နေကြတာ တွေကို.....

မိတ်ဆွေ ဘယ်လိုတွေးပြီး ဘယ်လိုလုပ်မလဲ။
ဒီ စိတ္တဇ စာပေဝါဒတွေကို သွတ်သွင်းလာကြခြင်းဟာ ပြည်သူပြည်သားတွေ အထူး သဖြင့် လူငယ်လူရွယ်လေးတွေကို မိမိတို့ရဲ့ ပကတိ အခြေအနေမှန်ကို မျက်ခြည်ပြတ်သွား အောင် တမင်တကာ ရည်ရွယ်ချက် ရှိရှိနဲ့ မျက်စိထဲ သဲပက်ပြီး လမ်းလွှဲကို ဆွဲခေါ်သွားဖို့ လုပ်ဆောင်နေပါလားလို့ ရှုတ်ချမလား။
ဒါမှမဟုတ် စာပေတို့ အနုပညာတို့ဆိုတာ ပုံသဏ္ဍာန် အမျိုးမျိုးရှိနေအောင် ဆန်းသစ် တီထွင်နေကြရတာဖြစ်တယ်။ ဆန်းသစ်တာ မှန်သမျှ အားလုံးကို လက်ခံရမယ်လို့တွေးပြီး၊ အဲဒီ စိတ္တဇအယူဝါဒတွေကို ကြိုဆိုထွေးပိုက်ထားမလား။
ဒါမှမဟုတ် သမိုင်းအချိုးအကွေ့တခုကို ကြုံကြိုက်တဲ့အခါတိုင်း အခါတိုင်းမှာ လှိုင်းဂယက်ကလေးတွေ ထတတ်မြဲ ဖြစ်တယ်။ နောင်ကျတော့လဲ အချိန်က ဆုံးဖြတ်သွား ပါလိမ့်မယ်။ သမိုင်းက သက်မှတ်ပေးသွားပါလိမ့်မယ်။ ဒါမျိုးတွေဟာ လက်ဖက်ရည်ပန်းကန် ထဲမှာကျတဲ့ မုန်တိုင်းလောက်သာရှိပါတယ်။ ဘာမှ ကြီးကြီးကျယ်ကျယ် အန္တရာယ် မပြုနိုင်ပါ ဘူး။ ဒါကြောင့် ဘာမှဝင် ရှုတ်ချတားဆီးတာတွေ လုပ်ဖို့မလိုပါဘူး လို့တွေးပြီး ကိုယ်ထိုးမြဲ တယောလေးကိုပဲ အေးအေးဆေးဆေး ဆက်ထိုးနေလိုက်မလား။

မိတ်ဆွေ
သင်ဘယ်လိုတွေးပြီး၊ ဘယ်လိုပြောမယ်ဆိုတာ ဘယ်သူမှ သိထားနိုင်မယ် မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့အဖြေဟာ သင်ဘယ် နေရာက ရပ်ကြည့်နေသလဲဆိုတဲ့ အပေါ်မှာတည်နေလို့ပါ။
လူတယောက်ရဲ့ အမြင်ဆိုတာ သူရပ်ကြည့်နေတဲ့နေရာ အပေါ်မှာတည်ပြီး ဖြစ်လာရ တာပါ။ အဲဒီအမြင်ကို အခြေခံပြီးမှ သူ့အတွေး၊ သူ့ဆုံး ဖြတ်ချက်တို့ ဖြစ်ပေါ်လာရပါတယ်။
အဲဒါကြောင့် မိတ်ဆွေရဲ့ အတွေးနဲ့ မိတ်ဆွေရဲ့ အဖြေကို ဘယ်သူမှ မှန်မှန်ကန်ကန် သိထားနိုင်စွမ်း ရှိမယ်မဟုတ်ပါဘူး။ ကျွန်တော်လည်း မသိထားနိုင်ပါဘူး။
ဒါပေမယ့် ဒီမေးခွန်းသုံးခု မေးဖို့ဖြစ်လာရတဲ့ အခြေခံအကြောင်းတရားတွေ အကြောင်း ကိုတော့ ကျွန်တော်ရှင်းပြနိုင်ပါတယ်။ အဲဒီအခြေခံ အကြောင်းတရားတွေကို ဆင်ခြင်သုံးသပ် ကြည့်ပါ။ လေးလေးနက်နက် တွေးကြည့်ပါ။ ရှေ့ကိုလှမ်းမျှော်ကြည့်သလို အတိတ်ကိုလည်း ပြန်သုံးသပ် ကြည့်ပါ။ လတ်တလော ပစ္စုပ္ပန်မျက်မွေးတထောက်ကလေးကိုသာ မကြည့်ဘဲ မျက်စိတဆုံး ထိမျှော်ကြည့်လိုက်ပါ။ ပြီးတော့ မိတ်ဆွေကိုယ်တိုင်ရဲ့ အတွေးအမြင်အသိနဲ့ ကြိုက်သလို ဆုံးဖြတ်ပြီး အဖြေထုတ်လိုက်ပါ။ အဲဒီအဖြေဟာ ကျွန်တော်နဲ့ သဘောထား ကိုက်ညီတဲ့ အဖြေဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ မညီပေ မတူပေမယ့်လည်း မိတ်ဆွေရဲ့အဖြေက အငှားတွေး၊ အငှားမြင်၊ အငှားသိကပေါ်ထွက်လာတဲ့ သူများရဲ့ခေါင်းထဲက အတွေးကို မိတ်ဆွေရဲ့ အငှားပါးစပ်က ပြောပေးတဲ့ အဖြေမဟုတ်ပဲ မိတ်ဆွေရဲ့ ကိုယ်တိုင်အတွေး၊ ကိုယ်တိုင်အမြင်၊ ကိုယ်တိုင်အသိက ပေါ်ထွက်လာတဲ့ အဖြေဖြစ်တယ်ဆိုရင် ကျွန်တော် လေးစားပါတယ်။ တန်ဖိုးထားပါမယ်။ လက်ခံသင့်တဲ့ အဖြေလို့ထင်ရင်လည်း ကျွန်တော့်အဖြေကို ကြက်ခြေခတ်ပစ်လိုက်ပြီး မိတ်ဆွေရဲ့အဖြေကို ပြောင်းလဲလက်ခံပါ့မယ်။
အမှန်တရားကို ရှာကြတဲ့အခါမှာ မျက်စိကိုဖွင့် နားကိုစွင့်ထားဖို့ လိုအပ်တယ်လို့ ကျွန်တော်ခံယူပါတယ်။
ကဲ အခု ကျွန်တော် မေးခွန်းသုံးခု ပေါ်ထွက်လာစေတဲ့ အခြေခံအကြောင်းတရားကို ရှင်းပြပါရစေ။
ဒီနေ့ မြန်မာစာပေလောကမှာ လက်ချိုးရေတွက်ရင် လက်နှစ်ဖက်တောင် ပြည့်အောင် မရှိတဲ့ လူတစုက မြန်မာပြည်သူတွေရဲ့ ပကတိ အခြေအနေကို လုံးဝမျက်ကွယ် ပြုထား ရုံသာမက လူငယ်လူရွယ်လေးတွေ အားလုံးကိုပါ ပကတိအခြေအနေကို မျက်ခြည်ပြတ်သွား အောင် ရည်ရွယ်ချက်ရှိရှိနဲ့ အနောက်နိုင်ငံတွေက ဗုံမဟုတ်ပတ်မဟုတ် စိတ္တဇစာပေ အယူအဆတွေ သွတ်သွင်းပေးနေကြပါတယ်။ သူတို့သွတ်သွင်းလာတဲ့ စာပေအယူအဆ ဆိုတာတွေဟာ တကယ်တော့ တိုးတက်ပါတယ်လို့ နာမည်ကောင်း ယူချင်ပြီး တိုးတက်တဲ့ သူတွေရဲ့ အလုပ်မျိုးကို မလုပ်နိုင်တဲ့၊ မလုပ်ရဲ့တဲ့၊ အချောင်သမားတွေရဲ့ ဆင်ခြေလုံးတွေသာ ဖြစ်ပါတယ်။ အတ္တသမားတွေရဲ့သမားဂုဏ်ပြဝါဒတွေသာ ဖြစ်ကြပါတယ်။
ဒါတွေကို တချို့က လူငယ်တွေရဲ့အသံလို့ လွဲမှားစွာ ထင်မှတ်နေကြပါတယ်။ လူငယ်တွေကို တီထွင်ခွင့်တွေပေးကြပါ။ ဆန်းသစ်ခွင့်တွေ ပြုကြပါ။ လူငယ်တွေရဲ့ လွတ်လပ်တဲ့ ဆန္ဒပြုသံတွေကို ပိတ်ပင်တားဆီးမလုပ်ကြပါနဲ့ ဆိုတဲ့စကားမျိုးတွေလဲ ပြော တတ်ကြပါတယ်။ လူငယ်၊ လူငယ်နဲ့သာပြောနေကြတာ ဘယ်လိုလူငယ်လဲဆိုတာတော့ ခွဲခွဲခြားခြား မပြောကြပါဘူး။ ဂျာမဏီနိုင်ငံမှရှိတဲ့ တူရကီ လူမျိုးတွေရဲ့ အိမ်တွေကို လိုက်ပြီးမီးရှို့နေတာ၊ တအိမ်သားလုံး ကလေးတွေပါမကျန် မီးလောင်တိုက်သွင်းနေတာစတဲ့ လုပ်ရပ်မျိုးတွေကို လုပ်နေတဲ့ နာဇီ လက်သစ် လူငယ်မျိုးတွေလား။
အမေရိကန်နိုင်ငံမှရှိတဲ့ လူမည်းဘုရားရှိခိုးကျောင်းတွေကို မီးလိုက် ရှို့နေကြတဲ့ ကေသုံးလုံးဂိုဏ်းသား လူငယ်မျိုးတွေလား။
ဂျပန်ပြည်ထဲမှာရှိနေတဲ့ ပါကစ္စတန်နိုင်ငံသားတွေ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို မော်တော်ဆိုင်ကယ်တွေနဲ့လိုက်တိုက်၊ ချိန်းကြိုးတွေနဲ့ရိုက် လုပ်နေကြတဲ့ Hell's Angels လမ်းသရဲဂိုဏ်းသား လူငယ်မျိုးတွေလား။
ဒီလိုလူငယ်မျိုးတွေကိုတော့ ကျွန်တော်တို့ အားမပေးနိုင်ပါဘူး။ တီထွင် ဆန်းသစ်တယ် ဆိုတိုင်းလည်း မထောက်ခံသင့်ပါဘူး။ အနုမြူဗုံးတို့၊ ဓာတုဗေဒနဲ့ အဆိပ်ငွေ့ဗုံးတို့၊ ရောဂါပိုးမွှားဗုံးတို့၊ နပန်းလောင်မီးဗုံးတို့ စတဲ့ တီထွင်မှုတွေကို ကျွန်တော်တို့ ထောက်ခံကြ ရမှာလား။ ဆန်းတိုင်း၊သစ်တိုင်း ထွင်တိုင်းလည်း ကောင်းတာမဟုတ်ပါဘူး။ လူသားတွေကို အကျိုးရှိစေတဲ့၊ ဆန်းသစ်တီထွင်မှုမျိုးသာ လိုလားအပ်ပါတယ်။
လူသားတွေရဲ့ ဦးဏှောက်ကို အဆိပ်ကျွေးတဲ့၊ အယူအဆမှန်သမျှ၊ ဝါဒမှန်သမျှ၊ လုပ်ရပ်မှန်သမျှ ရှုတ်ချကြရပါမယ်။ ကိုယ့်တယောလေး ကိုယ်ထိုးပြီး အေးအေးနေမယ်ဆိုရင် တော့ အဆိပ်ပင်လေးတွေ တနေ့တခြား ကြီးထွားလာပါလိမ့်မယ်။ မြွေပွေးလေးက မြွေပွေးကြီး ဖြစ်သွားပါ လိမ့်မယ်။ မြွေပွေးကြီးကနေ မြွေပွေးလေးတွေ အရာအထောင် ဖြစ်သွားပါ လိမ့်မယ်။
အဲဒီ အခြေခံအကြောင်းတရားတွေကြောင့် ကျွန်တော်ရဲ့ မေးခွန်းသုံးခု ပေါ်ထွက်လာရ တာပါ။
ဒီအခြေခံ အကြောင်းတရားတွေကို နက်နက်နဲနဲ ဆင်ခြင်ပြီး မေးခွန်းတွေကို ဖြေကြည့်လိုက်ပါ မိတ်ဆွေ။
မှန်တာနဲ့ မှားတာ၊ တရားတာနဲ့ မတရားတာတို့မှာ ကြားဆိုတာ မရှိပါဘူး။ ဓမ္မနဲ့ အဓမ္မတို့ မှာလည်း ကြားဆိုတာ မရှိပါဘူး။
ကဲ..... မိတ်ဆွေ......
ဘယ်လိုတွေးပြီး ဘယ်လိုလုပ်မလဲ။

လူထုစိန်ဝင်း။
မဏ္ဍိုင် မဂ္ဂဇင်း။ ၁၉၉၇၊ ဂျူလိုင်လ။

(မော်ဒန်လက်ဖက်ရည်ပန်းကန်ထဲက မုန်တိုင်းငယ်နှင့် အခြားဆောင်းပါးများ စာအုပ်၊ ပထမအကြိမ် ၁၉၉၉၊ စာမျက်နှာ ၈၁ မှ ကူးယူဖော်ပြပါတယ်)

No comments: