Monday, September 6, 2010

ရှက်ပါ.. ကြောက်ပါ..လိပ်ပြာသန့်စွာ ..
နုနုရည် အင်းဝ



ကိုအေးဝင်းရေ
နေကောင်းလား။ "ပြုံး၍လည်း...." ကျောရိုးခိုးပြီး ရုပ်ရှင်ရိုက်တဲ့ ကိစ္စနဲ့ ဒီဆောင်းပါးလေးရေး ဖြစ်သွားတာ။
မာယာမှာ သုံးချင်ရင် သုံးဖို့ ပို့လိုက်တယ်။

မနု

တခါတလေ ကိုယ့်ရဲ့လူငယ်ဘ၀ ဖြတ်သန်းမှုတွေကို ကျွန်မ လျှောက် စဉ်းစားကြည့် မိတယ်။
ကျွန်မ ခုနစ်နှစ်၊ ရှစ်နှစ် သမီးအရွယ် လောက်တုန်းကပေါ့။
အဘိုးရယ်၊ အဘွားရယ်၊ ကျွန်မရယ်၊ မြေးဘိုး မြေးဘွားသုံးယောက် စစ်ကိုင်းဘက်က အမျိုးတွေဆီကို အလည်သွားကြတာ ...။
ကျွန်မ 'ဘဘ' ရဲ့ တ၀မ်းတည်းကွဲတဲ့ ညီအစ်ကို မောင်နှမတွေ ဆီကိုပေါ့။ ကျွန်မတို့ အင်းဝ ကူးတို့ဆိပ်၊ ငှက်ဆိပ်ကနေ ငှက်ကလေးနဲ့ ဒုဋ္ဌ၀တီ၊ ဧရာဝတီ မြစ်ပြင်ကျယ်ကြီးကို ဖြတ်ပြီး စစ်ကိုင်းဘက်ကို သွားရတာလေ။


ဟို့ရောက်တော့ အမျိုးတွေရဲ့ အိမ်မှာစားကြ သောက်ကြရင်း၊ လူကြီးတွေက စကားစမြည် ပြောနေချိန် ကျွန်မတို့ ကလေးတသိုက်က ဆော့ကြ၊ ကစား
ကြရင်းနဲ့ အိမ်အတွင်းဘက်က စာအုပ်စင်တွေနား ရောက်သွားကြတယ်။ ကျွန်မနဲ့ ရွယ်တူ ဦးလေး ၀မ်းကွဲတယောက်က စာအုပ်တွေကို ဆွဲချပြီး ဆော့တော့ ကျွန်မတို့လည်း စာအုပ်တွေကို လျှောက်လှန် ကြည့်ကြတယ်။ အရုပ်ကြည့်တာလေ။ အဲဒီအချိန်က ကာတွန်းကို တအားမက်တဲ့ အချိန်ဆိုတော့ ကိုယ်ဖတ်တတ်တဲ့ ကာတွန်းကို ရှာတာပေါ့။ စာအုပ်ကြီး တွေကလည်း ဓာတ်ပုံ ရုပ်ပုံတောင် မပါတဲ့ အထူကြီးတွေ။ အဲဒီကြားထဲက ကျွန်မ ဦးလေး ၀မ်းကွဲက ကာတွန်းပါတဲ့ စာအုပ်တအုပ်ရ သွားတယ်။
တကယ်တော့ စာအုပ်က လယ်ယာစိုက်ပျိုးရေး စာအုပ်၊ ကာတွန်းစာအုပ် မဟုတ်ဘူး။ ဒါပေမယ့် လယ်ယာ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ကာတွန်းလေးတွေပါတော့ ကျွန်မတို့ ကာတွန်း မက်ကလေးတွေ ခေါင်းချင်းဆိုင်ပြီး ဖတ်ကြတာပေါ့။
အဲလို ဖတ်နေတုန်းမှာပဲ အပြင်ကနေ အဘိုးနဲ့ အဘွားက "သမီးရေ ပြန်ကြစို့" တဲ့။ ဒီမှာက ဖတ်စရာကာတွန်းက အများကြီး ကျန်သေးတယ်။ အဲဒီမှာတင် ကျွန်မက ကျွန်မဦးလေးကို ဒီစာအုပ် ကျွန်မယူသွားမှာလို့ ပြောတယ်။ ကျွန်မရဲ့ ဗိုလ်ကျနေကျ ထုံးစံအတိုင်းပေါ့။ ဒါပေမယ့် အဲဒီဦးလေး ၀မ်းကွဲကလည်း သူ့အိမ်မှာ ဗိုလ်ဆိုတော့ မပေးဘူးလေ။ စာအုပ်ကို ပြိုင်လု နေကြတုန်း သူ့ အမေက နောက်ဖေးက လှမ်းခေါ်တော့ သူက ပြေးထွက်သွားရော။ စာအုပ်ကို တအားလိုချင်နေတဲ့ ကျွန်မက ဘာလုပ်တယ်မှတ်လဲ။
ဂါဝန်အောက်နားစကို 'မ' ပြီး စာအုပ်ကို ထည့်ထုပ်တယ်။ ပြီးတော့ ဂါဝန်စကို လက်နဲ့ စုကိုင်ပြီး အခန်းအပြင်ဘက်ကို ထွက်လာတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ လုံလှပြီပေါ့။
အပြင်က လူကြီးတွေက ကျွန်မကို ကြည့်ပြီး "သမီး ...ဂါဝန်ထဲက ဘာတွေလဲ" လို့ မေးတယ်။ ကျွန်မက မဖြေဘဲ ကျွန်မအဘွား ရင်ခွင် ထဲ တိုးဝင်တယ်။ အဘွားက "ပြပါဦး" ဆိုပြီး ကြည့်တော့မှ စာအုပ် တအုပ် ထွက်လာတော့ အားလုံး ၀ိုင်းရယ်ကြ တာပေါ့။ ပြီးတော့ ဘဘရဲ့ ညီမ ကျွန်မဘွားလေးက "အော် သမီးက ဒီစာအုပ်ကို လိုချင်လို့လား .. ယူ ..ယူ" လို့ပြောတယ်။ ကျွန်မ ၀မ်းသာအားရ အဲဒီ စာအုပ်ကို ယူခဲ့တာပေါ့။ အပြန်လမ်းမှာ အဘိုးနဲ့ အဘွားရဲ့ မျက်နှာရိပ် မျက်နှာကဲလည်း ကလေးဆိုတော့ နားမလည်။ တခါတည်း
စစ်ကိုင်းပွဲဆိပ်၊ ငှက်ဆိပ်သောင်ပြင်လည်းရောက်ရော ကျွန်မအဘိုးက ကျွန်မတခါမှ မကြားဖူးတဲ့ အသံမာမာကြီးနဲ့ 'ပေး စမ်း' ဆိုပြီး ကျွန်မလက်ထဲက စာအုပ်ကို ဆွဲယူပြီး သောင်ပြင်ပေါ် လွှင့်ပစ်လိုက်တာ။ ပြီးတော့ ကျွန်မလက်နှစ်ဖက်ကို စုကိုင်ပြီး အော်တော့ တာပဲ။
"ဘာလို့ သူများစာအုပ်ကို လိုချင်ရတာလဲ၊ သူများ မသိအောင် ဘာလို့ယူရ တာလဲ၊ သူများပစ္စည်းကို မသိအောင် မယူရဘူး။ နောက် ဘယ်တော့မှ မလုပ်ရဘူး" အများကြီးပဲ ပြောတာ။ ဒေါသသံ အကျယ်ကြီးနဲ့။ "နောက်လုပ်ဦးမလား၊ လုပ်ဦးမလား" လို့လည်း မေးသေးတယ်။
အဲဒီအချိန်မှာ ကျွန်မဖြစ်သွားတာကတော့ တအားကြောက်သွားတာပါပဲ။ သိပ်အလိုလိုက် သိပ်ချစ်တဲ့ အဘိုးရဲ့ တခါမှ မမြင်ဖူး၊ မကြားဖူးတဲ့ အသံနဲ့ မျက်နှာ အမူအရာကိုလည်း တအားကြောက်တယ်။ အဘိုးပြောတဲ့ စကားတွေကိုလည်း တအား ကြောက်တယ်။ ကြောက် ကြောက်နဲ့ ဘာမှမပြောနိုင်ဘဲ ကျွန်မက တအား အော်ငိုတော့တာပဲ။ အဘွားကို အားကိုးတကြီး ဖက်ပြီးတော့ပေါ့။ အဘွားကလည်း တစက်ကလေးမှ ကျွန်မကို မချော့ဘဲ လက်ကိုပဲ အသာဆွဲခေါ်သွားပြီး ငှက်ပေါ်တက်တယ်။ ငှက်ပေါ်မှာ ထိုင်မိတာနဲ့ ရှိုက်ရှိုက်နေတဲ့ ကျွန်မ မျက်ရည်တွေ ကို အသာသုတ်ပေးပြီး ဘာပြောသလဲ သိလား။
"သမီး . ပေါင်းလှဲကြီး ဘုရားက ရုပ်ပုံတွေကို မှတ်မိလား" တဲ့။ ကျွန်မ သိပ်မှတ်မိတာ ပေါ့။ ကျွန်မတို့ အင်းဝ၊ တံတားဦးနယ်မှာ ကလေးတွေ နည်းနည်း သိတတ် လာတာနဲ့ တံတားဦးမြို့ ပြင်ဘက်နားက ပေါင်းလှဲကြီး (လျောင်းလဲကြီး) ဆိုတဲ့ လျောင်းတော်မူဘုရားကို ခေါ် သွားတတ်ကြတယ်။ အဲဒီဘုရားမှာ ကံငါးပါးရဲ့ အကျိုးအပြစ်တွေကို ဆွဲထားတဲ့ နံရံဆေးရေး ပန်းချီတွေ ရှိတယ်။ ပါဏာတိပါတာ ကံ၊ သူ့အသက်ကို သတ်ရင် ဘယ်လို အပြစ်ခံရတယ်။ မုသာဝါဒါ၊ လိမ်လည်ခြင်းအမှုကို ကျူးလွန်ရင် ဘယ်လို အပြစ်ခံရတယ် ဆိုတာတွေကို နံရံမှာ အကြီးကြီးတွေ ဆွဲထားတာ။
"အဲဒီပုံတွေထဲမှာ ငရဲသားကြီးတွေက လူတွေကို ဆီဒယ်အိုးကြီးတွေထဲမှာ ခက်ရင်း ခွကြီးတွေနဲ့ နှစ်ပြီး ကြော်နေတာလေ၊ အဲဒီပုံ ငါ့သမီး မှတ်မိလား"
အိုး ကျွန်မ သိပ်မှတ်မိတာပေါ့။ အဲဒီပုံဟာ ကျွန်မ အကြောက်ဆုံးပုံ။ ကြည့်ပြီးခါစ ညမှာ အိပ်မက်တောင်မက်တဲ့ပုံ။
"အေး .အဲဒါ အဒိန္နဒါနကံကျူးလွန်တဲ့သူတွေကို ငရဲပြည်ကျရင် အဲလို အပြစ်ပေးတာပေါ့။ အဒိန္နဒါနကံဆိုတာ သူများပစ္စည်းကို မသိအောင် ယူတဲ့ကံလေ။ သူများပစ္စည်းကို မသိအောင် ယူတဲ့သူတွေဟာ .."
"ကြောက်တယ်၊ ကြောက်တယ်၊ မပြောနဲ့၊ မပြောနဲ့" ဆိုတဲ့ ကျွန်မရဲ့ အော်သံ၊ ငိုသံဟာ ဧရာဝတီမြစ်ပြင် ကျယ်ကြီးပေါ်မှာ အကျယ်ကြီးပေါ့။
ဘယ်လိုပဲဖြစ်ဖြစ် ဒီအဖြစ်အပျက်လေးဟာ ကျွန်မကို သိပ်ကိုကြောက်လန့် စေခဲ့တယ်။ အဲဒါနဲ့ပဲ အသက်အရွယ် ရလာတဲ့ အချိန်မှာ ထူးဆန်းတဲ့ မိတ်ဆွေတယောက်ကြောင့်လည်း အံ့ဩစရာ အသိတခုကို သိရပြန်ရော။
လမ်းလျှောက်လာကြရင်း လမ်းပေါ်မှာ ကျကျန်နေခဲ့တဲ့ ငါးရာတန်ငွေစက္ကူကို ရှောင်ကွင်းသွားရင်း "ဒါ ကျွန်တော် ယူလို့မရပါဘူး၊ သူများပစ္စည်းပါ။ မယူရပါဘူး။ မယူရပါဘူး" တဲ့။ သူက ဆက်ပြောသေးတယ်။ "ကျွန်တော်တို့ အဖေက သင်ခဲ့တာ" တဲ့ လေ။
ကျွန်မတို့ အဘိုးအဘွား၊ အဖေအမေ တွေက သင်ခဲ့ကြပါတယ်နော်။
ခုအသက်အရွယ်မှာ လောကဇာတ်ခုံရဲ့ အဖြစ်သနစ်များစွာထဲက ခိုးယူခြင်းအမျိုးမျိုးကို ကျွန်မမြင်တွေ့ဖူးပြီ။ ခိုးယူရခြင်းရဲ့အကြောင်းရင်း အမျိုးမျိုးတွေကိုလည်း ကျွန်မစဉ်းစားဖူးပြီ။ စာတွေလည်း ရေးဖူးပြီ။
ခိုးယူခြင်းအမျိုးမျိုးမှာ.. အနုပညာဖန်တီးမှုကိုတောင် ခိုးယူကြသတဲ့။ စာနာစိတ်တွေ ကင်းမဲ့ပြီး တကိုယ်ကောင်းစိတ်တွေနဲ့ ခိုးယူခြင်းဆိုတာကို ထမင်းစားရေသောက်လို ဖြစ်သွားမှာ ကျွန်မစိုးတယ်။
ဒါ့ထက်.. ဒါ့ထက် ကိုယ်မဟုတ်တာ လုပ်နေတယ်ဆိုတာကိုတောင် ကိုယ့်ဟာကိုယ် မသိတော့လောက်အောင် ကိုယ်ကျင့်တရားတွေ ပျက်ပြားသွားမှာကို၊ လူငယ်များအတွက် .. လူငယ်များရဲ့ လက်ထဲက ကျွန်မတို့ နိုင်ငံအတွက်.. ကျွန်မ စိုးရိမ်လှပါတယ်။

နုနုရည် အင်းဝ

News Pic အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)
http://www.myanmar.mmtimes.com/2010/timeout/482/time02.html

Monday, August 30, 2010

မမြမှီ
ရေးသူ- ကြည်အေး




{တာရာမဂ္ဂဇင်း၊ အတွဲ ၃၊ အမှတ် ၂၀၊ သြဂုတ်လ၊ ၁၉၄၉ မှ ကူးယူဖော်ပြပါတယ်။}


မမြမှီသည် မိန်းမလိမ္မာကလေးဟု ကျော်စောလေသည်။
"ကျမ သမီးက မွေးကတဲက အေးတာရှင့်- နို့ဆာလို့ ငိုရမှန်းသိတာ မဟုတ်ဘူး..." ဟု သူမ၏ မေမေ ပြောစမှတ် ရှိသည်။
မမြမှီ၏ ကလေးဘ၀မှာ ချမ်းမြ၍ အစွန်းအထင်းမရှိဟု ဆိုရပေမည်။ မိဘများက သူမကို သမီးလိမ္မာ ဖြစ်စေချင်သည်။ ထို့ကြောင့် မမြမှီသည် လူကြီးများရှေ့မှာ ကိုင်းညွတ်သွားခြင်း၊ လူကြီးပြောစကားကို နားထောင်ခြင်း၊ ဘုရားရှိခိုး အလွတ်ကျက်ခြင်းနှင့် ဘုန်းကြီးဆွမ်းလောင်းခြင်းကို ငယ်ငယ်ကလေးထဲက တတ်လေသည်။
ဖေဖေက "ငါ့သမီးက လိမ္မာတယ်ဟေ့..." ဟု ပြောတတ်သည့်အခါမျိုးမှာ သူမသည် ကလေးတို့၏ ရှက်ပြုံးနှင့် ကလေးတို့၏ ကျေနပ်ခြင်းရောနှောသော အမူအရာဖြင့် မနေတတ် မထိုင်တတ် ဖြစ်တတ်လေသည်။ မမြမှီသည် နားမလည်သည့်အရွယ်မို့ ချီးမွမ်းလိုက်သည့်အခါမှာ ရောင့်တက်မိသလိုလိုတောင် ဖြစ်သေးသည်။
ဒေါ်ဒေါ်က "တူမလေးက မိဘမျက်နှာသာပေးတိုင်း ရွှေရေးပန်းကန်တက် မလုပ်ရဘူးကွဲ့.." ဟု ဆုံးမ၏။ ထို့ကြောင့် မမြမှီသည် အိနြေ္ဒပြန်ဆယ်ပြီး အေးအေး ငြိမ်ငြိမ်ကလေးဘဲ နေပြန်သည်။
ကျောင်းနေရ၍ အပေါင်းအသင်းက များလာသည့်အခါမှာ သူမသည် ဆော့ချင်၊ စကားများချင်၊ သီချင်းဆိုချင်၊ ကချင် ဖြစ်လာလေသည်။
မေမေက "သမီးဟာ လိမ္မာတယ်ဆို၊ မိန်းကလေးဆိုတာ သိမ်သိမ်မွေ့မွေ့ ရှိရတယ်ကွဲ့.... အသံကျယ်တိုင်း သီချင်း အော်မဆိုရဘူး.. စကားမများရဘူး..." ဟု ပြောသည်။ သူမသည် ရှက်ပြီး မျက်ရည်ကလေးများတောင် လည်လာ၏။ ဒါကို မေမေက ပြုံး၍ သမီး၏ နဖူးဆံစကလေးကို နမ်းလိုက်လေသည်။
မမြမှီသည် "သြော်.. ငါဟာ မိုက်လိုက်တာ.. ကြည့်စမ်း မေမေက သမီးလေးကို လိမ္မာစေချင်ရှာလို့ ပြောတာဘဲ.." ဟု နောင်တ ရမိလေသည်။
သူမသည် သီချင်းကို ဘုရားရှိခိုးထက် ကျက်၍ ရလွယ်သော်လည်း ဓမ္မစကြာစာအုပ်ကိုသာ တကိုင်ကိုင်နှင့် နေလေသည်။ သူမသည် လိမ္မာသည်ဆိုသော စကားလုံးကလေးကို ခုံမင်မိလေသည်။
တခါမှာ မမြမှီသည် အတန်းဆရာမက အထင်လွဲပြီး ရိုက်ခြင်းကို ခံရ၏။
သူမသည် မတရားအလုပ်ခံရသူဖြစ်၍ ဒေါသထလာသည်။ ပြန်လှန်ပြောချင်လာသည်။ သို့သော် လူကြီးများ ရွံရှာတတ်သည့် မိုက်တိမိုက်မဲသူငယ်မကလေးဟု အခေါ်ခံရမည်ကို စိုးရွံ့ပြီး ကြိတ်နေ၏။ ဆရာမက တခါထပ်ပြီး မုန့်စားမဆင်းရဟု ဒါဏ်ပေးပြန်ရာ သူမသည် လွယ်အိတ်ကို လွယ်ပြီး အိမ်ကို တခါထဲ ပြန်ခဲ့ လေသည်။
မေမေက ဆီး၍ "သမီး... မိုက်လှချည်လားကွယ်.. မေမေဖြင့် ရှက်ပါရဲ့- ဆရာဆိုတာ တပည့်ကို ရိုက်စမြဲပေါ့.." ဟုဆိုသည်။
မမြမှီ၏ ကျောင်းပြောင်းပေးရန် ပူဆာလိုစိတ်တို့သည် အဝေးသို့ ထွက်ပြေးကုန်ကာ ငိုချလိုက်မိ တော့သည်။ နောက်တနေ့ ဖေဖေက မျက်နှာထားကြီးနှင့် သူမအား ဆုံးမပြန်သည်ကို အသဲမှာ စွဲ၍ မဆုံးပေ။ မမြမှီသည် ဆရာမ ဘာပြောပြော ငုံ့ခံသော ကျောင်းသူ အလိမ္မာကလေး ဖြစ်ပြန်လေသည်။
မမြမှီသည် ၆ တန်း ရောက်သည့်အခါ ကျောင်းမှ ကစားခုံစားပွဲကို ပါချင်စိတ် ရွရွတက်၍ လာ၏။ မ၀ံ့မရဲနှင့်ပင် စိတ်နှိုးဆော်လွန်း၍ ဒေါ်ဒေါ်ကတဆင့် မေမေ့ကို ပြောခိုင်းရသည်။ မေမေက အခွင့်မပေး၊ အကျိုးမရှိတဲ့ အလုပ်တဲ့။
သူမသည် အသံတုန်တုန်နှင့် "ကျမ္မာရေး လိုက်စားတော့ ကိုယ်လုံးကိုယ်ပေါက် လှတာပေါ့ မေမေရဲ့.. ကျမ သူငယ်ချင်း မေစီ ခြေသလုံးလေးကို လှတယ်လို့ လူတိုင်း ပြောကြတယ်..." ဟု ပြောလိုက်မိလေသည်။
မေမေသည် အံ့သြသွားပြီး "သြော်... ဟိုကောင်မ ရှပ်တပ်တပ်ကလေးဟာလား.. မေစီတဲ့လား.. သူနဲ့ မပေါင်းနဲ့သမီး... အကျင့်တွေ ကူးစက်ကုန်မယ်...."
မေစီကို သူမ တော်တော်ချစ်သဖြင့် မခံချင်ဘဲ....
"မေစီက သမီးကို ချစ်ပါတယ် မေမေရယ်.. သူ့အဖေကြီး အရက်သောက်တာတွေ.. မယားငယ် ယူတာတွေ တောင် ပြောပြတယ်..."
မေမေ၏ မျက်နှာသည် တင်းမာသွားပြီး "ညည်းကကော .. မေမေတို့ စီးပွါးပျက်တဲ့အကြောင်းတွေ ဘာတွေ ပြောမပြဘူးလား.." ဟု ငေါ့လေသည်။
သူသည် မလုံမလဲ ဖြစ်လာလေသည်။
မေစီကို အားကျမိသဖြင့် မိဘကို မကျေနပ်တာကလေးတွေ တခါတခါ ပြောမိတတ်၏။ ပွဲမကြည့်ရသည့် အကြောင်း၊ ကျောင်းစာကို စိတ်မပါသည့်အခါတောင် ကျက်ရသည့်အကြောင်း။
မမြမှီသည် မေစီနှင့် တိတ်တဆိတ် ခင်မင်မြဲ ခင်မင်နေသည်။ သို့သော်လည်း အိမ်လည် မခေါ်ဝံ့တော့ချေ။
သူမသည် အရွယ်ကလေး ရလာသည်ဖြစ်၍ လှချင် ပချင်လည်း ဖြစ်လာသည်။ မေစီဝတ်သည့် ဘော်လီဟိုက်ဟိုက်၊ အင်္ကျီလုံချည် ဆန်းဆန်း၊ ခုံမြင့်ဘိနပ်တို့ကို တပ်မက်လာသည်။ မျက်နှာ နှုတ်ခမ်း ပါး ခြယ်သစရာကိုလည်း လိုချင်လာသည်။ ထိုကြောင့် မုန့်ဘိုးကို စုပြီး ၀ယ်မိသည်။ ပဌမတော့ ပြောင်ပြောင် အသုံးမပြုရဲ....။ တဖြည်းဖြည်းနှင့် စမ်းပြီး လုပ်ရသည်။
ဖေဖေသည် သူမ၏ အလှပြင်ပစ္စည်းများကို အားလုံးယူပြီး လွှင့်ပစ်လိုက်လေသည်။ "ကြီးလေချဉ်လေ သံပုရာသီး" ဟုလည်း ခေါ်သေးသည်။ မမြမှီ ရှက်၍ မပြီးတော့... သူမ၏ လိမ္မာတယ်ဆိုသော နာမည်သည် ပျက်ရချေပြီ။ ကိုယ့်ကိုယ်ကို မုန်းစိတ်တွေ ၀င်လာလေသည်။ အို.... နောက်မမိုက်တော့ပါဘူးဟု.. ဓိဌာန်မိလေသည်။
၇- တန်းအောင်သော် မိဘတို့သည် သမီးကို ကျောင်းနှုတ်လိုက်လေသည်။ မမြမှီစိတ်ကတော့ ကောလိပ်တောင် သွားလိုက်ချင်သေး၏။ သို့သော် ဘာမှ ပြောမနေတော့ဘဲ ကျောင်းထွက်လိုက်လေသည်။
အိမ်မှာနေရတာ ပျင်းစရာ ကောင်းလှပါတကား။ ဘယ်ကိုမှလည်း မလည်ရ။ ထိုကြောင့် စာအုပ်များကို ဘတ်စ ပြုလာ၏။ ချစ်မုန်တိုင်း၊ ချစ်လှေလူး၊ ထိုနောက် လွမ်းမှုံမှုံ၊ ထိုနောက် လူ့မာန၊ ထိုနောက် စိတ္တဗေဒ၊ အတွေးသစ် ဆိုရှယ်လစ်ဇင်း။
တအိမ်လုံး သူမအား မျက်မှောင်ကုပ်လေသည်။ လူကြီးတို့သည် အထင်သေးသော မျက်နှာဖြင့် ဆူလည်း ဆူပူသေးသည်။ မေမေက "ငါကတော့ သြချလိုက်တော့မယ်ဟေ့" ဟု ဆိုသည့်အခါမူကား မမြမှီသည် စာအုပ်အားလုံးကို သူငယ်ချင်းတွေ ပေးပစ်လိုက်လေသည်။
အအားမနေတတ်သဖြင့် မမြမှီသည် မီးဖိုချောင်ထဲသို့ ၀င်သည်။
မိုးလင်းလျှင်ထ၊ ဘုရားရေကပ်၊ ပန်းလဲ ဆွမ်းတင်၊ ပြီးတော့ ထမင်းဟင်းဝင်ချက်၊ ထမင်းပွဲပြင်၊ ပြီးလျှင် အ၀တ်လျှော်၊ တဖန် ကော်ဖီဖျော်၊ ပြီးလျှင် မီးပူတိုက်၊ ညနေစောင်းလျှင် ထမင်းပြန်ချက်၊ သူမသည် ချုပ်စရာ လုပ်စရာကလေး များကိုတောင်မှ စေ့စေ့စပ်စပ်ရှိလာသည်။ အကူအညီခေါ်ထားသည့် ကလေးမ ကလေးများ ကိုပင် စိတ်တိုင်းမကျချင်ပေ။
တနေ့လုံး လုပ်ရ ကိုင်ရနှင့် မောကာ ညကျတော့ တရေးထဲနှင့် မိုးလင်းအထိ အိပ်ရသည်။ နေ့ဆိုလျှင် အိမ်မှုပြု၊ ညဆိုလျှင် အိပ်။
မိဘများက သဘောကျပြီး "မမြမှီဟာ လိမ္မာပါတယ်လို့ ဆိုနေတာ....." ဟု ချီးမွမ်းကြပြန်သည်။
အမှန်ပင် မမြမှီသည် အိမ်မှာ အရေးပါလာလေသည်။ ဖေဖေ့ ဧည့်သည်ကအစ မမြမှီနှင့် ပြီးစီးနိုင်သည်။ မေမေဆိုလျှင် အိမ်ကို ပြန်လှည့် မကြည့်ရတော့ဘဲ ဥပုသ် စောင့်ချင်သလောက်စောင့်ကာ နေလေသည်။

သူမသည် မေစီနှင့်ပါတ်သက်ပြီး ကာတွန်းဆရာကလေးတယောက်နှင့် ခင်မင်မိ၏။ သူသည် ပျော်ရွှင်ပေါ့ပါး၍ သူ့ကာတွန်း ရုပ်ကလေးများလိုပင် ဟာသရှိ၏။ မေမေ ဖေဖေတို့ကိုတော့ ကြောက်သည် ဆိုသည်။ သူက ပွင့်လင်း လွတ်လပ်သော စိတ်ရှိသည်။
"မမြမှီကို ကျွန်တော် လွတ်လပ်ခြင်း ပေးချင်ပါတယ်ဗျာ... ကျွန်တော်တို့ နှစ်ယောက် စိတ္တသုခ ရှာရအောင်...." ဟု ပြောလာသည်။
မမြမှီသည် သက်ပြင်းကိုသာ ကြိတ်ပြီးချမိလေသည်။
သူမသည် သမီးလိမ္မာဖြစ်၍ မိဘကွယ်ရာမှာ ဘာမှ မလုပ်၊ သူမကိုယ်ကို သူမ မပိုင်၊ မိဘက ပိုင်သည်ဟု ယုံကြည်လျက် ထားလေသည်။ ဒါမှ အေးမည် မဟုတ်လား။ သူမသည် ခေါင်းခါယင်း၊ ခေါင်းခါယင်းနှင့် နောက်ဆုံးတော့ မိဘပိုင် မဟုတ်တော့ဘဲ ချစ်သူပိုင် မမြမှီဖြစ်၍ လာလေသည်။

အဆုံး၌ မိဘတို့သည် မမြမှီကို လင်ပေးစားလိုက်ကြ၏။

"ကာတွန်းဆရာဆိုတာ ဘာများ မက်စရာတုန်း... မမိုက်ချင် စမ်းပါနဲ့အေ.. မိဘဆိုတာ ဆင်စီးလို့ မြင်း....." လိမ္မာချင်သော မမြမှီသည် မျက်ရည်ကိုတောင်မှ ချုပ်တည်းထားပြီး မချစ်သူကို ယူလိုက်၏။ လိမ္မာသည့် သားသမီးသည် မိဘ၏ စိတ်အနှောက်အယှက်ကို မဖြစ်ရအောင် အသက်အသေခံပြီး လုပ်မည်ဖြစ်၏။ ပြီးတော့ တိမ်းပါး မှားယွင်းသွားအုန်း... ကိုယ့်မှာ အပြစ်မရှိ၊ ကိုယ်ကြိုက်လို့ ယူတာမှာ မဟုတ်ဘဲ... မိဘ ပေးစားတာ။

မကြေနပ်နိုင်သည့် ကာတွန်းဆရာက "မမြမှီဟာ ကိုယ့်ကိုယ်ကို နှစ်နေတာဘဲ ကျွန်တော်တော့ လူတွေဟာ တကိုယ်တည်း မွေးဖွားလာပြီး တကိုယ်တည်း သဘောနဲ့ လုပ်နိုင်ခွင့် ရှိတဲ့ တရားကို ယုံတယ်။ မိဘ ဆွေမျိုး မိတ်ဆွေ စသည်တွေဟာ စင်စစ်တော့ ပုဂ္ဂလိက အနေနဲ့ ကြည့်ယင် ဘာမှ မဆိုင်ပါဘူး... တော်လှန်တဲ့ ညာဉ်ကလေးကို မွေးစမ်းပါ... မမြမှီရယ်...." ဟု စာရေးလိုက်လေသည်။

မမြမှီက ကြိတ်၍ရှိုက်ပြီး "အို..... မမိုက်ချင်ဘူး- မမိုက်ချင်ဘူး- ဒါဘဲ....." ဟုသာ ပြောတတ်တော့သည်။
မှန်၏။ မမြမှီကို မင်္ဂလာပွဲ ပရိသတ်များက သမီးအလိမ္မာကလေးဟု ကောင်းချီးပေးကြလေသည်။
မမြမှီသည် မယားလိမ္မာလည်း ဖြစ်ပေသေး၏။
သူမ၏ ကိုကိုမှာ မမြမှီက ပြုစုတာကို "လိမ္မာတယ်- လိမ္မာတယ်" ချီးမွမ်းယင်း မိုက်မဲ နွဲ့ဆိုးတတ်သော အသစ်ကလေးများကို ရှာတတ်လာသည်။
မမြမှီသည် အတွင်းမီးကို အပြင်မထုတ်ဘဲ ရင်ထဲမှာသာ ထားလေသည်။ မေမေ့ကိုတောင်မှ မတိုင် မတော။
ငါဟာ ယောက်ျားလုပ်ကျွေးတာကို ခံစားပြီးနေယင် ယောက်ျားရဲ့ အလုပ်ကို စွက်ဘက်ခွင့် မရှိဘူး... မယားဆိုတာ လင်ပိုင်ပစ္စည်းဘဲ မဟုတ်လား။ ဟောဒီ မော်တော်ကား၊ ရေဒီယို၊ တိုက်နှင့် ခြံလိုပေါ့... ပြီးတော့ မှားတယ်ဆိုပြီး ပြင်ဆင်မယ်ကြံရင် မိုက်တာပေါ့။ လင်မကောင်းဘူးဆိုပြီး ချစ်သူဟောင်းဆီ ပြန်သွားကြည့်ပါလား။ ဘယ်သူက ဘယ်လောက်များ ပြောလိုက်မလဲကွယ်....
စင်စစ် မမြမှီသည် လိမ္မာပါးနပ်စွာ ဖုံးတတ် ဖိတတ်သဖြင့် လူအပေါင်းတို့က "မမြမှီဟာ အင်မတန် လင်ရတော်တယ်" ဟု ပြောဆို နေကြပြန်ပေပြီ။
သူမ၌ သားကလေး ရလာသည်ကို တွယ်တာ ရပြန်၏။ ပြုစု ယုယရပြန်၏။ မမြမှီသည် မအေလိမ္မာကြီးလည်း ဖြစ်ရပြန်သည်။ အကြောင်းမှာ သားနှင့် ပတ်သက်သမျှ မကောင်းကြောင်းကို အလိမ်အညာ ဘာနှင့်ပင် ဖြစ်ဖြစ် လင်သည် မသိအောင် ဖုံးဖိရပြန်လေသည်။
မမြမှီ၏ သားသည် ကြီးပြင်းလာပြီး ပညာကောင်းကောင်း သင်ချိန်မှာ မမြမှီ၏ ယောက်ျားသည် ဆုံးပါး၍ သွား၏။ သို့သော်လည်း နောက်အိမ်ထောင်ပြုဘို့ မစဉ်းစား.... သားအတွက် ညှာရပေမည်။
သား၏ မျက်လုံးကြီး လှန်ပြီး ကြည့်တတ်သော ဒေါသကို သူမ ခပ်ရွံ့ရွံ့လည်း ရှိ၏။ ဒါတွေထက် သားကို ချစ်သော မိခင်ဟု လူများက ချီးမွမ်းသည်ကို မဖျက်ဆီးချင်ပေ။ သူမသည် အမြဲတမ်း အနာခံရသော မိန်းမလိမ္မာမဟုတ်လား။
ယခုဆိုလျှင် သားကြီးမှာ ဇနီးတောင် ရ၍ နေပါပြီကော... လိမ္မာသော အမေသည် သားနှင့်ပါတ်သက်၍ ချွေးမကိုလည်း အမွှမ်းတင်ရပြန်သည်။
ယနေ့ သားက မွေးသည့် မြေးကလေး ကလေးအဘို့ ဒေါ်မြမှီသည် လိမ္မာသော ဖွါးအေကြီး ဖြစ်လျက်နေပြန်လေ၏။


ကြည်အေး။
{တာရာမဂ္ဂဇင်း၊ အတွဲ ၃၊ အမှတ် ၂၀၊ သြဂုတ်လ၊ ၁၉၄၉ မှ ကူးယူဖော်ပြပါတယ်။}

Monday, August 23, 2010

ကိုရွှေဘယဉ်ကျေးမှုရနံ့ သင်းပျံ့တဲ့မြေ
ရေးသူ- နောင်ကျာ်



[ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် (၃၂)၊ ဇူလိုင်လ၊ ၂၀၁၀ ခုနှစ် မှာဖော်ပြထားတဲ့ အထူးပြုစာမျက်နှာ ဆောင်းပါးကို မာယာက ကြိုက်နှစ်သက်၍ တဖန် ကူးယူယူဖော်ပြခြင်း ဖြစ်ပါတယ်။]


လူရယ်လို့ ဖြစ်လာတဲ့ ဘ၀အခိုက်အတန့်လေးမှာ ကိုယ်ချစ်ရတဲ့သူ၊ ကိုယ်လေးစားရတဲ့သူ၊ ကိုယ်အားကျရတဲ့သူ၊ ကိုယ်ကြည်ညိုရတဲ့သူ..... စသဖြင့် ရှိတတ်ကြတယ်။ တချို့ကို ကိုယ့်မျက်စိနဲ့ တပ်အပ်မြင်ဖူးပြီး ချစ်ရတာ။ တချို့ကိုတော့ တခါမှ မမြင်ဘူးပဲ တဆင့်စကား တဆင့်နားနဲ့ ကြားပြီး (ဒါမှမဟုတ်) စာထဲမှာပဲ တွေ့ဖူးပြီး ချစ်နေရတာ။ သြော်.... သံယောဇဉ်၊ သံယောဇဉ်။ ပါဠိလိုတော့ သံယောဇန။ မြန်မာလိုပြန်တော့ နှောင်ဖွဲ့သော သဘော.... တဲ့။

သံယောဇဉ်ဆိုတာ သမီးရည်းစား၊ လင်မယား၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ မိသားစု ဆွေမျိုး အသိုင်းအ၀ိုင်းကြားမှာပဲ ရှိတာတော့ မဟုတ်ပါဘူး။ ကိုယ်လေးစားရ၊ အားကျရ၊ ကြည်ညိုရသူတွေနဲ့ ပါတ်သက်ရင်လည်း သံယောဇဉ်ဆိုတာ ရှိပါတယ်။ ပြီးတော့ ကိုယ်သဘောကျတဲ့ ပုဂ္ဂိုလ်ဆိုတာလည်း လောကကြီးမှာ ရှိတတ်ပါသေးတယ်။ သူ့ကို ဆိုရင်လည်း သံယောဇဉ် ဖြစ်နေတတ်ပါသေးတယ်။

ကိုယ်ရောက်နေတဲ့ လူ့ဘ၀သက်တမ်းရဲ့ ဖြတ်သန်းခဲ့တဲ့ ခရီးလမ်းတလျှောက်မှာ (လူမှုဆက်ဆံရေး ကျယ်ရင် ကျယ်သလောက်) လူပေါင်းစုံနဲ့ ထိတွေ့ ဆက်ဆံကြရပါတယ်။ အဲဒီ လူမှုဆက်ဆံရေးတွေထဲမှာပဲ ကိုယ်ချစ်ရတဲ့သူ ဆိုတာကို (တယောက်မက) တွေ့ခဲ့ကြမှာပါ။ ရင်ခုန်မိခဲ့တဲ့ သူတွေလည်း တွေ့ခဲ့ရဖူးမှာပါ။ ကိုယ်လေးစားတဲ့ ပုဂ္ဂိုလ်ဆိုတာကိုလည်း (အသက်အရွယ်အလိုက်) တယောက်ထက်မက တွေ့ခဲ့ကြဖူးမှာပါ။ ကိုယ်အားကျတဲ့ (နယ်ပယ်အသီးသီးက) ပုဂ္ဂိုလ်တွေကိုလည်း တွေ့ခဲ့ဖူးကြလိမ့်မယ် ထင်ပါတယ်။ ကိုယ်က ကြည်ညိုမိပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးကျတော့ ရှေ့ပိုင်းမှာ ပြောခဲ့တဲ့ လူပုဂ္ဂိုလ်တွေလောက် အရေအတွက်များမှာ မဟုတ်တော့ပါဘူး။

ကြည်ညိုရတဲ့ ပုဂ္ဂိုလ်ကျတော့ လေးစားတာတွေ၊ တန်ဖိုးထားတာတွေ၊ အားကျတာတွေ၊ သံယောဇဉ်ဖြစ် ရတာတွေ၊ သူ့ရဲ့ကိုယ်ကျင့်တရားနဲ့ ရပ်တည်ချက်အပေါ် ယုံကြည်တာတွေ၊ မှန်တဲ့ဘက်မှာ အမြဲတမ်းရှိနေလို့ သဘောကျတာတွေရော အားလုံးပေါင်းစုပြီး ဖြစ်တဲ့ခံစားမှုနဲ့ သဘောထားမျိုးဆိုတော့ ကိုယ်ဘ၀ရဲ့ ရှားရှားပါးပါး ပုဂ္ဂိုလ်တယောက် ဖြစ်နေတတ်ပါတယ်။ ကြည်ညိုစရာ ကောင်းတဲ့ ပုဂ္ဂိုလ်ရယ်လို့ စံထားသတ်မှတ်ခံရသူတွေဟာ များသောအားဖြင့် ကွယ်လွန်သွားခဲ့ပြီးတဲ့ ပုဂ္ဂိုလ်မျိုးတွေ အဖြစ်များမယ် ထင်ပါတယ်။ သက်ရှိထင်ရှား ပုဂ္ဂိုလ်မျိုးက အရေအတွက်မများလှဘူးလို့ ထင်မိပါတယ်။ ဒါကတော့ ကိုယ့်တဦးချင်းစီရဲ့ 'စံသတ်မှတ်' တွေနဲ့ ပိုပြီး သက်ဆိုင်ပါ လိမ့်မယ်။

လူတွေရဲ့ သဘာဝက ရင်းရင်းနှီးနှီး လက်ပွန်းတတီး ရှိနေသူဆီမှာ လေးစားစရာ၊ ကြည်ညိုစရာကောင်း တဲ့ အချက်အလက် (ကိုယ်ကျင့်တရားစံ) တွေ ရှိနေပေမယ့် အဲဒီ လူပုဂ္ဂိုလ်ကို အသိအမှတ်ပြုရကောင်းမှန်း၊ တန်ဘိုးထား လေးစားရကောင်းမှန်း မသိကြပါဘူး။ တချို့ကတော့ မသိချင်ယောင် ဆောင်နေတတ်ကြပါတယ်။ တချို့ဆိုရင် 'ရွာနားဘုရား၊ ရွာသားမကြည်ညို့' ဖြစ်ရုံမကဘဲ ပခုံးချင်းတိုင်းတာတို့၊ ပြဿနာရှာတာတို့၊ စော်ကားမော်ကား လုပ်တာတို့တောင် ရှိတတ်ကြပါတယ်။ မလိုသူတွေရဲ့ အကြည့်မှာ အပြစ်ရှာတဲ့ အနံ့ခံ ကရိယာတွေ ပါတတ်ပါတယ်။ ကဲ့ရဲ့ချင်သူတွေရဲ့ အကြည့်မှာ မနာလို အမုန်းတရားတွေ ပါတတ်ပါတယ်။ အတ္တကြီးသူတွေရဲ့ အကြည့်မှာ ပြိုင်ဘက်အညှိုးတွေ ပါတတ်ပါတယ်။ မာန်ထောင် မောက်မာသူတွေရဲ့ အကြည့်မှာ အထင်သေးစော်ကားစိတ်တွေ ပေကျံနေတတ်ပါတယ်။ အဲဒီလို ကြည့်တတ်သူတွေ သတိထား စဉ်းစားမိဖို့ လိုတာကတော့ ကိုယ်လှမ်းကြည့်မိတဲ့ ပုဂ္ဂိုလ်ဟာ 'လူသားပုထုဇဉ်' ဖြစ်တယ်ဆိုတာကိုပါ။ အမှားလား၊ ရည်ရွယ်ချက်ရှိတဲ့ အမှားလား ဆိုတာ ခွဲကြည့်ရမှာပါ။ ခွင့်လွှတ်သင့်တဲ့ အမှား၊ ခွင့်လွှတ်လို့ မဖြစ်တဲ့ အမှား၊ ကာယကံရှင်ပဲ ထိခိုက်တဲ့အမှား၊ လူတွေကို ဒုက္ခရောက်စေတဲ့အမှား၊ အမှားလို့ ထင်နေမိတဲ့အမှန်... စသဖြင့် ခွဲခြားကြည့်ဖို့တော့ လိုပါလိမ့်မယ်။

ယဉ်ကျေးတာတော့ ကောင်းပါရဲ့

ကျွန်တော် ဆောင်းပါးရေးတဲ့ အခါမျိုးမှာ ကိုးကားတာ၊ ရည်ညွှန်းတာမျိုး လုပ်တတ်ပါတယ်။ အဲဒီလို အခါတိုင်းမှာ စာအုပ်တအုပ်၊ ဒါမှမဟုတ် ဆောင်းပါးတပုဒ်မှာပါတဲ့ ကလောင်နာမည်အတိုင်းရေးပြီး ကိုးကားလေ့ ရှိပါတယ်။ ဥပမာ- ဇော်ဂျီ၊ မင်းသုဝဏ်၊ တိုက်စိုး.... အစရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ စာကို ညွှန်းတာပဲ ဖြစ်ဖြစ်၊ ကိုးကားတာပဲ ဖြစ်ဖြစ် လုပ်တဲ့ အခါတိုင်းမှာ ကလောင်နာမည်ကို မူလဖော်ပြထားသလိုပဲ ရေးလေ့ရှိပါတယ်။ ကလောင်နာမည် ရှေ့မှာ 'ဆရာ' ဆိုတဲ့ စကားလုံးကို သုံးလေ့မရှိသလောက်ပါပဲ။ အဲဒါကို မိုက်ရိုင်းတယ်၊ ရိုင်းစိုင်းတယ်၊ ဂုဏ၀ုတ္တိ ၀ယ၀ုတ္တိ မရှိဘူးလို့ ထင်မှတ်သူတွေ ရှိနိုင်ပါတယ်။ အဲဒီလို ထင်သူတွေ ရှိရင် 'သုတေနသနထုံး' ကို လေ့လာကြည့်စေချင်ပါတယ်။

လောကကြီးမှာ တချို့ဟာ ယဉ်ကျေးလေးစားဖို့ လိုအပ်တာကို ယဉ်ကျေးလေးစားရကောင်းမှန်း မသိဘဲ၊ လိုက်နာ စောင့်ထိန်းရကောင်းမှန်း မသိဘဲ မလိုအပ်တာကို လေးစားယဉ်ကျေးချင်ယောင် ဆောင်ပြနေတာမျိုးတွေ ရှိပါတယ်။ အတော့်ကို စိတ်ညစ် စက်ဆုပ်စရာ ကောင်းတာ မျိုးပါ။ စိတ်ဓါတ်ပိုင်းဆိုင်ရာ၊ သဘောထားပိုင်းဆိုင်ရာ ယဉ်ကျေးမှုကို တဆင့်မြှင့်တင်ပြီး စိတ်ထားရင့်ကျက်သူ ဖြစ်လာအောင် ကြိုးစားအားထုတ်တာမျိုး မလုပ်ပဲ အပေါ်ယံ ထင်သာ မြင်သာတဲ့ ကိစ္စတွေလောက်မှာပဲ ယဉ်ကျေးချင်ယောင် ဆောင်ပြနေမတာမျိုးတွေက အစဉ်အလာကြီးတခု ဖြစ်လာနေပြီလား။ ဒါဆိုရင် အဲဒီ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ဟာ ဘယ်လောက်တောင် စိုးရိမ်စရာကောင်းတဲ့ ရေမှတ်ကို ရောက်သွားနိုင်မယ်လို့ ထင်မိပါသလဲ။

နောက်ပိုင်းကြမ်းမှ ကြမ်းတာ

မလိုအပ်ဘဲ လေးစားပြနေတဲ့ ကိစ္စ၊ လေးစားသင့်တဲ့နေရာမှာ မလေးစားတတ်တဲ့ ကိစ္စကနေ ဆက်စပ်ပြီး လေးစားမှု၊ ချစ်ခင်အားကျမှုနဲ့ ဘ၀ကို ကိုယ်စားပြုနိုင်တဲ့ ပုဂ္ဂိုလ်တယောက်အကြောင်းကို သတိရလာပါတယ်။ ဆက်ပြောခွင့် ပြုပါ။

ကျွန်တော်တို့ ငယ်ငယ်တုန်းက ရုပ်ရှင်လောကမှာ 'ရွှေဘခေတ်' ဆိုတာ ရှိခဲ့ပြီး ကျွန်တော်လည်း အတော်လေး မှီခဲ့ပါတယ်။ ရုပ်ရှင်မင်းသား 'ရွှေဘ' ပါတဲ့ ဇာတ်ကားအတော်များများကို ကြည့်ဖူးပြီး သဘောလည်း ကျခဲ့ဖူးပါတယ်။ ကျွန်တော့်လို 'ရွှေဘ' ရုပ်ရှင်ကားတွေ ကြည့်ပြီး ကြီးလာသူတွေနဲ့ တက္ကသိုလ်ကျောင်းသား ဘ၀မှာ ဆုံခဲ့ပါတယ်။ အဲဒီကာလတုန်းက ရန်ကုန်တက္ကသိုလ်ကို လာတက်ကြတဲ့ နယ်မြို့ အသီးသီးက ကျောင်းသားအတော်များများ ရှိနေပါသေးတယ်။

တရက်မှာ ထုံးစံအတိုင်း လက်ဘက်ရည်ဆိုင်ထိုင်ရင်း ရောက်တတ်ရာရာတွေ ပြောနေကြရာကနေ ငယ်ငယ်တုန်းက သဘောကျခဲ့ဖူးတဲ့ ရုပ်ရှင်မင်းသားတွေအကြောင်း ရောက်သွားပါလေရော။ အဲဒီမှာတင် ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ရွှေဘရဲ့ ရုပ်ရှင်ကားတွေနဲ့ သူ့ပရိသတ်တွေ အကြောင်းကိုပါ တယောက်တပေါက် ပြောဖြစ်ကြပါတယ်။ အဲဒီစကားဝိုင်းထဲမှာ အညာဒေသသား နှစ်ယောက်လည်း ပါ, ပါတယ်။ သူတို့နှစ်ယောက်က ဇာတိမြို့ချင်းတော့ မတူပါဘူး။

အညာသားတယောက်ကပြောတယ်

"ကျွန်တော်တို့ မြို့က လူတွေရဲ့ ရွှေဘကို လေးစားပုံများကတော့ဗျာ.... တရက်မှာ ကျွန်တော်တို့ မြို့ကို လူစိမ်းတယောက် ရောက်လာတယ်။ သူသွားချင်တဲ့နေရာကို ဆိုက်ကား ငှားစီးရင်း ရုပ်ရှင်ရုံရှေ့ ရောက်လာတော့ 'အော်... ဒီမြို့မှာ ရွှေဘကား ပြနေတာကိုး' လို့ ပြောသတဲ့။ အဲဒီတော့ ဆိုက်ကားဆရာက သူ့ခရီးသည်ကို 'ခင်ဗျား.. ကိုရွှေဘလို့တော့ ပြောပါဗျာ' တဲ့။ ခရီးသည်ကလည်း အခြေအနေကို သဘောပေါက်ပုံမရတဲ့ လူမျိုး ထင်ပါရဲ့ဗျာ။ 'ရွှေဘဆိုပြီး ရေးထားလို့ ရွှေဘ ခေါ်တာပဲဗျ၊ ဘာမှားလို့လဲ' လို့ ပြန်ပြောသတဲ့။ အဲဒီအခါမှာ ဆိုက်ကားဆရာက သူ့ဆိုက်ကားကို ရပ်လိုက်ပြီး 'ကဲ... ကိုရွှေဘလို့မှ မခေါ်နိုင်ရင်တော့ အခုချက်ချင်း ဆိုက်ကားပေါ်က ဆင်းတော့ဗျာ။ ဆိုက်ကားခလည်း ပေးမနေနဲ့တော့' လို့ပြောပြီး ဆိုက်ကားပေါ်က မောင်းချလိုက်တာဗျ"

ဝိုင်းထဲက တယောက်က 'ခင်ဗျားတို့မြို့က လူတွေက ရွှေဘကို အဲဒီလောက် လေးစားကြတာလား' လို့ မေးလိုက်တယ်။ နောက်ထပ် အညာသားက ၀င်ပြောတယ်။

'ဟုတ်တယ်ဗျ။ ကျွန်တော်တို့ ဘက်က လူတွေက ရွှေဘကို အရမ်းချစ်ကြ လေးစားကြတာ။ သူ သရုပ်ဆောင်တဲ့ ဇာတ်ကားတွေမှာ ရွှေဘကြီးက ကျေးလက် အဖိနှိပ်ခံ လူတန်းစားနေရာက သရုပ်ဆောင်ပြီး ဖိနှိပ် ဗိုလ်ကျ အနိုင်ကျင့်လေ့ရှိတဲ့ ကျေးလက်အာဏာရှိတဲ့ သူ့တပည့် လူမိုက်တွေကို အညံ့မခံဘဲနဲ့ ပြန်ချလေ့ရှိ တာကိုး။ ဒါကြောင့် သဘောကျတာပေါ့' ဆိုပြီး ပြောတယ်။ ကျွန်တော်တို့ စကားဝိုင်းထဲက မိတ်ဆွေတယောက် ကလည်း 'အဲဒီ လူဆိုးလူမိုက်လုပ်တဲ့ ချီးဗူးတို့၊ ဌေးဝင်းတို့ ညိုအေးကြီးတို့ အုပ်စုကလည်း အဖွဲ့နာမည်နဲ့ သရုပ်ဆောင်တာ အတော့်ကို အောင်မြင်ခဲ့တာဗျ။ သူတို့ လူကြမ်းအဖွဲ့ နာမည်က ဘာတဲ့။ ကျွန်တော် ပြောခါနီးမှ မေ့သွားလို့ဗျ' လို့ ပြောတော့ ဘေးနားထိုင်နေတဲ့ မိတ်ဆွေက 'သမ္မတလူကြမ်းအဖွဲ့တဲ့ဗျ၊ ရွှေဘကားတွေကို ကြိုက်ရင် သမ္မတလူကြမ်းအဖွဲ့ နာမည်ကိုလည်း သတိရမှာပေါ့ဗျာ' လို့ ၀င်ထောက်ပေးလိုက်တယ်။

'အဖွဲ့လိုက် သရုပ်ဆောင်တဲ့ လူကြမ်းခေတ်ကလည်း တခေတ်ရှိခဲ့သေးတယ်ဗျ' လို့ ဒုတိယ အညာသားက ၀င်မှတ်ချက်ပေးပြီး သူငယ်ငယ်တုန်းက အတွေ့အကြုံကို ဆက်ပြောပြတယ်။

"ကျွန်တော်တို့မြို့က ရုပ်ရှင်ရုံမှာ ရွှေဘကားပြတော့ ပရိသတ်တွေက ရုံပြည့်လျှံ အားပေးကြတာဗျ။ ရုပ်ရှင်ကား စပြလို့ သိပ်မကြာခင်ကတည်းက ကျုပ်တို့ ရွှေဘကြီးခမျာ နည်းမျိုးစုံနဲ့ အနိုင်ကျင့်ခံရ၊ စော်ကားရန်စ ခံရ၊ နှိပ်စက်ခံရတော့တာပါပဲ။ ပြီးတော့ ကိုယ့်အိမ်မှာ ကိုယ်နေရင်း အမှုဆင် အဖမ်းခံရပြီး ထောင်ချခံရတယ်။ သားကို သိတ်ချစ်လွန်းတဲ့ အမေကြီးလည်း စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး သေတယ်။ ရွှေဘရဲ့ ညီမလေးကိုလည်း လူမိုက်တွေက မုဒိန်းကျင့်ပြီး သတ်ပစ်လိုက်ကြတယ်။ အဲဒါကို ကြည့်နေရတဲ့ ပရိသတ်က ရွှေဘကြီးဘက်က မခံမရပ်နိုင် ဖြစ်လာပြီး ဒေါသနဲ့ အော်ကြ ဟစ်ကြ ဆဲဆိုကြနဲ့ တရုံလုံး ဆူညံကုန်တာပေါ့ဗျာ။ တချို့ဆိုရင် ရုပ်ရှင်ပိတ်ကားကိုတောင် ခဲနဲ့ လှမ်းပစ်ကြတာ။ ဟို လူမိုက်တွေကို တချက်လောက် ထိရင်လည်း မနည်းဘူး ဆိုတဲ့ ရွှေဘဘက်က မကျေနပ်တဲ့ စိတ်နဲ့။ အဲဒီလို ပြဿနာဖြစ်လာတော့ ရုပ်ရှင်ပြစက်ကိုင်နေတဲ့ လူတွေက ရုပ်ရှင်ပြနေတာကို ခဏရပ်လိုက်တယ်။ ပြီးတော့ အသံချဲ့စက်ကနေ ရုပ်ရှင်ကြည့်ပရိသတ်ကို စကားလှမ်း ပြောတယ်။ အဲဒီလို ပြောလိုက်တော့မှဘဲ ပရိသတ်ထဲမှာ ဖြစ်နေတဲ့ပြဿနာက အေးဆေးသွားပြီး လက်ခုပ်တီးသူ တီးကြ၊ လက်ခေါက်မှုတ်သူ မှုတ်ကြ"

'နောက်ပိုင်းမှာ ပြေလည်သွားမှာဗျာလို့ ပြောလိုက်တာ မှုတ်လား' လို့ ကျွန်တော်က ဖြေမေး မေးလိုက်တယ်။ ဟုတ်တယ်လေဗျာ ဇာတ်လမ်းဆိုတာမျိုးကို အဆုံးသတ်ချိန်ရောက်ရင် ပြေလည်အောင် ဖြေရှင်းပေးလိုက်ကြတာပဲ။ ၀တ္ထုပဲ ဖြစ်ဖြစ်၊ ပြဇာတ်ပဲ ဖြစ်ဖြစ်၊ ရုပ်ရှင်ပဲ ဖြစ်ဖြစ် အဲဒီလိုပဲ ဇာတ်သိမ်း တတ်ကြတာဆိုတော့ ကျွန်တော်က အဲဒီလို ၀င်ပြောလိုက်တာပေါ့။

ပဟေဠိဖွက်လိုက်တဲ့ ကိုရွှေအညာသား တက္ကသိုလ်ကျောင်းသားကြီးက ပြုံးပြီး ခေါင်းခါပြတယ်။ ကျန်တဲ့ လူတွေကလည်း သူဘာပြောမလဲ ဆိုတာကို လှမ်းကြည့်ပြီး နားထောင်နေကြတယ်။

'သူပြောလိုက်တဲ့စကားက အရေးကြီးတယ်။ ဇာတ်လမ်းအတတ်ပညာသဘောနဲ့ ပြောရရင် ပရိသတ်ရဲ့ သိချင်စိတ်ကို နှိုးဆွပေးတဲ့ (Suspense) စကားမျိုးပဲ။ သူက ပရိသတ်ကြီး ခင်ဗျာ၊ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ကိုရွှေဘဟာ အစပိုင်းမှာမို့လို့ ခံနေရတာပါ။ ပရိသတ်ကြီး အနေနဲ့ သည်းခံပြီး ဆက်ကြည့်ပေးကြပါ။ သိပ်မကြာခင်မှာ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ ကိုရွှေဘဟာ သူ့ကို အနိုင်ကျင့်သူတွေကို လက်စားချေပါလိမ့်မယ်။ ကိုရွှေဘနောက်ပိုင်းမှာ ကြမ်းပြပါလိမ့်မယ်တဲ့။ ရွှေဘ နောက်ပိုင်းကြမ်းမယ်ဆိုတဲ့ စကားကြောင့် ပရိသတ် ကျေနပ်သွားတာ။ အဲဒီလိုမှ မဟုတ်ရင်.....'

သူက ပြောပြီး တ၀ိုင်းလုံးကို ပြုံးကြည့်လိုက်ပါတယ်။ ကျွန်တော်တို့ကလည်း သူပြောချင်တာကို သဘောပေါက်လို့ ပြုံးလိုက်ကြပါတယ်။ ဒီစကားတွေကို ပြောခဲ့ကြတာ ၁၉၈၃- ၈၄ ၀န်းကျင် ကာလတွေကပါ။ အခု ရန်ကုန်တက္ကသိုလ် ၀င်းထဲမှာ ကျွန်တော်တို့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ ထိုင်ခဲ့ကြတဲ့ ဂျပ်ဆင်ကင်တင်း ဆိုတာလည်း မရှိတော့ပါဘူး။ ကျွန်တော်တို့ ထိုင်နေကျ စာပွဲရှည်ကို အုပ်မိုးထားတဲ့ ရေတမာပင်ကလေးကတော့ ရှိနေဦးမယ်ထင်တယ်။ ဂျပ်ဆင်ဘုရားရှိခိုးကျောင်းနဲ့ ကပ်လျက်၊ အပန်းဖြေရိပ်သာနောက်ဘက် ကော်ရစ်ဒါနဲ့ ကပ်လျက်ဆိုတော့ အပင်ကြီးတပင်အနေနဲ့ ရှိနေနိုင်ပါဦးမလား။ နှစ်ပေါင်း အစိတ်ကျော်ခဲ့ပြီဆိုတော့ တရက်လောက်တော့ အလွမ်းပြေ သွားကြည့်ရပါဦးမယ်။

ကိုယ်စားပြုနိုင်မှ

ရုပ်ရှင်မင်းသား ရွှေဘကို သူ့ပရိသတ်တွေက 'ကိုရွှေဘ' လို့ ခေါ်ကြတယ်။ လူငယ်လေးတွေက 'ဦးရွှေဘ' လို့ ခေါ်ကြတယ်တဲ့။ အဲဒီအခါ ကာလတွေတုန်းက နယ်မြို့နဲ့ ကျေးလက်ပရိသတ်ရဲ့ အသည်းစွဲ အနုပညာရှင်တွေ ထဲမှာ ရုပ်ရှင်ဆိုရင် 'ရွှေဘ'၊ အဆိုကျော်ဆိုရင် 'တွံတေးသိန်းတန်' ဆိုပြီး ဖြစ်ခဲ့ဖူးပါတယ်။ သူတို့ နှစ်ယောက်စလုံးကလည်း ကျေးလက်ဘ၀နဲ့ ကျေးလက်ခံစားမှုကို ကိုယ်စားပြုနိုင်ခဲ့ကြပါတယ်။ ဘ၀ကို ကိုယ်စားပြုပြီး ထုတ်ဖော်ပြနိုင်သူဆိုရင် သက်ဆိုင်ရာ ဘ၀ထဲက ပရိသတ်တွေအနေနဲ့ အဲဒီပုဂ္ဂိုလ်ကို သူတို့တွေရဲ့ ကိုယ်စားလှယ်အနေနဲ့ အသိအမှတ်ပြုပြီး အားပေတတ်ကြတဲ့ သဘာဝရှိပါတယ်။

အနုပညာရှင်တွေ၊ စာရေးဆရာတွေ၊ လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေကို သူ့ပရိသတ်တွေက ချစ်စရာအကြောင်းအချက် ခိုင်လုံလို့၊ လေးစားစရာ အကြောင်းအချက် ခိုင်လုံလို့၊ ယုံကြည်စရာ အကြောင်းအချက် ခိုင်လုံလို့ ချစ်ကြ၊ လေးစားကြ၊ ယုံကြည်တန်ဖိုး ထားခဲ့ကြတာပါ။ လေးစားမှုရအောင်၊ သဘောကျ ချစ်ခင်နှစ်သက်မှု ရအောင်ဆိုပြီး လုပ်ကြံဖန်တီးယူလို့ ရရင်လည်း ခဏလောက်ပဲ ဖြစ်ပါလိမ့်မယ်။ မိုးထဲရေထဲမှာ ရုပ်လုံးကွဲသွားတတ်ပါတယ်။

ပရိသတ်ပြည်သူတွေရဲ့ လေးစားမှုခံရ၊ သဘောကျခံရ၊ အချစ်ခံရ၊ တန်ဖိုးထားခံရ၊ ယုံကြည်ခံရ၊ ကြည်ညိုခံရသူ တွေဟာ သူတို့ရဲ့ ဘ၀တခုလုံးကို လူ့အဖွဲ့အစည်းနဲ့ ဆက်စပ်တဲ့ ကိစ္စရပ်တခုထဲမှာ နှစ်မြှုပ်ပုံအောပြီး အနစ်နာခံ ရင်းနှီးပေးဆပ်ခဲ့ကြသူတွေပါ။ လူတချို့တလေက အလံရှူးတွေ သုံးပြီး အများရဲ့ ချစ်ခင်လေးစားမှု ရအောင် မြှူဆွယ်လှည့်ဖျားရယူနိုင်ကြရင်လည်း ကာလတို တခုလောက်ပဲ ရမှာပါ။ ကျီးကန်းဟာ ဒေါင်းယောင်ဆောင်လို့ မရပါဘူး။ ခွေးအဟာ ခြင်္သေ့ယောင်ဆောင်လို့ မရပါဘူး။ လင်းတဟာ လင်းယုန်ယောင်ဆောင်လို့ မရပါဘူး။ သဘာဝတရားထဲမှာ အမြဲတမ်း မှန်နေတဲ့ သဘာဝတရားစစ်စစ်လည်း ဖြစ်နေပါသေးတယ်။

သိမှပြောလို့ရတာ

လူရယ်လို့ ဖြစ်လာတဲ့ ဘ၀အခိုက်အတန့်ကလေးမှာ ကိုယ်ချစ်ရတဲ့သူ၊ ကိုယ်လေးစာရတဲ့သူ၊ ကိုယ်အားကျရတဲ့သူ၊ ကိုယ်ကြည်ညိုရတဲ့သူ... စသဖြင့် ရှိတတ်ကြပါတယ်။ အဲဒီပုဂ္ဂိုလ်တွေရဲ့ အောင်မြင်ထင်ရှား လူသိမများခင် ဘ၀ အစပိုင်းတွေဟာ ခက်ခဲကြမ်းတမ်းပြီး ဒုက္ခမျိုးစုံကို ဖြတ်သန်းခဲ့ရတာချည်းပါပဲ။ အောင်မြင်တဲ့ ဘ၀ပိုင်းကို ရောက်ခါနီးတော့မှပဲ သူ့ဘ၀ကို ခပ်လှမ်းလှမ်းက ထိုင်ကြည့်နေသူ တယောက်ယောက်က (အကြောင်းသိပီပီ) ရွှေဘရုပ်ရှင်ကားပြတဲ့သူ ပြောသလို ပြောခွင့်ရတာပါ။

'ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ကိုရွှေဘဟာ အစပိုင်းမို့ လှိမ့်ခံနေရတာပါ။ နောက်ပိုင်းကြမ်းပြပါလိမ့်မယ်'။

နောင်ကျော်
[ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် (၃၂)၊ ဇူလိုင်လ၊ ၂၀၁၀ ခုနှစ် မှာဖော်ပြထားတဲ့ အထူးပြုစာမျက်နှာ ဆောင်းပါးကို မာယာက ကြိုက်နှစ်သက်၍ တဖန် ကူးယူယူဖော်ပြခြင်း ဖြစ်ပါတယ်။]

Friday, August 6, 2010

အမှန်တရားဆိုတာ တစ်ခုတည်းပဲ ရှိတယ်
ရေးသူ- လူထုစိန်ဝင်း



(၂၀၁၀ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ထုတ် the Hot News ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ မိတ်ဆွေတယောက်ဆီက အီးမေလ်ရလို့ မာယာပရိသတ်အတွက် မာယာက ကူးယူဖော်ပြတာ ဖြစ်ပါတယ်။ )


ဒီမိုကရေစီနဲ့ ဗဟုဝါဒ ဆိုတဲ့ စကားလုံးတွေ ခေတ်စားနေတဲ့ အချိန်မှာ အလားတူ လူပြောများတဲ့ တခြား စကားလုံး တစ်ခု ရှိပါသေးတယ်။ အမှန်တရား ဆိုတာ တစ်ခုတည်း ရှိတာ မဟုတ်ဘူး။ ကြည့်တဲ့ သူတွေရဲ့ ရှုထောင့်ကို လိုက်ပြီး အမှန်တရား အမျိုးမျိုး ကွဲပြား ခြားနားစွာ တည်ရှိနေတယ် ဆိုတဲ့ စကားဖြစ်တယ်။


မရေရာမှုတွေနဲ့ခေတ်

အမှန်တရားဆိုတဲ့ အပေါ်မှာကို သံသယပွားသူ တချို့လည်း ရှိသေးတယ်။ လူ့လောကမှာ သေချာ ရေရာတဲ့ အရာဆိုတာ ဘာမှမရှိဘူး။ မသေချာ မရေရာမှုတွေ ကြားမှာ မျက်မမြင် ပုဏ္ဏားများ ဆင်စမ်းသလို စမ်းတဝါးဝါးနဲ့ ကိုယ်ထင်တာ ကိုယ်ပြော နေကြတာပဲ ဖြစ်တယ်လို့ ဆိုသူက ဆိုကြတယ်။ အဲဒီအဆိုရဲ့ နောက်ဆက်တွဲ အဖြစ် အမှန်တရားကို ကိုင်စွဲတယ်။ အမှန်တရား အတွက် စွန့်လွှတ် အနစ်နာခံတယ် ဆိုတဲ့ သူများကို တစ်ယူသန် အယူသည်းသူ၊ မျက်ကန်းများ အဖြစ် ပြက်ရယ် ပြုတာတွေ ကပ်ပါလာလေ့ ရှိတယ်။

အားပေးရာကျတယ်

အမှန်တရားကို ကိုင်စွဲလို့ ပျက်ရယ် ပြုတာက ကိစ္စမရှိဘူး။ ထင်ရာစိုင်းပြီး မမှန်မကန် လုပ်နေတာ တွေကို သူတို့လည်း သူတို့ရှုထောင့်က အမှန်တရားလို့ ယူဆပြီး လုပ်နေကြတာပဲ။ အပြစ်ပြောလို့ မရဘူးဆိုတဲ့ သဘောထား မျိုးကတော့ မဟုတ်တာကို အားပေး အားမြှောက် ပြုလုပ်ရာ ကျတယ်။ သဘော မတူနိုင်ဘူး။ လူ့လောကမှာ အယူဝါဒမျိုးစုံ ရှိနေကြတာ မှန်တယ်။ မတူကွဲပြားတဲ့ အယူဝါဒ အမျိုးမျိုးကို သည်းခံပြီး လူတိုင်းရဲ့ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်မှုကို လေးစားစွာ အတူတကွ ယှဉ်တွဲ နေထိုင်ခြင်းကို လူ့ယဉ်ကျေးမှုလို့ သတ်မှတ်ခေါ်ဆို ခဲ့ကြတာ ဖြစ်တယ်။ အဲဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရလည်း ဖြစ်တယ်။

တောင်တက်လမ်း အသွယ်သွယ်

တောင်တစ်တောင်ကို တက်ဖို့ လမ်းကြောင်း အသွယ်သွယ် ရှိနိုင်တယ်။ အယူဝါဒ မျိုးစုံဟာ တောင်တက် လမ်းကြောင်း အသွယ်သွယ်နဲ့ တူတယ်။ ဘယ်လမ်းကြောင်းက တက်မှ မှန်တယ်လို့ သတ်မှတ်လို့ မရဘူး။ ဘယ်လမ်းကြောင်း ကပဲ တက်တက် မလျော့သော ဇွဲသတ္တိနဲ့ မမှိတ်မသုံ တက်ရင် နောက်ဆုံးမှာ တောင်ထိပ်ဖျားကို ရောက်မှာ သေချာတယ်။ တောင်ထိပ်ကို ရောက်အောင် တက်မယ် ဆိုတဲ့ ပြတ်သား ရေရာတဲ့ ဦးတည်ချက်နဲ့ ခိုင်မြဲတဲ့ ဇွဲသတ္တိ မရှိဘဲ လမ်းတစ်ဝက်က နောက်ပြန် လှည့်တတ်တဲ့ လူစားမျိုးကတော့ တောင်ထိပ်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်ပါဘူး။ လမ်းသွယ်တွေ များတာက အကြောင်း မဟုတ်ဘူး။ အဆုံးထိ ရောက်အောင် တက်ဖို့သာ အရေးကြီးတယ်။

ထိပ်ဖျားဆိုတာ တစ်ခုပဲ ရှိတယ်

တောင်တက်လမ်းတွေ ဘယ်လောက်ပဲ များများ တောင်ထိပ် ဖျားကတော့ တစ်ခုပဲရှိတယ်။ နှစ်ခု ရှိနေတယ် ဆိုရင် တောင်ထိပ်ဖျားလို့ မခေါ်နိုင်ဘူး။ မမှိတ်မသုန် ခိုင်ကျည်တဲ့ ဇွဲသတ္တိနဲ့ တက်လာရင် ဘယ်လမ်းကြောင်းကပဲ တက်လာ တက်လာ တောင်ထိပ်ဖျားကို မလွဲဧကန် ရောက်မှာ သေချာတယ်။ ဗဟုဝါဒဆိုတဲ့ အယူဝါဒ မျိုးစုံဟာ အမှန်တရား ဆိုတဲ့ တောင်ထွတ်ဖျားကို ရောက်အောင် တက်တဲ့ လမ်းသွယ်တွေပဲ။ မရေမတွက်နိုင် လောက်အောင် အများကြီး ရှိနိုင်တယ်။ ဒါပေမယ့် တောင်ထိပ်ဖျား အခေါင်အထွတ် ဆိုတာကတော့ တစ်ခုပဲ ရှိနိုင်တယ်။ ဒါကြောင့် အခေါင်အထွတ်လို့ ခေါ်တာ ဖြစ်တယ်။

အမှန်တရား တစ်ခုတည်း

အမှန်တရား ဆိုတာ နှစ်ခု မရှိနိုင်ဘူး။ တစ်ခုတည်း ရှိလို့ အမှန်တရားကို သတ်မှတ်တာ ဖြစ်တယ်။ အနောက်တိုင်း ရှုထောင့် အမှန်တရား၊ အရှေ့တိုင်း ရှုထောင့် အမှန်တရားရယ်လို့ မရှိဘူး။ လူ့လောက အမှန်တရားဆိုတာ တစ်ခုတည်းပဲ ရှိတယ်။ အနောက်ရှုထောင့်၊ အရှေ့ရှုထောင့်၊ အမှန်တရား တောင်ထွတ်များကို သွားတဲ့ ချဉ်းကပ် လမ်းကြောင်း၊ လမ်းသွယ်တွေသာ ဖြစ်တယ်။ အမှန်တရား မဟုတ်ဘူး။ အရှေ့တိုင်းသား များက ၃၂ ကောဋ္ဌာသနဲ့ ဖွဲ့စည်းထားပြီး အနောက်တိုင်းသား တွေက ၃၆ ကောဋ္ဌာသ အစုအဖွဲ့ကြီးသာ ဖြစ်ပြီး အောက်ဆီဂျင်ကို ရှုသွင်းပြီး အသက်ရှင် နေကြတာ အတူတူ ဖြစ်တယ်။

လူယဉ်ကျေးဆိုတာ

တောင်ထွတ်ကို ရောက်ဖို့ လမ်းကြောင်းတွေ အသွယ်သွယ် ရှိတာကို လက်ခံ အသိအမှတ်ပြုပြီး တခြား လမ်းကြောင်း တွေက တက်နေကြသူများကို တောင်တက်ဖော်များ အဖြစ် သဘောထား နိုင်သူများကို လူ့ယဉ်ကျေးလို့ သတ်မှတ်ကြတယ်။

အလိုတူအလိုပါပဲ

လမ်းကြောင်းနဲ့ ပန်းတိုင်ကို ရောထွေးပြီး အမှန်တရားဆိုတာ တစ်ခုတည်း ရှိတာ မဟုတ်ဘူးလို့ ပြောနေကြတာ ဖြစ်တယ်။ လူ့လောကမှာ လူဆိုးနဲ့ လူကောင်းရယ်လို့ ခွဲခြား သတ်မှတ်ထားတဲ့ နှုန်းစံတွေ ရှိပြီးသား ဖြစ်တယ်။ ဒါကို မရှုပ်မရှုပ်အောင် ကောင်းတယ် ဆိုးတယ် ဆိုတာ ပုံသေကားချ သတ်မှတ်ထားလို့ မရဘူး။ သူ့ဘက်က အမှန်နဲ့ ကိုယ့်ဘက်က အမှန် မတူကြဘူး။ အမှန်တရား အများကြီး ရှိတယ် စသဖြင့် ပြောနေကြတာ လူဆိုးတွေ ဘက်က ရှေ့နေ လိုက်ပေး နေကြတာ ဖြစ်တယ်။ အလိုတူ အလိုပါပဲ ဖြစ်တယ်။

ရောင်တော်ပြန် ရောလွှတ်တာ

ဒီမိုကရေစီနဲ့ ဗဟုဝါဒ စကားလုံးတွေ ခေတ်စား နေတာနဲ့ ရောင်တော်ပြန် ရောပြီး လူမသမာ တွေက လူဆိုး လူကောင်း ဆိုတဲ့ နှုန်းစံတွေ မတူကွဲပြား အမျိုးမျိုး အစားအစား ရှိတယ်။ အမှန်တရား ဆိုတာလည်း အများကြီး ရှိတယ်လို့ ကြွေးကြော် ဝါဒဖြန့် နေကြတာ ဖြစ်တယ်။ လူ့လောကမှာ မရေရာ မသေချာမှုတွေ ပြည့်နှက် နေပေမယ့် ရေရာ သေချာ တာတွေလည်း အများကြီး ရှိပါတယ်။ မတရားမှုနဲ့ တရားမှုကို တိကျ ပြတ်သားစွာ ခွဲခြား သတ်မှတ်ချက်တွေ နိုင်ငံတိုင်း လူမျိုးတိုင်းမှာ ရှိပါတယ်။ တာလီဘန်တွေက ဈေးထဲမှာ ဗုံးခွဲတိုက်ခိုက်တာဟာ ရက်စက် ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုလို့ ယဉ်ကျေးတဲ့ လူသားတိုင်း က သတ်မှတ် ထားကြပါတယ်။

ရက်စက်ကြမ်းကြုတ်မှုပဲ

အလားတူပဲ အာဖဂန်နိုင်ငံက မူလတန်း ကျောင်းသားပေါ် ကျချင်ကျ၊ လူအိုရုံပေါ် ကျချင်ကျ၊ ဆေးရုံပေါ် ကျချင်ကျ၊ ဈေးထဲ ကျချင်ကျ၊ ဘယ်နေရာကျကျ လူတွေ ကြောက်လန့်သွားရင် ပြီးရောဆိုတဲ့ သဘောနဲ့ လူမပါတဲ့ လေယာဉ် တွေပေါ်က ဗုံးတွေ ဒလစပ် ကြဲချနေတဲ့ အမေရိကန်ရဲ့ လုပ်ရပ်တွေ ဟာလည်း လူမဆန်တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေပဲ ဖြစ်တယ်လို့ လူ့ယဉ်ကျေးတိုင်းက သတ်မှတ်ကြပါတယ်။ အပြစ်မဲ့တဲ့ အရပ်သူ အရပ်သားတွေကို သတ်ဖြတ်တာဟာ ဘယ်လို အကြောင်း ပြချက်မျိုးနဲ့မှ တရားတယ်လို့ သဘော မထားနိုင်ပါဘူး။ ဒီလိုလုပ်ရပ်ကို မှန်တယ်လို့လည်း ဘယ်သူကမှ လက်မခံနိုင်ပါဘူး။

ဗြောင်လိမ်နေတာ

ဒီလို ရက်စက် ကြမ်းကြုတ် မှုကြီးတွေကို ပြောင်ပြောင် တင်းတင်း ကျူးလွန် နေကြသူများက သူတို့ရဲ့ ရာဇဝတ်မှု တွေကို ဖုံးကွယ်ဖို့ အတွက် အမှန်တရား ဆိုတာ တစ်ခုတည်း ရှိတာ မဟုတ်ဘူးဆိုတဲ့ အယူအဆကို ဝါဒဖြန့် ကြွေးကြော်နေတာ ဖြစ်တယ်။ သူတို့ ရှုထောင့်က ကြည့်တဲ့ အမှန်တရား အတိုင်း ဆောင်ရွက်တာ ဖြစ်လို့ သူတို့ မလွန်ဘူး။ မမှားဘူး။ အမှန်တရား ဆိုတာ လောကမှာ တစ်ခုတည်းပဲ ရှိပါတယ်။ သွားတဲ့ လမ်းကြောင်း တွေသာ အသွယ်သွယ် များနေတာ ဖြစ်တယ်ဆိုတဲ့ အချက်ကို သဘော ပေါက်ထားဖို့ လိုပါတယ်။ အယူဝါဒတွေ အမျိုးမျိုး ရှိနေတာနဲ့ အမှန်တရားတွေ အများကြီး ရှိတယ်လို့ နားမယောင်သင့်ဘူး။ အယူဝါဒတွေက အမှန်တရား မဟုတ်ဘူး။ အမှန်တရားကို သွားရာ လမ်းကြောင်း တွေသာ ဖြစ်တယ်။ အမှန်တရား ဆိုတာ နှစ်ခု မရှိနိုင်ပါဘူး။

လူထုစိန်ဝင်း

Monday, August 2, 2010

ရွေးကောက်ပွဲ
ရေးသူ- မောင်အေးဝင်း



ဘယ်တော့လုပ်မယ်လို့ မကြေငြာသေးတဲ့၊ လာတော့မယ်လို့ ထင်နေကြတဲ့၊ ရွေးကောက်ပွဲအတွက် လှုပ်ရွလှုပ်ရွ ဖြစ်နေကြတာ ကြားနေရလို့၊ အဝေး တနေရာကနေ ဗမာပြည်ရဲ့ အနှစ် (၆၀) အတွင်း ရွေးကောက်ပွဲ သမိုင်းတွေကို ပြန်ကြည့်မိပါတယ်။ ကိုယ်တို့ပြေ ကိုယ်တို့ရွာမှာ ဘယ်လိုရွေးကောက်ပွဲတွေ လုပ်ခဲ့ပါသလဲ။

လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စု မြန်မာနိုင်ငံမှာ ပြည်ထောင်စု အစိုးရဟာ ပထမဦးဆုံးအကြိမ် အထွေထွေ ရွေးကောက်ပွဲ ကြီးကို ၁၉၅၁ ခုနှစ်မှာ ပြုလုပ်ပါတယ်။ တကယ်တော့ ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးကို ကြေငြာပြီး ၁၈ လအကြာ၊ ၁၉၄၉ ခုနှစ် ဇွန်လမှာ ကျင်းပဖို့ပါဘဲ။

မကျင်းပနိုင်ပါဘူး။ လုံခြုံမှု အာမခံချက်မရှိလို့ အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရတာ (၂) နှစ်ကြာသွားပါတယ်။ ဒါကြောင့် ၁၉၅၁ ခုနှစ် ဇွန်လမှာမှ စတင် ကျင်းပနိုင်ပါတယ်။ ရွေးကောက်ပွဲကာလဟာ (၆) လလောက် ကြာခဲ့ပါတယ်။ ဒါတောင် တချို့ မဲဆန္ဒနယ်တွေမှာ မဲမပေးနိုင်ခဲ့ပါဘူး။

အဲဒီ ရွေးကောက်ပွဲကြီးမှာ ပြည်ထောင်စုအစိုးရဟာ ပါလီမန်ဒီမိုကရေစီ ထုံးတမ်းစဉ်လာကို ချိုးဖောက်တဲ့ အပြုအမူတွေ အမြောက်အမြား ပြုလုပ်ခဲ့တယ်။ လက်နက်ကိုင် ခြိမ်းခြောက်မှု အမျိုးမျိုးနဲ့ သတ်ဖြတ်မှုတွေ၊ မဲခိုးမှုတွေ၊ မဲပုံးပျက်စီးမှုတွေလည်း အများကြီးပါဘဲ။ "ရွေးကောက်ပွဲကိုလည်း အကြိမ်ကြိမ် အလီအလီ ကျင်းပခြင်း ပြုခဲ့ရာ၊ မဲဆန္ဒ နှစ်နယ်၌ ရှုံးနိမ့်သွားသော အစိုးရအဖွဲ့ဝင် ၀န်ကြီးတို့သည် နောက်အကြိမ် ကျင်းပသော မဲဆန္ဒနယ် များတွင် အရွေးခံခြင်းပင် ပြုခွင့် ရရှိခဲ့ကြလေသည်" လို့ ဆရာဗန်းမော်တင်အောင်က "ကိုလိုနီခေတ် မြန်မာနိုင်ငံ သမိုင်း" စာအုပ်မှာ ဖော်ပြထားပါတယ်။

သခင်တင်ဟာ ပထမအသုတ်ရွေးကောက်ပွဲမှာ သာယာဝတီခရိုင်က ၀င်ရွေးတာ ရှုံးသွားပါတယ်။ ဒုတိယအသုတ်မှာ ဖြူးမဲဆန္ဒနယ်က ၀င်ရွေးပြီး အမတ်ပြန်ဖြစ်ပါတယ်။

အဲဒီ ရွေးကောက်ပွဲကြီး ပြီးတော့ စပ်ရွှေသိုက်နေရာမှာ သမ္မတအသစ်ရွေးဖို့ အမျိုးသားလွှတ်တော်ကို သမ္မတလောင်းနှစ်ဦး တင်သွင်းလာပါတယ်။ တဦးက ကိုလိုနီဆန့်ကျင်ရေး ၀ံသာနု ကာလတုန်းက ဂျီစီဘီအေ အသင်းကြီးဥက္ကဌကြီး (ဟိုတုန်းက အခေါ် သမ္မတကြီး) ဖြစ်တဲ့ မွန်အမျိုးသား ဦးချစ်လှိုင်ဖြစ်ပြီး နောက်တဦးက တောင်သူလယ်သမားသူပုန် ကာလတုန်းက သူပုန်ခေါင်းဆောင်ကြီး ဆရာစံကို ကြိုးပေးခဲ့တဲ့၊ နယ်ချဲ့တို့အပေါ် အမှုတော်ထမ်း ကောင်းလို့ အင်္ဂလိပ်က ဆာဘွဲ့ပေး သူကောင်းပြုခံရတဲ့ ဦးဘဦး ဖြစ်တယ်။ ပြည်ထောင်စု အစိုးရဟာ ဦးဘဦးကို နာမည်ရှေ့က "ဒေါက်တာ" ဘွဲ့ ဆင်မြန်းပြီး နိုင်ငံတော် သမ္မတခန့်လိုက်ပါတယ်။

"အလွန်ကျဉ်းမြောင်းသည့် ဖဆပလ ဆိုရှယ်လစ်တို့သည် ဦးချစ်လှိုင်အား လက်မခံဘဲ၊ မိမိတို့ ကြိုးဆွဲရာကမည့်၊ ရွေးကောက်ပွဲတွင် မိမိတို့အား ကူညီခဲ့သည့် ဆာဘဦးကို ဇွတ်အတင်း တင်ခဲ့ပါသည်..." [ဗိုလ်ချုပ်အကို ဦးအောင်သန်း ရေး- ၁၆ နှစ် နိုင်ငံရေးအတွေ့အကြုံ]။

ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ အရွယ်ရောက်ပြီး မဲဆန္ဒပေးနိုင်သူ ၈ သန်းရှိရာမှာ (၁) သန်းခွဲလောက် သာ မဲပေးနိုင်ခဲ့တာမို့ နှစ်ဆယ်ရာနှုန်းတောင်မပြည့်ပါဘူး။

အာဏာရ ဖဆပလအစိုးရဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ ပြဌာန်းချက်အရ၊ ၁၉၅၆ ခုနှစ်မှာ ဒုတိယအကြိမ် ရွေးကောက်ပွဲကို ကျင်းပပေးရပြန်ပါတယ်။ ဒီတကြိမ်မှာတော့ အာဏာရပါတီထဲမှာ အကွဲအပြဲတွေ အတော်ပြင်းထန်နေတာ တွေ့နေရပါပြီ။ ဦးကျော်ငြိမ်း နဲ့ ဦးနု အပြန်အလှန်ပေးစာ (၁၉၅၆ ခု ဇူလိုင် ၃ ရက်) ကို ကြည့်ရင် သိသာပါတယ်။ ၀န်ကြီးချုပ်ဦးနုနဲ့ သခင်တင်က တအုပ်စုနဲ့ ဆိုရှယ်လစ်ပါတီရဲ့ ဥက္ကဌ ဦးဘဆွေ နဲ့ ဦးကျော်ငြိမ်းက တအုပ်စု ဖြစ်ပါတယ်။ နုတင်- ဆွေငြိမ်း တိုက်ပွဲလို့ နံမည်တွင်ခဲ့ပါတယ်။

ဒီတချီ ရွေးကောက်ပွဲကို အလီလီအလာလာ လုပ်မနေတော့ပဲ တချီထဲနဲ့ အပြတ်လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် မဲဆန္ဒနယ် ၁၀ ခု ကိုတော့ လုံခြုံရေး အကြောင်းပြချက်နဲ့ ပိတ်ထားရပါတယ်။ သတ်ဖြတ်မှုတွေကလည်း ကြောက်စရာကောင်းလောက်အောင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ပေါ်ခဲ့ပါတယ်။

အာဏာရပါတီဟာ ပြည်သူ့လွှတ်တော်ရဲ့ အတည်ပြုချက်ကိုယူပြီး ပြည်တွင်းစစ် အမြစ်ဖြုတ်ရေး ရည်ရွယ်ချက်နဲ့ လက်နက်တပ်ဆင်ပေးထားတဲ့ "ပြူစောထီး" ဆိုတာကို မွေးထုတ်ထားပါတယ်။ အဲဒီ ခါးပိုက်ဆောင် ပြူစောထီး တွေဟာ အတိုက်အခံတွေကို ညှင်းဆဲ ရုံမက၊ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေနဲ့ ရမ်းကားချင်တိုင်း ရမ်းကားလာပါတယ်။ ရှမ်းပြည်နယ်မှာ ပအို့ဝ်အမတ် ဦးအောင်သာသတ်မှု၊ မင်းလှ လေးလောင်းပြိုင်၊ မြိတ် မပို သတ်မှုတို့ဟာ နာမည်ကျော်ခဲ့ပါတယ်။

ဒီ ဒုတိယအကြိမ် ရွေးကောက်ပွဲက ပထမအကြိမ်ထက် ၂ ဆနီးပါး တိုးတက် မဲပေးတာ တွေ့ရတယ်။

အာဏာရပါတီတွင်းတိုက်ပွဲဟာ နုတင်-ဆွေငြိမ်း ဆိုပြီး ပြောင်ကွဲသွားပါတယ်။ သန့်ရှင်းဖဆပလ နဲ့ တည်မြဲဖဆပလ လို့ ဖြစ်သွားပါတယ်။ စစ်တပ်တွင်းက တည်မြဲဖဆပလကို လိုလားတဲ့ အင်အားစုတွေဟာ ဦးနုအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းဖို့ ကြံစီလာပါတယ်။ ၁၉၅၈ စက်တင်ဘာ ၂၈ လောက်တွင် စစ်တပ်က အာဏာသိမ်းမယ်လို့ ကောလာဟလတွေ ထွက်လာပါတယ်။ ဒါပေမယ့် စက်တင်ဘာ ၂၆ မှာတော့ ၀န်ကြီးချုပ်ဦးနုဟာ သူနဲ့ ဗိုလ်ချုပ်နေ၀င်း တို့ အပြန်အလှန် ပေးစာ နှစ်စောင်ကို ရေဒီယိုကနေ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ပေးစာ ဆိုလိုရင်းက သူက ၀န်ကြီးချုပ်ရာထူးက ထွက်ပေးပြီး ဗိုလ်ချုပ်နေ၀င်းကို ၀န်ကြီးချုပ်ရာထူး ယူဖို့ ဖြစ်ပါတယ်။ အာဏာသိမ်းတော့မယ့် ဗိုလ်ချုပ်နေ၀င်းကို အကင်းပါးတဲ့ ဦးနုက သူ့သဘောနဲ့သူ လွှဲပေးလေဟန် တိုင်းပြည်ကို ကြေငြာလိုက်ပါတယ်။

တည်မြဲဖဆပလက စစ်တပ်ကို အာဏာလွှဲခြင်းအား ထောက်ခံရုံမက သူကပင် စစ်တပ်ကို အာဏာသိမ်း ခိုင်းသယောင် သတင်းလွှင့်ကြပါတယ်။ ဗိုလ်ချုပ်အကို ဦးအောင်သန်းကတော့ "ထိုသို့ သတင်းလွှင့်မှုကြောင့် (၀ါ) ဦးကျော်ငြိမ်း၏ စကားလုံးများအတိုင်း ရေးရလျှင် စစ်တပ်အတွက် အငှားတရားခံ လိုက်ခဲ့မှုကြောင့် ....." လို့ ၁၆ နှစ်နိုင်ငံရေး အတွေ့အကြုံ စာအုပ်ထဲ ရေးထားပါကြောင်း။

[ကိုးကားစာအုပ်များ။ ၁။ ဗန်းမောင်တင်အောင်- ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း။
၂။ ဗိုလ်ချုပ်အကို ဦးအောင်သန်း- ၁၆နှစ် နိုင်ငံရေးအတွေ့အကြုံ။
၃။ နုတင် နှင့် ဆွေငြိမ်း ဘယ်သူမှန်သလဲ။]

Thursday, July 29, 2010

ကာတွန်းဆရာကို ကာတွန်းဆွဲခြင်း
ရေးသူ- မောင်အေးဝင်း



ကျနော့် သူငယ်ချင်းက ကာတွန်းမောင်မောင်အောင်(နွယ်လေး၊ ပိုးဥ၊ မသဲအူ)။ စာနယ်ဇင်းလောကကို ၁၉၇၀ခုနှစ် ကတည်းက ခြေချလာခဲ့တာ။ သူနဲ့ကျနော် ရင်းနှီးတဲ့၊ သူငယ်ချင်းဖြစ်လာကြတာ အနှစ် သုံးဆယ်ကျော်လာခဲ့ပြီ။ သူနဲ့ ကျနော် စ, သိတဲ့အချိန် (၁၉၈၀) မှာ သူ့လို နာမည်ကျော် ကာတွန်းဆရာတွေ အများကြီး ကျနော်နဲ့ အပေါင်းအသင်း သူငယ်ချင်းဖြစ်တာ။ ကာတွန်းတွေနဲ့ နွှယ်ပြီး ပန်းချီဆရာတွေတောင် ပါလိုက်သေး။


သူ့အကြောင်းမပြောခင် သူ့အသိုင်းအ၀ိုင်းအကြောင်း အရင်ပြောမှ ဖြစ်မယ်။ သူတို့ ကာတွန်းဆရာတွေ ဟာ ရန်ကုန်မြို့ထဲက ဘားလမ်းထဲမှာ စိုးစံတေးသံသွင်းနဲ့ မျက်နှာချင်းဆိုင် ရွှေမင်းသမီး လက်ဘက်ရည်ဆိုင်မှာ နေ့တိုင်း လာစုကြတယ်။ နေ့လည် လက်ဘက်ရည် သောက်ချိန်ဆို နေရာအသီးသီးကနေ အလျှိုအလျှို ရောက်လာကြပြီ။

မောင်ဝဏ္ဏ(သမိန်ပေါသွတ်)၊ မြင့်စိုးလေး၊ ၀င်းထွန်း(ချစ်စရာ) တို့က ၀န်ထမ်းတွေဆိုတော့ သူ့အလုပ် လုပ်တဲ့ ရုံးတွေကနေ လက်ဘက်ရည်သောက်ချိန်မှာ အသီးသီး ရောက်လာကြတယ်။ ကျန်တဲ့ လူတွေကလည်း အိမ်တွေက လာကြတာ။

ကာတွန်းဆရာတွေဟာ လူအများကြီးဆန့်တဲ့နေရာ လက်ဘက်ရည်ဆိုင်ရဲ့ အလည်ခေါင်က ၀ိုင်းကြီးမှာ စုထိုင်ကြတယ်။ တခြား စာပေ အနုပညာသမားတွေနဲ့ ကွာခြားတာက ကိုယ့်အစုလေးနဲ့ကိုယ် တစားပွဲစီ ထိုင်တာ မဟုတ်ဘူး။ အားလုံး စုစုဝေးဝေး တစားပွဲတည်းထိုင်တယ်။ ညီညီညွတ်ညွတ် အင်မတန်ရှိတယ်။ ကြီးသူစကားကို ငယ်သူက နားထောင်တာလည်း သူတို့ရဲ့ ထူးခြားချက်။ အသက်အရွယ်နဲ့ အစဉ်အလာကို အရမ်းလေးစားကြတာ။

ဆရာကြီးဦးဟိန်စွန်း၊ ဆရာဗဂျီအောင်စိုး တို့ကို သူတို့ ၀ိုင်းမှာ တခါတလေ တွေ့တယ်။ ဆရာ ဦးဘထွေး၊ ဆရာဦးစိန် လည်း လာတတ်တယ်။ တခါတလေ ကာတွန်းသက်စု(မချစ်ချစ်) တောင် ယောက်ျားလေးတွေ ကြားလာထိုင်ပြီး စာအကြောင်း ပေအကြောင်း၊ လာရောက် ကြားနာသေးတာ။ ကျနော်က ကိုငွေကြည်၊ ကိုမောင်မောင်(ရွှေမိ)နဲ့ ပါတ်သက်ပြီး သူတို့ အားလုံးနဲ့ ရင်းနှီးလာတာကိုး။ နေ့တိုင်းလိုလို အဲဒီဆိုင်ကို ရောက်ဖြစ်တယ်။ လက်ဘက်ရည်သောက်ကြတယ်။ တိုးတိုးတိတ်တိတ် ဟိုအကြောင်း ဒီအကြောင်း၊ ရီစရာ မောစရာ ပြောတတ်တယ်။

ကိုမောင်မောင်အောင်က အတည်ပေါက်နဲ့ ရီစရာ အင်မတန်ပြောတတ်တဲ့လူ။ သူ့နဲ့ အတွဲက ကိုသစ်ထွဏ်း။ ကိုမောင်မောင်အောင်ရဲ့ မထိတထိ ကလိတာကို ကိုသစ်ထွဏ်းခမျာ မအူမလည် မကြာခဏ ခံရတယ်။ တခါတော့ ကိုသစ်ထွဏ်းက မသောက်တတ် သောက်တတ် သူ ဘီယာသောက်တာ တပုလင်းတောင် ကုန်ကြောင်း ဂုဏ်ယူတာ၊ ကိုမောင်မောင်အောင်က ကိုသစ်ထွဏ်းပြောတဲ့ တပုလင်းဆိုတာ ပို့ကြုံကြွေ့ ပုလင်း ဖြစ်မှာပါတဲ့။ ပို့ကြုံကြွေ့ဆိုတာ လက်သန်းလောက်အရွယ်ရှိတဲ့ တရုတ် သန်ချဆေး ပုလင်းကို သူကပြောတာ။

ကျနော် တဘက် ထိုင်းနိုင်ငံကို ထွက်ပြေးလာရတော့ အမှတ်အရဆုံးဟာ ကိုမောင်မောင်အောင် (နွယ်လေး၊ ပိုးအု၊ မသဲအူ) နဲ့ ကိုမောင်မောင်(ရွှေမိ) ပဲ။ ကာတွန်းတွေ အားလုံးနဲ့ အဆက် အသွယ် ပြတ်သွားရာက အရင်ဆုံးပြန် အဆက်သွယ်ရတာလည်း ကိုမောင်မောင်အောင်ပဲ။ နောက်တော့ သူလည်း အမေရိကကို ရောက်လာခဲ့တယ်။ ရောက်ရောက်ချင်း သူ နယူးယောက်မှာ နေတယ်။ နောက်တော့ ကျနော်ရှိတဲ့ လော့စ်အိန်ဂျယ်လိစ်ကို သူရောက်လာပြီး အတူနေဖြစ်ကြတယ်။ ခုတော့ နယူးယောက် ပြန်ရောက်သွားပြန်ပြီ။

သူ့ဆီက မရေမတွက်နိုင်လောက်အောင် ရီစရာတွေ အများကြီးကြားခဲ့ရတယ်။ ဒီနေ့တော့ သူနဲ့ တယ်လီဖုံး ပြောကြတယ်။ သူက ရီစရာ တခုပြောလို့ ကျနော့်ခေါင်းထဲ "ကာတွန်းဆရာကို ကာတွန်းဆွဲခြင်း" ဆိုပြီး ရေးစရာ ခေါင်းစဉ်တခု ပေါ်လာတာပဲ။ တကယ်တော့ သူပြောတာ သူ့ကို ခွေးလိုက်ဆွဲတဲ့ အကြောင်း။ "ကာတွန်းဆရာကို ခွေးဆွဲခြင်း" ပေါ့။

သူ နယူးယောက်ကနေ LA ကို မလာခင် ဖလော်ရီဒါမှာ ခဏနေသေးတာ။ အဲဒီမှာ သူ့ကို ခွေးလိုက်ဆွဲတာတဲ့။

သူက ဘောင်းဘီတိုနဲ့ လမ်းလျှောက်လာတုန်း တနေရာမှာ လူတယောက်က ၀ိုင်ခွက်ကလေးနဲ့ ခြံတခုရဲ့ ရှေ့မှာ ထိုင်နေတယ်။ သူ့ဘေးမှာ ခွေးအမဲကြီးတကောင်ထိုင်လို့ တဲ့။ သူ့ကိုလည်း မြင်ရော ခွေးက တဟုန်ထိုး သူ့ကို ဆွဲဖို့ပြေးလာ ပါရောတဲ့။ သူ ရုတ်တရက် ဘာလုပ်ရမှန်းမသိပဲ၊ ကြောက်လည်း ကြောက်၊ ကြောင်လည်း ကြောင် သွားတယ်တဲ့။ အဲဒီမှာ ခွေးကို ဘာ ဘာသာစကားနဲ့ ခွေးနားလည်အောင် ဟန့်ရမလဲဆိုတာ သူ စဉ်းစားတယ်။ စဉ်းစားနေတုန်း တိုတောင်းတဲ့ အချိန်အတွင်းမှာပဲ အားနဲ့မာန်နဲ့ သူ့ကိုဆွဲမလို့ ပြေးလာတဲ့ ခွေးဟာ သူ့အနားကို ရောက်လာတယ်။ အဲဒီမှာ သူ့ပါးစပ်က ထွက်သွားတာ-

"ဟဲ့..ခွေး.." တဲ့။

ခွေးကို ဗမာလို "ဟဲ့ခွေး" ဆိုပြီး ဗမာလို အားရပါးရ ပြောချလိုက်တဲ့ ပါဝါဟာ တခြားဘာသာ နဲ့ ပြောရင် ဒီလောက် အသံသြဇာ ပြည့်မှာ မဟုတ်ဘူး။ အားနဲ့ မာန်နဲ့ ကီသွင်းပြီး အော်လိုက်တာ ခွေးဟာ ရုတ်တရက် မျက်စေ့ပျက် မျက်နှာပျက်နဲ့ ရှေ့တိုးမလာတော့ပဲ ရပ်သွားတယ်တဲ့။ မျက်နှာသေကလေးနဲ့ အတော်အားငယ် သွားပုံလည်းရတယ်။ သူ့ကို ၀မ်းနည်းတဲ့ မျက်နှာပေးနဲ့ ကြည့်နေတယ်တဲ့။ ဘာဖြစ်လို့လဲ ကိုမောင်မောင်အောင်လို့ ကျနော်က မေးကြည့်လိုက်တယ်။ သူပြောပုံက တသက်လုံး လူလိုနေလာတဲ့ ခွေးဟာ တသက်နဲ့ တကိုယ် ပထမဦးဆုံး သူ့ကို ခွေးလို့ ခေါ်လိုက်တာကို ကြားလိုက်ရတော့ သူ့အဖြစ်မှန် သူသိပြီး တော်တော် မျက်စိပျက် မျက်နှာပျက်ဖြစ်ပြီး ၀မ်းနည်းသွားတာတဲ့။ တခါမှ သူ့ကို ခွေးလို့ နာနာကျည်းကျည်း ဘယ်သူကမှ ခေါ်ခဲ့တာ မဟုတ်တော့ ဒီခွေးဟာ အတော်တုန်လှုပ်သွားတယ်။ ဒီက ခွေးတွေဆိုတာ သူတို့ ပါတဲ့ချီးကို လူက ကြုံးပေးရတာလေ။

တခါတုန်းက သူပြောဖူးတယ်။ သူ့ဇနီးမှာ ပထမဦးဆုံး သားဦးကို ဗိုက်ခွဲပြီး မွေးရမယ်။ မမွေးခင်မှာ တာဝန်ရှိသူ သူနာပြု ဆရာမကြီးက ဆရာဝန်ရဲ့ ကိုယ်စား ရှင်းပြတယ်။ ရှင့် ဇနီးရဲ့ ကျန်းမာရေးက နောက်တခါ ကလေးရလို့ မွေးရင်လဲ ဒီလိုပဲ ဗိုက်ခွဲ မွေးရမှာပဲတဲ့။ သူက သူနာပြုဆရာမကြီးကို မျက်နှာသေနဲ့ ပြန်ပြောလိုက်တယ်။ ဆရာမရယ် ဒီလိုဆိုလဲ ပြန်မချုပ်ပဲ ကျနော်မိန်းမကို ဇစ် ကလေးတပ်ပေးထားပါလား။ နောက်တခါ မွေးတော့ လွယ်ကူအောင်လို့။

ကျနော်တွေးမိတယ်။ ကာတွန်းဆရာကို ကာတွန်းဆွဲရင် ကောင်းမှာပဲလို့........။

Wednesday, July 21, 2010

အဟာဝတ ကောင်းလေစွ၊ ကောင်းလေစွ
ရေးသူ- လူထုစိန်ဝင်း



[Weekly ELEVEN News, အတွဲ-၅၊ အမှတ်-၄၁၊ ဇူလိုင် ၂၁၊ ၂၀၁၀၊ စာမျက်နှာ-၂၂၊ ၂၈] ကို မာယာက ကူးယူဖော်ပြပါတယ်။

မနက်တိုင်း သတင်းစာဖတ်တဲ့အခါမှာ ကြော်ငြာတွေကို အရင်ဆုံးဖတ်ပါတယ်။ ထုံးစံအတိုင်း နာရေးကို အရင်ဖတ်ပြီးမှ မင်္ဂလာဆောင် ကြော်ငြာတွေနဲ့ တခြားကြော်ငြာမျိုးစုံကို ဖတ်တယ်။ ကြော်ငြာတွေက စိတ်ဝင်စားဖို့ အကောင်းဆုံးဖြစ်တယ်။ ယူတတ်ရင် အများကြီး တရားရနိုင်တယ်။


တရားရစရာ လူ့သဘာဝတွေ
ကြော်ငြာတွေထဲမှာ လူ့သဘာဝမျိုးစုံကို လေ့လာလို့ရတယ်။ မင်္ဂလာဆောင်ကြော်ငြာတွေထဲက မဆီမဆိုင် အင်္ဂလိပ်စာလုံးတွေ ကြံဖန်ထည့်ကြတာတွေကြည့်ပြီး လူတွေရဲ့ ကြွားတတ်တဲ့သဘာဝကို သိရတယ်။ အမွေပြတ်စွန့်လွှတ်ခြင်း ကြော်ငြာတွေဖတ်ပြီး တဒင်္ဂဒေါသလေး တစ်ခုကြောင့် ကိုယ့်ပေါင်ကိုယ်လှန်ထောင်း ဖြစ်နေတာတောင် သတိမထားမိကြပါလားလို့တွေးပြီး ဒေါသ၊ မောဟ၊ လောဘတွေအကြောင်း နားလည်သဘောပေါက်ရတယ်။ ကွာရှင်းပြတ်စဲခြင်း ကြော်ငြာတွေဖတ်ရင်းနဲ့ မင်္ဂလာဆောင်တဲ့ရက်နဲ့ တစ်လလောက်သာ ကွာတာမျိုးကို သတိထားမိတဲ့အခါ အံ့သြရတယ်။ ခုမြင်၊ ခုကြိုက်၊ ခုယူ၊ ခုကွဲ အဖြစ်တွေ သိပ်များလွန်ကဲနေပြီလားလို့ တွေးပြီး စိတ်မကောင်းလည်းဖြစ်ရတယ်။

ချီးပင့်မြှောက်စားမှုမှာမျော
"ပုထုဇနောဥမ္မာတကော" ဆိုတဲ့ စကားကို သတင်းစာထဲက ကြော်ငြာတွေဖတ်ရုံနဲ့တင် သဘောပေါက်ပြီး တရားရနိုင်တယ်။ ချီးပင့်မြှောက်စားမှုမျိုးစုံမှာ ပုထုဇဉ်တွေ သာယာနစ်မျောနေကြတာတွေကို မွေးနေ့ဂုဏ်ပြု ကြော်ငြာတွေမှာ တွေ့နိုင်တယ်။ သီချင်းခွေကြော်ငြာ၊ စာအုပ်ကြော်ငြာတွေ ဖတ်ရင်းနဲ့ လူတွေမမှည့်ဖူးတဲ့ နာမည်အထူးအဆန်းတွေ အများကြီးတွေ့ရတဲ့အခါ ပြုံးရတယ်။ ထူးရင်ပြီးရော၊ ဆန်းရင်ပြီးရောဆိုပြီး စတန့်ထွင်လိုက်ကြတာ။ ကိုယ့်ဟာကိုယ် ပေါကြောင်ကြောင် ဖြစ်လို့ဖြစ်မှန်းတောင် မသိရှာကြဘူး။ တချို့ကျတော့ ဘိုနာမည်မှည့်မှ ဟုတ်တယ်ထင်ပြီး ယောက်ျားနာမည်မှန်းမသိ၊ မိန်းမနာမည်မှန်းမသိ ကြားဖူးနားဝနဲ့ မှည့်ထားလိုက်ကြတာ ရယ်စရာကြီး ဖြစ်နေတော့တယ်။ ယောက်ျားလေးက "ကစ်တီ" လို့ မှည့်တာမျိုးပေါ့။

ငွေကြောင့် ပျက်စီးကုန်ကြ
တစ်ခါတလေ ကြော်ငြာတွေထဲမှာ သားသမီးတွေက အဖေရင်း၊ အမေရင်းကို ပစ္စည်းခန်းနဲ့ တရားစွဲတာမျိုးလည်း တွေ့ရတတ်တယ်။ အဖေရင်း၊ အမေရင်းက သားသမီးတွေကို တရားစွဲတာလည်း တွေ့ရတယ်။ "မြင်းမိုရ်တောင်ဦး မကကျူး ကျေးဇူးကြီးလှ မိနှင့်ဖ" ဆိုတဲ့ မြန်မာလူမျိုးများရဲ့ ရိုးရာယဉ်ကျေးမှုတွေလည်း ငွေနဲ့ ဓနဥစ္စာတို့ကြောင့် ပျက်စီးကုန်ကြပါပေါ့လားလို့ တွေးပြီး စိတ်ဆင်းရဲခြင်းကြီးစွာ ဖြစ်ရတယ်။ မေတ္တာရေအလျဉ်ဆိုတာ အထက်ကအောက်ကို တသွင်သွင်စီးဆင်းမြဲ ဆိုတဲ့စကားလည်း ခြွင်းချက်ရှိတတ်ပါလားလို့ တွေးပြီး စိတ်မကောင်းဖြစ်ရတယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ဆိုတဲ့တရားများလည်း ပိုက်ဆံအဓိကဆိုတဲ့ ဆုပ်ကပ်ကြီးမှာ လုံးဝပျက်စီးကုန်ကြပါပေါ့လား၊ ကြောက်စရာကောင်းလိုက်တာ။

ကျက်သရေရှိတဲ့ကြော်ငြာ
ကြောက်စရာတွေ၊ ရှက်စရာတွေ၊ လှောင်ပြုံးစရာတွေ၊ တရားသံဝေဂရစရာတွေ အမျိုးမျိုးကြားမှာ တစ်ခါတလေ မုဒိတာပွားစရာ ကျက်သရေရှိတဲ့ ကြော်ငြာမျိုးတွေလည်း တွေ့ရတတ်တယ်။ နှစ်လေးဆယ်မြောက်၊ နှစ်ငါးဆယ်မြောက် မင်္ဂလာအထိမ်းအမှတ် ကြော်ငြာမျိုးတွေ ဖြစ်ပါတယ်။ ဒီလို နှစ်ပေါင်းလေးငါးခြောက်ဆယ်ကြာအောင် တည်တံ့ခိုင်မြဲတဲ့ အိမ်ထောင်ရေးဆိုတာ ဒီခေတ်ဒီအခါမှာ တကယ်ကို မင်္ဂလာကျက်သရေအပေါင်းနဲ့ ခညောင်းတဲ့သတင်း ဖြစ်တယ်။ ကမ္ဘာမှာလည်း ရှားသထက်ရှားလာသလို၊ မြန်မာမှာလည်း ရှားလာနေပါပြီ။

အဆိုးဘက်ကိုပြောင်း
သူများနိုင်ငံတွေမှာ ဖြစ်နေတာတွေကို မပြောချင်ဘူး။ ကိုယ့်နိုင်ငံမှာကို အခုနှစ်တွေအတွင်း အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ သဘောထားတွေ၊ ခံယူချက်တွေ အဆိုးဘက်ကို သိသိသာသာကြီး ပြောင်းလဲသွားတာ တွေ့မြင်နေရတယ်။ ရိုးမြေကျပေါင်းဖက်တဲ့ အိမ်ထောင်ရေးဆိုတာ ကျေးလက်ဒေသတွေမှာပဲ တွေ့မြင်ရတော့တယ်လို့ ထင်မိတယ်။ မြို့ကြီးပြကြီးတွေမှာတော့ ကွာရှင်းပြတ်စဲကြောင်း ကြော်ငြာတွေကို ကြည့်လိုက်ရင်ပဲ တော်တော်များနေတာကို သိနိုင်တယ်။ မင်္ဂလာဆောင်ပြီး တစ်လလောက်အကြာမှာ ကွာရှင်းလိုက်တဲ့ ကြော်ငြာမျိုးတွေတောင် တစ်နှစ်ကို သုံး၊ လေးကြိမ်လောက် တွေ့ရတယ်။ မကြော်ငြာဘဲ ထားတာတွေလည်း ရှိဦးမှာပါပဲ။

တော်ရုံဆိုမပြောဘူး
ခေတ်တွေ၊ စနစ်တွေပြောင်းတာနဲ့အတူ ယဉ်ကျေးမှုဓလေ့ထုံးစံတွေပါ ပြောင်းလဲလာကြတာ သဘာဝမို့ တော်ရုံတန်ရုံလောက်ဆို မပြောပါဘူး။ ခုဟာကတော့ လွန်ကဲနေတယ် ထင်လို့ပါ။ မြန်မာ့ယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံတွေကို ပစ်ပယ်ရုံတင်မကတော့ဘဲ လုံးလုံးကြီးကို ဆန့်ကျင်တဲ့ဘက်အထိ ပြုမူကျင့်ကြံ နေကြတာတွေကို နေရာတကာမှာ မြင်တွေ့နေရတယ်။ မြန်မာမိန်းကလေးတို့ရဲ့ သိမ်မွေ့မှုနဲ့ ကျက်သရေရှိမှုဟာ ကမ္ဘာကျော်ခဲ့တယ်။ ကစ်ပလင်က သူ့ရဲ့ (Road to Mandalay) "မန္တလေးလမ်း" ကဗျာမှာ တသသနဲ့ ဖွဲ့နွဲ့ရေးခဲ့ရတယ်။ အခုခေတ် မြန်မာမိန်းကလေးများကတော့ ပွင့်လင်းလွတ်လပ်မှု ဆိုတဲ့စကားကို "တလွဲဆံပင်ကောင်း" အသုံးချပြီး ရဲတင်းမှု လွန်လွန်းနေတာကို တွေ့ရတယ်။

ပညာပေးလား၊ လှုံ့ဆော်ရေးလား
မြန်မာ့ယဉ်ကျေးမှုက "ဃရာဝါသ" ကိစ္စမှန်သမျှကို သိသာသိစေ၊ မမြင်စေနဲ့ သဘောနဲ့ သိုသိုသိပ်သိပ် လုပ်ဆောင်လေ့ရှိတယ်။ ဒီလိုကိစ္စမျိုးတွေကို လူကြားထဲမှာ ပြောလေ့ဆိုလေ့မရှိကြဘူး။ အခုခေတ်တော့ ရုပ်မြင်သံကြားလို ကလေးလူကြီးနဲ့ ရဟန်းသံဃာပါမကျန် ကြည့်လေ့ရှိတဲ့ နေရာများကနေပြီး မိန်းကလေးတစ်ကိုယ်ရေသုံး ပစ္စည်းမျိုးစုံကို မိန်းကလေးတွေကိုယ်တိုင် မျက်နှာပြောင်ပြောင်နဲ့ ကြော်ငြာနေကြတာဟာ မထူးဆန်းတဲ့ကိစ္စ ဖြစ်နေပြီ။ ဒါထက်ဆိုးတာက "ကွန်ဒုံး" ကြော်ငြာတွေ။ ကလေးတွေကို စမ်းသပ်ကြည့်ချင်အောင် အားပေးအားမြှောက် ပြုသလိုဖြစ်နေတာကို စဉ်းစားမိကြဟန် မတူဘူး။ ပညာပေးဆိုတဲ့ ဆိုင်းဘုတ်တပ်ပြီး ကိုယ့်ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်ဖြစ်တဲ့အထိ ရေးသားကြ၊ ကြော်ငြာကြတာတွေဟာ ပညာပေးမကတော့ဘဲ လှုံ့ဆော်ရေး ဖြစ်တဲ့အထိ ရောက်သွားတာတွေကတော့ မသင့်တော်ပါဘူး။

လှတာထက်လွန်ပြီး ရိုင်းပျ
နောက်ပြီး ဖျော်ဖြေရေးလောကထဲက တချို့မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုများကလည်း လှပတာထက်လွန်ကဲပြီး ရိုင်းပျတဲ့အထိ ဖြစ်နေကြတယ်။ အပြောအဆိုတွေ ပွင့်လင်းလိုက်ပုံများကလည်း လက်ဖျားခါလောက်တယ်။ ရည်းစားရှိနေတာကို ဂျာနယ်တွေထဲကတစ်ဆင့် လူသိရှင်ကြား ကြော်ငြာကြတယ်။ တစ်ခါဆိုထားတော့ တစ်ယောက်ပြောင်းတိုင်း တစ်ခါကြော်ငြာတာမျိုးကတော့ မြန်မာလူမျိုးတွေရဲ့ အမြင်မှာ မတင့်တယ်ဘူးလို့ ထင်တယ်။

အိနြေ္ဒနဲ့ သိုသိပ်မှု
မြန်မာတွေက အစဉ်အလာရိုးရာအနေနဲ့ကို "အိနြေ္ဒ" ဆိုတာကို တန်ဖိုးထားကြတယ်။ နေရာတကာ ပွင့်လင်းတာကို လက်မခံဘူး။ အိနြေ္ဒရှိခြင်းနဲ့ သိုသိပ်ခြင်းကို ယဉ်ကျေးမှုရဲ့ အခြေခံအုတ်မြစ်လို့ သဘောထားတယ်။ ခေတ်တွေ၊ စနစ်တွေပြောင်းရင် ရိုးရာဓလေ့ထုံးစံတွေနဲ့ ယဉ်ကျေးမှုတွေလည်း ခေတ်နဲ့အညီ လိုက်ပြောင်းကြရမြဲဖြစ်တယ်။ ဒါပေမယ့် လူမျိုးတိုင်း လူမျိုးတိုင်းဟာ သူတို့ရဲ့ အခြေခံကျောရိုး ယဉ်ကျေးမှုတွေကိုတော့ ထိန်းသိမ်းစောင့်ရှောက်ကြတယ်။ တန်ဖိုးထားကြတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ပိုင်ယဉ်ကျေးမှု ပျောက်ကွယ်ရင် လူမျိုးပါ ပျောက်ကွယ်သွားနိုင်လို့ ဖြစ်တယ်။

တလွဲဆံပင်ကောင်းကြတယ်
ပြောရမှာ အားနာပေမယ့် နောင်လာမယ့် ကလေးတွေ အတုယူမမှားစေချင်လို့ ပြောရရင်တော့ ကျွန်တော်တို့ဆီက ဖျော်ဖြေရေးလောကဟာ တလွဲဆံပင်ကောင်း ဖြစ်နေတယ်လို့ မြင်မိတယ်။ အပေါ်ယံပကာသန အဆောင်အယောင်တွေ ကမ္ဘာ့အဆင့်မီအောင် ကြိုးစားကြသလောက် အနုပညာပိုင်းက အဆင့်မီအောင် ကြိုးစားအားထုတ်မှုတော့ ပေါ့တီးပေါ့ဆနဲ့ လျော့တိလျော့ရဲ ဖြစ်နေတယ်လို့ ထင်တယ်။ ၀တ်စားဆင်ယင်မှုတွေမှာ ဟောလိဝုဒ်နဲ့ နင်လားငါလား လိုက်သလို၊ ဆေးဝါးတလွဲသုံးတာ၊ ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက် ဖြစ်တာတွေလည်း ဟောလိဝုဒ်ကို အမီလိုက်နေသလိုပါပဲ။

အားနာနာနဲ့ပြောရတာ
ဖျော်ဖြေရေးလောကဆိုတာက ထင်သာမြင်သာအရှိဆုံး ဖြစ်လေတော့ ငယ်ရွယ်နုနယ်တဲ့ ကျောင်းသူကျောင်းသားငယ်တွေနဲ့ အရပ်ထဲက မရင့်ကျက်သေးတဲ့ ကလေးအရွယ်တွေ အတုမြင်အတတ်သင်လုပ်ပြီး လျှပ်ပေါ်လော်လီတဲ့ လူငယ်လေးတွေ ဖြစ်လာနိုင်တဲ့အတွက် အားနာနာနဲ့ ပြောရတာပါ။ မိဘရဲ့ ရင်အုပ်မကွာ စောင့်ရှောက်မှုနဲ့ ကင်းလွတ်ကြရတဲ့ ရန်ကုန်လိုမြို့ကြီးပြကြီးက ကလေးတွေရဲ့ စရိုက်တွေ တော်တော်ရိုင်းပျလာပြီး "အိနြေ္ဒ" နဲ့ "သိက္ခာ" ဆိုတာ ဘာမှန်းတောင် မသိရှာကြတော့ဘူးလို့ပြောရင်တောင် ရတဲ့အခြေအနေ ဖြစ်နေပါပြီ။ အဲဒါကြောင့် မကြာခဏ သတိပေးရေးသား နေရတာပါ။

ကောင်းလေစွ၊ ကောင်းလေစွ
ရိုးရာအစဉ်အလာ ဓလေ့ထုံးစံတွေနဲ့ မြန်မာ့ယဉ်ကျေးမှုတွေ တစ်စတစ်စနဲ့ ယုတ်လျော့ကျဆင်းလာနေချိန်မှာ သတင်းစာထဲက မင်္ဂလာသက်တမ်း နှစ်ငါးဆယ်မြောက်၊ ခြောက်ဆယ်မြောက် ဆိုတဲ့ကြော်ငြာမျိုးတွေ ဖတ်ရတာ ကျက်သရေမင်္ဂလာ ရှိလှပါတယ်။ ရာသက်ပန်ရိုးမြေကျ အိုအောင်မင်းအောင် အပြန်အလှန်မေတ္တာထား စောင့်ရှောက်ကြဆိုတာ လူသားများရဲ့ အခြေခံယဉ်ကျေးမှု ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာလူမျိုးများက ဒီနေ့အထိ တန်ဖိုးထား စောင့်ရှောက်ကြဆဲ ဖြစ်ပါတယ်။ ဒီလိုကြော်ငြာတွေ ဖတ်လိုက်ရတဲ့အခါ ဆုတ်ကပ်ခေတ်ကြီးထဲမှာ ဒီလိုလေးစားဖွယ်ကောင်းလှတဲ့ အိမ်ထောင်တွေလည်း ရှိပါသေးလားဆိုပြီး မုဒိတာပွား ကြည်နူးရပါတယ်။ ကောင်းလေစွ၊ ကောင်းလေစွ၊ ကောင်းလေစွလို့ ကောင်းချီးသြဘာ ပေးလိုက်ရပါတယ်။


[Weekly ELEVEN News, အတွဲ-၅၊ အမှတ်-၄၁၊ ဇူလိုင် ၂၁၊ ၂၀၁၀၊ စာမျက်နှာ-၂၂၊ ၂၈]

Thursday, July 15, 2010

'ကိုချမ်းအေး၏ စာတမ်းများအပေါ် သဘောတရားရေးရာအရ ဝေဖန်သုံးသပ်ချက်'





[မြန်မာပြည် နိုင်ငံရေးသမိုင်းကို သိလို နားလည်လိုကြသော နိုင်ငံရေးလေ့လာသူ ကျောင်းသားများ၊ စာပေ ၀ါသနာရှင်များ အတွက် အထောက်အကူ ဖြစ်စေရန် ၁၉၅၇ ခု၊ သြဂုတ်လ ၁၅ ရက်တွင် ဒုတိယ အကြိမ်အဖြစ် ပုံနှိပ်ထုတ်ဝေတဲ့ 'ချမ်းအေးစစ်တမ်းဝေဘန်ချက်' ရဲ့ 'နိဒါန်းစာ' ကို စာမြည်းအဖြစ် မျှဝေခြင်း ဖြစ်ပါတယ်။ အကျယ် ဖတ်ရှုလိုသူများ မူရင်းစာအုပ်ကို ရှာဖွေ၍ ဖတ်ရှုကြပါကုန်။ စာအုပ် အတွင်းအဖုံးပါ လိပ်စာ အဆိုအရတော့ ငြိမ်းချမ်းရေး စာပေတိုက်၊ ၉၄(က) ရွှေဂုံတိုင်လမ်း၊ ဗဟန်း၊ ရန်ကုန် ဖြစ်ပါတယ်။ ယနေ့ ဂျာနယ်လောကမှာ ရေပန်းစားနေတဲ့ နိုင်ငံရေး သက်ကြားအို အနည်းငယ်ထဲက တဦးရဲ့ တစိတ်တဒေသ အကြောင်းကို သိလိုသူများ သိကြစေရန် စာဖတ်သူ (လမင်းတရာ) က လက်ဆင့်ကမ်းပါတယ်။]




'ကိုချမ်းအေး၏ စာတမ်းများအပေါ် သဘောတရားရေးရာအရ ဝေဖန်သုံးသပ်ချက်'

'နိဒါန်း'

ကိုချမ်းအေး ဆိုသူမှာ ဗမာပြည်ကွန်မြူနစ် ပါတီဝင်တယောက် ဖြစ်ခဲ့၍ ၁၉၅၇ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ရန်ကုန်မြို့တွင်း၌ အဘမ်းခံရ၏။ အဘမ်းခံရချိန်တွင် ကွန်မြူနစ်ပါတီမှ သူ့အား (၉)လ တိတိ တာဝန်ချထားသည့် ပြစ်ဒဏ်ကို ပေးထားချိန် ဖြစ်သည်ဟု သိရ၏။



၁၉၅၇ ခုနှစ် ဧပြီလ ၅ ရက်နေ့ နေ့လည် ၁၂ နာရီတွင်မူ.. ကိုချမ်းအေးအား ထောင်တွင်းမှ ထုတ်ယူ၍ ပြန်ကြားရေးဝန်ကြီး မြန်အောင် သခင်ချစ်မောင်၏ ရုံးခန်းတွင် သတင်းစာ ကွန်ဖရင့်တရပ်ကို ကျင်းပစေခဲ့ လေသည်။ ထိုကွန်ဖရင့်တွင် ကိုချမ်းအေး တင်ပြသော စာတမ်းများမှာ အောက်ပါတို့ဖြစ်သည်။

(၁) သတင်းစာဆရာများနှင့် ဘာကြောင့်တွေ့ရသနည်း....?
(၂) စေ့စပ်ရေးကိစ္စ။ (ဗိုလ်လက်ျာ မှတဆင့် အစိုးရနှင့် စေ့စပ်ခဲ့စဉ်က အဖြစ်အပျက်များကို ပြန်လည်ဖော် ပြထားသည်။)
(၃) ဗမာပြည်ကွန်မြူနစ်ပါတီသို့ တင်ပြချက် (အင်္ဂလိပ်ဘာသာအကျဉ်းချုပ်နှင့် မြန်မာဘာသာ အကျယ် ဖော်ပြချက်များ)
(၄) ပြန်ကြားရေးဝန်ကြီးထံတွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးပါမည့်အကြောင်း ၀န်ချတောင်းပန်လွှာ....

အဆိုပါ စာတမ်းများကို ဗမာပြည်အလုပ်သမားလယ်သမားပါတီ ဗဟိုကော်မတီသည် "နိုင်ငံရေးပြကွက် တခု" အဖြစ်လက်ခံ၍ ဝေဘန်သုံးသပ်ခဲ့သည်။ ထိုသို့ ဝေဘန်သုံးသပ်ရာတွင် (က) ကိုချမ်းအေးနှင့် ၎င်း၏ မိခင်ပါတီဖြစ်သည့် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဆက်ဆံရေးအပိုင်း (ခ) မာ့က်စ်လီနင်ဝါဒ အခြေခံသုံးသပ်သည့် ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာပိုင်း ဟူ၍ အဓိကအားဖြင့် နှစ်ပိုင်းတွေ့ရသည်။

ထိုနှစ်ပိုင်းတွင် ပထမပိုင်းဖြစ်သော ကိုချမ်းအေးနှင့် ၎င်း၏ မိခင်ကွန်မြူနစ်ပါတီတို့ ဆက်ဆံရေးအပိုင်း သည် ကျွန်ပ်တို့ ပါတီနှင့် လုံးဝမသက်ဆိုင်ပေ။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးစလုံး၏ ဆက်ဆံရေးအတွက် ကာယကံရှင်တို့နှင်သာ လုံးဝ သက်ဆိုင်ပေသည်။ ကျွန်ပ်တို့ ပါတီနှင့်ကား... ဒုတိယပိုင်း ဖြစ်သော မာ့က်စ်လီနင်ဝါဒ အခြေခံသုံးသပ်သည့် ပြည်တွင်းငြိမ်းချမ်းရေး အပိုင်းသာ ဖြစ်ပေသည်။ ဤပြဿနာ သည် အားလုံးနှင့် သက်ဆိုင်သည့် ဘုံပြဿနာလည်း ဖြစ်ချေသည်။

ကိုချမ်းအေး၏ စာတမ်းသည် ဘယ်အခြေအနေမျိုးတွင် ဘယ်လို ပေါ်ပေါက်လာပါသနည်း....?။ အကျဉ်းချုပ်တော့ စစ်ဆေးညွှန်ပြ အပ်ပေသည်။

တိုင်းပြည်တွင် ပြည်သူတရပ်လုံး လိုလားတောင့်တနေသည့် ပြည်တွင်း ငြိမ်းချမ်းရေးပြဿနာနှင့် ပါတ်သက်၍ လမ်းစဉ်ကြီး နှစ်ရပ်သည် ထင်ထင်ရှားရှားကြီး ယှဉ်ပြိုင် တိုက်ခိုက်လျက် ရှိနေပေသည်။

ပထမလမ်းစဉ်သည်၊ ဖဆပလ ဆိုရှယ်လစ်တို့၏ လမ်းစဉ်ဖြစ်သည်။ ထိုလမ်းစဉ်၏ အနှစ်သာရမှာ "လက်နက်ချလျင်ချ၊ မချလျင် အပြတ်ချေမှုန်းပစ်မည်" ဟူသော အနှစ်သာရ ဖြစ်ပေသည်။ ထိုလမ်းစဉ်၏ အခြေခံဝါဒမှာ (Policy of Force) ခေါ် "လက်နက်အားကိုး အင်အားကြီးဝါဒ" ပေါ်တွင် အနယ်ထိုင်ပေသည်။

ဒုတိယလမ်းစဉ်မှာ- ပြည်သူတို့၏ လမ်းစဉ်ဖြစ်ပေသည်။ ထိုလမ်းစဉ်၏ အနှစ်သာရမှာ "နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေး၍ ပြဿနာကို ကြေလည်စွာ ညှိနှိုင်းဖြေရှင်းကြရေး" ပင်ဖြစ်ပေသည်။ ထိုလမ်းစဉ်၏ အခြေခံဝါဒမှာ..... (Policy of Negotiation on the Democracy Principle) ခေါ် "တူညီသည့် ဒီမိုကရေစီ အခြေခံဖြင့် တွေ့ဆုံဆွေးနွေး ဖြေရှင်းရေးဝါဒ" ပေါ်တွင် အနယ်ထိုင်ပေသည်။ ထိုဝါဒသည် ယနေ့ ကမ္ဘာတ၀ှမ်းလုံးတွင် နယ်ချဲ့တို့၏ "အကြမ်းဖက် ဖြေရှင်းရေးဝါဒ" ပေါ်၌ လွှမ်းမိုးအောင်ပွဲဆင်နေသော နိုင်ငံတကာ ပြည်တွင်းပြည်ပ ငြိမ်းချမ်းဝါဒကြီးပင် ဖြစ်ပေသည်။

ထို့အပြင် ဤသို့ ယှဉ်ပြိုင် တိုက်ခိုက်နေသော လမ်းစဉ်ကြီး နှစ်ရပ်သည် ငြိမ်းချမ်းရေးပြဿနာကို ဖြေရှင်းရာ၌ အခြေခံဝါဒနှင့် လမ်းစဉ်သာ မဟာအကွာခြားကြီး ကွာခြားနေကြသည်မဟုတ်သေး။ ပြဿနာကို ချဉ်းကပ်ရှုမြင်ပုံမှာလည်း ဖဆပလနှင့် ပြည်သူ ဧရာမကွာခြားလျက် ရှိနေပေသည်။

ဖဆပလ ဆိုရှယ်လစ်တို့က ငြိမ်းချမ်းရေးပြဿနာကို ချဉ်းကပ်ရှုမြင်ရာ၌ တိုင်းပြည်၏ အပူတပြင်း သော့ချက် နိုင်ငံရေးပြဿနာကြီးလို့ မမြင်၊ ကိုလိုနီခေတ်က သာမန် သူခိုးဓါးပြ ငြိမ်ဝပ်ပိပြားရေး ပြဿနာ တရပ်လို့သာ မြင်၍ ဤသို့လည်း အကြိမ်ကြိမ် အထပ်ထပ်ပြောဆို ကြေငြာ၍ ချဉ်းကပ် ရှုမြင်နေကြသည်။ ထို့ကြောင့်လည်း ၎င်းတို့၏လမ်းစဉ် အနယ်ထိုင်ရာ အခြေခံဝါဒနှင့် ချဉ်းကပ် ရှုမြင်ပုံများအရ၊ တိုင်းပြည် ဘာဖြစ်နေနေ၊ အနိုင်တိုက်ရေး- အပြုတ်တိုက်ရေးကိုသာ တဇွတ်ထိုး ဦးတည်ခြင်း ဖြစ်ပေသည်။

ပြည်သူတို့ဘက်က ပြဿနာကို ချဉ်းကပ်ရှုမြင်ပုံမှာ၊ ငြိမ်းချမ်းရေးပြဿနာသည် နိုင်ငံ၏ အရေးကြီးဆုံး သော သော့ချက် နိုင်ငံရေးပြဿနာကြီးဟု မြင်ပေသည်။ ထို့ကြောင့်လည်း ပြည်သူတို့က အစိုးရအဖွဲ့၏ ပြဿနာ၊ သူပုန်တမြုံ၏ကိစ္စ၊ အုပ်ချုပ်ရေး အစဉ်အလာနှင့် ဥပဒေ၊ တော်လှန်ရေးသဘောတရားနှင့် နိသျှဉ်းစသော လက်အောက်ခံပြဿနာများကို ကျော်လွှား၍ တမျိုးသားလုံး၊ တပြည်ထောင်လုံး၏ နိုင်ငံရေး ပြဿနာကြီး (၀ါ) ဒီမိုကရေစီ ငြိမ်းချမ်းရေး ပြဿနာကြီး.. (The First and Foremost National Problem of Democratic Peace) ဟူ၍ မြင်သည်။ ထို့ကြောင့်လည်း ဗမာပြည်၏ ရာဇ၀င်လမ်းကြောင်းတွင်၊ ဘယ်အစိုးရ, ဘယ်အုပ်ချုပ်ရေး ဥပဒေနှင့် ဘယ်တော်လှန်ရေးပါတီတို့ပင် ဆက်လက်တည်တန့်စေ.. ယှဉ်ပြိုင်ကြစေ၊ အရင်းအမြစ်ဖြစ်သည့် တည်ငြိမ်သော ခိုင်မာသော အဓွန့်ရှည်သော ဒီမိုကရေစီငြိမ်းချမ်းရေးကို တည်ဆောက် နိုင်ကြရန်အတွက် ယနေ့ ဖြစ်ပေါ်နေသော ပြည်တွင်းစစ်ကို "ကြေလည်သော တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ" ရပ်စဲစေရမည်ဟု ပြည်သူတို့က အခိုင်အမာ ယူဆ ယုံကြည်နေကြခြင်း ဖြစ်ပေသည်။

ဤသို့ ဖဆပလနှင့် ပြည်သူတို့သည်၊ ငြိမ်းချမ်းရေးလမ်းစဉ်တွင် ပြဒါးတလမ်း သံတလမ်းလို ကွာခြား နေကြသည်။ ယှဉ်ပြိုင်တိုက်ခိုက်နေကြသည်။

ဖဆပလ ဆိုရှယ်လစ်တို့သည်၊ ၎င်းတို့၏ လမ်းစဉ်ကို တခုတည်းသော- တနည်းတည်းသော လမ်းစဉ်ဖြင့် ကြိုးတကြောတည်း ကိုင်တွယ်မောင်းနှင်လာရာ၊ ယနေ့ဆိုလျှင် ၉ နှစ်တိုင်တိုင် ရှိနေပေပြီ။ အကျိုးသက်ရောက် ချက်များကား ... တမျိုးသားလုံး သွေးချောင်းစီးခြင်း။ "မဟာအမှားတော်ကြီးပါတကား....." ဟု ၀န်ကြီးချုပ်ဦးနုက ၀န်ခံလာရသည် အထိ စီးပွါးပျက်ကပ်ကြီး ဆိုက်နေရခြင်း၊ တမျိုးသားလုံး အကျင့်စာရိတ္တ ပျက်စီးနေရခြင်း၊ သန်းပေါင်းများစွာသော ပြည်သူတို့သည် တိရိစ္ဆာန်များကဲ့သို့ အိုးမဲ့အိမ်မဲ့ ဘ၀များတွင် အမြဲတစေ တထိတ်ထိတ် တလန့်လန့် နေကြရခြင်း၊ နောက်ဆုံး အစိုးရရော ပြည်သူတို့ပါ ကြွေးတင်၍ ကျွန်ဖြစ်ခါနီးဘ၀သို့ ဆိုက်ရောက်လာခြင်းတို့ဖြင့် ရင်ဆိုင်နေကြရပေသည်။ ဖဆပလအဖွဲ့ကြီး၏ ၁၉၄၆- ၁၉၄၇ ခုနှစ်က တပ်ပေါင်းစု နိုင်ငံရေးသြဇာနှင့် ၁၉၅၇ ခုနှစ်တွင် လူတစု၏ အကြမ်းကိုင် နိုင်ငံရေးသြဇာတို့ နှိုင်းယှဉ်ကြည့်လျှင် မိုယ်းကြိုးနှင့် အီးသံလို ခရီးမှန်ကွာလွန်းလှသဖြင့် ကျဆင်း၍ လာနေပေသည်။

ပြည်သူတို့၏ တွေ့ဆုံဆွေးနွေးရေး ပြည်တွင်းစစ်ရပ်စဲရေး လမ်းစဉ်ကား၊ ကျယ်ပြန့်လျက် ရှိပေသည်။ သြဇာတက်လျက် ရှိပေသည်။ ပြည်တွင်းပြည်ပ ကမ္ဘာ့ငြိမ်းချမ်းရေး လမ်းစဉ်များနှင့်လည်း၊ အံကိုက်၍ ချိန်သားကျလျက် ရှိနေပေသည်။ ထို့ကြောင့်လည်း ရဟန်းရှင်လူ ပြည်သူတရပ်လုံး၏ ထောက်ခံ စည်းရုံးလာ မှုများကို နိုင်ငံနှင့်အ၀ှမ်း တက်ကြွထင်ရှားစွာ ခံယူနိုင်လျက် ရှိပေသည်။ ထင်ရှားသော သက်သေများကား အထွေထွေ ရွေးကောက်ပွဲကြီးအတွင်းမှ သန့်ရှင်းရိုးသားစွာ ထွက်ပေါ်လာသော ပြည်သူတို့၏ ဆန္ဒများ တိုင်းပြည်နှင့်အ၀ှမ်း ကျင်းပခဲ့သော ငြိမ်းချမ်းရေး ကွန်ဖရင့်ကြီးများ၊ လူထုအစည်းအဝေးပွဲကြီးများ၊ စီတန်း လမ်းလျှောက် ဆန္ဒပြမှုကြီးများ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကဲ့သို့ ဂိုဏ်းဂဏ ပါတီမရှိ၊ တမျိုးသားလုံး၏ ဖခင်၊ မိဘခေါင်းဆောင်ကြီးများက ဦးစီး၍ ကျယ်ပြန့်စွာ လှုပ်ရှားလာသော ငြိမ်းချမ်းရေး တောင်းဆိုမှုများကို ပြည်သူတို့၏ ဆန္ဒနှင့် အညီ လက်နက်ကိုင် ခုခံတော်လှန်ရေးပါတီ အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး စေ့စပ် ကမ်းလှမ်းချက်များ၊ တဆက်တည်း ပေါ်ထွက်နေမှုများ၊ ဤသည်တို့သည် ပြည်သူတို့၏ ငြိမ်းချမ်းရေးလမ်းစဉ်က မှန်ကန်၍ သဘာဝကျကြောင်း ပေါ်လွင်စွာ သရုပ်ဖော်နေပေသည်။

ထို့ကြောင့်လည်း ဖဆပလဆိုရှယ်လစ်တို့သည် ၎င်းတို့၏ အပြုတ်တိုက်ရေး နိုင်ငံရေးလမ်းစဉ်အရ မျက်ဖြူဆိုက်လာသော အုပ်ချုပ်ရေး၊ စီးပွါးရေး၊ စစ်ရေး၊ စည်းရုံးရေး အကြပ်အတည်းများကို သာမန်နည်းလမ်းဖြင့် ဖြေရှင်းခြင်းငှာ မစွမ်းနိုင်တော့ရကား၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကဲ့သို့သော ပုဂ္ဂိုလ်ကြီးများ ဦးစီးသည့် ငြိမ်းချမ်းရေး လမ်းစဉ်များကို၎င်း၊ ပြည်သူ့ပါတီအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး ဆန္ဒပြလုပ်ငန်းများကို၎င်း၊ မရှက်မကြောက် ပြောင်ပြောင်လင်းလင်းကြီးပင်၊ သေနတ်နှင့်ပစ် ကြာပွတ်နှင့်ရိုက် စသော အကြမ်းနည်းများဖြင့် ပင်လျင် မရှက်မကြောက် နှိပ်ကွပ်လာရပေသည်။ (မင်းလှ၊ မုံရွာ၊ ပုသိမ် စသည့်)

ဤသို့အားဖြင့် မှားယွင်းနေသော နိုင်ငံရေးလမ်းစဉ် အဓိကကြောင့် အကြပ်အတည်း ဆိုက်ရောက် လာသော ဖဆပလဆိုရှယ်လစ် ပါတီအဖို့၊ တနည်းမဟုတ်လျှင် တနည်းအားဖြင့် ၎င်းတို့၏ နိုင်ငံရေးလမ်းစဉ်ကို အသက်ဆက် ပေါင်းကူးပေးနိုင်ရန် (၀ါ) တက်ကြွအောင်မြင်လာသော ပြည်သူတို့၏ ငြိမ်းချမ်းရေး လမ်းစဉ်ကို ပြန်လှန်တိုက်ခိုက်ရန်၊ ဘယ်သူကပေးပေး ဘယ်ကလောက်ပဲ ကြာကြာခံနိုင်သည် ဖြစ်စေ၊ နိုင်ငံရေး လက်နက်ကောင်းများ အလွန်အမင်း လိုလားတောင့်တနေသော အချိန်အခါ ဖြစ်နေပေသည်။ အထူးသဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီအား မြိန်မြိန်ရှက်ရှက် ထိုးနှက်မွှေနှောက်ပစ်နိုင်သော နိုင်ငံရေး လက်နက်ကောင်းတခု ရနိုင်ပါဘိလျှင်မူကား သာလို့ပင် ကောင်းလေခြင်းဟု ပူဆာတမ်းတနေသော အချိန်အခါလည်း ဖြစ်နေပေသည်။

ထိုကဲ့သို့သော အထွေထွေ နောက်ခံကားအခြေအနေတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ တိုင်းကော်မတီ တာဝန်ခံဆိုသူ ကိုချမ်းအေးအား ဘမ်းဆီးရမိလေသည်။ ထို ကိုချမ်းအေးမှာ အစိုးရက မဖမ်းဆီးမိမီကပင်လျှင် ၎င်း၏ စာတမ်းပါ ၀န်ခံချက်အရ၊ ၎င်း၏ ပါတီမှ ၎င်းအား တာဝန်ရုပ်သိမ်း၍ ပြစ်ဒဏ် ၉ လ ချထားခြင်း ခံနေရပြီး ဖြစ်သည်။ ကိုချမ်းအေးအား သူ၏ပါတီမှ သူ့အား အပြစ်ပေးခဲ့ရသည်မှာလည်း၊ ဗိုလ်လက်ျာမှတဆင့် အစိုးရနှင့် ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးခဲ့စဉ်က ပါတီဗဟိုမှ နိုင်ငံရေးအခြေခံဖြင့်သာ ဆွေးနွေးရမည်ဟူသော လမ်းစဉ်ကို ဖောက်ဖျက်၍ "လက်နက်ချရေးအတွက်သာ" ဆွေးနွေးခဲ့သည့် ပြစ်မှုကြောင့် အပြစ်ပေးခံရခြင်း ဖြစ်သည်။ (ကိုချမ်းအေး၏ စေ့စပ်ရေးကိစ္စစာတမ်း စာမျက်နှာ ၅ နှင့် ၆ တွင် ပါရှိချက်)

ဤသို့ ပါတီတာဝန်မှ အပသို့ ရောက်ရှိနေသော ကိုချမ်းအေးအား၊ အစိုးရတို့က ဖမ်းဆီးရမိပြီး ၂ လခန့်မျှ ထောင်သွင်း အကျဉ်းချထားခဲ့လေသည်။ ၎င်းနောက် ဤနိဒါန်းအစ အထက်တွင် ဆိုခဲ့သည့်အတိုင်း ၁၉၅၇ခု၊ ဧပြီလ ၅ ရက်နေ့တွင် ကိုချမ်းအေးအား ထောင်မှ ထုတ်ယူလာပြီးနောက် ပြန်ကြားရေးဝန်ကြီး ရုံးခန်းတွင် ကွန်မြူနစ်ပါတီ လက်နက်ချရေးစာတမ်းကို ဆက်သွင်းတင်ပြခဲ့လေသည်။ ပြီးနောက် လွှတ်လိုက်လေသည်။

မည်သို့ပင်ဖြစ်စေ ကိုချမ်းအေး၏စာတမ်းတွင် ငြိမ်းချမ်းရေးပြဿနာကို မာ့က်စ်၊ လီနင်ဝါဒ အခြေခံဖြင့် သုံးသပ်တင်ပြချက်များ ပါရှိလာပေရာ၊ မှန်ကန်သော သုံးသပ်ချက်များ ဖြစ်ပါက ကျွန်ပ်တို့ ပါတီသည် လှိုက်လှဲစွာ လက်ခံကြိုဆိုမည် အမှန်ပင် ဖြစ်ပေသည်။ မမှန်ကန် ဖောက်ပြန်မှားယွင်းသော သုံးသပ်ချက်များ ပါရှိလာပါက ကျွန်ပ်တို့သည် အလုပ်သမားလူတန်းစားနှင့် ပြည်သူတို့၏ အကျိုးစီးပွါးအတွက် ၀ါဒတိုက်ပွဲဆင်၍ ဖြေရှင်းပစ်ရန် တာဝန်ရှိပေသည်။

တချိန်တည်းမှာပင် လမ်းစဉ်ကြီးနှစ်ရပ် တိုက်ပွဲသည် တပြည်ထောင်လုံးတွင် ချိမ့်ချိမ့်သဲမျှ တိုက်ပွဲ ဆင်လျက် ရှိနေပေသည်။ ကိုချမ်းအေး၏ စာတမ်းအား "လက်နက်ချရေး အပြုတ်တိုက်ရေး" လမ်းစဉ်ကို ကိုင်တွယ် တိုက်ပွဲဝင်နေသော ဖဆပလဆိုရှယ်လစ်ပါတီက ကောင်းချီးသြဘာပေး၍ ကြိုဆိုကာ သန်းနှင့်ချီ၍ ရိုက်နှိပ်ဖြန့်ဝေလျက်လည်း ရှိနေပေသည်။ ပြည်သူတို့ အတွင်းတွင်လည်း စိတ်ဓါတ်စစ်ဆင်ရေး ဟူ၍ ဒလကြမ်း မွှေနှောက် ၀ါဒဖြန့်လျက် ရှိနေပေသည်။ နိုင်ငံရေးသဘောတရာရေး ရှုပ်ထွေးမှုများကို ဖန်တီးလုပ်ကြံရာ တွင်လည်း "ခေတ်သစ်လက်နက်တရပ်" အဖြစ် အသုံးချရာတွင် ကိုချမ်းအေး၏ စာတမ်းသည် ဖဆပလ ဆိုရှယ်လစ်တို့၏ လမ်းစဉ်အသက်ဆက်ရေးအတွက် အကောင်းဆုံး လက်နက်တခု ဖြစ်လာသည်ကိုလည်း တွေ့နေရသည်။

ကိုချမ်းအေးက ၎င်း၏စာတမ်းတွင် အပြစ်ရှိကြောင်း ၀န်ခံလိုပါ၏။ ဤစေတနာ၏ အကျိုးတရားသာ ပေါ်ပေါက်ထင်ရှားပါစေ၊ ပေးလိုသမျှသော အပြစ်ကို ခံယူပါ၏- ဟု မည်သို့ပင်ဆိုစေထားစေ၊ လက်တွေ့ ကာယကံ မြောက်တွင်မူကား၊ ပြည်သူတရပ်လုံး၏ ယနေ့ တွေ့ဆုံဆွေးနွေးရေး ဒီမိုကရေစီ ငြိမ်းချမ်းရေးလမ်းစဉ်ကို ကြီးစွာဆန့်ကျင်၍ သဘောတရားရေးအားဖြင့်လည်း မှားယွင်းသော ရှုပ်ထွေးမှုကြီးများကို ဖန်တီးလိုက်သည် ဖြစ်ရာ ကျွန်ပ်တို့ပါတီသည် ပြည်သူတို့၏ တာဝန်အရ ဤ "ချမ်းအေးစစ်တမ်းဝေဖန်ချက်" ကို တိုင်းပြည်အား ၀ါဒရေးရာ ဝေဖန်ချက် အဖြစ် အချိန်မီ တင်ပြဖြေရှင်းလိုက်ရသည် ဖြစ်ပါကြောင်း။

အလုပ်သမား လူတန်းစား ညီညွတ်ခိုင်မာစွာရပ်တည်နိုင်ရေးသို့.....

ဗဟိုကော်မတီ
ဗမာပြည် အလုပ်သမား-လယ်သမားပါတီ
ဌာနချုပ်။

[မြန်မာပြည် နိုင်ငံရေးသမိုင်းကို သိလို နားလည်လိုကြသော နိုင်ငံရေးလေ့လာသူ ကျောင်းသားများ၊ စာပေ ၀ါသနာရှင်များ အတွက် အထောက်အကူ ဖြစ်စေရန် ၁၉၅၇ ခု၊ သြဂုတ်လ ၁၅ ရက်တွင် ဒုတိယ အကြိမ်အဖြစ် ပုံနှိပ်ထုတ်ဝေတဲ့ 'ချမ်းအေးစစ်တမ်းဝေဘန်ချက်' ရဲ့ 'နိဒါန်းစာ' ကို စာမြည်းအဖြစ် မျှဝေခြင်း ဖြစ်ပါတယ်။ အကျယ် ဖတ်ရှုလိုသူများ မူရင်းစာအုပ်ကို ရှာဖွေ၍ ဖတ်ရှုကြပါကုန်။ စာအုပ် အတွင်းအဖုံးပါ လိပ်စာ အဆိုအရတော့ ငြိမ်းချမ်းရေး စာပေတိုက်၊ ၉၄(က) ရွှေဂုံတိုင်လမ်း၊ ဗဟန်း၊ ရန်ကုန် ဖြစ်ပါတယ်။ ယနေ့ ဂျာနယ်လောကမှာ ရေပန်းစားနေတဲ့ နိုင်ငံရေး သက်ကြားအို အနည်းငယ်ထဲက တဦးရဲ့ တစိတ်တဒေသ အကြောင်းကို သိလိုသူများ သိကြစေရန် စာဖတ်သူ (လမင်းတရာ) က လက်ဆင့်ကမ်းပါတယ်။]








Tuesday, July 13, 2010

စပ်မိစပ်ရာ စာအကြောင်းပေအကြောင်း (၂)
ရေးသူ- မောင်အေးဝင်း



စပ်မိစပ်ရာဆိုတော့လည်း စကားက ဟိုရောက်ဒီရောက်။ အစီအစဉ်တကျ ရှိချင်မှ ရှိမှာပေါ့လေ။ တက္ကသိုလ်ဘုန်းနိုင်စာတွေ ငယ်ငယ်က ဘယ်လို စွဲခဲ့တယ် ဆိုတာကို ရေးတုန်း တန်းလန်းမှာ အိပ်ရာဘေးက ကိုယ်အစွဲအလန်းကြီးခဲ့တဲ့ စာအုပ်ကလေးတအုပ်ကို ကောက်ကိုင်လိုက်မိတာ ဘုန်းနိုင်ကို ခဏချထားလိုက် ရတယ်။

ကိုယ်ချစ်ခင်လေးစားပြီး အနှစ် ၂၀ လောက် ရင်းနှီးခဲ့တဲ့ ဆရာ......။ ကေတီဦးကျော်တင့်။
ကိုယ်တို့အဖေက အထိမ်းသိမ်းခံရပြီး အင်းစိန်ကထွက်လာတော့ ၀င်ဒါမီယာမှာ ခြံကလေးတခြံ ၀ယ်ပြီး အိမ်ကလေး တလုံး ဆောက်နေလို့ ကိုယ်တို့ ၁၀ တန်းအောင်တဲ့နှစ်မှာ အဲဒီကို ပြောင်းကြတယ်။ ကိုယ်တို့နဲ့ ခြံချင်းကပ်လျက် အိမ်နီးချင်းက ကိုတင့်လွင်(တင့်လွင်တူး) နဲ့ ဒေါ်မာမာအေး (ယခု-အမေရိက)။ ကိုတူး တို့ ခြံထဲမှာ သူတို့နေတဲ့ အိမ်ကလေးအပြင် အိမ်အပိုကလေး တလုံးရှိသေးတယ်။ ကိုတူးအဖေ၊ ဒေါ်မာမာအေး ယောက္ခမကြီး ကေတီဦးကျော်တင့်ဟာ ကိုကိုးကျွန်း နိုင်ငံရေးအကျဉ်းစခန်းကနေ ပြန်လွတ်လာပြီးတော့ အဲဒီ အိမ်ကလေးမှာ နေတယ်။ ကိုယ်က ဆရာရောက်မလာခင် ကတည်းက ကိုတူးဆီက ဆရာဘာသာပြန်တဲ့ 'တရုတ်စာပေ၊ ယဉ်ကျေးမှု နှင့် အဘိဓမ္မာ' စာအုပ်ကို ဖတ်ရတော့ ကြည်ညိုလေးစားနေတာ။ ဆရာရောက်လာတော့ အိမ်နီးချင်းလည်း ဖြစ်လာတော့ ဆရာ့ဆီက ကျွန်းအတွေ့အကြုံ၊ စာအကြောင်းပေအကြောင်းတွေ နာခံရပြီး ရင်းနှီးလာခဲ့တယ်။ ဆရာ့လက်သုံးစကား ဖြစ်တဲ့ "Birds of a feather flock together" ပေါ့။

၁၉၇၈ ကိုယ် ထောင်က ထွက်လာတော့ ကိုယ့်မိဘတွေက အေဒီလမ်းထဲ ပြောင်းနေကြပြီ။ ဆရာတို့ လည်း တောင်ဥက္ကလာ ပြောင်းသွားတယ်။ ကိုတူးကလည်း "ချစ်သူကပြောတယ်လား- မောင့်ကိုမုန်းတယ်လား" တွေ ဘာတွေ ရေးပြီးနေပြီ။

ကိုယ်က ၃၄ လမ်းထဲက ဆရာ့ရဲ့ အင်္ဂလိပ်စာ သင်တန်းကျောင်းမှာ သွားတက်တယ်။ ဆရာက Quotations တွေ၊ Thoughts တွေ၊ Times တို့ News Week တို့ ထဲက အင်္ဂလိပ်စာတွေကို ဘာသာပြန် အင်္ဂလိပ်စာ သင်ပေးတာ။

အဲဒီမှာ ဆရာ့ရဲ့ အဘိုးတန်တဲ့ အင်္ဂလိပ်စာ လေ့လာနည်းတွေကို အတုယူ မှတ်သားခဲ့ရတယ်။ ကိုယ်အမြတ်တနိုးထား စွဲလန်းနှစ်သက်ခဲ့တဲ့ ဆရာရေးတဲ့ စာအုပ်တအုပ် ရှိတယ်။ ကိုယ့်ပြေကိုယ်ရွာက ထွက်ပြေးလာရတော့ ပါမလာပဲ၊ ပျောက်ပျက် ဆုံးရှုံးသွားတာ။ ဒီရောက်ပြီး ၁၄- ၅နှစ် ကြာမှ အစား တအုပ် ပြန်ရှာရလိုက်တယ်။

"တသက်တာ အင်္ဂလိပ်စာလေ့လာနည်း" တဲ့။

ဆရာ့ စာအုပ်ထဲက စာအုပ်တန်ဘိုးတွေကတော့ ဆရာတို့ ခေတ်အခါက တန်ဘိုးတွေ ဖြစ်တဲ့အတွက် ဒီနေ့ခေတ် ငွေနဲ့ အသုံးမတည့်ပေမယ့် ဒီစာအုပ်တွေ၊ ဒီစာပေတွေကို လေ့လာဖတ်ရှုဖို့ နည်းစနစ်တွေက သစ်လွင် ခေတ်မီနေတုန်းပါပဲ။ စာအုပ်ရဲ့ အမှာစာကိုပဲ မြည်းကြည့်စမ်းပါအုန်း။

"စာဖတ်သူအတွက် အကျိုးကျေးဇူး" တဲ့။

ကျွန်တော်သည် စာပေကို မှားယွင်းစွာ လိုက်စားခဲ့သည်။ သင့်လျော်သော စာအုပ်များပင် ဖြစ်သော်လည်း မသင့်လျော်သော အချိန်အခါ၌ ဖတ်ခဲ့ဘူးသည်။ အလွယ်မှ အခက်သို့ အဆင့်ဆင့် မတက်ဘဲ အခက်မှ အစပြုခဲ့သည်လည်း ရှိခဲ့၏။ မည်သည့် စာအုပ်များကို စတင် ဖတ်ရှုပြီး မည်သည့် စာအုပ်များကို ဆက်လက်၍ ဖတ်ရှုရမည်ကို မသိခဲ့သည်လည်း ရှိခဲ့သည်။ သာမန် ဖတ်သင့်သောစာကို ဂရုစိုက်၍ လေ့လာသောကြောင့် အချိန်ကုန်လွန်းလျက် အရာမထင် အကျိုးမရှိခဲ့သည်လည်း ရှိခဲ့၏။ ဂရုစိုက် လေ့လာရမည်ကို သာမန် ပေါ့တန်စွာ ဖတ်ခဲ့သည်လည်း ရှိခဲ့သည်။ အချုပ်အားဖြင့် စာဖတ်ရှုနည်းများ မှားခဲ့ဘူးသည်။ အနှစ်နှစ်အလလ ပြုပြင်ခဲ့သည်။ ထိုနောက် မှန်ခဲ့ပြီ။ ကျယ်ပြန့်စွာ ဖတ်ခဲ့သည်။ နက်ရှိုင်းစွာ ဖတ်ခဲ့သည်။ လေ့လာမှုကိုလည်း လက်မလွှတ်ခဲ့ပေ။

ဤစာအုပ်တွင် ပါရှိသော နည်းများကို အသုံးပြု၍ လက်တွေ့ ကျင့်သုံးလျှင် မည်သူပင် ဖြစ်စေကာမူ... အကြောင်းကြောင်း ညီညွတ်လျှင် စာပေပညာ အရပ်ရပ်တွင် ကျွန်တော့်ထက်ပင် အဆပေါင်းများစွာ ပိုမိုလျှင်မြန်စွာ အကျိုးကျေးဇူး ခံစားရမည်မှာ မလွဲနိုင်ပေ။ အဘယ်ကြောင့်နည်း။

ဤစာအုပ်ရေးသူ ကျွန်တော်သည် မှားခဲ့ဘူး၏။

ဤစာအုပ် ဖတ်ရှုလေ့လာ လေ့ကျင့်သူသည် မမှားဘဲ နည်းမှန်လမ်းမှန်ကို အဆင်သင့် ရရှိသောကြောင့် ဖြစ်၏။

သို့ဖြစ်လျှင် ကျွန်တော်ကိုယ်တိုင် (၁၀)နှစ်အတွင်း ရရှိသော တိုးတက်မှုကို ဤစာအုပ်ဖတ်၍ လိုက်နာ လေ့ကျင်သူသည် (၉) နှစ်အတွင်း၌ ရရှိပေမည်။ (၅) နှစ်အတွင်း ရရှိကောင်း ရရှိပေမည်။

သို့သော် ဤစာအုပ်ကို ဖတ်ရှုခြင်း သက်သက်အတွက် မရည်ရွယ်။ လိုက်နာ လေ့လာကြရန် ရည်ရွယ် သည်။ "ဖတ်" စာအုပ်မဟုတ်။ "လုပ်" စာအုပ် ဖြစ်သည်။

ထို့ကြောင့် ဤစာအုပ်ကို ပထမနှစ်တွင် တလလျှင် တကြိမ် လေ့လာသင့်သည်။ ဒုတိယနှစ်တွင် (၂) လလျှင် တကြိမ် လေ့လာသင့်သည်။ တတိယနှစ်တွင်လည်း လက်မလွှတ်သင့်ပေ။

ဤသို့လျှင် အထိရောက်ဆုံး စာပေအကျိုးကျေးဇူးကို အတိုဆုံး အချိန်ကာလအတွင်း၌ ရရှိမည်မှာ မုချဖြစ်သည်။ ။

ဆရာ့ဆီမှာ ကိုယ်တို့ ကျောင်းတက်ချိန်၊ အတန်းထဲမှာ ဆရာ မကြာခဏ ပြောတဲ့စကားရှိတယ်။ အချိန်မရှိပါဘူးကွာ။ စာမဖတ်အားပါဘူးကွာ ဆိုတဲ့ လူတွေအတွက် ဆရာပြောနေကြစကား။ လူတွေဟာ တနေ့ကို အနည်းဆုံး နှစ်ခါတော့ အိမ်သာတက်ရမှာပဲ။ တခါမှာ အနည်းဆုံး ၅ မိနစ်ထားရင် တနေ့ကို ၁၀ မိနစ် အိမ်သာထဲမှာ ရှိတယ်။ အဲဒီအချိန်မှာ စာဖတ်ရင် တနေ့ကို ၁၀ မိနစ် အချိန်ရတယ်ထား။ ၁၀ ရက်ဆိုရင် မိနစ် ၁၀၀ ဘဲ။ (၁၀) ရက်မှာ စာဖတ်ချိန် တနာရီ မိနစ်လေးဆယ် ရလိုက်ပြီ။ ရက်ပေါင်း ၁၀၀ မှာ ၁၆ နာရီကျော် ၁၇ နာရီ နီးပါး ရသွားပြီ။ တနှစ်မှာ ဘယ်လောက်လဲ ကိုယ့်ဖာသာကို စဉ်းစား တွက်ချက်ကြည့်ပေတော့။ ဆရာကပြောတယ်။ ဒီလောက်ဟာ နည်းတော့နည်းတယ်။ ဒါပေမယ့် မဖတ်ပဲ နေခဲ့တဲ့အချိန် ၁ မိနစ် ၂ မိနစ် ကို သုံးလိုက်တာပဲ အချိန် သည်လောက် သည်လောက်တော့ ရလိုက်တယ်လေ။ ၁၀ နှစ်ဆို ဘယ်လောက်လဲ။ အနှစ် ၂၀ ဆိုလျှင်...........။

ဒီလိုပဲ တနေ့ကို အိပ်ရာဝင်၊ အိပ်ရာထ အနည်းဆုံး ၂ ခါတော့ လုပ်ရမယ်။ အိပ်ရာဝင် ၄ မိနစ်၊ အိပ်ရာထ ၄ မိနစ်။ တနေ့ ၈ မိနစ် ရမယ်။ ၁၀ ရက် မိနစ် ၈၀။ ရက် ၁၀၀ ဆိုရင်တော့ မိနစ် ၈၀၀ ပဲ။ အိပ်ရာဝင်၊ အိပ်ရာထ၊ အိမ်သာနှုန်း၊ ဒီ သုံးခုပေါင်းရင် မရဘူးဆိုတဲ့အချိန် တနေ့ ဘယ်လောက်ရမလဲ။ ၁၈ မိနစ်ရမယ်နော်။ ၁၀ ရက် မိနစ် ၁၈၀။ တကယ်လုပ်ရင် ၁၀ ရက်မှာ စာဖတ်ချိန် ၃ နာရီလေ။ မြန်မာစာစာအုပ် ဘယ်နှစ်မျက်နှာ ရမလဲ။ လုပ်ကြည့်ပါ။

ဆရာက တောင်ဥက္ကလာမှာနေတော့ ၃၄ လမ်း သူ့ကျောင်းကို ဘတ်စ်ကားနဲ့ လာရတယ်။ ကားစီးရတာ ဂိတ်စ ဂိတ်ဆုံးပေါ့။ မိနစ် ၄၀ ကြာတယ် ပြောတယ်။ အသွားအပြန် မိနစ် ၈၀ လောက်ရတယ်။ ဂိတ်စ ဂိတ်ဆုံး စီးရတာဆိုတော့ ထိုင်စရာနေရာလဲရတယ်။ ဒီလိုအဖြစ်မျိုး ကြုံရတဲ့ လူတွေအဖို့ ကား၊ ရထားစီးချိန်ဟာလည်း အသလွတ် စာဖတ်ချိန် ရလိုက်ပြန်ပြီ။ ဆရာပြောတာ ဒါပဲလေ။ အချိန်မရလို့ စာမဖတ်နိုင်သူတွေ ဒီလို အချိန်တွေကိုပဲ စုလိုက် တနေ့၊ တပါတ်၊ တလ၊ တနှစ်၊ ၁၀ နှစ်။ ရလိုက်တဲ့ အချိန်၊ ဖတ်လိုက်ရတဲ့စာအုပ်။

အမေရိက ရောက်စက စာအုပ်တအုပ် တွေ့ဖူးတယ်။ အတွဲ လေးတွဲ ရှိတယ်။ American Barthroom Book တဲ့။ ဖတ်သင့်ဖတ်ထိုက်တဲ့ ကမ္ဘာကျော် စာအုပ်တွေ အကြောင်းအရာတွေ တအုပ်ကို၊ တပုဒ်ကို အိမ်သာ တခါတက်စာ တမျက်နှာနဲ့အပြီး အကျဉ်းချုပ်ပြီး ရေးထားတာ။ သဘောက တခါဖတ်စာ၊ အိမ်သာထဲမှာ ထားပြီး အိမ်သာတက်တိုင်း ဖတ်ဖို့။ နောက် CD တွေ ခေတ်စားလာတော့ audio book အနေနဲ့ CD အချပ်တောင် တွေ့လိုက်သေးတယ်။ ခုလို ပစ္စည်းကရိယာ တိုးတက်ထွန်းကားနေတဲ့ ခေတ်မှာ အင်တာနက်ကနေ download လုပ်ပြီး MP3 ထဲ ထည့်ထားရင် အားကစားလုပ်ချိန်၊ လမ်းလျှောက်ချိန်၊ ဟင်းချက်ချိန် တို့မှာတောင် နားနဲ့ ဖတ်လို့ ရနေပါရောလား။

တခု အမှတ်ရနေတာ ရှိသေးတယ်။ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား သင်ကြားလေ့လာတဲ့အခါ လေယူလေသိမ်း အခက်ခဲကြောင့် အထူးသဖြင့် ရုပ်ရှင်ကြည့်တဲ့ အခါပေါ့လေ။ လေ့လာသင်ယူဖို့ဆို သုံးမတ်တန်းက ၁၀ ခါကြည့်၊ အပန်းဖြေအနားယူဖို့ဆို ဒီစီ (သုံးကျပ်ခွဲတန်း) က တခါကြည့်တဲ့။ သူ့ခေတ်သူ့အခါ ဈေးနှုန်းကို ပြောတာ။ ဈေးအနိမ့်ဆုံး သုံးမတ်၊ ဈေးအမြင့်ဆုံး သုံးကျပ်ခွဲ။ ခုတော့ ဒီဈေးမရတော့ပေမယ့် ဆရာ့ဆိုလိုရင်းက အကြိမ်ပေါင်း အခေါက်ပေါင်းများစွာ ကြည့်နိုင်ဖို့ ဈေးအပေါဆုံးတန်းက ကြည့်ဖို့ ပြောတာ။ ခုတော့ ဒါတွေကို ကျော်ဖြတ်နိုင်ပါပြီ။ ဗွီဒီယိုတွေ၊ ဗွီစီဒီတွေ၊ ဒီဗွီဒီတွေ ပေါ်နေမှ မ၀ယ်ဖြစ်ရင်တောင်၊ အငှားဆိုင်က၊ စာကြည့်တိုက်က ငှားပြီး ကြည့်ချင်သလောက် ထိုင်ကြည့်ပေတော့။

ကိုယ့်ကုတင်ဘေး ခေါင်းရင်းက ကေတီကြီးရဲ့ (ကျနော်တို့ ဒီလို ချစ်စနိုးခေါ်ကြတယ်) စာအုပ်ကို ဆွဲယူပြန်ဖတ်ရင်း တဆက်တည်း ခေါင်းထဲရောက်လာတဲ့ အတွေးက ဒီနေ့ခေတ်မှာ လူငယ်လူလတ်ပိုင်း အတော်များများဟာ စာဖတ်အားနည်းကြတာကို တွေးမိတယ်။ တချို့များ ကိုယ့်အလုပ်ဟာ စာမဖတ်ရင် (မြန်မာစာ) မဖြစ်တဲ့အလုပ်မျိုးကို လုပ်နေကြတာတောင် စာမဖတ်ကြဘူး။ ဖတ်ရကောင်းမှန်း မသိကြဘူး။ မဖတ်တာကို ရှက်ရကောင်းမှန်း မသိကြဘူး။ ဂုဏ်ယူတဲ့သူတောင် ရှိသေးတယ်။ သူတို့ရဲ့ ဆင်ခြေက အချိန်မရလို့တဲ့။ ဒီလိုလူမျိုး ဘယ်လောက်တောင် များလို့လဲ မေးရင်တော့ ကြောက်ခမန်းလိလိ များပါတယ်။ တိုက်တွန်းချင်တာက အလုပ်အတွက် လိုအပ်လို့ပဲ ဖြစ်ဖြစ်၊ မလိုအပ်ရင်ပဲ ဖြစ်ဖြစ် စာတော့ ဖတ်ကြပါ။ စာမဖတ်တာကို ဂုဏ်မယူကြပါနဲ့။


Tuesday, July 6, 2010

စပ်မိစပ်ရာ စာအကြောင်းပေအကြောင်း (၁)
ရေးသူ- မောင်အေးဝင်း



စာတွေ ဘယ်တုန်းက စ, ဖတ်သလဲဆိုတာ ပြောရရင် ကာတွန်းတွေ ဖတ်တာက စ, တာပဲ။ မော်ဒန်ကာတွန်း၊ ကာတွန်းညွန့်ပေါင်း၊ ကာတွန်းပဒေသာ၊ မောင်ကမ္ဘာ၊ သတ္တိ၊ ဒီလုံး စတဲ့ ပြား ၆၀ တန် ကာတွန်းတွေ။ ခလေးဂျာနယ်က တကျပ်။ စာပေဗိမာန်မဂ္ဂဇင်း၊ နောက်ပြီး စာပေဗိမာန်က ထုတ်တဲ့ လူထုလက်စွဲစာစဉ် ဆိုတဲ့ တမတ်တန်၊ ငါးမူးတန် အပါးကလေးတွေ၊ ၁၀ ပြားတန် ဘားမားစတား၊ ဖလင်စတား။ စာဆိုရင် အကုန်ဖတ်ပဲ။ စစ်အစိုးရ တက်ခါစ ရန်ကုန် မပြောင်းခင်ကလေးမှာ တေဇ ဆိုတဲ့ စာစောင် ထွက်လာတယ်။ ခလေးဂျာနယ်တို့ ဘာတို့က ပိတ်သွားတယ်။ ခလေးတွေ အတွက် ခလေးစာပေ အရည်အချင်း မှာ ခလေးဂျာနယ်က တေဇ စာစောင်ထက် အများကြီး၊ အပုံကြီး သာတာပေါ့။

ကျောင်းမှာက ဗမာစာကို သိတ်အားပေးတာမှ မဟုတ်တာ။ ဗမာလိုသင်တာလဲ မြန်မာစာနဲ့ သမိုင်းပဲ။ ဒါပေမယ့် ကိုယ်က အင်္ဂလိပ်စာမှာ မတော်ခဲ့ဘူး။ ခုလဲ ကောင်းကောင်း မတတ်ပါဘူး။ သူလို ကိုယ်လို ကျောင်းသင်သလောက် ရောတိရောရာပဲ။ ကလေးဘ၀မှာ ဆော့တဲ့ ကစားတဲ့ အချိန်ကလွဲရင် အားတဲ့အခါ ဗမာစာပဲ အဖတ်များတယ်။ အိမ်က လူကြီးတွေကလဲ စာဖတ်တာ အရမ်းအားပေးတယ်။ ကျောင်းက "Our Father, Who are in Heaven..." ဟာ ကျောင်းမှာတင် ပြီးတာ။ ကိုယ် ယဉ်ပါးရတာက "သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင်၊ သောင်းခွင်စကြာဝဠာ...... " တို့၊ ဓမ္မကထိက ဆရာကြီး ဦးလှသိန်းရဲ့ သံပေါက်တွေ။

ခလေးဂျာနယ်ထဲက- "မြတ်သူမြတ်မူ၊ ကျောင်းပိတ်ရက်၊ အိမ်မှာစာတွေကျက်..." တို့၊ "ပါပီကလေး ပုတုတု၊ သူ့စကားက ၀ု ၀ု ၀ု.... ။ သူ့စကားလူမသိ၊ လူ့စကား သူမသိ၊ သနားပါဘိ..." တို့ ခုထိ ခေါင်းထဲမှာ ရေးတေးတေး စွဲနေတုန်း။ "မိုးရေတက်ရေ၊ တဖွေးဖွေး၊ ကွင်းကျယ်အဝေးဝေး၊ လယ်စောင့်တဲလေး ခြေတံရှည်၊ မိုးကုပ်အောက်မှာနေ၊ ကြာနီတပွင့် ဖြူတပွင့်၊ တဲနဲ့ပနာတင့်"။

တဖြည်းဖြည်းနဲ့ စာဖတ်တာ စွဲလာတော့ ၀တ္ထုလိုင်းကို ကူးလာတယ်။ ဘယ်လောက်အထိ စွဲသလဲဆိုရင် 'ရန်ကုန်' သတင်းစာထဲက အခန်းဆက်ဝတ္ထုဖြစ်တဲ့ 'ဓူဝံ' ရဲ့ အခန်းဆက် ၀တ္ထုရှည်ကို တဖက်အိမ်ကို နေ့လည်အချိန် သတင်းစာ ရောက်တဲ့အချိန်မှာ စောင့်ပြီး ဖတ်ရတာ။ သူတို့အိမ်က ဆန်ဆိုင်၊ ရေနံဆီဆိုင်ဆိုတော့ ညဆိုင်ပိတ်မှ အိမ်တံခါးပိတ်တာ။ အိမ်ရှေ့မှာ ဆော့ရင်း ကစားရင်း လူကြီးတွေ သတင်းစာကို ဖတ်ပြီးလို့ ချထားတာ မြင်တာနဲ့ အပြေးသွားကောက်တာပဲ။

ပထမတော့ ရှုမ၀၊ သွေးသောက်၊ မြ၀တီ၊ ပေဖူးလွှာ၊ တိုင်းရင်းမေ၊ အဟိ၊ သောကြာ၊ လျှို့ဝှက်သဲဖို၊ စတဲ့ မဂ္ဂဇင်းတွေ။ ဖတ်စရာတွေက ပေါလိုက်တာမှ ဖတ်လို့ကို မကုန်နိုင်သလို၊ အရည်အသွေးတွေလဲ များသော အားဖြင့် ကောင်းကြတယ်။

လုံးချင်းဝတ္ထု စာအုပ်တွေကို မူလတန်း ကျောင်းသားအရွယ် (လေးတန်း) မှာ စဖတ်ခဲ့တယ်။ ဆရာကြီး ရွှေဥဒေါင်း၊ ဒဂုန်ရွှေမျှား၊ ဓူဝံ၊ မြစကြာ၊ ဗိုလ်တာရာ၊ မိုးဝေ တို့ရဲ့ လျှို့ဝှက်သဲဖို၊ စုံထောက်ဝတ္ထု၊ စုံး သရဲ သိုက် အောက်လမ်းဆရာ ၀တ္ထုတွေက စခဲ့ပါတယ်။ ဆရာကြီး ရွှေဥဒေါင်းရဲ့ စုံထောက်ဦးစံရှားက အတွဲလိုက် ထွက်တယ်။ ဓူဝံကတော့ အုပ်ထူကြီးတွေ။ မာလာ၊ ဂွမ်းပုံ၊ ရဲသုံးဘော်၊ မိုက်ခဲထွန်းရွှေ၊ နယ်လီဝင်း။ နောက်တော့ အောင်လင်း၊ တက္ကသိုလ်ဘုန်းနိုင်၊ ခင်နှင်းယု၊ မောင်သင်၊ ဗိုလ်မြင့်။

'အောင်လင်း' ရဲ့ 'အရိုင်းစပါယ်' 'ဗေဒါ' 'မောင့်မမငြိမ်း'။ အရိုင်းစပါယ် ၀တ္ထုဆို အတော်ကလေး ထူတယ်။ တနေ့ထဲ ပြီးအောင် ဖတ်ပစ်တာ။ နောက်တော့ ရုပ်ရှင်အဖြစ် ရောက်လာတယ်။ မော်လမြိုင်မှာ ဗမာရုပ်ရှင် အသစ်ဆိုရင် နန်းတော်ရုံ မှာတင်တယ်။ ထုံးစံက နံမည်ကြီး ရုပ်ရှင်တွေဆို ရုံမတင်ခင် တရက် ကြာသာပတေးညမှာ ရုပ်ရှင်ကြော်ငြာကို လျှပ်စစ်မီးတွေ ထိန်ထိန်လင်းအောင် ထွန်းပြီး တမြို့လုံး လှည့်တယ်။ ကိုယ်ကြိုက်တဲ့ ၀တ္ထု ရုပ်ရှင်လာတယ်ဆိုတော့ ပျော်လိုက်တာ။ ၀တ္ထုထဲက 'မ' အဖြစ် သရုပ်ဆောင်တာက ၀ါဝါ၀င်းရွှေ။ 'ကိုဘခက်' လုပ်သူက 'ထွန်းဝေ'။

ဝတ္ထုထဲမှာပါတဲ့ စကားတခု မှတ်မိနေတယ်။ ဗေဒင်ဆိုတာ ကိုယ့်ကိုယ်ကို မယုံတဲ့ လူတွေမှ မေးကြတာ။ ကိုယ်ဘာဖြစ်မယ်ဆိုတာ ကိုယ့်ကိုယ်ကို သိရင် ဘာမှ ဗေဒင်မေးစရာမလိုဘူးလို့ ကိုဘခက်က ပြောတယ်။ 'မ' က ကိုဘခက် ရှင်ဟာ နာမည်နဲ့ လူနဲ့ လိုက်အောင် တော်တော်လဲ ခက်တဲ့လူ တဲ့။

'တက္ကသိုလ်ဘုန်းနိုင်' ရဲ့ 'စိမ်းနေဦးမည့်ကျွန်တော့်မြေ' မှာ ဘုန်းကြီးကျောင်းသားသန့်စင်၊ သူကြီးသမီး မလေးနွယ် လား၊ မယဉ်နွယ် လား ခပ်မေ့မေ့။ ဖတ်လို့ကောင်း၊ စိတ်ကူးယဉ်လို့ကောင်း။ 'သူငယ်ချင်းလို့ပဲဆက်၍ ခေါ်မည်ခိုင်' က ရန်ကုန်ရောက်ပြီးမှ ထွက်တာ။ တတွဲပြီး တတွဲ၊ သုံးတွဲကို စောင့်ဖတ်ရတာအမော။

ဆရာမကြီး 'ခင်နှင်းယု' ရဲ့ 'ပန်းပန်လျက်ပါ' ကတော့ စာအုပ်ပဲ ဖတ်ဖူးတာ။ ရုပ်ရှင်က ရန်ကုန်ရောက်ပြီး တော်တော်ကြီးမှ ကြည့်ဖူးတာ။ အမေတို့ ရန်ကုန်က ပြန်လာတော့ 'ပန်းပန်လျက်ပါ' ရုပ်ရှင် နှစ်ဆယ့် ငါးပါတ်မြောက်ပြရတဲ့ အထိမ်းအမှတ်ပွဲ မြို့မ-ရွှေဂုံ ရုပ်ရှင်ရုံ အပေါ်ထပ်မှာ လုပ်တဲ့အကြောင်းကို ပြောပြတယ်။

စုံးကဝေ၊ သိုက်သမိုင်း ၀တ္ထုတွေနဲ့ အပြိုင် ခေတ်စားတာ၊ စုံးကဝေ ရုပ်ရှင်တွေ၊ သိုက်သမိုင်း ရုပ်ရှင်တွေ။ ဘာတဲ့- ဆရာ-မနိုင်၊ နှစ်ဆောင်ပြိုင်၊ ဆရာပြန်ပြေး ဘုရားကလေး တဲ့။ ကျီးကန်းပါးစပ်၊ ဒေးစွန်ပါ၊ ရှင်မအောင်ဖြူ.. စုံလို့ပါပဲ။ သိုက်သမိုင်းဆို အေ၀မ်းရုပ်ရှင်။ မင်းသားက ခင်မောင်ဇင်၊ မင်းသမီးက ကြည်ကြည်ဌေး။ စုံးမ ကဝေမ က ဒေါ်မြလေး။ သရဲခန်း သိုက်စောင့်အခန်းဆို တာတေကြီး။ ဒီစာအုပ်တွေဖတ်၊ ဒီ ရုပ်ရှင်တွေ ကြည့်ပြီးရင် အိမ်ရဲ့ အပေါ်ဆုံး သုံးထပ်မှာ ရှိတဲ့ ဘုရားခန်းကို လူကြီးတွေက ဘုရားမီးထွန်းခိုင်း၊ ဘုရားသောက်တော်ရေ လဲခိုင်းရင် တယောက်ထဲ မသွားရဲဘူး။ ဘုရားခန်းဆိုတာကလဲ အဲဒီတုန်းက ကလေးတွေ အမြင်မှာ စိတ်ထဲက ချောက်ခြား စရာ။ ကြောက်စရာ။

ကိုယ်က မော်လမြိုင်မြို့၊ စိန်ပက်ထရစ်ကျောင်းမှာ ငါးတန်းအထိ နေခဲ့ပြီး၊ ရန်ကုန်မှာ ခြောက်တန်းက စနေတာ။ ကိုယ်မှတ်မိနေတဲ့ ဒီစာတွေဟာ မော်လမြိုင်မှာနေတုန်း ဖတ်ခဲ့တာတွေဆိုတာ အခိုင်အမာ ပြောလို့ရတယ်။

စာရေးဆရာနဲ့ ၀တ္ထုထဲက ဇာတ်ကောင်တွေဟာ စာဖတ်ခါစ ကိုယ်တို့ကို ဘယ်လောက်အထိ စွဲသလဲ၊ သြဇာသက်ရောက်သလဲဆိုရင် မော်လမြိုင် စိန်ပက်ထရစ် ကျောင်းမှာတက်နေတုန်း အဖြစ်အပျက်တခု အမှတ်ရ မိတယ်။ ကိုယ်တို့ ငါးတန်းမှာ ညီအစ်ကိုနှစ်ယောက် ကိုယ်တို့ ကျောင်းကို ရောက်လာတယ်။ သူတို့ အဖေက စာတိုက်ဝန်ထောက်အလုပ်နဲ့ မော်လမြိုင်ကို အလုပ်ပြောင်းလို့။ ညီက ကိုယ်နဲ့အတန်းတူ၊ အစ်ကိုက တတန်းကြီးတယ်။ ညီက ရိုးရိုးအေးအေး၊ အစ်ကိုက နည်းနည်းစွာတယ်။

အဲဒီမှာ ကိုယ်တို့က မိုးဝေရဲ့ စကြာနီဂိုဏ်း စာအုပ်ဖတ်ပြီး ရူးနေတဲ့အချိန်။ ၀တ္ထုထဲမှာ ဇာတ်လိုက်က ညီညီ။ သူဌေးသား၊ ညီညီ့သူငယ်ချင်းက သာမန်ပုလိပ်အရာရှိတယောက်သား၊ မောင်မောင်ချစ်။ ရန်ကုန်မြို့ နာမည်ကြီး သာသနာပြုကျောင်းမှာ အထက်တန်းကျောင်းသားကြီးတွေပေါ့။ အနောက်နိုင်ငံ ရုပ်ရှင်တွေထဲက road devil တွေကို အတုခိုးပြီး လမ်းသရဲဆိုပြီး ခေတ်စားနေတာ။ သူတို့ဂိုဏ်းက စကြာနီဂိုဏ်း။ ဘယ်ဘက် လက်မနဲ့လက်ညှိုးကြား လက်ဖမိုးပေါ်မှာ အနီရောင် စကြာအရုပ် ထိုးထားတယ်။ ၀တ္ထုစာအုပ် မျက်နှာဖုံးမှာကိုက "လမ်းသရဲတဦး၏ ဖွင့်ဟ၀န်ခံချက်" လို့ ဖော်ပြထားတယ်။

ငါးတန်းကျောင်းသား ကိုယ်တို့ညီအစ်ကိုကလဲ စာအုပ်ထဲက လမ်းသရဲတွေကို တုပြီး မှင်အနီနဲ့ လက်မှာ စကြာအရုပ် ရေးတာ။ တနေ့တော့ အသစ်ပြောင်းလာတဲ့ ညီအကိုထဲက အစ်ကိုနဲ့ ရန်ဖြစ်တယ်။ ကလေးတုန်းက နော်။ သူတို့က ကျောင်းကို ရောက်ခါစ။ ခုတော့ ချစ် သူငယ်ချင်း တွေပါ။ အစ်ကိုက Desmond San Choung တဲ့။ သူတို့က မိဘကို သွားတိုင်တော့ သူ့မိဘတွေက ကျောင်းအုပ်ဆရာကြီးကို တိုင်တယ်။ ဒါနဲ့ ကိုယ်တို့ ညီအစ်ကို ကျောင်းအုပ်ဆရာကြီး Brother Wilfred ရုံးခန်းကို ရောက်ကြရတယ်။ တော်သေးတယ်။ အရိုက်မခံရဘူး။ လမ်းသရဲ အရူးထတဲ့ ကလေးအရွယ် ကိုယ်တို့ ညီအစ်ကိုတွေကို ကြည့်ပြီး Brother ကြီးက ဟာသလုပ် ပြန်လွှတ်လိုက်တယ်။

အစ်ကိုလုပ်သူဟာ ခုတော့ ရန်ကုန်တက္ကသိုလ် ဥပဒေဌာနမှာ ပါမောက္ခ ဖြစ်နေလား၊ အငြိမ်းစားယူ သွားပြီလား မပြောတတ်ဘူး။ ဥပဒေပညာရှင်၊ စာရေးဆရာ ကျော်ဇောနိုင်ဟာ သူပေါ့။

စုံထောက်ဆရာ မိုးဝေက ဘယ်လောက်တောင် သြဇာသက်သလဲဆိုရင်၊ လူကြီးတွေနဲ့ ရန်ကုန်ကို အလည်သွားလို့၊ ဆူးလေဘုရားလမ်းကိုရောက်တော့၊ မိုးဝေဇာတ်ကောင် အလွတ်စုံထောက်တင်မောင်ဆွေ နဲ့ စက္ကရေတေရီ မေစီတို့ ရုံးခန်း ဘယ်နားမှာများ ဖြစ်မလဲလို့ စူးစမ်း ကြည့်မိသေး။

မောင်အေးဝင်း
ဂျူလိုင်လ ၅ ရက်၊ ၂၀၁၀။

Monday, July 5, 2010

၇ ဂျူလိုင်၊ ၁၉၆၂။



[(၄၈) နှစ်မြောက်၊ ရန်ကုန်တက္ကသိုလ်၊ ၁၉၆၂ ဂျူလိုင် ၇ရက်၊ အမှတ်တရ အဖြစ် 'အောင်ပြည့်' ရဲ့ 'ပြိုမှာလေလားမိုးရဲ့' ၀တ္ထုမှ ထုတ်နှုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။]

......... တက္ကသိုလ်တွင် ကျင်လည်ကျက်စားခဲ့သူတို့၏ ဘ၀ဟောင်းကို ပြန်လည် တမ်းတစရာ......
[မောင်ကိုယု ရဲ့ ၀တ္ထုစာအုပ် မိတ်ဆက်စကားမှ]

.... အဆောင် ပြန်ရောက်ချိန်တွင်တော့ ခင်ညို စာကြည့်လို့ မရ။ နက်ဖြန် နေ့ခင်း တကသ အစည်းအဝေးမှာ ဘာတွေ ဆုံးဖြတ်ကြမလဲ။ မြို့နယ်အသင်း အမှုဆောင် အစည်းအဝေးကော ကျေကျေ လည်လည် ပြီးပါ့မလား။

ခင်ညို တွေးနေဆဲမှာပင် ပင်မကျောင်းဆောင်များဆီမှ အသံတွေ ဆူလာသည်။ ခင်ညို နားစိုက်ထောင် လိုက်မှပင် အသံတွေက ပိုပြီး ကျယ်လာသည်။

"ထောင်လို ချုပ်ထားတာ မလိုချင်ဘူးကွ"
"ဟေး"

"ဟေး" ဆိုသောအသံထုကြီးက ကြက်သီးထခမန်း။

"မီးတွေပိတ်ကွ"
"ပဲခူးဆောင်က ရဲဘော်တွေ ဆင်းခဲ့ကွ"

ခင်ညို အဆောင်သံစကာ ကြားက ကြည့်မိသည်။ ဗဟိုဆောင်များတွင် မှောင်နှင့်မဲမဲ မီးပျက်သည်ကစပြီး ဆူကြဟန်တူသည်။ ပြီးတော့ အပြင်ကို ပြိုထွက်လာကြဟန် တူသည်။

မန္တလေးဆောင်တွင်းမှာတော့ အဆောင်မှူး ဆရာ ဦးခင်မောင်ဝင်းတို့၊ ဦးထွန်းဦးတို့ ပျာနေကြပြီ။ ညစောင့် မောင်သောင်းပင် မျက်လုံးပြူးပြီး ဘာလုပ်ရမှန်းမသိ။ တဖြည်းဖြည်းနှင့် ကျောင်းသားတွေ အားလုံးလိုလို အဆောင်ဝ တံခါးမကြီးတွင် စုမိကြသည်။

"ရဲဘော်တို့ ထွက်ခဲ့ပါ၊ ကျုပ်တို့ ဖိနှိပ်ချုပ်ချယ်မှုကို ကန့်ကွက်ဖို့ ဆိတ်ငြိမ် ဆန္ဒပြမယ်"
"မကြောက်ပါနဲ့ လာသာ လာခဲ့ပါ"

မောင်သောင်းက လန့်ပြီး သော့အားလုံးကို ဆရာဦးခင်မောင်ဝင်းလက် အပ်လိုက်သည်။ တံခါးက ပိတ်မြဲ။
"ဟေ့ မိန်းမရှာတွေလားကွ"
ပေါ်တီဂိုအောက်တွင် ရပ်နေသော ရဲဘော်တယောက်က အော်သည်။
"ချလွမ်"

ခင်ညိုက အံကို ကြိတ်ပြီး လက်သီးကို ကျစ်ကျစ်ဆုပ်ထားချိန် ဘာကို စလုပ်ရမှန်း မသိချိန်မှာပင် ဘယ်အချိန်က အပြင်ရောက်နေမှန်းမသိသော မန္တလေးဆောင်သား စိန်အစ်က မီးချောင်းကို ပစ်ခွဲလိုက်သည်။
ပေါ်တီဂို တခုလုံး မှောင်သွားပေပြီ။

"ထွက်ဟေ့၊ ထွက်ဟေ့"

ပြောပြောဆိုဆိုနှင့် အပြင်တွင်ရှိသော ကျောင်းသားထုက သံဆွဲတံခါးကို ၀ိုင်းမသည်။ ကြောင်ပြီး ကြည့်နေရာမှ အသက်ဝင်လာသေ ခင်ညိုတို့ အဆောင်သားတွေက ခုမှ တံခါးကို ၀ိုင်းတွန်းသည်။
မကြာလှပါ။
တံခါးကြီး ကော့လန်သွားသည်။
ကျောင်းဆောင်သား အားလုံးလိုလို ငုံ့ပြီးထွက်လိုက်ကြသည်။
အို ကျောင်းသားထုက မနဲပါလား။

"လာကြဟေ့ ရဲဘော်တို့၊ အမရဆောင်ကို ဒီနည်းအတိုင်း ဖွင့်မယ်"
ရှေ့ဆုံးက ရဲဘော် ကျောင်းသားတယောက်က ပြေးရင်း အော်ပြောသွားသည်။ ကျောင်းသားထုကြီး လည်း သူ့နောက် ပြေးလိုက်သွားသည်။

"ဟေ့ ဖိုးစိုးလွင်"
အမရဆောင် လှေခါးအောက်တွင် အဆောင်သားတွေ စုပြုံနေကြပြီး ဖြစ်သည်။ စိုးလွင်ဂျပုက ရှေ့ဆုံးမှာ သံတံခါးနှင့် ကပ်လို့။
"ဘယ်လိုလဲဗျ ကိုခင်ညို"
စိုးလွင်က မျက်နှာသေလေးနှင့် မေးသည်။
"ဟ ဘယ်လိုမလဲနေနဲ့ ကိုယ့်လူ၊ တံခါးသာ ၀ိုင်းတွန်းပေးတော့"
ခင်ညို ပြောနေချိန်တွင် 'ဆွဲဆွဲ' နှင့် အပြင်ကျောင်းသားထုက ဆွဲပြီး 'တွန်း တွန်း' နှင့် အတွင်း ကျောင်းသားထုက တွန်းသည်။

"ဟေး"
တံခါးကြီး လန်သွားပေပြီ။
"ရဲဘော်တို့ ရာမညကလဲ ထွက်လာကြပြီ၊ အားလုံး အဓိပတိလမ်းမှာ စုမယ်၊ စည်းကမ်းအတတ် နိုင်ဆုံးထားပြီး လိုက်ခဲ့ကြပါ"
"ဟေး"
ကိုဗဆွေလေးက အမရဆောင် အုတ်ခုံမြင့်လေးပေါ်က အော်ပြောလိုက်ပြီး ရှေ့က ထွက်သွားသည်။ ကျောင်းသားအားလုံး သူ့နောက် ပါလာကြသည်။
"တပည့်တို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါကွာ မှားကုန်ပါ့မယ်"

သမဂ္ဂရှေ့ စုမိကြလျှင်ပင် ကျောင်းသားရေးမှူး ဆရာ ဦးစံထွန်းရောက်လာသည်။ ရောက်ရောက်ချင်း ဆရာက အော်ပြောခြင်း ဖြစ်သည်။

"စိတ်ချပါဆရာ၊ ကျွန်တော်တို့ စည်းကမ်း အရှိဆုံး ဆန္ဒပြကြမှာပါ"
မတတ်သာတော့သည့် အဆုံး ဆရာက ပြုံးပြုံးပင် လက်လျှော့လိုက်သည်။
"လာကြဟေ့၊ အ၀ိုင်းလေးမှာ စုမယ်။ တကောင်းတို့ ပြည်တို့က ရဲဘော်တွေလဲ ဆူနေပြီ၊ သူတို့နဲ့ သွားပေါင်းမယ်"
ကျောင်းသားခေါင်းဆောင်တယောက်က လက်မြှောက်ရင်း အော်ပြောသည်။
"အေးဟေ့၊ ကောင်းတယ်"

ကျောင်းသားထု အသံက ဆူညံသွားသည်။ ပြီးတော့ တရွေ့ရွေ့နှင့် အဓိပတိလမ်း တံခါးဝနား ရောက်လာသည်။ ဆရာဦးစံထွန်းသည် ကျောင်းသားထု၏ ရှေ့က ပြေးပြီး အ၀ိုင်းလေး မြေမြင့်ပေါ် တက်လိုက်သည်။ ပြီးတော့ သူ့ခေါင်းက ကက်ဦးထုပ်ကလေးကို မြှင့်ဆောင်းလိုက်ပြီး မျက်မှန်အောက်က ပြုံးသော သူ့မျက်လုံးကို ထုတ်ပြရင်း ကျောင်းသားထုကို လက်နှင့် အရှိန်ရပ်လိုက်သည်။ အားလုံး ရပ်သွားမှ

"တပည့်တို့ကို ကျောင်းပြင် မထွက်စေချင်ဘူးကွာ၊ အခွင့်အရေး တခုခုအတွက် ဆန္ဒပြရင် ကျောင်းထဲမှာ ဘဲ စည်းကမ်းရှိရှိ ဖြစ်စေချင်တယ်။ တကောင်းဘက် မသွားပါနဲ့တော့"
ဆရာဦးစံထွန်း ရပ်နေရာ အ၀ိုင်းလေးပေါ်တွင်လည်း ကျောင်းသားတအုပ် ရှိသည်။ ခပ်နောက်နောက် တယောက်က ဆရာ့ခေါင်းပေါ်က လက်တချောင်းကျော်ပြီး 'အလကားလှိမ့်တာ' ဟူသော ဟန်မျိုးဖြင့် လက်ခါပြသည်။ ကျောင်းသားတွေက ပြုံးလို့။

"ရဲဘော်တို့၊ ဆရာပြောတဲ့စကားက လမ်းကျပါတယ်။ အားလုံး ပြန်ဝင်ကြစေချင်ပါတယ်"
ကိုဗဆွေလေးက ဆရာ့အနားတိုးလာပြီး အော်ပြောလိုက်သည်။ ကျောင်းသားထုက ငြိမ်သွားသည်။ ကျောင်းသားတွေ တဖြည်းဖြည်း များလာလိုက်သည်မှာလည်း အဓိပတိတလမ်းလုံး မဲလို့။

"အေးကွာ၊ ငါ့တပည့်တွေက နားလည်မှု ရှိပါတယ်။ ကျောင်းဝင်းထဲမှာဘဲ စနစ်တကျ လုပ်ကြစမ်းပါ"
ဆရာဦးစံထွန်းက သူ့စကားနားထောင်သော ကျောင်းသားများအတွက် ကျေနပ်သွားဟန်၊ နှစ်နှစ်ကာ ကာ ပြုံးရင်း ပြောသည်။ ကျောင်းသားအားလုံး ဘွဲ့နှင်းသဘင်ကို ပြန်ပြီး မျက်နှာမူလိုက်ကြသည်။
(စာမျက်နှာ ၂၆၀- ၂၆၄)။

"ခေါင်းဆောင်တွေ ဆွဲကုန်ပြီဗျို့"
မန္တလေးဆောင်ရှေ့မှ အသံတသံက စူးစူးရှရှ ထွက်လာသည်"
"ပုလိပ်ကားတွေ ရောက်နေပြီဟေ့"

.....................
......................
......................
......................

"ဘဆွေလေးတို့ ဆွဲသွားပြီဗျ။ ခင်ဗျာ့ ကိုတင်ထွန်းကြီးလဲ ပါသွားပြီ ဟိုမှာမြင်လား။ ပုလိပ်ကားတွေ ထွက်သွားပြီ။ အဲဒီပေါ် ပါကုန်ပြီဗျ"
ကိုမောင်မောင်က ဆို့ဆို့နင့်နင့် ပြေးလာရင်း ပြောသည်။ ခင်ညိုလည်း ဘာလုပ်ရမည် မသိတော့။
"ရဲဘော်တို့ ကျုပ်တို့ခေါင်းဆောင်တွေကို ဟိုကောင်တွေ ၀င်ဆွဲသွားပြီဗျ"

.........................
..........................
.........................

"ရဲဘော်တို့၊ ပုလိပ်တွေ ထပ်ရောက်လာကုန်ပြီ။ အတင့်မရဲကြနဲ့ဟေ့၊ မျက်ရည်ယို ဗုံးတွေလဲ ပါတယ်။ သတိရှိကြပါ"

....................
....................
....................

မကြာလှပါ။ ဗုံးမိုးသည်းထန်စွာ ရွာပါတော့သည်။ ခင်ညိုတို့လည်း ခုမှပင် ရေစိုအ၀တ်၏ တန်ဘိုးကို နားလည်တော့၏။ ဗုံးလုံးတွေက သိပ်ပြီး အရှိန်ပြင်းလှသည် မဟုတ်သောကြောင့် အဂျလာတို့ အုပ်စုက ကလို့ ခုန်လို့ပင် ဗုံးကို ရှောင်သည်။ အနီးအနားလာကျလျှင် ပြန်ကောက်ပြီး ပစ်လိုက်သေးသည်။

..................
..................
.................

ထိုစဉ်တွင် ကျောင်းသားတစုသည် ဆရာကာ အိမ်တွင်းမှ ဗော့က်စ်ဝဂ်ဂွန်ကား အနီရဲရဲလေးတစင်းကို တွန်းလာကြ၏။ ဘွဲ့နှင်းသဘင် တံခါးမကြီးအထိ။
တံခါးမကြီးရှေ့အရောက်တွင် ကားကို ပက်လက်လှန်လိုက်ကြ၏။ ပြီးတော့ မီးရှို့ပစ်လိုက်ကြ၏။
ကားနီနီလေးနှင့်အတူ မီးတောက်ကရဲရဲ။ လက်ခုပ်သံ ဆူညံ အော်ဟစ်သံတွေကလည်း တသဲသဲ။
အော် သွေးဆူနေကြချိန်တကား။
ဒါနှင့် မနားသေးပေ။ နောက်ထပ် ကျောင်းသားတစုက ကားပြာလေးတစီး ထုတ်လာပြန်သည်။ သည်လိုပင် အိမ်ရှေ့အရောက် လှန်ပြီး မီးရှို့လိုက်ကြပြန်သည်။
ထိန်းနိုင် ဦးဆောင်နိုင်သည့် ခေါင်းဆောင်တွေလည်း မရှိတော့ပြီ။ သည်အချိန်တွင် အသံကျယ်ကျယ် ရဲရဲတင်းတင်းနှင့် ရှေ့ကရှောက်သူသာ ခေါင်းဆောင် ဖြစ်တော့၏။
ကားနှစ်စီး မီးတောက် ငြိမ်းသောအခါတွင်ကား ကျောင်းသားတွေသည် အစုလိုက် အစုလိုက် ခြေပစ်လက်ပစ် ထိုင်နေကြတော့သည်။ တချို့က အဓိပတိ လမ်းမပေါ်မှာ။ တချို့တွေက မြက်ခင်းဆီမှာ။
အဓိပတိ ၀င်းတံခါးမကြီးကတော့ ပိတ်ထားဆဲ။ အထဲတွင် ကျောင်းသားတွေ ငြိမ်သူငြိမ်၊ လှုပ်ရှားသူ လှုပ်ရှား၊ စကားများသူ များနေသော်လည်း သံတံတိုင်းအပြင်တွင် စစ်ကားတွေ စီရရီနှင့်။
ခင်ညိုတို့တတွေလည်း အာညောင်း လက်ညောင်းမို့ အဓိပတိ ကပ်တရာလမ်းမပေါ်တွင် နှစ်နှစ် ခြိုက်ခြိုက် လှဲနေလိုက်ကြသည်။
တောင်ဆီမှာတော့ မိုးတွေညို့လို့။
မိုးသေးမိုးဖွဲလေးတွေကလည်း လွမ်းလောက်စရာ။ မရဲတရဲ ရွာနေပြန်သည်။ ခင်ညို့ မျက်နှာပေါ်တွင် မိုးသီးလေးတွေ ကွက်ကျားစိုလျက် ရှိနေ၏။ မှောင်ရီပင် သန်းလာချေပြီ။

.......................
.......................
.......................

"ဟိုရဲဘော် ကြည့်ပါအုန်းဗျာ၊ တံခါးဝက အုတ်ခုံပေါ်မှာ"
ချစ်ဆွေပြော၍ အားလုံး လှည့်ကြည့်လိုက်သောအခါ ကျောင်းသားတယောက် ခါးတောင်း မြှောင်အောင် ကြိုက်ပြီး အုတ်ခုံမြင့်ပေါ်တွင် ထိုင်အော်နေသည်ကို တွေ့၏။
မကြာလိုက်ပါ။
ခင်ညိုတို့တတွေ ခေါင်းပြန်မလှည့်မီမှာပင် ရန်ကုန်တက္ကသိုလ်ကြီးအတွက် အခြေအနေ အားလုံး ပြောင်းလဲစေလိုက်မည့် ပထမဆုံး သေနတ်သံကို ကြားလိုက်ရပေသည်။ ပြီးတော့ ဆက်၍ ဆက်၍။

......................
.......................
......................

သည်လိုနှင့်ပင် တည ချုပ်ခဲ့ရသည်။ နှစ်ရက်ဆက်ပြီး အသံပေါင်းစုံလျှံ ဂယက်ညံနေသော တက္ကသိုလ်ကြီးသည် ပကတိ ငြိမ်သက်သွားသည်။
ညတကာရဲ့ ညပေဘဲ။
ရေဒီယိုက တက္ကသိုလ်နှင့် ကောလိပ်များကို ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ကြောင်း ကျေညာ လေသည်။
တညလုံး အိပ်မရသော အတွေးကြောင့် ခင်ညို တလူးလှိမ့်လှိမ့် ခံစားနေရသည်။ အိပ်ရေးပျက် မခံသော ၀င်းမောင်ကြီးပင် တလှုပ်လှုပ် ဖြစ်နေသည်။ နှစ်ယောက်သား အံကြိတ်ရင်း အတွေးကိုယ်စီနှင့် ငြိမ်နေမိကြသည်။
ည ၂ နာရီထိ မီးဖွင့်ထားသော်လည်း သည့်နောက်တွင် မီးပိတ်ပြီး ဆိတ်ငြိမ်ခြင်း အာရုံကို ၀င်စား နေမိလိုက်သည်။ နက်ဖြန်ဆို အိမ်ပြန်ရတော့မည်။
ဘယ်အချိန် အိပ်ပျော်သွားသည်မသိ။ '၀ုန်း' ဆိုသော အသံကြီးနှင့်အတူ မြေတုန်ပြီး အဆောင်လှုပ်ခါ သွားတော့မှ ခင်ညို အိပ်ရာက နိုးတော့သည်။
နိုးသည်ဆိုတော့လည်း အဆောင်လှုပ်ခါမှု အရှိန်ကြောင့် ခင်ညိုတို့ နှစ်ယောက်လုံး ကုတင်အောက် ရောက်သွားသည်။
"အဆောင်ကြီး ပြိုပြီထင်တယ်ဗျ"

...............................
...............................
...............................


"လာဗျာ၊ ခြေသံတွေလဲ ကြားတယ်၊ ထွက်ကြည့်ရအောင်"
အခန်းပြင်ရောက်သော အခါတွင်ကား ယူနီယံဘက်ကို ငေးကြည့်နေသည့် ကျောင်းသားများကို တွေ့ရသည်။
"ဟင်"

တကသ အဆောက်အဦးကြီး မရှိတော့ပြီ။ ခင်ညို့ ရင်ထဲတွင် ဟာသွားတော့သည်။
"ဖိုးခင်ညို အပေါ်ထပ်သွားကြည့်ရအောင်"
ဘယ်အချိန်က သူ့အနား ရောက်နေသည်မသိ။ ချစ်ဆွေက သူ့လက်ကို ဆွဲခေါ်သွားသည်။ အဆောင်ပေါ်တွင်လည်း အမိုးအုတ်ကြွတ်တွေ ဖွာလျာကြဲနေသည်မို့ ရှောင်ကွင်း သွားရသည်။
"ဟိုမှာ ကြည့်စမ်းဗျာ ဖုံငွေ့တွေပဲ ရှိတော့တယ်"
ချစ်ဆွေလှမ်းပြ၏။ ခင်ညို ကြည့်လိုက်သောအခါ အငွေ့တထောင်းထောင်းနှင့် အုတ်ပုံကြီးသာ မြင်တော့ သည်။ သံဘောင်ကြီးတွေ ထိုးထိုးထောင်ထောင် ထွက်နေသည့်ကြားက အငွေ့တွေ........။

(စာမျက်နှာ ၂၇၀- ၂၇၇)
'အောင်ပြည့်' ရဲ့ 'ပြိုမှာလေားမိုးရဲ့' စာအုပ်မှ။

Monday, June 28, 2010

ယာတောကသာဗျောရဲ့ အဝေးက ပေးစာတစောင်
ရေးသူ- ယာတောကသာဗျော



အဝေးကပေးစာတစောင်

ရွေးကောက်ပွဲခါတော်မီစာစောင်နဲ့ကလောင်ရှင်တွေ
၂၀၁၀ခုနှစ်။ ဇွန်လ ၂၉ရက်။

ကိုဟိုဒင်းရေ-

ကျနော်တို့နိုင်ငံမှာ စစ်အစိုးရကရွေးကောက်ပွဲလုပ်မယ်လို့ ဆိုလိုက်တာနဲ့ ဗမာပြည်မှာ ဂျာနယ်မဂ္ဂဇင်းအသစ်တွေ၊ စာရေးသူတွေ ခါတော်မှီပေါ်လာကြတာရှိသလို နိုင်ငံရေးဆောင်းပါးဆိုတာတွေ အမြောက်အမြားကိုလည်းတွေ့ရ၊ ဖတ်ရ သဗျ။ ဒါဟာမဆန်းတဲ့ဖြစ်စဉ်မို့ ကျနော်လည်းဘာမှမပြောပဲ နေလိုက်မလို့ပါပဲ။ ဒါပေမဲ့ ဒီအဖြစ်ကိုထောက်ပြပြီး တချို့ လူတွေက ဒါကိုကပဲ ဗမာပြည်မီဒီယာမှာ ဒီမိုကရေစီပွင့်လန်းလာတာကို ထင်ဟပ်နေသလိုလို ပြောတာ၊ ရေးတာ၊ အသံ လှိုင်းပေါ်မှာဆွေးနွေးတာတွေကို တွေ့လာရလို့ ကိုယ့်အမြင်လည်းဖော်ပြချင်သလိုလို လက်ယားလာတာနဲ့ ဒီစာကို ရေးလိုက်တာပဲဗျာ။
နိုင်ငံရေးလောကမှာ ဗိုလ်သိန်းစိန်လို လူဝတ်လဲဗိုလ်ချုပ်နိုင်ငံရေးသမားကအစ နိုင်ငံရေးသမားအသစ်၊ အဟောင်း၊ နိုင်ငံရေးသမားဟောင်းသားသမီးစသဖြင့် မျက်နှာသစ် မျက်နှာဟောင်းတွေ အစီအရီပေါ်ထွက်လာသလို ဂျာနယ် မဂ္ဂဇင်းတွေမှာလည်း ကလောင်သစ်၊ ကလောင်ဟောင်း၊ ကလောင်မျိုးစုံပေါ်လာတာကိုတွေ့ရတယ်။ ကလောင်သစ်တွေ ထဲမှာ ကိုယ့်အမြင်ကိုယ်ဖော်ထုတ် ရေးသူတွေတွေ့သလောက်တော့ တွေ့ရပါရဲ့၊ နအဖကရေးခိုင်းတဲ့အတိုင်း၊ ချပေးတဲ့အတိုင်းရေးနေသူတွေကလည်း မနည်းဘူးဆိုတာသတိထားမိတယ်။ အလားတူပဲ တချို့ကလောင်ဟောင်း တွေဟာလည်း နအဖကရေးခိုင်းလို့ စိတ်မသက်သာနဲ့ ရွေးကောက်ပွဲဝင်သင့်ကြောင်းရေးနေရတဲ့ ပုံတွေ့ရတယ်။ စုံသလိုလိုတော့ရှိသပေါ့ဗျာ။ ဒါ့အပြင် သူတို့မပါရင် အစိုးရလက်ရာမမြည်ဘူးလို့ဆိုရမယ့် ခေတ်အဆက်ဆက်က လက်နက်ချပေါင်းစုံရဲ့ “ယခုအထိနဂိုစိတ်ဓာတ်အတိုင်းလက်နက်ချလျက်ရှိကြောင်းပါ”ဆိုတဲ့ ဆောင်းပါးရှင်များလည်း ပါသပေါ့ဗျာ၊ ဒါပေမဲ့ ဘယ်သူတွေ၊ ဘယ်လိုပဲရေးရေး နအဖရဲ့သဘောထားကိုဆန့်ကျင်ပြီးရေးခွင့်မရဘူးဆိုတာကတော့ ထင်အရှားနေသဗျ။

ကျုပ်တို့နိုင်ငံမှာက လွတ်လပ်ရေးနဲ့ပြည်တွင်းစစ်နဲ့ဟာ အမြွာလိုမွေးလာတာဆိုတော့ အုပ်စိုးသူတွေကအတိုက်အခံ အင်အားစုတွေကို သည်းညည်းမခံတဲ့အလေ့က တပါတည်းပါလာတယ်လို့ ဆိုရမလားမသိဘူး။ ဖဆပလအစိုးရ လက်ထက်မှာ ပြည်တွင်းစစ်ကိုအကြောင်းပြုပီးအပေါ်စီးက နေလာ၊ နိုင်ငံရေးကိုချယ်လှယ်လာတဲ့ နောက်မှာစစ်အုပ်စုတခု ရယ်လို့ ပီပီမြည်မြည်ဖြစ်လာတဲ့ ဗိုလ်နေ၀င်း-ဗိုလ်မောင်မောင်-ဗိုလ်အောင်ကြီးတို့ရဲ့ ဆိုရှယ်လစ်ပါတီအနွယ် စစ်တပ် ထိပ်သီးတွေဟာ မြ၀တီမဂ္ဂဇင်းကိုထုတ်တာကအစ စာပေလောကကိုဝင်ချယ်လှယ်တဲ့ အစဉ်အလာလုပ်ခဲ့တယ်။ အဲဒီ အစဉ်အလာဟာု မဆလခေတ်မှာ စနစ်တခု၊ အဆောက်အအုံတခုလိုတောင်ဖြစ်လာပြီး ရှေ့သို့၊ လမ်းစဉ်၊ နိုင်ငံတကာ့ ရေးရာ စသဖြင့် ၀ါဒဖြန့်စာစောင်တွေ ထုတ်လိုက်တာ ပလူကိုပျံနေတာပဲမဟုတ်လားဗျာ။ သတင်းစာဆိုရင်လည်း အား လုံးဟာ အစိုးရပိုင်။ မှတ်မိတယ်မဟုတ်လားဗျာ။ စာရွက်တွေဆိုတာလည်း ကောင်းမှကောင်း၊ မင်ကျမင်နကလည်း ထိပ် တန်း၊ ဘလောက်တွေဘုံပေါလအောနဲ့၊ ပြင်ပကြော်ငြာကိုလက်မခံတဲ့ စာစောင်တွေလေဗျာ။ ဌာနတွေ၊ စစ်တပ်တွေကို အလကားပေး၊ ပိဿာချိန်ရောင်းတဲ့နေရာတွေမှာတောင်ပုံရာပုံ။ တိုင်းပြည်ရဲ့အခွန်ငွေတွေကိုထင်သလို လုပ်ခဲ့ကြ တာတွေလေ။ တချိန်တည်းမှာ ကျောင်းသုံးစာအုပ်တွေကတော့ စာရွက်အမျိုးအစားရော၊ မင်ကျမင်နရော ညံ့ဖျင်း စုတ်ပြတ်လာလိုက်တာ ကိုင်ကြည့်ချင်စရာမကောင်းဘူးမဟုတ်လားဗျာ။

အဲဒီ မဆလရဲ့ဝါဒဖြန့်ယန္တရားကြီးထဲမှာ ကိုယ့်ကလောင်၊ ကိုယ့်ဂုဏ်သိက္ခာကိုပုံအောခဲ့ကြတဲ့ စာရေးဆရာကြီးငယ် တွေကိုရော ခင်ဗျားမှတ်မိတယ်မဟုတ်လား။ တချိန်ကလျှမ်းလျှမ်းတောက်ခဲ့တဲ့ သိန်းဖေမြင့်ဆိုတဲ့ ကလောင်နာမည် လိုဟာကအစ ကလောင်ပေါက်စတွေ၊ ယူနီဖောင်းဝတ်ကလောင်၊ အမှုထမ်းကလောင်တွေ အကုန်မြောင်းထဲရောက်ကုန် ရတယ်မဟုတ်လား။ အဲဒီခေတ်ကတည်းက စစ်အစိုးရကိုဖားပြီးရေးတဲ့ တချို့ကလောင်ရှင်တွေ ဒီနေ့ကာလမှာလည်း နအဖကိုဖားပြီးရေးနေကြတာ တွေ့ရပြန်ပါပြီ။ စာဖတ်သူတွေကသူတို့ကို ရွံမုန်းလိုက်ပုံများ အနူအ၀ဲထက်ဆိုးပါတယ်။

ဒီလိုနဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်း။ န၀တလက်ထက်ကျတော့လည်း စစ်အာဏာရှင်တွေဟာ ဒီလမ်းကိုဆက်လျှောက်ခဲ့တာပါပဲ။ ဒီပုဆိုးဝတ်ရင်ဒီချေးပါရတယ်ဆိုတာလို အာဏာရှင်လမ်းလိုက်ရင် ဒီလိုပဲဝါဒဖြန့်ချိရေး ယန္တရားကို အသေဆုပ်ကိုင်ပြီး ငါ့စကားနွားရ လုပ်ရတာပဲနဲ့တူပါတယ်။ စပ်မိလို့ ဘာမှမဝေးသေးတဲ့ကိစ္စတခုကို ပြောရဦးမယ်ဗျာ။ မြက်ခင်းသစ်မဂ္ဂဇင်းဆိုတာကို မှတ်မိမှာပေါ့။ န၀တက အပြတ်ကြမ်းပြ၊ ရမ်းပြနေတဲ့ အချိန်ဆိုတော့ ၀င်ရေးလိုက်ကြတဲ့ လက်နက်ချတွေ၊ ခြံကူးတွေမနည်းပေါင်ဗျာ။ သူတို့လောကမှာ မြက်ခင်းသစ်ထဲ ၀င်မရေးရင် ခေတ်မမီဘူးဆိုတဲ့အဆိုတောင် ရှိနေသလားအောက်မေ့ရတယ်။ တချို့ကတော့လည်း ကျွဲကူးရေပါဆိုသလို မြက်ခင်းသစ် ကနေတဆင် စာပေလောကထဲကို ခွေးတိုးပေါက်ကနေ ၀င်ခွင့်ရသွားမယ်လို့ထင်ခဲ့ကြသတဲ့ဗျ။ နောက်ဆုံးတော့ သူတို့ဘာဖြစ်သွားသလဲ။ ခွေးတိုးပေါက်ဝင်းသူ၊ မြက်ခင်းသစ်စားသူတွေပဲဖြစ်သွားတယ်မဟုတ်လား။ အဲ- မြက်ခင်း သစ်လည်းပျောက်ရော သူတို့ စားကျက်လည်းပျောက်ရောဖြစ်တော့တာပဲလေဗျာ။

ဒီလိုဆိုတဲ့အတွက် နအဖအစိုးရဟာ အဲဒီသင်ခန်းစာတွေကို မယူခဲ့ပါဘူး။ နောက်ကနွားလား စိုက်စိုက်လိုက် တာပါပဲ။ သူတို့လည်း သူတို့ကိုလျှာကုဋေနဲ့ချီးမြှောက်မယ့်ကလောင်ရှင်တွေ မွေးတော့တာပါပဲ၊ အဝေးမှခစားသူနဲ့ အနီးမှ ခစားသူ၊ အမျိုးမျိုးပေါ့ဗျာ။

ဒီတနှစ်လောက်အတွင်း ထွက်လာတဲ့တချို့ဂျာနယ်မဂ္ဂဇင်းတွေကတော့ ဒီရွေးကောက်ပွဲအတွက်တမင်ထွက်လာ တာမှန်း တယ်လဲသိသာသကိုး၊ နောသင်းစတားတို့၊ မော်နီတာတို့ဆိုတာတွေကို ကျနော်တော့ နအဖရဲ့မြက်ခင်းသစ်တွေ လို့ပဲဆိုလိုက်ချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီဂျာနယ်တွေထဲမှာ တခြားနိုင်ငံရေးနဲ့မပတ်သက်တဲ့ဆောင်းပါးတွေပါပေမဲ့ အဓိကအားဖြင့်ကတော့ ဖဆပလ၊ ဗကပအပါ အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်အပါအ၀င် အတိုက်အခံအားလုံးကို တိုက်ခိုက် တာပဲဗျ။ ဖဆပလဆိုရာမှာ စစ်အုပ်စုကိုထောက်ခံအားပေးခဲ့တဲ့ တည်မြဲဖဆပလကိုတော့ ညှာညှာတာတွယ်သဗျ။ ပထစ ကိုတော့ ရစရာမရှိအောင်တွယ်တယ်။ တိုင်းရင်းသားအဖွဲ့အစည်းနဲ့ ခေါင်းဆောင်တွေကိုလည်း ချမ်းသာမပေးဘူး၊ ဟိုတခေတ်ကရွေးကောက်ပွဲတွေမှာ နိုင်ငံရေးသမားတွေဘယ်လိုညစ်တယ်၊ စစ်တပ်ကိုဆွဲထည့်တယ်၊ ဒါပေမဲ့စစ်တပ်က ကင်ကင်းနေတယ် စသဖြင့်ပေါ့ဗျာ။ စစ်တပ်ကပါဝင်ပြီး သတ်ခဲ့တာ၊ ခြိမ်းခြောက်မဲထည့်ခိုင်းခဲ့တဲ့ ကိစ္စတွေကိုတော့ သူတို့ကမရှိဖူးလေဟန် ဖျောက်ထားကြတယ်လေဗျာ။ ကိုယ့်ပစပ်ကထွက်တာဟာသမိုင်းပဲလို့ လုပ်နေကြတဲ့ အဲဒီအထဲက တချို့သောဆောင်းပါးရှင်တွေဟာ ထောက်လှမ်းရေးအဆက်ဆက်က သိမ်းဆည်းထားတဲ့ ဖိုင်တွဲတွေထဲကဟာတွေကို ပြန်ထုတ် အသုံးချနေတာကိုလဲတွေ့ရတယ်။ ထောက်လှမ်းရေးဖိုင်ကို ဖွင့်ကြည့်နိုင်တဲ့ကလောင်ရှင်ဆိုတာဟာ ဘယ်လိုလူ ဖြစ်မလဲ စဉ်းစားသာကြည့်ပေတော့ မိတ်ဆွေကြီးရေ့။

ဒီလိုနဲ့ တခါမတော့ အဲဒီလိုအတိတ်ကိုလှန်၊ နိမိတ်ကိုကြံဖန်ပြီးရေးနေကြတဲ့ ဆောင်းပါးတခုကိုဖတ်ရင်း ကျနော် ပြုံးမိသွားတယ်။ အဲဒါက ဆရာစံအကြောင်းရေးတယ်ဆိုပြီး ကိုလိုနီအင်္ဂလိပ်ကို (လက်ရှိအင်္ဂလိပ်အစိုးရကို အမြီး၁ရှိတဲ့ ကောင်တွေရိပ်မိကြလို့ပြောရင်း) အပုပ်ချတာပေါ့ဗျာ။ ထုံးစံအတိုင်း အင်္ဂလိပ်ကိုအသားကုန်ဆော်တာပဲ။ နို့ပေမဲ့ ပြဿနာက သူတို့ဂျာနယ်ရဲ့နာမည်လေဗျာ။ ဗမာပြည်ကထုတ်တဲ့ ဗမာဘာသာဂျာနယ်ရဲ့နာမည်က အင်္ဂလိပ်လိုကြီးလေ။ မိုက်တယ်နောကိုဟိုဒင်း။ သူများကျတော့ နယ်ချဲ့ကိုအဖေခေါ်တာတို့၊ နယ်ချဲ့ယဉ်ကျေးမှုကိုအထင်ကြီးတာတို့ ပုဒ္မမျိုးစုံ တပ်ပြီးတွယ်တယ်။ ကိုယ်တိုင်ကတော့ အောက်သွားမရှိဘူးလေ။

ဒီတခေါက်ဒါလောက်ပဲရေးဦးမယ်ဗျာ။ နောင်ရေးစရာတွေ့ရင် ထပ်ရေးပါဦးမယ်။

ဘယာဘေးကွာဝေးကြပါစေ။

ယာတောကသာဗြော

Wednesday, June 9, 2010

တံဆိပ်တပ်တဲ့ ၀ါသနာ
ရေးသူ- လူထုစိန်ဝင်း




တပည့် ကျောင်းသားဟောင်းတယောက်က နယ်မှာ ကျောင်းဆရာ လုပ်ပါတယ်။ သူ့ကျောင်းက စာကြည့်တိုက်အတွက် အလှူခံလို့ စာအုပ်တချို့နဲ့ ဂျာနယ်များ လှူလိုက်ပါတယ်။ လှူတဲ့အထဲမှာပါတဲ့ ဂျာနယ် တစောင်ကိုတွေ့တော့ သူက အံ့သြတဲ့ မျက်နှာပေးနဲ့ 'ဒီဂျာနယ်လည်း ဖတ်တာပဲလား ဆရာ' လို့ မေးလိုက် ပါတယ်။ ပြီးတော့ တဆက်တည်း 'ဆရာနဲ့ အယူအဆ ပြဒါးတလမ်း၊ သံတလမ်း မဟုတ်လား' လို့လည်း ပြောလိုက်ပါသေးတယ်။


မတူတာ ပိုဖတ်သင့်တယ်

သူပြောတဲ့ ဂျာနယ်နဲ့ အယူအဆချင်းက တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းလောက် ခြားနားတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အယူအဆတူတဲ့ စာမျိုးထက် မတူတဲ့ စာမျိုးကို ပိုတောင်ဖတ် သင့်တယ် ထင်ပါတယ်။ မတူတဲ့ ရှုထောင့်ကကြည့်တဲ့ မတူတဲ့ အမြင်ကနေ ပေါ်ထွက်လာတဲ့ မတူတဲ့ အတွေးတွေ၊ မတူတဲ့ အကြံအစည်တွေကို သိရတာ ကိုယ့်အတွက်လည်း အကျိုးမရှိနိုင်ဘူးလား။ ကိုယ်နဲ့ အကြိုက်ချင်း မတူတာနဲ့၊ အယူအဆချင်းမတူတာနဲ့ မကောင်းဘူး၊ မမှန်ဘူးလို့ သဘောမထားအပ်ပါဘူး။ အယူအဆ မတူပေမယ့် ကိုယ်ကျိုးစီးပွါးနဲ့ ရပေါက်လမ်း အခွင့်အရေးကို မျှော်ကိုးပြီးရေးသားတာမျိုး မဟုတ်ဘဲ သူ ကိုယ်တိုင် အမှန်တကယ် ယုံကြည်လို့ ရေးတာမျိုးဆိုရင် ဘယ်လောက်ပဲအယူအဆ ကွဲနေနေ တလေးတစား သဘောထား ရမှာပဲ။ စာကိုသာ မဟုတ်ဘူး။ လူကိုလည်း လေးစားရမှာပဲ ဖြစ်တယ်။ ကိုယ့်အတွက် ရပေါက်ရလမ်း အကျိုးအမြတ်ကို မျှော်ကိုးပြီး ရေးတဲ့သူနဲ့ သူရေးတဲ့ စာကိုတော့ သိဖို့လောက်သာ ဖတ်ပြီး လေးစားစရာ မလိုပါဘူး။ လေကုန်ခံပြီး ပြောနေစရာလည်း မလိုပါဘူး။ ခေတ်အမျိုးမျိုးကို ဖြတ်သန်းလွန်မြောက်လာခဲ့ပြီး အဖြစ်မျိုးစုံ ကြုံတွေ့ဘူးတဲ့ မြန်မာစာဖတ်ပရိသတ်က အင်မတန် အကင်းပါးပါတယ်။ 'ပါးစပ်ဟလိုက်တာနဲ့ အထဲမှာ အူဘယ်နှခွေရှိတယ်' ဆိုတာ ကောင်းကောင်းမြင်တတ်ပါတယ်။ စာဖတ်ပရိသတ်က အလေ့မလုပ်တော့ လို့ စာပေသင်္ချိုင်းကို အသက်ရှင်လျက် ရောက်သွားတဲ့သူတွေ ခေတ်အဆက်ဆက်မှာ မနည်းလှပါဘူး။ ကိုယ့်သမိုင်း ကိုယ်ရေးတယ်ဆိုတာ စာရေးဆရာမှ တကယ်ဟုတ်တာ။

သမိုင်းရဲ့ အမှိုက်ပုံကြီးထဲ ရောက်သွားသူတွေ

နိုင်ငံရေးသမား အပြောမှားတာက ငြင်းလို့ရသေးတယ်။ နောက်မှ ပြင်ပြောလို့ ရသေးတယ်။ 'ကျွန်တော်က ဒီအဓိပ္ပါယ်နဲ့ ပြောတာ မဟုတ်ပါဘူး' လို့ ထေးလို့ ရသေးတယ်။ ဒါတောင်မှ သွေးနထင် အရောက် လွန်ပြီး နှုတ်မစောင့်စည်းမိတာကြောင့် မနက်ကတင် ဟီးရိုး ဖြစ်နေရာက ညနေကျတော့ ချက်ချင်းကြီး ဗီလိန်ဘ၀ ရောက်သွားပြီး ပရိသတ်ရဲ့ ရွံ့ရှာ ပစ်ပယ်ခြင်းခံလိုက်ရတဲ့ သာဓကတွေလည်း ရှိသေးတယ်။ နှုတ်ကြောင့် သေတဲ့ အဖြစ်ပေါ့လေ။ စာရေးဆရာကျတော့ စာရွက်ပေါ်မှာ အဖြူအမည်းနဲ့ မှတ်တမ်းတင် ကျန်ရစ်ခဲ့တာဆိုတော့ လိမ်လို့လည်း မရ၊ ငြင်းလို့လည်း မရတော့ဘူး။ ဒီလိုနဲ့ပဲ စာအရေးအသား အင်မတန်ကောင်းပြီး စာကောင်းတချို့ ရေးသားနိုင်ခဲ့တဲ့ စာရေးဆရာ အတော်များများ 'သမိုင်းရဲ့ အမှိုက်ပုံကြီး' ထဲ ရောက်ရှိသွားတာမျိုးတွေလည်း တွေ့ရပါတယ်။ စိတ်မကောင်းစရာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာလူမျိုးများရဲ့ စိတ်ယဉ်ကျေးမှု အထက်တန်းကျပုံက မှားခဲ့မိတာကို အမှန်တကယ်သိမြင်ပြီး ရိုးသားစွာနဲ့ မှားခဲ့မိကြောင်း တောင်းပန်ပြုပြင်လိုက် ရင်ဖြင့် အာဃာတ လုံးဝမထားတော့ဘဲ ခွင့်လွှတ်လက်ခံ ဆက်ဆံနိုင်ကြတာပဲ ဖြစ်တယ်။ အမှန်တကယ် ရိုးသားတယ်လို့ ယုံကြည်ဖို့သာ လိုပါတယ်။

တံဆိပ်တပ်တဲ့ ၀ါသနာ

'ကျွန်တော်တော့ ဒီဂျာနယ်လည်းမဖတ်ဘူး၊ ဟို စာရေးဆရာလည်း မဖတ်ဘူး။ သူတို့က အလိုတော်ရိ တွေမှန်း သိသာနေတာပဲ ဆရာရဲ့'
ကျောင်းသားဟောင်း ဆရာလေးက သူ့အမြင်၊ သူ့သဘောထားကို ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။ ဒါက စာဖတ်ပရိသတ်ရဲ့ အခွင့်အရေးပဲလေ။ ကြိုက်တာကို ဖတ်မယ်၊ မကြိုက်တာကို မဖတ်ဘူးပေါ့။ စာနယ်ဇင်းသမား ကျတော့ စာဖတ်ပရိသတ်လို ရွေးချယ်ခွင့် မရှိဘူး။ ကြိုက်လည်း ဖတ်၊ မကြိုက်လည်းဖတ်ပဲ။ မကောင်းတာကို လည်း ဘာက ဘယ်လို မကောင်းတာလဲဆိုတာကို စာဖတ်ပရိသတ်အတွက် ပြောဖို့ လိုအပ်တဲ့အခါ ပြောနိုင်ဖို့အတွက် ဖတ်ရတာပဲ။ ဆရာလေးပြောတဲ့ ဂျာနယ်ရဲ့ အယူအဆတွေဟာ လုံးဝ ဆန့်ကျင်ဘက်ဖြစ်တာ မှန်ပေမယ့် ဒါက သူတို့ရဲ့ ယုံကြည်မှုပဲ။ လူတိုင်းမှာ လွတ်လပ်စွာ ယုံကြည်ခွင့် ရှိပါတယ်။ ကိုယ်နဲ့ မတူတာနဲ့ဘဲ မမှန်ဘူး။ မကောင်းဘူးလို့ ဘယ်ပြောလို့ ရမှာလဲ။ ကိုယ်က သူ့ကို မှားတယ်လို့ပြောရင် သူကလည်း သူမှန်ပြီး ကိုယ်မှားတယ်လို့ ပြန်ပြောမှာပဲလေ။ အယူအဆ ဘယ်လိုကွဲကွဲ သူတို့ ဂျာနယ်ဟာ ဂျာနယ်ကောင်းတစောင်ပဲ။ လူပြိန်းကြိုက် သည်းခြည်ခိုက် စာတွေနဲ့ စာဖတ်ပရိသတ်ကို မစော်ကားဘူး။ ပြီးတော့ သတင်းတွေလည်း စုံတယ်။ တင်ပြပုံ တင်ပြနည်းတွေလည်း ကောင်းတယ်။ သိက္ခာရှိပါတယ်လို့ တပည့်ဟောင်းကို ရှင်းပြလိုက်ပါတယ်။ ပြီးတော့ ဘယ်သူ့ကိုဖြစ်ဖြစ် အလွယ်တကူ 'တံဆိပ်တပ်' တာမျိုး မလုပ်ဖို့လည်း ပြောလိုက်ရပါသေးတယ်။ 'အလိုတော်ရိ' လို့ သူက ပြောခဲ့တာကိုး။

တံဆိပ်တိုင်း မှန်တာမဟုတ်

'တံဆိပ်တပ်' တဲ့အလုပ်ကို ကျွန်တော်တို့လူမျိုးက အတော်ဝါသနာပါပုံ ရပါတယ်။ သူက လက်ဝဲသမားပဲ။ လက်ယာသမားပဲ၊ အချောင်သမားပဲ၊ ပရိုပဲ၊ အင်န်တီပဲ၊ ဂန္ထ၀င်တွေပဲ၊ ပို့စ်မော်ဒန်သမားပဲ၊ အရက်သမားပဲ၊ ဆေးသမားပဲ၊ လမ်းသရဲပဲ၊ ပုံစံခွက်သမားပဲ၊ တိုးတက်တဲ့သူပဲ၊ ဖောက်ပြန်တဲ့သူပဲ စတဲ့ စတဲ့ အခေါ်အဝေါ်တွေ၊ 'တံဆိပ်' တွေ မနည်းပါဘူး။ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်တခု၊ တဆင့်ကြားစကားတခု၊ ကောလဟလတခုကို အခြေပြုပြီး အလွယ်တကူ တံဆိပ်တပ်ပေးလိုက်ကြတာပါပဲ။ အသက် ၇၀ တန်း ရောက်နေပြီဖြစ်တဲ့ ကိုယ်တွေ့အရ ပြောရမယ်ဆိုရင် အဲဒီလို 'တံဆိပ်တပ်'မှု အတော်များများဟာ လုံးဝမမှန်တာတွေ ဖြစ်တယ်ဆိုတာ ပါပဲ။ လူတော်တော်များများက လက်ဝဲသမားပဲ၊ ကွန်မြူနစ်ပဲ၊ မတ်ဝါဒီပဲလို့ 'တံဆိပ်တပ်' ပေးထားကြသူ အများစုဟာ လုံးဝ လက်ဝဲတွေမဟုတ်၊ ကွန်မြူနစ်ဝါဒီတွေ မဟုတ်ဘူးဆိုတာကို နောက်ပိုင်း သူတို့ရေးတဲ့ နိဗ္ဗိန္ဒစာတွေ ဖတ်ရတော့ သိသာလာကြရတာပဲ။ လူတွေက သူရဲကောင်းကြီးပဲ၊ ဒါမှမဟုတ် သူတော်ကောင်းကြီးပဲလို့ 'တံဆိပ်တပ်' ပေးခဲ့ကြသူ တချို့ဟာလည်း နောက်ပိုင်းကျတော့မှ 'တံဆိပ်တပ်' ထားသလို မဟုတ်ကြောင်း ပေါ်လာကြရတာပဲ။ ထောင်ထဲမှာ အကြာကြီး နေခဲ့ဖူးလေတော့ အင်မတန်ဆိုးတဲ့ 'တံဆိပ်' တမျိုးကို နေ့စဉ်လိုလို ကြားနေခဲ့ရပါတယ်။ အင်ဖော်မာ (informer) ဆိုတဲ့ တံဆိပ်ပါ။ တဦးတယောက်ကို ကိုယ့်စိတ်က မသင်္ကာဖြစ်လာတာနဲ့ သူက 'အင်ဖော်မာ' ပဲ၊ 'သတင်းပေး' ပဲလို့ တံဆိပ်တပ် ပေးလိုက်တော့တာပါပဲ။

လွယ်လွယ်တံဆိပ်မတပ်နဲ့

ထောင်ထဲမှာ အကြာကြီး နေခဲ့ဖူးလေတော့ အများက 'သူရဲကောင်း' လို့ တံဆိပ်တပ်ပေးထားသူတွေ တကယ်တမ်းကျတော့ 'အင်ဖော်မာ' ဖြစ်လိုဖြစ်၊ အများက 'အင်ဖော်မာ' တံဆိပ်တပ်ပေးထားသူက အမှန်တကယ် ရိုးသားသူ ဖြစ်လိုဖြစ် ဆိုတဲ့ အဖြစ်မျိုးတွေ အများကြီး ကြုံခဲ့ရပါတယ်။ ကိုယ်က သူရဲကောင်းထင်သူက အင်ဖော်မာ ဖြစ်နေခြင်းဟာ ကိုယ့်အတွက် အခိုက်အတန့်သာ ထိခိုက်တာ ဖြစ်ပေမယ့် ရိုးသားသူတွေကို အင်ဖော်မာ တံဆိပ်တပ်လိုက်တဲ့အတွက် အတပ်ခံရသူရဲ့ တဘ၀လုံး ထိခိုက်သွားပြီး ရောက်လေရာအရပ်မှာ လူတကာက သံသယမျက်လုံးနဲ့ ကြည့်တာကို ခံသွားရလေ့ ရှိပါတယ်။ အဲဒါကြောင့် တဖက်သားကို လက်လွတ်စပယ်နဲ့ 'တံဆိပ်တပ်' တာမျိုး မလုပ်သင့်ပါဘူး။ ကိုယ့်စိတ်ထဲမှာ တခုခု မသိုးမသန့် ဖြစ်နေရင် တိတ်တဆိတ် စောင့်ကြည့်၊ အကဲခတ်သင့်ပါတယ်။ ကိုယ်တိုင် အခိုင်အမာ အသေအချာ သိတာမျိုး မဟုတ်ပဲနဲ့ တခြားသူကို ထုတ်မပြောသင့်ပါဘူး။ ရိုးသားသူတယောက်ကို မှားပြီး စွပ်စွဲမိရင် သူ့ခမျာ တဘ၀လုံး ခေါင်းမဖော်ရဲ၊ လူတောမတိုးရဲ ဖြစ်သွားနိုင်ပါတယ်။ ဒီလိုဖြစ်ရင် ကိုယ်လည်း စိတ်မကောင်း ကြီးစွာ ဖြစ်ရတတ်ပါတယ်။
အဲ.. တချို့ကျတော့ သူများက တံဆိပ်တပ်တာ မဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် တံဆိပ်တပ်ကြတာ ဖြစ်တယ်။ ဒီလူမျိုးကိုတော့ 'လူပြောမသန်၊ လူသန်မပြော' လို့ပဲ သဘောထားလိုက်ပါတယ်။ သူတော်စင်များဟာ ကိုယ့်ကိုယ်ကို ရဟန္တာပဲ၊ အနာဂမ်ပဲ၊ သောတာပန်ပဲလို့ ထုတ်ဖော်မြွက်ကြားလေ့ မရှိဘူးလို့ မှတ်သားရဖူးပါတယ်။ 'ကိုယ့်ကိုကိုယ်ဖော် မသူတော်' ဆိုတဲ့ ရှေးလူကြီးသူမတို့ စကား အရှိသားမဟုတ်လား။

လူထုစိန်ဝင်း
၂၀၀၉ ခုနှစ်၊ ဧပြီ ၂၀။
[လူထုစိန်ဝင်းရဲ့ 'ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်- (နိုင်ငံရေးအတွေးအမြင်ဆောင်းပါးများ)' စာအုပ်၊ ပထမနှိပ်ခြင်း၊ ၂၀၁၀ ဇန်န၀ါရီမှ ကူးယူဖော်ပြပါတယ်]