ကျွန်တော်သူနဲ့ စသိခဲ့တယ်၊
ဘုန်းကြီးကျောင်းဘေးက အကာမဲ့အဆောင်တခုမှာ
ကျွန်တော်တို့ တတွေစခန်းချခဲ့ကြတယ်၊
အနေအထိုင် အစားအသောက်က ဆင်းရဲ
တလတခါ ကြက်ရိုးဟင်းလေးများ စားရရင်
နတ်ဘုံရောက်သလား အောင့်မေ့ရတယ်။
ဟိုတချိန်က
အသက်လည်းငယ်
စကားလည်းကြွယ်
သုတမှာလည်း စုံတဲ့သူမို့
သူ့ကို ဂုရုလို့
ကျွန်တော်တို့ ဂုဏ်ပြုခေါ်ခဲ့တယ်။
ကျွန်တော်နေမကောင်း ဖြစ်တဲ့အချိန်
ငှက်ဖျားက မညှာမတာ အတင်းတက်
သတိလစ်နေတဲ့ အချိန်မှာ၊
ဆေးကျောင်းသားရဲဘော်တွေနဲ့အတူ
ဂုရု တယောက် ကျွန်တော့်ကို ပြုစုဂရုစိုက်ခဲ့တာ
ယနေ့တိုင်မမေ့နိုင်ပါ။
ဟိုအချိန်က တောထဲကသစ်ပင်အောက်မှာ
ကျွန်တော်တို့တတွေ ဂစ်တာလေးတီးပြီး
သီချင်းလေးတွေ ဟစ်ကြွေးခဲ့တာလည်း
အမှတ်ရမိ သေးတယ်ပေါ့။
ဂုရုရဲ့
ကြင်နာတဲ့နှလုံးသား၊
လွတ်လပ်ခြင်း နဲ့ ပျော်ရွှင်မှုကို မြတ်နိုးတဲ့စိတ်ဓါတ်
အမိမြန်မာပြည်ကို
ကောင်းစားစေလိုတဲ့ မျိုးချစ်စိတ်များနဲ့
တော်လှန်ရေးတလျှောက်မှာ
လက်မမြောက် ဒူးမထောက်ခဲ့တဲ့
ခွတ်ဒေါင်း ပီပီ အာဇာနည်သူရဲကောင်းကို
ကျွန်တော် ဒီနေရာကနေ
ဂါရ၀နဲ့ အလေးနီပြုလိုက်ပါတယ်။
ဗိုစော
No comments:
Post a Comment