Thursday, July 29, 2010
ကာတွန်းဆရာကို ကာတွန်းဆွဲခြင်း
ရေးသူ- မောင်အေးဝင်း
ကျနော့် သူငယ်ချင်းက ကာတွန်းမောင်မောင်အောင်(နွယ်လေး၊ ပိုးဥ၊ မသဲအူ)။ စာနယ်ဇင်းလောကကို ၁၉၇၀ခုနှစ် ကတည်းက ခြေချလာခဲ့တာ။ သူနဲ့ကျနော် ရင်းနှီးတဲ့၊ သူငယ်ချင်းဖြစ်လာကြတာ အနှစ် သုံးဆယ်ကျော်လာခဲ့ပြီ။ သူနဲ့ ကျနော် စ, သိတဲ့အချိန် (၁၉၈၀) မှာ သူ့လို နာမည်ကျော် ကာတွန်းဆရာတွေ အများကြီး ကျနော်နဲ့ အပေါင်းအသင်း သူငယ်ချင်းဖြစ်တာ။ ကာတွန်းတွေနဲ့ နွှယ်ပြီး ပန်းချီဆရာတွေတောင် ပါလိုက်သေး။
သူ့အကြောင်းမပြောခင် သူ့အသိုင်းအ၀ိုင်းအကြောင်း အရင်ပြောမှ ဖြစ်မယ်။ သူတို့ ကာတွန်းဆရာတွေ ဟာ ရန်ကုန်မြို့ထဲက ဘားလမ်းထဲမှာ စိုးစံတေးသံသွင်းနဲ့ မျက်နှာချင်းဆိုင် ရွှေမင်းသမီး လက်ဘက်ရည်ဆိုင်မှာ နေ့တိုင်း လာစုကြတယ်။ နေ့လည် လက်ဘက်ရည် သောက်ချိန်ဆို နေရာအသီးသီးကနေ အလျှိုအလျှို ရောက်လာကြပြီ။
မောင်ဝဏ္ဏ(သမိန်ပေါသွတ်)၊ မြင့်စိုးလေး၊ ၀င်းထွန်း(ချစ်စရာ) တို့က ၀န်ထမ်းတွေဆိုတော့ သူ့အလုပ် လုပ်တဲ့ ရုံးတွေကနေ လက်ဘက်ရည်သောက်ချိန်မှာ အသီးသီး ရောက်လာကြတယ်။ ကျန်တဲ့ လူတွေကလည်း အိမ်တွေက လာကြတာ။
ကာတွန်းဆရာတွေဟာ လူအများကြီးဆန့်တဲ့နေရာ လက်ဘက်ရည်ဆိုင်ရဲ့ အလည်ခေါင်က ၀ိုင်းကြီးမှာ စုထိုင်ကြတယ်။ တခြား စာပေ အနုပညာသမားတွေနဲ့ ကွာခြားတာက ကိုယ့်အစုလေးနဲ့ကိုယ် တစားပွဲစီ ထိုင်တာ မဟုတ်ဘူး။ အားလုံး စုစုဝေးဝေး တစားပွဲတည်းထိုင်တယ်။ ညီညီညွတ်ညွတ် အင်မတန်ရှိတယ်။ ကြီးသူစကားကို ငယ်သူက နားထောင်တာလည်း သူတို့ရဲ့ ထူးခြားချက်။ အသက်အရွယ်နဲ့ အစဉ်အလာကို အရမ်းလေးစားကြတာ။
ဆရာကြီးဦးဟိန်စွန်း၊ ဆရာဗဂျီအောင်စိုး တို့ကို သူတို့ ၀ိုင်းမှာ တခါတလေ တွေ့တယ်။ ဆရာ ဦးဘထွေး၊ ဆရာဦးစိန် လည်း လာတတ်တယ်။ တခါတလေ ကာတွန်းသက်စု(မချစ်ချစ်) တောင် ယောက်ျားလေးတွေ ကြားလာထိုင်ပြီး စာအကြောင်း ပေအကြောင်း၊ လာရောက် ကြားနာသေးတာ။ ကျနော်က ကိုငွေကြည်၊ ကိုမောင်မောင်(ရွှေမိ)နဲ့ ပါတ်သက်ပြီး သူတို့ အားလုံးနဲ့ ရင်းနှီးလာတာကိုး။ နေ့တိုင်းလိုလို အဲဒီဆိုင်ကို ရောက်ဖြစ်တယ်။ လက်ဘက်ရည်သောက်ကြတယ်။ တိုးတိုးတိတ်တိတ် ဟိုအကြောင်း ဒီအကြောင်း၊ ရီစရာ မောစရာ ပြောတတ်တယ်။
ကိုမောင်မောင်အောင်က အတည်ပေါက်နဲ့ ရီစရာ အင်မတန်ပြောတတ်တဲ့လူ။ သူ့နဲ့ အတွဲက ကိုသစ်ထွဏ်း။ ကိုမောင်မောင်အောင်ရဲ့ မထိတထိ ကလိတာကို ကိုသစ်ထွဏ်းခမျာ မအူမလည် မကြာခဏ ခံရတယ်။ တခါတော့ ကိုသစ်ထွဏ်းက မသောက်တတ် သောက်တတ် သူ ဘီယာသောက်တာ တပုလင်းတောင် ကုန်ကြောင်း ဂုဏ်ယူတာ၊ ကိုမောင်မောင်အောင်က ကိုသစ်ထွဏ်းပြောတဲ့ တပုလင်းဆိုတာ ပို့ကြုံကြွေ့ ပုလင်း ဖြစ်မှာပါတဲ့။ ပို့ကြုံကြွေ့ဆိုတာ လက်သန်းလောက်အရွယ်ရှိတဲ့ တရုတ် သန်ချဆေး ပုလင်းကို သူကပြောတာ။
ကျနော် တဘက် ထိုင်းနိုင်ငံကို ထွက်ပြေးလာရတော့ အမှတ်အရဆုံးဟာ ကိုမောင်မောင်အောင် (နွယ်လေး၊ ပိုးအု၊ မသဲအူ) နဲ့ ကိုမောင်မောင်(ရွှေမိ) ပဲ။ ကာတွန်းတွေ အားလုံးနဲ့ အဆက် အသွယ် ပြတ်သွားရာက အရင်ဆုံးပြန် အဆက်သွယ်ရတာလည်း ကိုမောင်မောင်အောင်ပဲ။ နောက်တော့ သူလည်း အမေရိကကို ရောက်လာခဲ့တယ်။ ရောက်ရောက်ချင်း သူ နယူးယောက်မှာ နေတယ်။ နောက်တော့ ကျနော်ရှိတဲ့ လော့စ်အိန်ဂျယ်လိစ်ကို သူရောက်လာပြီး အတူနေဖြစ်ကြတယ်။ ခုတော့ နယူးယောက် ပြန်ရောက်သွားပြန်ပြီ။
သူ့ဆီက မရေမတွက်နိုင်လောက်အောင် ရီစရာတွေ အများကြီးကြားခဲ့ရတယ်။ ဒီနေ့တော့ သူနဲ့ တယ်လီဖုံး ပြောကြတယ်။ သူက ရီစရာ တခုပြောလို့ ကျနော့်ခေါင်းထဲ "ကာတွန်းဆရာကို ကာတွန်းဆွဲခြင်း" ဆိုပြီး ရေးစရာ ခေါင်းစဉ်တခု ပေါ်လာတာပဲ။ တကယ်တော့ သူပြောတာ သူ့ကို ခွေးလိုက်ဆွဲတဲ့ အကြောင်း။ "ကာတွန်းဆရာကို ခွေးဆွဲခြင်း" ပေါ့။
သူ နယူးယောက်ကနေ LA ကို မလာခင် ဖလော်ရီဒါမှာ ခဏနေသေးတာ။ အဲဒီမှာ သူ့ကို ခွေးလိုက်ဆွဲတာတဲ့။
သူက ဘောင်းဘီတိုနဲ့ လမ်းလျှောက်လာတုန်း တနေရာမှာ လူတယောက်က ၀ိုင်ခွက်ကလေးနဲ့ ခြံတခုရဲ့ ရှေ့မှာ ထိုင်နေတယ်။ သူ့ဘေးမှာ ခွေးအမဲကြီးတကောင်ထိုင်လို့ တဲ့။ သူ့ကိုလည်း မြင်ရော ခွေးက တဟုန်ထိုး သူ့ကို ဆွဲဖို့ပြေးလာ ပါရောတဲ့။ သူ ရုတ်တရက် ဘာလုပ်ရမှန်းမသိပဲ၊ ကြောက်လည်း ကြောက်၊ ကြောင်လည်း ကြောင် သွားတယ်တဲ့။ အဲဒီမှာ ခွေးကို ဘာ ဘာသာစကားနဲ့ ခွေးနားလည်အောင် ဟန့်ရမလဲဆိုတာ သူ စဉ်းစားတယ်။ စဉ်းစားနေတုန်း တိုတောင်းတဲ့ အချိန်အတွင်းမှာပဲ အားနဲ့မာန်နဲ့ သူ့ကိုဆွဲမလို့ ပြေးလာတဲ့ ခွေးဟာ သူ့အနားကို ရောက်လာတယ်။ အဲဒီမှာ သူ့ပါးစပ်က ထွက်သွားတာ-
"ဟဲ့..ခွေး.." တဲ့။
ခွေးကို ဗမာလို "ဟဲ့ခွေး" ဆိုပြီး ဗမာလို အားရပါးရ ပြောချလိုက်တဲ့ ပါဝါဟာ တခြားဘာသာ နဲ့ ပြောရင် ဒီလောက် အသံသြဇာ ပြည့်မှာ မဟုတ်ဘူး။ အားနဲ့ မာန်နဲ့ ကီသွင်းပြီး အော်လိုက်တာ ခွေးဟာ ရုတ်တရက် မျက်စေ့ပျက် မျက်နှာပျက်နဲ့ ရှေ့တိုးမလာတော့ပဲ ရပ်သွားတယ်တဲ့။ မျက်နှာသေကလေးနဲ့ အတော်အားငယ် သွားပုံလည်းရတယ်။ သူ့ကို ၀မ်းနည်းတဲ့ မျက်နှာပေးနဲ့ ကြည့်နေတယ်တဲ့။ ဘာဖြစ်လို့လဲ ကိုမောင်မောင်အောင်လို့ ကျနော်က မေးကြည့်လိုက်တယ်။ သူပြောပုံက တသက်လုံး လူလိုနေလာတဲ့ ခွေးဟာ တသက်နဲ့ တကိုယ် ပထမဦးဆုံး သူ့ကို ခွေးလို့ ခေါ်လိုက်တာကို ကြားလိုက်ရတော့ သူ့အဖြစ်မှန် သူသိပြီး တော်တော် မျက်စိပျက် မျက်နှာပျက်ဖြစ်ပြီး ၀မ်းနည်းသွားတာတဲ့။ တခါမှ သူ့ကို ခွေးလို့ နာနာကျည်းကျည်း ဘယ်သူကမှ ခေါ်ခဲ့တာ မဟုတ်တော့ ဒီခွေးဟာ အတော်တုန်လှုပ်သွားတယ်။ ဒီက ခွေးတွေဆိုတာ သူတို့ ပါတဲ့ချီးကို လူက ကြုံးပေးရတာလေ။
တခါတုန်းက သူပြောဖူးတယ်။ သူ့ဇနီးမှာ ပထမဦးဆုံး သားဦးကို ဗိုက်ခွဲပြီး မွေးရမယ်။ မမွေးခင်မှာ တာဝန်ရှိသူ သူနာပြု ဆရာမကြီးက ဆရာဝန်ရဲ့ ကိုယ်စား ရှင်းပြတယ်။ ရှင့် ဇနီးရဲ့ ကျန်းမာရေးက နောက်တခါ ကလေးရလို့ မွေးရင်လဲ ဒီလိုပဲ ဗိုက်ခွဲ မွေးရမှာပဲတဲ့။ သူက သူနာပြုဆရာမကြီးကို မျက်နှာသေနဲ့ ပြန်ပြောလိုက်တယ်။ ဆရာမရယ် ဒီလိုဆိုလဲ ပြန်မချုပ်ပဲ ကျနော်မိန်းမကို ဇစ် ကလေးတပ်ပေးထားပါလား။ နောက်တခါ မွေးတော့ လွယ်ကူအောင်လို့။
ကျနော်တွေးမိတယ်။ ကာတွန်းဆရာကို ကာတွန်းဆွဲရင် ကောင်းမှာပဲလို့........။
Wednesday, July 21, 2010
အဟာဝတ ကောင်းလေစွ၊ ကောင်းလေစွ
ရေးသူ- လူထုစိန်ဝင်း
[Weekly ELEVEN News, အတွဲ-၅၊ အမှတ်-၄၁၊ ဇူလိုင် ၂၁၊ ၂၀၁၀၊ စာမျက်နှာ-၂၂၊ ၂၈] ကို မာယာက ကူးယူဖော်ပြပါတယ်။
မနက်တိုင်း သတင်းစာဖတ်တဲ့အခါမှာ ကြော်ငြာတွေကို အရင်ဆုံးဖတ်ပါတယ်။ ထုံးစံအတိုင်း နာရေးကို အရင်ဖတ်ပြီးမှ မင်္ဂလာဆောင် ကြော်ငြာတွေနဲ့ တခြားကြော်ငြာမျိုးစုံကို ဖတ်တယ်။ ကြော်ငြာတွေက စိတ်ဝင်စားဖို့ အကောင်းဆုံးဖြစ်တယ်။ ယူတတ်ရင် အများကြီး တရားရနိုင်တယ်။
တရားရစရာ လူ့သဘာဝတွေ
ကြော်ငြာတွေထဲမှာ လူ့သဘာဝမျိုးစုံကို လေ့လာလို့ရတယ်။ မင်္ဂလာဆောင်ကြော်ငြာတွေထဲက မဆီမဆိုင် အင်္ဂလိပ်စာလုံးတွေ ကြံဖန်ထည့်ကြတာတွေကြည့်ပြီး လူတွေရဲ့ ကြွားတတ်တဲ့သဘာဝကို သိရတယ်။ အမွေပြတ်စွန့်လွှတ်ခြင်း ကြော်ငြာတွေဖတ်ပြီး တဒင်္ဂဒေါသလေး တစ်ခုကြောင့် ကိုယ့်ပေါင်ကိုယ်လှန်ထောင်း ဖြစ်နေတာတောင် သတိမထားမိကြပါလားလို့တွေးပြီး ဒေါသ၊ မောဟ၊ လောဘတွေအကြောင်း နားလည်သဘောပေါက်ရတယ်။ ကွာရှင်းပြတ်စဲခြင်း ကြော်ငြာတွေဖတ်ရင်းနဲ့ မင်္ဂလာဆောင်တဲ့ရက်နဲ့ တစ်လလောက်သာ ကွာတာမျိုးကို သတိထားမိတဲ့အခါ အံ့သြရတယ်။ ခုမြင်၊ ခုကြိုက်၊ ခုယူ၊ ခုကွဲ အဖြစ်တွေ သိပ်များလွန်ကဲနေပြီလားလို့ တွေးပြီး စိတ်မကောင်းလည်းဖြစ်ရတယ်။
ချီးပင့်မြှောက်စားမှုမှာမျော
"ပုထုဇနောဥမ္မာတကော" ဆိုတဲ့ စကားကို သတင်းစာထဲက ကြော်ငြာတွေဖတ်ရုံနဲ့တင် သဘောပေါက်ပြီး တရားရနိုင်တယ်။ ချီးပင့်မြှောက်စားမှုမျိုးစုံမှာ ပုထုဇဉ်တွေ သာယာနစ်မျောနေကြတာတွေကို မွေးနေ့ဂုဏ်ပြု ကြော်ငြာတွေမှာ တွေ့နိုင်တယ်။ သီချင်းခွေကြော်ငြာ၊ စာအုပ်ကြော်ငြာတွေ ဖတ်ရင်းနဲ့ လူတွေမမှည့်ဖူးတဲ့ နာမည်အထူးအဆန်းတွေ အများကြီးတွေ့ရတဲ့အခါ ပြုံးရတယ်။ ထူးရင်ပြီးရော၊ ဆန်းရင်ပြီးရောဆိုပြီး စတန့်ထွင်လိုက်ကြတာ။ ကိုယ့်ဟာကိုယ် ပေါကြောင်ကြောင် ဖြစ်လို့ဖြစ်မှန်းတောင် မသိရှာကြဘူး။ တချို့ကျတော့ ဘိုနာမည်မှည့်မှ ဟုတ်တယ်ထင်ပြီး ယောက်ျားနာမည်မှန်းမသိ၊ မိန်းမနာမည်မှန်းမသိ ကြားဖူးနားဝနဲ့ မှည့်ထားလိုက်ကြတာ ရယ်စရာကြီး ဖြစ်နေတော့တယ်။ ယောက်ျားလေးက "ကစ်တီ" လို့ မှည့်တာမျိုးပေါ့။
ငွေကြောင့် ပျက်စီးကုန်ကြ
တစ်ခါတလေ ကြော်ငြာတွေထဲမှာ သားသမီးတွေက အဖေရင်း၊ အမေရင်းကို ပစ္စည်းခန်းနဲ့ တရားစွဲတာမျိုးလည်း တွေ့ရတတ်တယ်။ အဖေရင်း၊ အမေရင်းက သားသမီးတွေကို တရားစွဲတာလည်း တွေ့ရတယ်။ "မြင်းမိုရ်တောင်ဦး မကကျူး ကျေးဇူးကြီးလှ မိနှင့်ဖ" ဆိုတဲ့ မြန်မာလူမျိုးများရဲ့ ရိုးရာယဉ်ကျေးမှုတွေလည်း ငွေနဲ့ ဓနဥစ္စာတို့ကြောင့် ပျက်စီးကုန်ကြပါပေါ့လားလို့ တွေးပြီး စိတ်ဆင်းရဲခြင်းကြီးစွာ ဖြစ်ရတယ်။ မေတ္တာရေအလျဉ်ဆိုတာ အထက်ကအောက်ကို တသွင်သွင်စီးဆင်းမြဲ ဆိုတဲ့စကားလည်း ခြွင်းချက်ရှိတတ်ပါလားလို့ တွေးပြီး စိတ်မကောင်းဖြစ်ရတယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ဆိုတဲ့တရားများလည်း ပိုက်ဆံအဓိကဆိုတဲ့ ဆုပ်ကပ်ကြီးမှာ လုံးဝပျက်စီးကုန်ကြပါပေါ့လား၊ ကြောက်စရာကောင်းလိုက်တာ။
ကျက်သရေရှိတဲ့ကြော်ငြာ
ကြောက်စရာတွေ၊ ရှက်စရာတွေ၊ လှောင်ပြုံးစရာတွေ၊ တရားသံဝေဂရစရာတွေ အမျိုးမျိုးကြားမှာ တစ်ခါတလေ မုဒိတာပွားစရာ ကျက်သရေရှိတဲ့ ကြော်ငြာမျိုးတွေလည်း တွေ့ရတတ်တယ်။ နှစ်လေးဆယ်မြောက်၊ နှစ်ငါးဆယ်မြောက် မင်္ဂလာအထိမ်းအမှတ် ကြော်ငြာမျိုးတွေ ဖြစ်ပါတယ်။ ဒီလို နှစ်ပေါင်းလေးငါးခြောက်ဆယ်ကြာအောင် တည်တံ့ခိုင်မြဲတဲ့ အိမ်ထောင်ရေးဆိုတာ ဒီခေတ်ဒီအခါမှာ တကယ်ကို မင်္ဂလာကျက်သရေအပေါင်းနဲ့ ခညောင်းတဲ့သတင်း ဖြစ်တယ်။ ကမ္ဘာမှာလည်း ရှားသထက်ရှားလာသလို၊ မြန်မာမှာလည်း ရှားလာနေပါပြီ။
အဆိုးဘက်ကိုပြောင်း
သူများနိုင်ငံတွေမှာ ဖြစ်နေတာတွေကို မပြောချင်ဘူး။ ကိုယ့်နိုင်ငံမှာကို အခုနှစ်တွေအတွင်း အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ သဘောထားတွေ၊ ခံယူချက်တွေ အဆိုးဘက်ကို သိသိသာသာကြီး ပြောင်းလဲသွားတာ တွေ့မြင်နေရတယ်။ ရိုးမြေကျပေါင်းဖက်တဲ့ အိမ်ထောင်ရေးဆိုတာ ကျေးလက်ဒေသတွေမှာပဲ တွေ့မြင်ရတော့တယ်လို့ ထင်မိတယ်။ မြို့ကြီးပြကြီးတွေမှာတော့ ကွာရှင်းပြတ်စဲကြောင်း ကြော်ငြာတွေကို ကြည့်လိုက်ရင်ပဲ တော်တော်များနေတာကို သိနိုင်တယ်။ မင်္ဂလာဆောင်ပြီး တစ်လလောက်အကြာမှာ ကွာရှင်းလိုက်တဲ့ ကြော်ငြာမျိုးတွေတောင် တစ်နှစ်ကို သုံး၊ လေးကြိမ်လောက် တွေ့ရတယ်။ မကြော်ငြာဘဲ ထားတာတွေလည်း ရှိဦးမှာပါပဲ။
တော်ရုံဆိုမပြောဘူး
ခေတ်တွေ၊ စနစ်တွေပြောင်းတာနဲ့အတူ ယဉ်ကျေးမှုဓလေ့ထုံးစံတွေပါ ပြောင်းလဲလာကြတာ သဘာဝမို့ တော်ရုံတန်ရုံလောက်ဆို မပြောပါဘူး။ ခုဟာကတော့ လွန်ကဲနေတယ် ထင်လို့ပါ။ မြန်မာ့ယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံတွေကို ပစ်ပယ်ရုံတင်မကတော့ဘဲ လုံးလုံးကြီးကို ဆန့်ကျင်တဲ့ဘက်အထိ ပြုမူကျင့်ကြံ နေကြတာတွေကို နေရာတကာမှာ မြင်တွေ့နေရတယ်။ မြန်မာမိန်းကလေးတို့ရဲ့ သိမ်မွေ့မှုနဲ့ ကျက်သရေရှိမှုဟာ ကမ္ဘာကျော်ခဲ့တယ်။ ကစ်ပလင်က သူ့ရဲ့ (Road to Mandalay) "မန္တလေးလမ်း" ကဗျာမှာ တသသနဲ့ ဖွဲ့နွဲ့ရေးခဲ့ရတယ်။ အခုခေတ် မြန်မာမိန်းကလေးများကတော့ ပွင့်လင်းလွတ်လပ်မှု ဆိုတဲ့စကားကို "တလွဲဆံပင်ကောင်း" အသုံးချပြီး ရဲတင်းမှု လွန်လွန်းနေတာကို တွေ့ရတယ်။
ပညာပေးလား၊ လှုံ့ဆော်ရေးလား
မြန်မာ့ယဉ်ကျေးမှုက "ဃရာဝါသ" ကိစ္စမှန်သမျှကို သိသာသိစေ၊ မမြင်စေနဲ့ သဘောနဲ့ သိုသိုသိပ်သိပ် လုပ်ဆောင်လေ့ရှိတယ်။ ဒီလိုကိစ္စမျိုးတွေကို လူကြားထဲမှာ ပြောလေ့ဆိုလေ့မရှိကြဘူး။ အခုခေတ်တော့ ရုပ်မြင်သံကြားလို ကလေးလူကြီးနဲ့ ရဟန်းသံဃာပါမကျန် ကြည့်လေ့ရှိတဲ့ နေရာများကနေပြီး မိန်းကလေးတစ်ကိုယ်ရေသုံး ပစ္စည်းမျိုးစုံကို မိန်းကလေးတွေကိုယ်တိုင် မျက်နှာပြောင်ပြောင်နဲ့ ကြော်ငြာနေကြတာဟာ မထူးဆန်းတဲ့ကိစ္စ ဖြစ်နေပြီ။ ဒါထက်ဆိုးတာက "ကွန်ဒုံး" ကြော်ငြာတွေ။ ကလေးတွေကို စမ်းသပ်ကြည့်ချင်အောင် အားပေးအားမြှောက် ပြုသလိုဖြစ်နေတာကို စဉ်းစားမိကြဟန် မတူဘူး။ ပညာပေးဆိုတဲ့ ဆိုင်းဘုတ်တပ်ပြီး ကိုယ့်ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်ဖြစ်တဲ့အထိ ရေးသားကြ၊ ကြော်ငြာကြတာတွေဟာ ပညာပေးမကတော့ဘဲ လှုံ့ဆော်ရေး ဖြစ်တဲ့အထိ ရောက်သွားတာတွေကတော့ မသင့်တော်ပါဘူး။
လှတာထက်လွန်ပြီး ရိုင်းပျ
နောက်ပြီး ဖျော်ဖြေရေးလောကထဲက တချို့မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုများကလည်း လှပတာထက်လွန်ကဲပြီး ရိုင်းပျတဲ့အထိ ဖြစ်နေကြတယ်။ အပြောအဆိုတွေ ပွင့်လင်းလိုက်ပုံများကလည်း လက်ဖျားခါလောက်တယ်။ ရည်းစားရှိနေတာကို ဂျာနယ်တွေထဲကတစ်ဆင့် လူသိရှင်ကြား ကြော်ငြာကြတယ်။ တစ်ခါဆိုထားတော့ တစ်ယောက်ပြောင်းတိုင်း တစ်ခါကြော်ငြာတာမျိုးကတော့ မြန်မာလူမျိုးတွေရဲ့ အမြင်မှာ မတင့်တယ်ဘူးလို့ ထင်တယ်။
အိနြေ္ဒနဲ့ သိုသိပ်မှု
မြန်မာတွေက အစဉ်အလာရိုးရာအနေနဲ့ကို "အိနြေ္ဒ" ဆိုတာကို တန်ဖိုးထားကြတယ်။ နေရာတကာ ပွင့်လင်းတာကို လက်မခံဘူး။ အိနြေ္ဒရှိခြင်းနဲ့ သိုသိပ်ခြင်းကို ယဉ်ကျေးမှုရဲ့ အခြေခံအုတ်မြစ်လို့ သဘောထားတယ်။ ခေတ်တွေ၊ စနစ်တွေပြောင်းရင် ရိုးရာဓလေ့ထုံးစံတွေနဲ့ ယဉ်ကျေးမှုတွေလည်း ခေတ်နဲ့အညီ လိုက်ပြောင်းကြရမြဲဖြစ်တယ်။ ဒါပေမယ့် လူမျိုးတိုင်း လူမျိုးတိုင်းဟာ သူတို့ရဲ့ အခြေခံကျောရိုး ယဉ်ကျေးမှုတွေကိုတော့ ထိန်းသိမ်းစောင့်ရှောက်ကြတယ်။ တန်ဖိုးထားကြတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ပိုင်ယဉ်ကျေးမှု ပျောက်ကွယ်ရင် လူမျိုးပါ ပျောက်ကွယ်သွားနိုင်လို့ ဖြစ်တယ်။
တလွဲဆံပင်ကောင်းကြတယ်
ပြောရမှာ အားနာပေမယ့် နောင်လာမယ့် ကလေးတွေ အတုယူမမှားစေချင်လို့ ပြောရရင်တော့ ကျွန်တော်တို့ဆီက ဖျော်ဖြေရေးလောကဟာ တလွဲဆံပင်ကောင်း ဖြစ်နေတယ်လို့ မြင်မိတယ်။ အပေါ်ယံပကာသန အဆောင်အယောင်တွေ ကမ္ဘာ့အဆင့်မီအောင် ကြိုးစားကြသလောက် အနုပညာပိုင်းက အဆင့်မီအောင် ကြိုးစားအားထုတ်မှုတော့ ပေါ့တီးပေါ့ဆနဲ့ လျော့တိလျော့ရဲ ဖြစ်နေတယ်လို့ ထင်တယ်။ ၀တ်စားဆင်ယင်မှုတွေမှာ ဟောလိဝုဒ်နဲ့ နင်လားငါလား လိုက်သလို၊ ဆေးဝါးတလွဲသုံးတာ၊ ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက် ဖြစ်တာတွေလည်း ဟောလိဝုဒ်ကို အမီလိုက်နေသလိုပါပဲ။
အားနာနာနဲ့ပြောရတာ
ဖျော်ဖြေရေးလောကဆိုတာက ထင်သာမြင်သာအရှိဆုံး ဖြစ်လေတော့ ငယ်ရွယ်နုနယ်တဲ့ ကျောင်းသူကျောင်းသားငယ်တွေနဲ့ အရပ်ထဲက မရင့်ကျက်သေးတဲ့ ကလေးအရွယ်တွေ အတုမြင်အတတ်သင်လုပ်ပြီး လျှပ်ပေါ်လော်လီတဲ့ လူငယ်လေးတွေ ဖြစ်လာနိုင်တဲ့အတွက် အားနာနာနဲ့ ပြောရတာပါ။ မိဘရဲ့ ရင်အုပ်မကွာ စောင့်ရှောက်မှုနဲ့ ကင်းလွတ်ကြရတဲ့ ရန်ကုန်လိုမြို့ကြီးပြကြီးက ကလေးတွေရဲ့ စရိုက်တွေ တော်တော်ရိုင်းပျလာပြီး "အိနြေ္ဒ" နဲ့ "သိက္ခာ" ဆိုတာ ဘာမှန်းတောင် မသိရှာကြတော့ဘူးလို့ပြောရင်တောင် ရတဲ့အခြေအနေ ဖြစ်နေပါပြီ။ အဲဒါကြောင့် မကြာခဏ သတိပေးရေးသား နေရတာပါ။
ကောင်းလေစွ၊ ကောင်းလေစွ
ရိုးရာအစဉ်အလာ ဓလေ့ထုံးစံတွေနဲ့ မြန်မာ့ယဉ်ကျေးမှုတွေ တစ်စတစ်စနဲ့ ယုတ်လျော့ကျဆင်းလာနေချိန်မှာ သတင်းစာထဲက မင်္ဂလာသက်တမ်း နှစ်ငါးဆယ်မြောက်၊ ခြောက်ဆယ်မြောက် ဆိုတဲ့ကြော်ငြာမျိုးတွေ ဖတ်ရတာ ကျက်သရေမင်္ဂလာ ရှိလှပါတယ်။ ရာသက်ပန်ရိုးမြေကျ အိုအောင်မင်းအောင် အပြန်အလှန်မေတ္တာထား စောင့်ရှောက်ကြဆိုတာ လူသားများရဲ့ အခြေခံယဉ်ကျေးမှု ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာလူမျိုးများက ဒီနေ့အထိ တန်ဖိုးထား စောင့်ရှောက်ကြဆဲ ဖြစ်ပါတယ်။ ဒီလိုကြော်ငြာတွေ ဖတ်လိုက်ရတဲ့အခါ ဆုတ်ကပ်ခေတ်ကြီးထဲမှာ ဒီလိုလေးစားဖွယ်ကောင်းလှတဲ့ အိမ်ထောင်တွေလည်း ရှိပါသေးလားဆိုပြီး မုဒိတာပွား ကြည်နူးရပါတယ်။ ကောင်းလေစွ၊ ကောင်းလေစွ၊ ကောင်းလေစွလို့ ကောင်းချီးသြဘာ ပေးလိုက်ရပါတယ်။
[Weekly ELEVEN News, အတွဲ-၅၊ အမှတ်-၄၁၊ ဇူလိုင် ၂၁၊ ၂၀၁၀၊ စာမျက်နှာ-၂၂၊ ၂၈]
Thursday, July 15, 2010
'ကိုချမ်းအေး၏ စာတမ်းများအပေါ် သဘောတရားရေးရာအရ ဝေဖန်သုံးသပ်ချက်'


[မြန်မာပြည် နိုင်ငံရေးသမိုင်းကို သိလို နားလည်လိုကြသော နိုင်ငံရေးလေ့လာသူ ကျောင်းသားများ၊ စာပေ ၀ါသနာရှင်များ အတွက် အထောက်အကူ ဖြစ်စေရန် ၁၉၅၇ ခု၊ သြဂုတ်လ ၁၅ ရက်တွင် ဒုတိယ အကြိမ်အဖြစ် ပုံနှိပ်ထုတ်ဝေတဲ့ 'ချမ်းအေးစစ်တမ်းဝေဘန်ချက်' ရဲ့ 'နိဒါန်းစာ' ကို စာမြည်းအဖြစ် မျှဝေခြင်း ဖြစ်ပါတယ်။ အကျယ် ဖတ်ရှုလိုသူများ မူရင်းစာအုပ်ကို ရှာဖွေ၍ ဖတ်ရှုကြပါကုန်။ စာအုပ် အတွင်းအဖုံးပါ လိပ်စာ အဆိုအရတော့ ငြိမ်းချမ်းရေး စာပေတိုက်၊ ၉၄(က) ရွှေဂုံတိုင်လမ်း၊ ဗဟန်း၊ ရန်ကုန် ဖြစ်ပါတယ်။ ယနေ့ ဂျာနယ်လောကမှာ ရေပန်းစားနေတဲ့ နိုင်ငံရေး သက်ကြားအို အနည်းငယ်ထဲက တဦးရဲ့ တစိတ်တဒေသ အကြောင်းကို သိလိုသူများ သိကြစေရန် စာဖတ်သူ (လမင်းတရာ) က လက်ဆင့်ကမ်းပါတယ်။]
'ကိုချမ်းအေး၏ စာတမ်းများအပေါ် သဘောတရားရေးရာအရ ဝေဖန်သုံးသပ်ချက်'
'နိဒါန်း'
ကိုချမ်းအေး ဆိုသူမှာ ဗမာပြည်ကွန်မြူနစ် ပါတီဝင်တယောက် ဖြစ်ခဲ့၍ ၁၉၅၇ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ရန်ကုန်မြို့တွင်း၌ အဘမ်းခံရ၏။ အဘမ်းခံရချိန်တွင် ကွန်မြူနစ်ပါတီမှ သူ့အား (၉)လ တိတိ တာဝန်ချထားသည့် ပြစ်ဒဏ်ကို ပေးထားချိန် ဖြစ်သည်ဟု သိရ၏။
၁၉၅၇ ခုနှစ် ဧပြီလ ၅ ရက်နေ့ နေ့လည် ၁၂ နာရီတွင်မူ.. ကိုချမ်းအေးအား ထောင်တွင်းမှ ထုတ်ယူ၍ ပြန်ကြားရေးဝန်ကြီး မြန်အောင် သခင်ချစ်မောင်၏ ရုံးခန်းတွင် သတင်းစာ ကွန်ဖရင့်တရပ်ကို ကျင်းပစေခဲ့ လေသည်။ ထိုကွန်ဖရင့်တွင် ကိုချမ်းအေး တင်ပြသော စာတမ်းများမှာ အောက်ပါတို့ဖြစ်သည်။
(၁) သတင်းစာဆရာများနှင့် ဘာကြောင့်တွေ့ရသနည်း....?
(၂) စေ့စပ်ရေးကိစ္စ။ (ဗိုလ်လက်ျာ မှတဆင့် အစိုးရနှင့် စေ့စပ်ခဲ့စဉ်က အဖြစ်အပျက်များကို ပြန်လည်ဖော် ပြထားသည်။)
(၃) ဗမာပြည်ကွန်မြူနစ်ပါတီသို့ တင်ပြချက် (အင်္ဂလိပ်ဘာသာအကျဉ်းချုပ်နှင့် မြန်မာဘာသာ အကျယ် ဖော်ပြချက်များ)
(၄) ပြန်ကြားရေးဝန်ကြီးထံတွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးပါမည့်အကြောင်း ၀န်ချတောင်းပန်လွှာ....
အဆိုပါ စာတမ်းများကို ဗမာပြည်အလုပ်သမားလယ်သမားပါတီ ဗဟိုကော်မတီသည် "နိုင်ငံရေးပြကွက် တခု" အဖြစ်လက်ခံ၍ ဝေဘန်သုံးသပ်ခဲ့သည်။ ထိုသို့ ဝေဘန်သုံးသပ်ရာတွင် (က) ကိုချမ်းအေးနှင့် ၎င်း၏ မိခင်ပါတီဖြစ်သည့် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဆက်ဆံရေးအပိုင်း (ခ) မာ့က်စ်လီနင်ဝါဒ အခြေခံသုံးသပ်သည့် ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာပိုင်း ဟူ၍ အဓိကအားဖြင့် နှစ်ပိုင်းတွေ့ရသည်။
ထိုနှစ်ပိုင်းတွင် ပထမပိုင်းဖြစ်သော ကိုချမ်းအေးနှင့် ၎င်း၏ မိခင်ကွန်မြူနစ်ပါတီတို့ ဆက်ဆံရေးအပိုင်း သည် ကျွန်ပ်တို့ ပါတီနှင့် လုံးဝမသက်ဆိုင်ပေ။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးစလုံး၏ ဆက်ဆံရေးအတွက် ကာယကံရှင်တို့နှင်သာ လုံးဝ သက်ဆိုင်ပေသည်။ ကျွန်ပ်တို့ ပါတီနှင့်ကား... ဒုတိယပိုင်း ဖြစ်သော မာ့က်စ်လီနင်ဝါဒ အခြေခံသုံးသပ်သည့် ပြည်တွင်းငြိမ်းချမ်းရေး အပိုင်းသာ ဖြစ်ပေသည်။ ဤပြဿနာ သည် အားလုံးနှင့် သက်ဆိုင်သည့် ဘုံပြဿနာလည်း ဖြစ်ချေသည်။
ကိုချမ်းအေး၏ စာတမ်းသည် ဘယ်အခြေအနေမျိုးတွင် ဘယ်လို ပေါ်ပေါက်လာပါသနည်း....?။ အကျဉ်းချုပ်တော့ စစ်ဆေးညွှန်ပြ အပ်ပေသည်။
တိုင်းပြည်တွင် ပြည်သူတရပ်လုံး လိုလားတောင့်တနေသည့် ပြည်တွင်း ငြိမ်းချမ်းရေးပြဿနာနှင့် ပါတ်သက်၍ လမ်းစဉ်ကြီး နှစ်ရပ်သည် ထင်ထင်ရှားရှားကြီး ယှဉ်ပြိုင် တိုက်ခိုက်လျက် ရှိနေပေသည်။
ပထမလမ်းစဉ်သည်၊ ဖဆပလ ဆိုရှယ်လစ်တို့၏ လမ်းစဉ်ဖြစ်သည်။ ထိုလမ်းစဉ်၏ အနှစ်သာရမှာ "လက်နက်ချလျင်ချ၊ မချလျင် အပြတ်ချေမှုန်းပစ်မည်" ဟူသော အနှစ်သာရ ဖြစ်ပေသည်။ ထိုလမ်းစဉ်၏ အခြေခံဝါဒမှာ (Policy of Force) ခေါ် "လက်နက်အားကိုး အင်အားကြီးဝါဒ" ပေါ်တွင် အနယ်ထိုင်ပေသည်။
ဒုတိယလမ်းစဉ်မှာ- ပြည်သူတို့၏ လမ်းစဉ်ဖြစ်ပေသည်။ ထိုလမ်းစဉ်၏ အနှစ်သာရမှာ "နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေး၍ ပြဿနာကို ကြေလည်စွာ ညှိနှိုင်းဖြေရှင်းကြရေး" ပင်ဖြစ်ပေသည်။ ထိုလမ်းစဉ်၏ အခြေခံဝါဒမှာ..... (Policy of Negotiation on the Democracy Principle) ခေါ် "တူညီသည့် ဒီမိုကရေစီ အခြေခံဖြင့် တွေ့ဆုံဆွေးနွေး ဖြေရှင်းရေးဝါဒ" ပေါ်တွင် အနယ်ထိုင်ပေသည်။ ထိုဝါဒသည် ယနေ့ ကမ္ဘာတ၀ှမ်းလုံးတွင် နယ်ချဲ့တို့၏ "အကြမ်းဖက် ဖြေရှင်းရေးဝါဒ" ပေါ်၌ လွှမ်းမိုးအောင်ပွဲဆင်နေသော နိုင်ငံတကာ ပြည်တွင်းပြည်ပ ငြိမ်းချမ်းဝါဒကြီးပင် ဖြစ်ပေသည်။
ထို့အပြင် ဤသို့ ယှဉ်ပြိုင် တိုက်ခိုက်နေသော လမ်းစဉ်ကြီး နှစ်ရပ်သည် ငြိမ်းချမ်းရေးပြဿနာကို ဖြေရှင်းရာ၌ အခြေခံဝါဒနှင့် လမ်းစဉ်သာ မဟာအကွာခြားကြီး ကွာခြားနေကြသည်မဟုတ်သေး။ ပြဿနာကို ချဉ်းကပ်ရှုမြင်ပုံမှာလည်း ဖဆပလနှင့် ပြည်သူ ဧရာမကွာခြားလျက် ရှိနေပေသည်။
ဖဆပလ ဆိုရှယ်လစ်တို့က ငြိမ်းချမ်းရေးပြဿနာကို ချဉ်းကပ်ရှုမြင်ရာ၌ တိုင်းပြည်၏ အပူတပြင်း သော့ချက် နိုင်ငံရေးပြဿနာကြီးလို့ မမြင်၊ ကိုလိုနီခေတ်က သာမန် သူခိုးဓါးပြ ငြိမ်ဝပ်ပိပြားရေး ပြဿနာ တရပ်လို့သာ မြင်၍ ဤသို့လည်း အကြိမ်ကြိမ် အထပ်ထပ်ပြောဆို ကြေငြာ၍ ချဉ်းကပ် ရှုမြင်နေကြသည်။ ထို့ကြောင့်လည်း ၎င်းတို့၏လမ်းစဉ် အနယ်ထိုင်ရာ အခြေခံဝါဒနှင့် ချဉ်းကပ် ရှုမြင်ပုံများအရ၊ တိုင်းပြည် ဘာဖြစ်နေနေ၊ အနိုင်တိုက်ရေး- အပြုတ်တိုက်ရေးကိုသာ တဇွတ်ထိုး ဦးတည်ခြင်း ဖြစ်ပေသည်။
ပြည်သူတို့ဘက်က ပြဿနာကို ချဉ်းကပ်ရှုမြင်ပုံမှာ၊ ငြိမ်းချမ်းရေးပြဿနာသည် နိုင်ငံ၏ အရေးကြီးဆုံး သော သော့ချက် နိုင်ငံရေးပြဿနာကြီးဟု မြင်ပေသည်။ ထို့ကြောင့်လည်း ပြည်သူတို့က အစိုးရအဖွဲ့၏ ပြဿနာ၊ သူပုန်တမြုံ၏ကိစ္စ၊ အုပ်ချုပ်ရေး အစဉ်အလာနှင့် ဥပဒေ၊ တော်လှန်ရေးသဘောတရားနှင့် နိသျှဉ်းစသော လက်အောက်ခံပြဿနာများကို ကျော်လွှား၍ တမျိုးသားလုံး၊ တပြည်ထောင်လုံး၏ နိုင်ငံရေး ပြဿနာကြီး (၀ါ) ဒီမိုကရေစီ ငြိမ်းချမ်းရေး ပြဿနာကြီး.. (The First and Foremost National Problem of Democratic Peace) ဟူ၍ မြင်သည်။ ထို့ကြောင့်လည်း ဗမာပြည်၏ ရာဇ၀င်လမ်းကြောင်းတွင်၊ ဘယ်အစိုးရ, ဘယ်အုပ်ချုပ်ရေး ဥပဒေနှင့် ဘယ်တော်လှန်ရေးပါတီတို့ပင် ဆက်လက်တည်တန့်စေ.. ယှဉ်ပြိုင်ကြစေ၊ အရင်းအမြစ်ဖြစ်သည့် တည်ငြိမ်သော ခိုင်မာသော အဓွန့်ရှည်သော ဒီမိုကရေစီငြိမ်းချမ်းရေးကို တည်ဆောက် နိုင်ကြရန်အတွက် ယနေ့ ဖြစ်ပေါ်နေသော ပြည်တွင်းစစ်ကို "ကြေလည်သော တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ" ရပ်စဲစေရမည်ဟု ပြည်သူတို့က အခိုင်အမာ ယူဆ ယုံကြည်နေကြခြင်း ဖြစ်ပေသည်။
ဤသို့ ဖဆပလနှင့် ပြည်သူတို့သည်၊ ငြိမ်းချမ်းရေးလမ်းစဉ်တွင် ပြဒါးတလမ်း သံတလမ်းလို ကွာခြား နေကြသည်။ ယှဉ်ပြိုင်တိုက်ခိုက်နေကြသည်။
ဖဆပလ ဆိုရှယ်လစ်တို့သည်၊ ၎င်းတို့၏ လမ်းစဉ်ကို တခုတည်းသော- တနည်းတည်းသော လမ်းစဉ်ဖြင့် ကြိုးတကြောတည်း ကိုင်တွယ်မောင်းနှင်လာရာ၊ ယနေ့ဆိုလျှင် ၉ နှစ်တိုင်တိုင် ရှိနေပေပြီ။ အကျိုးသက်ရောက် ချက်များကား ... တမျိုးသားလုံး သွေးချောင်းစီးခြင်း။ "မဟာအမှားတော်ကြီးပါတကား....." ဟု ၀န်ကြီးချုပ်ဦးနုက ၀န်ခံလာရသည် အထိ စီးပွါးပျက်ကပ်ကြီး ဆိုက်နေရခြင်း၊ တမျိုးသားလုံး အကျင့်စာရိတ္တ ပျက်စီးနေရခြင်း၊ သန်းပေါင်းများစွာသော ပြည်သူတို့သည် တိရိစ္ဆာန်များကဲ့သို့ အိုးမဲ့အိမ်မဲ့ ဘ၀များတွင် အမြဲတစေ တထိတ်ထိတ် တလန့်လန့် နေကြရခြင်း၊ နောက်ဆုံး အစိုးရရော ပြည်သူတို့ပါ ကြွေးတင်၍ ကျွန်ဖြစ်ခါနီးဘ၀သို့ ဆိုက်ရောက်လာခြင်းတို့ဖြင့် ရင်ဆိုင်နေကြရပေသည်။ ဖဆပလအဖွဲ့ကြီး၏ ၁၉၄၆- ၁၉၄၇ ခုနှစ်က တပ်ပေါင်းစု နိုင်ငံရေးသြဇာနှင့် ၁၉၅၇ ခုနှစ်တွင် လူတစု၏ အကြမ်းကိုင် နိုင်ငံရေးသြဇာတို့ နှိုင်းယှဉ်ကြည့်လျှင် မိုယ်းကြိုးနှင့် အီးသံလို ခရီးမှန်ကွာလွန်းလှသဖြင့် ကျဆင်း၍ လာနေပေသည်။
ပြည်သူတို့၏ တွေ့ဆုံဆွေးနွေးရေး ပြည်တွင်းစစ်ရပ်စဲရေး လမ်းစဉ်ကား၊ ကျယ်ပြန့်လျက် ရှိပေသည်။ သြဇာတက်လျက် ရှိပေသည်။ ပြည်တွင်းပြည်ပ ကမ္ဘာ့ငြိမ်းချမ်းရေး လမ်းစဉ်များနှင့်လည်း၊ အံကိုက်၍ ချိန်သားကျလျက် ရှိနေပေသည်။ ထို့ကြောင့်လည်း ရဟန်းရှင်လူ ပြည်သူတရပ်လုံး၏ ထောက်ခံ စည်းရုံးလာ မှုများကို နိုင်ငံနှင့်အ၀ှမ်း တက်ကြွထင်ရှားစွာ ခံယူနိုင်လျက် ရှိပေသည်။ ထင်ရှားသော သက်သေများကား အထွေထွေ ရွေးကောက်ပွဲကြီးအတွင်းမှ သန့်ရှင်းရိုးသားစွာ ထွက်ပေါ်လာသော ပြည်သူတို့၏ ဆန္ဒများ တိုင်းပြည်နှင့်အ၀ှမ်း ကျင်းပခဲ့သော ငြိမ်းချမ်းရေး ကွန်ဖရင့်ကြီးများ၊ လူထုအစည်းအဝေးပွဲကြီးများ၊ စီတန်း လမ်းလျှောက် ဆန္ဒပြမှုကြီးများ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကဲ့သို့ ဂိုဏ်းဂဏ ပါတီမရှိ၊ တမျိုးသားလုံး၏ ဖခင်၊ မိဘခေါင်းဆောင်ကြီးများက ဦးစီး၍ ကျယ်ပြန့်စွာ လှုပ်ရှားလာသော ငြိမ်းချမ်းရေး တောင်းဆိုမှုများကို ပြည်သူတို့၏ ဆန္ဒနှင့် အညီ လက်နက်ကိုင် ခုခံတော်လှန်ရေးပါတီ အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး စေ့စပ် ကမ်းလှမ်းချက်များ၊ တဆက်တည်း ပေါ်ထွက်နေမှုများ၊ ဤသည်တို့သည် ပြည်သူတို့၏ ငြိမ်းချမ်းရေးလမ်းစဉ်က မှန်ကန်၍ သဘာဝကျကြောင်း ပေါ်လွင်စွာ သရုပ်ဖော်နေပေသည်။
ထို့ကြောင့်လည်း ဖဆပလဆိုရှယ်လစ်တို့သည် ၎င်းတို့၏ အပြုတ်တိုက်ရေး နိုင်ငံရေးလမ်းစဉ်အရ မျက်ဖြူဆိုက်လာသော အုပ်ချုပ်ရေး၊ စီးပွါးရေး၊ စစ်ရေး၊ စည်းရုံးရေး အကြပ်အတည်းများကို သာမန်နည်းလမ်းဖြင့် ဖြေရှင်းခြင်းငှာ မစွမ်းနိုင်တော့ရကား၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကဲ့သို့သော ပုဂ္ဂိုလ်ကြီးများ ဦးစီးသည့် ငြိမ်းချမ်းရေး လမ်းစဉ်များကို၎င်း၊ ပြည်သူ့ပါတီအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး ဆန္ဒပြလုပ်ငန်းများကို၎င်း၊ မရှက်မကြောက် ပြောင်ပြောင်လင်းလင်းကြီးပင်၊ သေနတ်နှင့်ပစ် ကြာပွတ်နှင့်ရိုက် စသော အကြမ်းနည်းများဖြင့် ပင်လျင် မရှက်မကြောက် နှိပ်ကွပ်လာရပေသည်။ (မင်းလှ၊ မုံရွာ၊ ပုသိမ် စသည့်)
ဤသို့အားဖြင့် မှားယွင်းနေသော နိုင်ငံရေးလမ်းစဉ် အဓိကကြောင့် အကြပ်အတည်း ဆိုက်ရောက် လာသော ဖဆပလဆိုရှယ်လစ် ပါတီအဖို့၊ တနည်းမဟုတ်လျှင် တနည်းအားဖြင့် ၎င်းတို့၏ နိုင်ငံရေးလမ်းစဉ်ကို အသက်ဆက် ပေါင်းကူးပေးနိုင်ရန် (၀ါ) တက်ကြွအောင်မြင်လာသော ပြည်သူတို့၏ ငြိမ်းချမ်းရေး လမ်းစဉ်ကို ပြန်လှန်တိုက်ခိုက်ရန်၊ ဘယ်သူကပေးပေး ဘယ်ကလောက်ပဲ ကြာကြာခံနိုင်သည် ဖြစ်စေ၊ နိုင်ငံရေး လက်နက်ကောင်းများ အလွန်အမင်း လိုလားတောင့်တနေသော အချိန်အခါ ဖြစ်နေပေသည်။ အထူးသဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီအား မြိန်မြိန်ရှက်ရှက် ထိုးနှက်မွှေနှောက်ပစ်နိုင်သော နိုင်ငံရေး လက်နက်ကောင်းတခု ရနိုင်ပါဘိလျှင်မူကား သာလို့ပင် ကောင်းလေခြင်းဟု ပူဆာတမ်းတနေသော အချိန်အခါလည်း ဖြစ်နေပေသည်။
ထိုကဲ့သို့သော အထွေထွေ နောက်ခံကားအခြေအနေတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ တိုင်းကော်မတီ တာဝန်ခံဆိုသူ ကိုချမ်းအေးအား ဘမ်းဆီးရမိလေသည်။ ထို ကိုချမ်းအေးမှာ အစိုးရက မဖမ်းဆီးမိမီကပင်လျှင် ၎င်း၏ စာတမ်းပါ ၀န်ခံချက်အရ၊ ၎င်း၏ ပါတီမှ ၎င်းအား တာဝန်ရုပ်သိမ်း၍ ပြစ်ဒဏ် ၉ လ ချထားခြင်း ခံနေရပြီး ဖြစ်သည်။ ကိုချမ်းအေးအား သူ၏ပါတီမှ သူ့အား အပြစ်ပေးခဲ့ရသည်မှာလည်း၊ ဗိုလ်လက်ျာမှတဆင့် အစိုးရနှင့် ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးခဲ့စဉ်က ပါတီဗဟိုမှ နိုင်ငံရေးအခြေခံဖြင့်သာ ဆွေးနွေးရမည်ဟူသော လမ်းစဉ်ကို ဖောက်ဖျက်၍ "လက်နက်ချရေးအတွက်သာ" ဆွေးနွေးခဲ့သည့် ပြစ်မှုကြောင့် အပြစ်ပေးခံရခြင်း ဖြစ်သည်။ (ကိုချမ်းအေး၏ စေ့စပ်ရေးကိစ္စစာတမ်း စာမျက်နှာ ၅ နှင့် ၆ တွင် ပါရှိချက်)
ဤသို့ ပါတီတာဝန်မှ အပသို့ ရောက်ရှိနေသော ကိုချမ်းအေးအား၊ အစိုးရတို့က ဖမ်းဆီးရမိပြီး ၂ လခန့်မျှ ထောင်သွင်း အကျဉ်းချထားခဲ့လေသည်။ ၎င်းနောက် ဤနိဒါန်းအစ အထက်တွင် ဆိုခဲ့သည့်အတိုင်း ၁၉၅၇ခု၊ ဧပြီလ ၅ ရက်နေ့တွင် ကိုချမ်းအေးအား ထောင်မှ ထုတ်ယူလာပြီးနောက် ပြန်ကြားရေးဝန်ကြီး ရုံးခန်းတွင် ကွန်မြူနစ်ပါတီ လက်နက်ချရေးစာတမ်းကို ဆက်သွင်းတင်ပြခဲ့လေသည်။ ပြီးနောက် လွှတ်လိုက်လေသည်။
မည်သို့ပင်ဖြစ်စေ ကိုချမ်းအေး၏စာတမ်းတွင် ငြိမ်းချမ်းရေးပြဿနာကို မာ့က်စ်၊ လီနင်ဝါဒ အခြေခံဖြင့် သုံးသပ်တင်ပြချက်များ ပါရှိလာပေရာ၊ မှန်ကန်သော သုံးသပ်ချက်များ ဖြစ်ပါက ကျွန်ပ်တို့ ပါတီသည် လှိုက်လှဲစွာ လက်ခံကြိုဆိုမည် အမှန်ပင် ဖြစ်ပေသည်။ မမှန်ကန် ဖောက်ပြန်မှားယွင်းသော သုံးသပ်ချက်များ ပါရှိလာပါက ကျွန်ပ်တို့သည် အလုပ်သမားလူတန်းစားနှင့် ပြည်သူတို့၏ အကျိုးစီးပွါးအတွက် ၀ါဒတိုက်ပွဲဆင်၍ ဖြေရှင်းပစ်ရန် တာဝန်ရှိပေသည်။
တချိန်တည်းမှာပင် လမ်းစဉ်ကြီးနှစ်ရပ် တိုက်ပွဲသည် တပြည်ထောင်လုံးတွင် ချိမ့်ချိမ့်သဲမျှ တိုက်ပွဲ ဆင်လျက် ရှိနေပေသည်။ ကိုချမ်းအေး၏ စာတမ်းအား "လက်နက်ချရေး အပြုတ်တိုက်ရေး" လမ်းစဉ်ကို ကိုင်တွယ် တိုက်ပွဲဝင်နေသော ဖဆပလဆိုရှယ်လစ်ပါတီက ကောင်းချီးသြဘာပေး၍ ကြိုဆိုကာ သန်းနှင့်ချီ၍ ရိုက်နှိပ်ဖြန့်ဝေလျက်လည်း ရှိနေပေသည်။ ပြည်သူတို့ အတွင်းတွင်လည်း စိတ်ဓါတ်စစ်ဆင်ရေး ဟူ၍ ဒလကြမ်း မွှေနှောက် ၀ါဒဖြန့်လျက် ရှိနေပေသည်။ နိုင်ငံရေးသဘောတရာရေး ရှုပ်ထွေးမှုများကို ဖန်တီးလုပ်ကြံရာ တွင်လည်း "ခေတ်သစ်လက်နက်တရပ်" အဖြစ် အသုံးချရာတွင် ကိုချမ်းအေး၏ စာတမ်းသည် ဖဆပလ ဆိုရှယ်လစ်တို့၏ လမ်းစဉ်အသက်ဆက်ရေးအတွက် အကောင်းဆုံး လက်နက်တခု ဖြစ်လာသည်ကိုလည်း တွေ့နေရသည်။
ကိုချမ်းအေးက ၎င်း၏စာတမ်းတွင် အပြစ်ရှိကြောင်း ၀န်ခံလိုပါ၏။ ဤစေတနာ၏ အကျိုးတရားသာ ပေါ်ပေါက်ထင်ရှားပါစေ၊ ပေးလိုသမျှသော အပြစ်ကို ခံယူပါ၏- ဟု မည်သို့ပင်ဆိုစေထားစေ၊ လက်တွေ့ ကာယကံ မြောက်တွင်မူကား၊ ပြည်သူတရပ်လုံး၏ ယနေ့ တွေ့ဆုံဆွေးနွေးရေး ဒီမိုကရေစီ ငြိမ်းချမ်းရေးလမ်းစဉ်ကို ကြီးစွာဆန့်ကျင်၍ သဘောတရားရေးအားဖြင့်လည်း မှားယွင်းသော ရှုပ်ထွေးမှုကြီးများကို ဖန်တီးလိုက်သည် ဖြစ်ရာ ကျွန်ပ်တို့ပါတီသည် ပြည်သူတို့၏ တာဝန်အရ ဤ "ချမ်းအေးစစ်တမ်းဝေဖန်ချက်" ကို တိုင်းပြည်အား ၀ါဒရေးရာ ဝေဖန်ချက် အဖြစ် အချိန်မီ တင်ပြဖြေရှင်းလိုက်ရသည် ဖြစ်ပါကြောင်း။
အလုပ်သမား လူတန်းစား ညီညွတ်ခိုင်မာစွာရပ်တည်နိုင်ရေးသို့.....
ဗဟိုကော်မတီ
ဗမာပြည် အလုပ်သမား-လယ်သမားပါတီ
ဌာနချုပ်။
[မြန်မာပြည် နိုင်ငံရေးသမိုင်းကို သိလို နားလည်လိုကြသော နိုင်ငံရေးလေ့လာသူ ကျောင်းသားများ၊ စာပေ ၀ါသနာရှင်များ အတွက် အထောက်အကူ ဖြစ်စေရန် ၁၉၅၇ ခု၊ သြဂုတ်လ ၁၅ ရက်တွင် ဒုတိယ အကြိမ်အဖြစ် ပုံနှိပ်ထုတ်ဝေတဲ့ 'ချမ်းအေးစစ်တမ်းဝေဘန်ချက်' ရဲ့ 'နိဒါန်းစာ' ကို စာမြည်းအဖြစ် မျှဝေခြင်း ဖြစ်ပါတယ်။ အကျယ် ဖတ်ရှုလိုသူများ မူရင်းစာအုပ်ကို ရှာဖွေ၍ ဖတ်ရှုကြပါကုန်။ စာအုပ် အတွင်းအဖုံးပါ လိပ်စာ အဆိုအရတော့ ငြိမ်းချမ်းရေး စာပေတိုက်၊ ၉၄(က) ရွှေဂုံတိုင်လမ်း၊ ဗဟန်း၊ ရန်ကုန် ဖြစ်ပါတယ်။ ယနေ့ ဂျာနယ်လောကမှာ ရေပန်းစားနေတဲ့ နိုင်ငံရေး သက်ကြားအို အနည်းငယ်ထဲက တဦးရဲ့ တစိတ်တဒေသ အကြောင်းကို သိလိုသူများ သိကြစေရန် စာဖတ်သူ (လမင်းတရာ) က လက်ဆင့်ကမ်းပါတယ်။]
Tuesday, July 13, 2010
စပ်မိစပ်ရာ စာအကြောင်းပေအကြောင်း (၂)
ရေးသူ- မောင်အေးဝင်း
စပ်မိစပ်ရာဆိုတော့လည်း စကားက ဟိုရောက်ဒီရောက်။ အစီအစဉ်တကျ ရှိချင်မှ ရှိမှာပေါ့လေ။ တက္ကသိုလ်ဘုန်းနိုင်စာတွေ ငယ်ငယ်က ဘယ်လို စွဲခဲ့တယ် ဆိုတာကို ရေးတုန်း တန်းလန်းမှာ အိပ်ရာဘေးက ကိုယ်အစွဲအလန်းကြီးခဲ့တဲ့ စာအုပ်ကလေးတအုပ်ကို ကောက်ကိုင်လိုက်မိတာ ဘုန်းနိုင်ကို ခဏချထားလိုက် ရတယ်။
ကိုယ်ချစ်ခင်လေးစားပြီး အနှစ် ၂၀ လောက် ရင်းနှီးခဲ့တဲ့ ဆရာ......။ ကေတီဦးကျော်တင့်။
ကိုယ်တို့အဖေက အထိမ်းသိမ်းခံရပြီး အင်းစိန်ကထွက်လာတော့ ၀င်ဒါမီယာမှာ ခြံကလေးတခြံ ၀ယ်ပြီး အိမ်ကလေး တလုံး ဆောက်နေလို့ ကိုယ်တို့ ၁၀ တန်းအောင်တဲ့နှစ်မှာ အဲဒီကို ပြောင်းကြတယ်။ ကိုယ်တို့နဲ့ ခြံချင်းကပ်လျက် အိမ်နီးချင်းက ကိုတင့်လွင်(တင့်လွင်တူး) နဲ့ ဒေါ်မာမာအေး (ယခု-အမေရိက)။ ကိုတူး တို့ ခြံထဲမှာ သူတို့နေတဲ့ အိမ်ကလေးအပြင် အိမ်အပိုကလေး တလုံးရှိသေးတယ်။ ကိုတူးအဖေ၊ ဒေါ်မာမာအေး ယောက္ခမကြီး ကေတီဦးကျော်တင့်ဟာ ကိုကိုးကျွန်း နိုင်ငံရေးအကျဉ်းစခန်းကနေ ပြန်လွတ်လာပြီးတော့ အဲဒီ အိမ်ကလေးမှာ နေတယ်။ ကိုယ်က ဆရာရောက်မလာခင် ကတည်းက ကိုတူးဆီက ဆရာဘာသာပြန်တဲ့ 'တရုတ်စာပေ၊ ယဉ်ကျေးမှု နှင့် အဘိဓမ္မာ' စာအုပ်ကို ဖတ်ရတော့ ကြည်ညိုလေးစားနေတာ။ ဆရာရောက်လာတော့ အိမ်နီးချင်းလည်း ဖြစ်လာတော့ ဆရာ့ဆီက ကျွန်းအတွေ့အကြုံ၊ စာအကြောင်းပေအကြောင်းတွေ နာခံရပြီး ရင်းနှီးလာခဲ့တယ်။ ဆရာ့လက်သုံးစကား ဖြစ်တဲ့ "Birds of a feather flock together" ပေါ့။
၁၉၇၈ ကိုယ် ထောင်က ထွက်လာတော့ ကိုယ့်မိဘတွေက အေဒီလမ်းထဲ ပြောင်းနေကြပြီ။ ဆရာတို့ လည်း တောင်ဥက္ကလာ ပြောင်းသွားတယ်။ ကိုတူးကလည်း "ချစ်သူကပြောတယ်လား- မောင့်ကိုမုန်းတယ်လား" တွေ ဘာတွေ ရေးပြီးနေပြီ။
ကိုယ်က ၃၄ လမ်းထဲက ဆရာ့ရဲ့ အင်္ဂလိပ်စာ သင်တန်းကျောင်းမှာ သွားတက်တယ်။ ဆရာက Quotations တွေ၊ Thoughts တွေ၊ Times တို့ News Week တို့ ထဲက အင်္ဂလိပ်စာတွေကို ဘာသာပြန် အင်္ဂလိပ်စာ သင်ပေးတာ။
အဲဒီမှာ ဆရာ့ရဲ့ အဘိုးတန်တဲ့ အင်္ဂလိပ်စာ လေ့လာနည်းတွေကို အတုယူ မှတ်သားခဲ့ရတယ်။ ကိုယ်အမြတ်တနိုးထား စွဲလန်းနှစ်သက်ခဲ့တဲ့ ဆရာရေးတဲ့ စာအုပ်တအုပ် ရှိတယ်။ ကိုယ့်ပြေကိုယ်ရွာက ထွက်ပြေးလာရတော့ ပါမလာပဲ၊ ပျောက်ပျက် ဆုံးရှုံးသွားတာ။ ဒီရောက်ပြီး ၁၄- ၅နှစ် ကြာမှ အစား တအုပ် ပြန်ရှာရလိုက်တယ်။
"တသက်တာ အင်္ဂလိပ်စာလေ့လာနည်း" တဲ့။
ဆရာ့ စာအုပ်ထဲက စာအုပ်တန်ဘိုးတွေကတော့ ဆရာတို့ ခေတ်အခါက တန်ဘိုးတွေ ဖြစ်တဲ့အတွက် ဒီနေ့ခေတ် ငွေနဲ့ အသုံးမတည့်ပေမယ့် ဒီစာအုပ်တွေ၊ ဒီစာပေတွေကို လေ့လာဖတ်ရှုဖို့ နည်းစနစ်တွေက သစ်လွင် ခေတ်မီနေတုန်းပါပဲ။ စာအုပ်ရဲ့ အမှာစာကိုပဲ မြည်းကြည့်စမ်းပါအုန်း။
"စာဖတ်သူအတွက် အကျိုးကျေးဇူး" တဲ့။
ကျွန်တော်သည် စာပေကို မှားယွင်းစွာ လိုက်စားခဲ့သည်။ သင့်လျော်သော စာအုပ်များပင် ဖြစ်သော်လည်း မသင့်လျော်သော အချိန်အခါ၌ ဖတ်ခဲ့ဘူးသည်။ အလွယ်မှ အခက်သို့ အဆင့်ဆင့် မတက်ဘဲ အခက်မှ အစပြုခဲ့သည်လည်း ရှိခဲ့၏။ မည်သည့် စာအုပ်များကို စတင် ဖတ်ရှုပြီး မည်သည့် စာအုပ်များကို ဆက်လက်၍ ဖတ်ရှုရမည်ကို မသိခဲ့သည်လည်း ရှိခဲ့သည်။ သာမန် ဖတ်သင့်သောစာကို ဂရုစိုက်၍ လေ့လာသောကြောင့် အချိန်ကုန်လွန်းလျက် အရာမထင် အကျိုးမရှိခဲ့သည်လည်း ရှိခဲ့၏။ ဂရုစိုက် လေ့လာရမည်ကို သာမန် ပေါ့တန်စွာ ဖတ်ခဲ့သည်လည်း ရှိခဲ့သည်။ အချုပ်အားဖြင့် စာဖတ်ရှုနည်းများ မှားခဲ့ဘူးသည်။ အနှစ်နှစ်အလလ ပြုပြင်ခဲ့သည်။ ထိုနောက် မှန်ခဲ့ပြီ။ ကျယ်ပြန့်စွာ ဖတ်ခဲ့သည်။ နက်ရှိုင်းစွာ ဖတ်ခဲ့သည်။ လေ့လာမှုကိုလည်း လက်မလွှတ်ခဲ့ပေ။
ဤစာအုပ်တွင် ပါရှိသော နည်းများကို အသုံးပြု၍ လက်တွေ့ ကျင့်သုံးလျှင် မည်သူပင် ဖြစ်စေကာမူ... အကြောင်းကြောင်း ညီညွတ်လျှင် စာပေပညာ အရပ်ရပ်တွင် ကျွန်တော့်ထက်ပင် အဆပေါင်းများစွာ ပိုမိုလျှင်မြန်စွာ အကျိုးကျေးဇူး ခံစားရမည်မှာ မလွဲနိုင်ပေ။ အဘယ်ကြောင့်နည်း။
ဤစာအုပ်ရေးသူ ကျွန်တော်သည် မှားခဲ့ဘူး၏။
ဤစာအုပ် ဖတ်ရှုလေ့လာ လေ့ကျင့်သူသည် မမှားဘဲ နည်းမှန်လမ်းမှန်ကို အဆင်သင့် ရရှိသောကြောင့် ဖြစ်၏။
သို့ဖြစ်လျှင် ကျွန်တော်ကိုယ်တိုင် (၁၀)နှစ်အတွင်း ရရှိသော တိုးတက်မှုကို ဤစာအုပ်ဖတ်၍ လိုက်နာ လေ့ကျင်သူသည် (၉) နှစ်အတွင်း၌ ရရှိပေမည်။ (၅) နှစ်အတွင်း ရရှိကောင်း ရရှိပေမည်။
သို့သော် ဤစာအုပ်ကို ဖတ်ရှုခြင်း သက်သက်အတွက် မရည်ရွယ်။ လိုက်နာ လေ့လာကြရန် ရည်ရွယ် သည်။ "ဖတ်" စာအုပ်မဟုတ်။ "လုပ်" စာအုပ် ဖြစ်သည်။
ထို့ကြောင့် ဤစာအုပ်ကို ပထမနှစ်တွင် တလလျှင် တကြိမ် လေ့လာသင့်သည်။ ဒုတိယနှစ်တွင် (၂) လလျှင် တကြိမ် လေ့လာသင့်သည်။ တတိယနှစ်တွင်လည်း လက်မလွှတ်သင့်ပေ။
ဤသို့လျှင် အထိရောက်ဆုံး စာပေအကျိုးကျေးဇူးကို အတိုဆုံး အချိန်ကာလအတွင်း၌ ရရှိမည်မှာ မုချဖြစ်သည်။ ။
ဆရာ့ဆီမှာ ကိုယ်တို့ ကျောင်းတက်ချိန်၊ အတန်းထဲမှာ ဆရာ မကြာခဏ ပြောတဲ့စကားရှိတယ်။ အချိန်မရှိပါဘူးကွာ။ စာမဖတ်အားပါဘူးကွာ ဆိုတဲ့ လူတွေအတွက် ဆရာပြောနေကြစကား။ လူတွေဟာ တနေ့ကို အနည်းဆုံး နှစ်ခါတော့ အိမ်သာတက်ရမှာပဲ။ တခါမှာ အနည်းဆုံး ၅ မိနစ်ထားရင် တနေ့ကို ၁၀ မိနစ် အိမ်သာထဲမှာ ရှိတယ်။ အဲဒီအချိန်မှာ စာဖတ်ရင် တနေ့ကို ၁၀ မိနစ် အချိန်ရတယ်ထား။ ၁၀ ရက်ဆိုရင် မိနစ် ၁၀၀ ဘဲ။ (၁၀) ရက်မှာ စာဖတ်ချိန် တနာရီ မိနစ်လေးဆယ် ရလိုက်ပြီ။ ရက်ပေါင်း ၁၀၀ မှာ ၁၆ နာရီကျော် ၁၇ နာရီ နီးပါး ရသွားပြီ။ တနှစ်မှာ ဘယ်လောက်လဲ ကိုယ့်ဖာသာကို စဉ်းစား တွက်ချက်ကြည့်ပေတော့။ ဆရာကပြောတယ်။ ဒီလောက်ဟာ နည်းတော့နည်းတယ်။ ဒါပေမယ့် မဖတ်ပဲ နေခဲ့တဲ့အချိန် ၁ မိနစ် ၂ မိနစ် ကို သုံးလိုက်တာပဲ အချိန် သည်လောက် သည်လောက်တော့ ရလိုက်တယ်လေ။ ၁၀ နှစ်ဆို ဘယ်လောက်လဲ။ အနှစ် ၂၀ ဆိုလျှင်...........။
ဒီလိုပဲ တနေ့ကို အိပ်ရာဝင်၊ အိပ်ရာထ အနည်းဆုံး ၂ ခါတော့ လုပ်ရမယ်။ အိပ်ရာဝင် ၄ မိနစ်၊ အိပ်ရာထ ၄ မိနစ်။ တနေ့ ၈ မိနစ် ရမယ်။ ၁၀ ရက် မိနစ် ၈၀။ ရက် ၁၀၀ ဆိုရင်တော့ မိနစ် ၈၀၀ ပဲ။ အိပ်ရာဝင်၊ အိပ်ရာထ၊ အိမ်သာနှုန်း၊ ဒီ သုံးခုပေါင်းရင် မရဘူးဆိုတဲ့အချိန် တနေ့ ဘယ်လောက်ရမလဲ။ ၁၈ မိနစ်ရမယ်နော်။ ၁၀ ရက် မိနစ် ၁၈၀။ တကယ်လုပ်ရင် ၁၀ ရက်မှာ စာဖတ်ချိန် ၃ နာရီလေ။ မြန်မာစာစာအုပ် ဘယ်နှစ်မျက်နှာ ရမလဲ။ လုပ်ကြည့်ပါ။
ဆရာက တောင်ဥက္ကလာမှာနေတော့ ၃၄ လမ်း သူ့ကျောင်းကို ဘတ်စ်ကားနဲ့ လာရတယ်။ ကားစီးရတာ ဂိတ်စ ဂိတ်ဆုံးပေါ့။ မိနစ် ၄၀ ကြာတယ် ပြောတယ်။ အသွားအပြန် မိနစ် ၈၀ လောက်ရတယ်။ ဂိတ်စ ဂိတ်ဆုံး စီးရတာဆိုတော့ ထိုင်စရာနေရာလဲရတယ်။ ဒီလိုအဖြစ်မျိုး ကြုံရတဲ့ လူတွေအဖို့ ကား၊ ရထားစီးချိန်ဟာလည်း အသလွတ် စာဖတ်ချိန် ရလိုက်ပြန်ပြီ။ ဆရာပြောတာ ဒါပဲလေ။ အချိန်မရလို့ စာမဖတ်နိုင်သူတွေ ဒီလို အချိန်တွေကိုပဲ စုလိုက် တနေ့၊ တပါတ်၊ တလ၊ တနှစ်၊ ၁၀ နှစ်။ ရလိုက်တဲ့ အချိန်၊ ဖတ်လိုက်ရတဲ့စာအုပ်။
အမေရိက ရောက်စက စာအုပ်တအုပ် တွေ့ဖူးတယ်။ အတွဲ လေးတွဲ ရှိတယ်။ American Barthroom Book တဲ့။ ဖတ်သင့်ဖတ်ထိုက်တဲ့ ကမ္ဘာကျော် စာအုပ်တွေ အကြောင်းအရာတွေ တအုပ်ကို၊ တပုဒ်ကို အိမ်သာ တခါတက်စာ တမျက်နှာနဲ့အပြီး အကျဉ်းချုပ်ပြီး ရေးထားတာ။ သဘောက တခါဖတ်စာ၊ အိမ်သာထဲမှာ ထားပြီး အိမ်သာတက်တိုင်း ဖတ်ဖို့။ နောက် CD တွေ ခေတ်စားလာတော့ audio book အနေနဲ့ CD အချပ်တောင် တွေ့လိုက်သေးတယ်။ ခုလို ပစ္စည်းကရိယာ တိုးတက်ထွန်းကားနေတဲ့ ခေတ်မှာ အင်တာနက်ကနေ download လုပ်ပြီး MP3 ထဲ ထည့်ထားရင် အားကစားလုပ်ချိန်၊ လမ်းလျှောက်ချိန်၊ ဟင်းချက်ချိန် တို့မှာတောင် နားနဲ့ ဖတ်လို့ ရနေပါရောလား။
တခု အမှတ်ရနေတာ ရှိသေးတယ်။ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား သင်ကြားလေ့လာတဲ့အခါ လေယူလေသိမ်း အခက်ခဲကြောင့် အထူးသဖြင့် ရုပ်ရှင်ကြည့်တဲ့ အခါပေါ့လေ။ လေ့လာသင်ယူဖို့ဆို သုံးမတ်တန်းက ၁၀ ခါကြည့်၊ အပန်းဖြေအနားယူဖို့ဆို ဒီစီ (သုံးကျပ်ခွဲတန်း) က တခါကြည့်တဲ့။ သူ့ခေတ်သူ့အခါ ဈေးနှုန်းကို ပြောတာ။ ဈေးအနိမ့်ဆုံး သုံးမတ်၊ ဈေးအမြင့်ဆုံး သုံးကျပ်ခွဲ။ ခုတော့ ဒီဈေးမရတော့ပေမယ့် ဆရာ့ဆိုလိုရင်းက အကြိမ်ပေါင်း အခေါက်ပေါင်းများစွာ ကြည့်နိုင်ဖို့ ဈေးအပေါဆုံးတန်းက ကြည့်ဖို့ ပြောတာ။ ခုတော့ ဒါတွေကို ကျော်ဖြတ်နိုင်ပါပြီ။ ဗွီဒီယိုတွေ၊ ဗွီစီဒီတွေ၊ ဒီဗွီဒီတွေ ပေါ်နေမှ မ၀ယ်ဖြစ်ရင်တောင်၊ အငှားဆိုင်က၊ စာကြည့်တိုက်က ငှားပြီး ကြည့်ချင်သလောက် ထိုင်ကြည့်ပေတော့။
ကိုယ့်ကုတင်ဘေး ခေါင်းရင်းက ကေတီကြီးရဲ့ (ကျနော်တို့ ဒီလို ချစ်စနိုးခေါ်ကြတယ်) စာအုပ်ကို ဆွဲယူပြန်ဖတ်ရင်း တဆက်တည်း ခေါင်းထဲရောက်လာတဲ့ အတွေးက ဒီနေ့ခေတ်မှာ လူငယ်လူလတ်ပိုင်း အတော်များများဟာ စာဖတ်အားနည်းကြတာကို တွေးမိတယ်။ တချို့များ ကိုယ့်အလုပ်ဟာ စာမဖတ်ရင် (မြန်မာစာ) မဖြစ်တဲ့အလုပ်မျိုးကို လုပ်နေကြတာတောင် စာမဖတ်ကြဘူး။ ဖတ်ရကောင်းမှန်း မသိကြဘူး။ မဖတ်တာကို ရှက်ရကောင်းမှန်း မသိကြဘူး။ ဂုဏ်ယူတဲ့သူတောင် ရှိသေးတယ်။ သူတို့ရဲ့ ဆင်ခြေက အချိန်မရလို့တဲ့။ ဒီလိုလူမျိုး ဘယ်လောက်တောင် များလို့လဲ မေးရင်တော့ ကြောက်ခမန်းလိလိ များပါတယ်။ တိုက်တွန်းချင်တာက အလုပ်အတွက် လိုအပ်လို့ပဲ ဖြစ်ဖြစ်၊ မလိုအပ်ရင်ပဲ ဖြစ်ဖြစ် စာတော့ ဖတ်ကြပါ။ စာမဖတ်တာကို ဂုဏ်မယူကြပါနဲ့။
Tuesday, July 6, 2010
စပ်မိစပ်ရာ စာအကြောင်းပေအကြောင်း (၁)
ရေးသူ- မောင်အေးဝင်း
စာတွေ ဘယ်တုန်းက စ, ဖတ်သလဲဆိုတာ ပြောရရင် ကာတွန်းတွေ ဖတ်တာက စ, တာပဲ။ မော်ဒန်ကာတွန်း၊ ကာတွန်းညွန့်ပေါင်း၊ ကာတွန်းပဒေသာ၊ မောင်ကမ္ဘာ၊ သတ္တိ၊ ဒီလုံး စတဲ့ ပြား ၆၀ တန် ကာတွန်းတွေ။ ခလေးဂျာနယ်က တကျပ်။ စာပေဗိမာန်မဂ္ဂဇင်း၊ နောက်ပြီး စာပေဗိမာန်က ထုတ်တဲ့ လူထုလက်စွဲစာစဉ် ဆိုတဲ့ တမတ်တန်၊ ငါးမူးတန် အပါးကလေးတွေ၊ ၁၀ ပြားတန် ဘားမားစတား၊ ဖလင်စတား။ စာဆိုရင် အကုန်ဖတ်ပဲ။ စစ်အစိုးရ တက်ခါစ ရန်ကုန် မပြောင်းခင်ကလေးမှာ တေဇ ဆိုတဲ့ စာစောင် ထွက်လာတယ်။ ခလေးဂျာနယ်တို့ ဘာတို့က ပိတ်သွားတယ်။ ခလေးတွေ အတွက် ခလေးစာပေ အရည်အချင်း မှာ ခလေးဂျာနယ်က တေဇ စာစောင်ထက် အများကြီး၊ အပုံကြီး သာတာပေါ့။
ကျောင်းမှာက ဗမာစာကို သိတ်အားပေးတာမှ မဟုတ်တာ။ ဗမာလိုသင်တာလဲ မြန်မာစာနဲ့ သမိုင်းပဲ။ ဒါပေမယ့် ကိုယ်က အင်္ဂလိပ်စာမှာ မတော်ခဲ့ဘူး။ ခုလဲ ကောင်းကောင်း မတတ်ပါဘူး။ သူလို ကိုယ်လို ကျောင်းသင်သလောက် ရောတိရောရာပဲ။ ကလေးဘ၀မှာ ဆော့တဲ့ ကစားတဲ့ အချိန်ကလွဲရင် အားတဲ့အခါ ဗမာစာပဲ အဖတ်များတယ်။ အိမ်က လူကြီးတွေကလဲ စာဖတ်တာ အရမ်းအားပေးတယ်။ ကျောင်းက "Our Father, Who are in Heaven..." ဟာ ကျောင်းမှာတင် ပြီးတာ။ ကိုယ် ယဉ်ပါးရတာက "သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင်၊ သောင်းခွင်စကြာဝဠာ...... " တို့၊ ဓမ္မကထိက ဆရာကြီး ဦးလှသိန်းရဲ့ သံပေါက်တွေ။
ခလေးဂျာနယ်ထဲက- "မြတ်သူမြတ်မူ၊ ကျောင်းပိတ်ရက်၊ အိမ်မှာစာတွေကျက်..." တို့၊ "ပါပီကလေး ပုတုတု၊ သူ့စကားက ၀ု ၀ု ၀ု.... ။ သူ့စကားလူမသိ၊ လူ့စကား သူမသိ၊ သနားပါဘိ..." တို့ ခုထိ ခေါင်းထဲမှာ ရေးတေးတေး စွဲနေတုန်း။ "မိုးရေတက်ရေ၊ တဖွေးဖွေး၊ ကွင်းကျယ်အဝေးဝေး၊ လယ်စောင့်တဲလေး ခြေတံရှည်၊ မိုးကုပ်အောက်မှာနေ၊ ကြာနီတပွင့် ဖြူတပွင့်၊ တဲနဲ့ပနာတင့်"။
တဖြည်းဖြည်းနဲ့ စာဖတ်တာ စွဲလာတော့ ၀တ္ထုလိုင်းကို ကူးလာတယ်။ ဘယ်လောက်အထိ စွဲသလဲဆိုရင် 'ရန်ကုန်' သတင်းစာထဲက အခန်းဆက်ဝတ္ထုဖြစ်တဲ့ 'ဓူဝံ' ရဲ့ အခန်းဆက် ၀တ္ထုရှည်ကို တဖက်အိမ်ကို နေ့လည်အချိန် သတင်းစာ ရောက်တဲ့အချိန်မှာ စောင့်ပြီး ဖတ်ရတာ။ သူတို့အိမ်က ဆန်ဆိုင်၊ ရေနံဆီဆိုင်ဆိုတော့ ညဆိုင်ပိတ်မှ အိမ်တံခါးပိတ်တာ။ အိမ်ရှေ့မှာ ဆော့ရင်း ကစားရင်း လူကြီးတွေ သတင်းစာကို ဖတ်ပြီးလို့ ချထားတာ မြင်တာနဲ့ အပြေးသွားကောက်တာပဲ။
ပထမတော့ ရှုမ၀၊ သွေးသောက်၊ မြ၀တီ၊ ပေဖူးလွှာ၊ တိုင်းရင်းမေ၊ အဟိ၊ သောကြာ၊ လျှို့ဝှက်သဲဖို၊ စတဲ့ မဂ္ဂဇင်းတွေ။ ဖတ်စရာတွေက ပေါလိုက်တာမှ ဖတ်လို့ကို မကုန်နိုင်သလို၊ အရည်အသွေးတွေလဲ များသော အားဖြင့် ကောင်းကြတယ်။
လုံးချင်းဝတ္ထု စာအုပ်တွေကို မူလတန်း ကျောင်းသားအရွယ် (လေးတန်း) မှာ စဖတ်ခဲ့တယ်။ ဆရာကြီး ရွှေဥဒေါင်း၊ ဒဂုန်ရွှေမျှား၊ ဓူဝံ၊ မြစကြာ၊ ဗိုလ်တာရာ၊ မိုးဝေ တို့ရဲ့ လျှို့ဝှက်သဲဖို၊ စုံထောက်ဝတ္ထု၊ စုံး သရဲ သိုက် အောက်လမ်းဆရာ ၀တ္ထုတွေက စခဲ့ပါတယ်။ ဆရာကြီး ရွှေဥဒေါင်းရဲ့ စုံထောက်ဦးစံရှားက အတွဲလိုက် ထွက်တယ်။ ဓူဝံကတော့ အုပ်ထူကြီးတွေ။ မာလာ၊ ဂွမ်းပုံ၊ ရဲသုံးဘော်၊ မိုက်ခဲထွန်းရွှေ၊ နယ်လီဝင်း။ နောက်တော့ အောင်လင်း၊ တက္ကသိုလ်ဘုန်းနိုင်၊ ခင်နှင်းယု၊ မောင်သင်၊ ဗိုလ်မြင့်။
'အောင်လင်း' ရဲ့ 'အရိုင်းစပါယ်' 'ဗေဒါ' 'မောင့်မမငြိမ်း'။ အရိုင်းစပါယ် ၀တ္ထုဆို အတော်ကလေး ထူတယ်။ တနေ့ထဲ ပြီးအောင် ဖတ်ပစ်တာ။ နောက်တော့ ရုပ်ရှင်အဖြစ် ရောက်လာတယ်။ မော်လမြိုင်မှာ ဗမာရုပ်ရှင် အသစ်ဆိုရင် နန်းတော်ရုံ မှာတင်တယ်။ ထုံးစံက နံမည်ကြီး ရုပ်ရှင်တွေဆို ရုံမတင်ခင် တရက် ကြာသာပတေးညမှာ ရုပ်ရှင်ကြော်ငြာကို လျှပ်စစ်မီးတွေ ထိန်ထိန်လင်းအောင် ထွန်းပြီး တမြို့လုံး လှည့်တယ်။ ကိုယ်ကြိုက်တဲ့ ၀တ္ထု ရုပ်ရှင်လာတယ်ဆိုတော့ ပျော်လိုက်တာ။ ၀တ္ထုထဲက 'မ' အဖြစ် သရုပ်ဆောင်တာက ၀ါဝါ၀င်းရွှေ။ 'ကိုဘခက်' လုပ်သူက 'ထွန်းဝေ'။
ဝတ္ထုထဲမှာပါတဲ့ စကားတခု မှတ်မိနေတယ်။ ဗေဒင်ဆိုတာ ကိုယ့်ကိုယ်ကို မယုံတဲ့ လူတွေမှ မေးကြတာ။ ကိုယ်ဘာဖြစ်မယ်ဆိုတာ ကိုယ့်ကိုယ်ကို သိရင် ဘာမှ ဗေဒင်မေးစရာမလိုဘူးလို့ ကိုဘခက်က ပြောတယ်။ 'မ' က ကိုဘခက် ရှင်ဟာ နာမည်နဲ့ လူနဲ့ လိုက်အောင် တော်တော်လဲ ခက်တဲ့လူ တဲ့။
'တက္ကသိုလ်ဘုန်းနိုင်' ရဲ့ 'စိမ်းနေဦးမည့်ကျွန်တော့်မြေ' မှာ ဘုန်းကြီးကျောင်းသားသန့်စင်၊ သူကြီးသမီး မလေးနွယ် လား၊ မယဉ်နွယ် လား ခပ်မေ့မေ့။ ဖတ်လို့ကောင်း၊ စိတ်ကူးယဉ်လို့ကောင်း။ 'သူငယ်ချင်းလို့ပဲဆက်၍ ခေါ်မည်ခိုင်' က ရန်ကုန်ရောက်ပြီးမှ ထွက်တာ။ တတွဲပြီး တတွဲ၊ သုံးတွဲကို စောင့်ဖတ်ရတာအမော။
ဆရာမကြီး 'ခင်နှင်းယု' ရဲ့ 'ပန်းပန်လျက်ပါ' ကတော့ စာအုပ်ပဲ ဖတ်ဖူးတာ။ ရုပ်ရှင်က ရန်ကုန်ရောက်ပြီး တော်တော်ကြီးမှ ကြည့်ဖူးတာ။ အမေတို့ ရန်ကုန်က ပြန်လာတော့ 'ပန်းပန်လျက်ပါ' ရုပ်ရှင် နှစ်ဆယ့် ငါးပါတ်မြောက်ပြရတဲ့ အထိမ်းအမှတ်ပွဲ မြို့မ-ရွှေဂုံ ရုပ်ရှင်ရုံ အပေါ်ထပ်မှာ လုပ်တဲ့အကြောင်းကို ပြောပြတယ်။
စုံးကဝေ၊ သိုက်သမိုင်း ၀တ္ထုတွေနဲ့ အပြိုင် ခေတ်စားတာ၊ စုံးကဝေ ရုပ်ရှင်တွေ၊ သိုက်သမိုင်း ရုပ်ရှင်တွေ။ ဘာတဲ့- ဆရာ-မနိုင်၊ နှစ်ဆောင်ပြိုင်၊ ဆရာပြန်ပြေး ဘုရားကလေး တဲ့။ ကျီးကန်းပါးစပ်၊ ဒေးစွန်ပါ၊ ရှင်မအောင်ဖြူ.. စုံလို့ပါပဲ။ သိုက်သမိုင်းဆို အေ၀မ်းရုပ်ရှင်။ မင်းသားက ခင်မောင်ဇင်၊ မင်းသမီးက ကြည်ကြည်ဌေး။ စုံးမ ကဝေမ က ဒေါ်မြလေး။ သရဲခန်း သိုက်စောင့်အခန်းဆို တာတေကြီး။ ဒီစာအုပ်တွေဖတ်၊ ဒီ ရုပ်ရှင်တွေ ကြည့်ပြီးရင် အိမ်ရဲ့ အပေါ်ဆုံး သုံးထပ်မှာ ရှိတဲ့ ဘုရားခန်းကို လူကြီးတွေက ဘုရားမီးထွန်းခိုင်း၊ ဘုရားသောက်တော်ရေ လဲခိုင်းရင် တယောက်ထဲ မသွားရဲဘူး။ ဘုရားခန်းဆိုတာကလဲ အဲဒီတုန်းက ကလေးတွေ အမြင်မှာ စိတ်ထဲက ချောက်ခြား စရာ။ ကြောက်စရာ။
ကိုယ်က မော်လမြိုင်မြို့၊ စိန်ပက်ထရစ်ကျောင်းမှာ ငါးတန်းအထိ နေခဲ့ပြီး၊ ရန်ကုန်မှာ ခြောက်တန်းက စနေတာ။ ကိုယ်မှတ်မိနေတဲ့ ဒီစာတွေဟာ မော်လမြိုင်မှာနေတုန်း ဖတ်ခဲ့တာတွေဆိုတာ အခိုင်အမာ ပြောလို့ရတယ်။
စာရေးဆရာနဲ့ ၀တ္ထုထဲက ဇာတ်ကောင်တွေဟာ စာဖတ်ခါစ ကိုယ်တို့ကို ဘယ်လောက်အထိ စွဲသလဲ၊ သြဇာသက်ရောက်သလဲဆိုရင် မော်လမြိုင် စိန်ပက်ထရစ် ကျောင်းမှာတက်နေတုန်း အဖြစ်အပျက်တခု အမှတ်ရ မိတယ်။ ကိုယ်တို့ ငါးတန်းမှာ ညီအစ်ကိုနှစ်ယောက် ကိုယ်တို့ ကျောင်းကို ရောက်လာတယ်။ သူတို့ အဖေက စာတိုက်ဝန်ထောက်အလုပ်နဲ့ မော်လမြိုင်ကို အလုပ်ပြောင်းလို့။ ညီက ကိုယ်နဲ့အတန်းတူ၊ အစ်ကိုက တတန်းကြီးတယ်။ ညီက ရိုးရိုးအေးအေး၊ အစ်ကိုက နည်းနည်းစွာတယ်။
အဲဒီမှာ ကိုယ်တို့က မိုးဝေရဲ့ စကြာနီဂိုဏ်း စာအုပ်ဖတ်ပြီး ရူးနေတဲ့အချိန်။ ၀တ္ထုထဲမှာ ဇာတ်လိုက်က ညီညီ။ သူဌေးသား၊ ညီညီ့သူငယ်ချင်းက သာမန်ပုလိပ်အရာရှိတယောက်သား၊ မောင်မောင်ချစ်။ ရန်ကုန်မြို့ နာမည်ကြီး သာသနာပြုကျောင်းမှာ အထက်တန်းကျောင်းသားကြီးတွေပေါ့။ အနောက်နိုင်ငံ ရုပ်ရှင်တွေထဲက road devil တွေကို အတုခိုးပြီး လမ်းသရဲဆိုပြီး ခေတ်စားနေတာ။ သူတို့ဂိုဏ်းက စကြာနီဂိုဏ်း။ ဘယ်ဘက် လက်မနဲ့လက်ညှိုးကြား လက်ဖမိုးပေါ်မှာ အနီရောင် စကြာအရုပ် ထိုးထားတယ်။ ၀တ္ထုစာအုပ် မျက်နှာဖုံးမှာကိုက "လမ်းသရဲတဦး၏ ဖွင့်ဟ၀န်ခံချက်" လို့ ဖော်ပြထားတယ်။
ငါးတန်းကျောင်းသား ကိုယ်တို့ညီအစ်ကိုကလဲ စာအုပ်ထဲက လမ်းသရဲတွေကို တုပြီး မှင်အနီနဲ့ လက်မှာ စကြာအရုပ် ရေးတာ။ တနေ့တော့ အသစ်ပြောင်းလာတဲ့ ညီအကိုထဲက အစ်ကိုနဲ့ ရန်ဖြစ်တယ်။ ကလေးတုန်းက နော်။ သူတို့က ကျောင်းကို ရောက်ခါစ။ ခုတော့ ချစ် သူငယ်ချင်း တွေပါ။ အစ်ကိုက Desmond San Choung တဲ့။ သူတို့က မိဘကို သွားတိုင်တော့ သူ့မိဘတွေက ကျောင်းအုပ်ဆရာကြီးကို တိုင်တယ်။ ဒါနဲ့ ကိုယ်တို့ ညီအစ်ကို ကျောင်းအုပ်ဆရာကြီး Brother Wilfred ရုံးခန်းကို ရောက်ကြရတယ်။ တော်သေးတယ်။ အရိုက်မခံရဘူး။ လမ်းသရဲ အရူးထတဲ့ ကလေးအရွယ် ကိုယ်တို့ ညီအစ်ကိုတွေကို ကြည့်ပြီး Brother ကြီးက ဟာသလုပ် ပြန်လွှတ်လိုက်တယ်။
အစ်ကိုလုပ်သူဟာ ခုတော့ ရန်ကုန်တက္ကသိုလ် ဥပဒေဌာနမှာ ပါမောက္ခ ဖြစ်နေလား၊ အငြိမ်းစားယူ သွားပြီလား မပြောတတ်ဘူး။ ဥပဒေပညာရှင်၊ စာရေးဆရာ ကျော်ဇောနိုင်ဟာ သူပေါ့။
စုံထောက်ဆရာ မိုးဝေက ဘယ်လောက်တောင် သြဇာသက်သလဲဆိုရင်၊ လူကြီးတွေနဲ့ ရန်ကုန်ကို အလည်သွားလို့၊ ဆူးလေဘုရားလမ်းကိုရောက်တော့၊ မိုးဝေဇာတ်ကောင် အလွတ်စုံထောက်တင်မောင်ဆွေ နဲ့ စက္ကရေတေရီ မေစီတို့ ရုံးခန်း ဘယ်နားမှာများ ဖြစ်မလဲလို့ စူးစမ်း ကြည့်မိသေး။
မောင်အေးဝင်း
ဂျူလိုင်လ ၅ ရက်၊ ၂၀၁၀။
Monday, July 5, 2010
၇ ဂျူလိုင်၊ ၁၉၆၂။
[(၄၈) နှစ်မြောက်၊ ရန်ကုန်တက္ကသိုလ်၊ ၁၉၆၂ ဂျူလိုင် ၇ရက်၊ အမှတ်တရ အဖြစ် 'အောင်ပြည့်' ရဲ့ 'ပြိုမှာလေလားမိုးရဲ့' ၀တ္ထုမှ ထုတ်နှုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။]
......... တက္ကသိုလ်တွင် ကျင်လည်ကျက်စားခဲ့သူတို့၏ ဘ၀ဟောင်းကို ပြန်လည် တမ်းတစရာ......
[မောင်ကိုယု ရဲ့ ၀တ္ထုစာအုပ် မိတ်ဆက်စကားမှ]
.... အဆောင် ပြန်ရောက်ချိန်တွင်တော့ ခင်ညို စာကြည့်လို့ မရ။ နက်ဖြန် နေ့ခင်း တကသ အစည်းအဝေးမှာ ဘာတွေ ဆုံးဖြတ်ကြမလဲ။ မြို့နယ်အသင်း အမှုဆောင် အစည်းအဝေးကော ကျေကျေ လည်လည် ပြီးပါ့မလား။
ခင်ညို တွေးနေဆဲမှာပင် ပင်မကျောင်းဆောင်များဆီမှ အသံတွေ ဆူလာသည်။ ခင်ညို နားစိုက်ထောင် လိုက်မှပင် အသံတွေက ပိုပြီး ကျယ်လာသည်။
"ထောင်လို ချုပ်ထားတာ မလိုချင်ဘူးကွ"
"ဟေး"
"ဟေး" ဆိုသောအသံထုကြီးက ကြက်သီးထခမန်း။
"မီးတွေပိတ်ကွ"
"ပဲခူးဆောင်က ရဲဘော်တွေ ဆင်းခဲ့ကွ"
ခင်ညို အဆောင်သံစကာ ကြားက ကြည့်မိသည်။ ဗဟိုဆောင်များတွင် မှောင်နှင့်မဲမဲ မီးပျက်သည်ကစပြီး ဆူကြဟန်တူသည်။ ပြီးတော့ အပြင်ကို ပြိုထွက်လာကြဟန် တူသည်။
မန္တလေးဆောင်တွင်းမှာတော့ အဆောင်မှူး ဆရာ ဦးခင်မောင်ဝင်းတို့၊ ဦးထွန်းဦးတို့ ပျာနေကြပြီ။ ညစောင့် မောင်သောင်းပင် မျက်လုံးပြူးပြီး ဘာလုပ်ရမှန်းမသိ။ တဖြည်းဖြည်းနှင့် ကျောင်းသားတွေ အားလုံးလိုလို အဆောင်ဝ တံခါးမကြီးတွင် စုမိကြသည်။
"ရဲဘော်တို့ ထွက်ခဲ့ပါ၊ ကျုပ်တို့ ဖိနှိပ်ချုပ်ချယ်မှုကို ကန့်ကွက်ဖို့ ဆိတ်ငြိမ် ဆန္ဒပြမယ်"
"မကြောက်ပါနဲ့ လာသာ လာခဲ့ပါ"
မောင်သောင်းက လန့်ပြီး သော့အားလုံးကို ဆရာဦးခင်မောင်ဝင်းလက် အပ်လိုက်သည်။ တံခါးက ပိတ်မြဲ။
"ဟေ့ မိန်းမရှာတွေလားကွ"
ပေါ်တီဂိုအောက်တွင် ရပ်နေသော ရဲဘော်တယောက်က အော်သည်။
"ချလွမ်"
ခင်ညိုက အံကို ကြိတ်ပြီး လက်သီးကို ကျစ်ကျစ်ဆုပ်ထားချိန် ဘာကို စလုပ်ရမှန်း မသိချိန်မှာပင် ဘယ်အချိန်က အပြင်ရောက်နေမှန်းမသိသော မန္တလေးဆောင်သား စိန်အစ်က မီးချောင်းကို ပစ်ခွဲလိုက်သည်။
ပေါ်တီဂို တခုလုံး မှောင်သွားပေပြီ။
"ထွက်ဟေ့၊ ထွက်ဟေ့"
ပြောပြောဆိုဆိုနှင့် အပြင်တွင်ရှိသော ကျောင်းသားထုက သံဆွဲတံခါးကို ၀ိုင်းမသည်။ ကြောင်ပြီး ကြည့်နေရာမှ အသက်ဝင်လာသေ ခင်ညိုတို့ အဆောင်သားတွေက ခုမှ တံခါးကို ၀ိုင်းတွန်းသည်။
မကြာလှပါ။
တံခါးကြီး ကော့လန်သွားသည်။
ကျောင်းဆောင်သား အားလုံးလိုလို ငုံ့ပြီးထွက်လိုက်ကြသည်။
အို ကျောင်းသားထုက မနဲပါလား။
"လာကြဟေ့ ရဲဘော်တို့၊ အမရဆောင်ကို ဒီနည်းအတိုင်း ဖွင့်မယ်"
ရှေ့ဆုံးက ရဲဘော် ကျောင်းသားတယောက်က ပြေးရင်း အော်ပြောသွားသည်။ ကျောင်းသားထုကြီး လည်း သူ့နောက် ပြေးလိုက်သွားသည်။
"ဟေ့ ဖိုးစိုးလွင်"
အမရဆောင် လှေခါးအောက်တွင် အဆောင်သားတွေ စုပြုံနေကြပြီး ဖြစ်သည်။ စိုးလွင်ဂျပုက ရှေ့ဆုံးမှာ သံတံခါးနှင့် ကပ်လို့။
"ဘယ်လိုလဲဗျ ကိုခင်ညို"
စိုးလွင်က မျက်နှာသေလေးနှင့် မေးသည်။
"ဟ ဘယ်လိုမလဲနေနဲ့ ကိုယ့်လူ၊ တံခါးသာ ၀ိုင်းတွန်းပေးတော့"
ခင်ညို ပြောနေချိန်တွင် 'ဆွဲဆွဲ' နှင့် အပြင်ကျောင်းသားထုက ဆွဲပြီး 'တွန်း တွန်း' နှင့် အတွင်း ကျောင်းသားထုက တွန်းသည်။
"ဟေး"
တံခါးကြီး လန်သွားပေပြီ။
"ရဲဘော်တို့ ရာမညကလဲ ထွက်လာကြပြီ၊ အားလုံး အဓိပတိလမ်းမှာ စုမယ်၊ စည်းကမ်းအတတ် နိုင်ဆုံးထားပြီး လိုက်ခဲ့ကြပါ"
"ဟေး"
ကိုဗဆွေလေးက အမရဆောင် အုတ်ခုံမြင့်လေးပေါ်က အော်ပြောလိုက်ပြီး ရှေ့က ထွက်သွားသည်။ ကျောင်းသားအားလုံး သူ့နောက် ပါလာကြသည်။
"တပည့်တို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါကွာ မှားကုန်ပါ့မယ်"
သမဂ္ဂရှေ့ စုမိကြလျှင်ပင် ကျောင်းသားရေးမှူး ဆရာ ဦးစံထွန်းရောက်လာသည်။ ရောက်ရောက်ချင်း ဆရာက အော်ပြောခြင်း ဖြစ်သည်။
"စိတ်ချပါဆရာ၊ ကျွန်တော်တို့ စည်းကမ်း အရှိဆုံး ဆန္ဒပြကြမှာပါ"
မတတ်သာတော့သည့် အဆုံး ဆရာက ပြုံးပြုံးပင် လက်လျှော့လိုက်သည်။
"လာကြဟေ့၊ အ၀ိုင်းလေးမှာ စုမယ်။ တကောင်းတို့ ပြည်တို့က ရဲဘော်တွေလဲ ဆူနေပြီ၊ သူတို့နဲ့ သွားပေါင်းမယ်"
ကျောင်းသားခေါင်းဆောင်တယောက်က လက်မြှောက်ရင်း အော်ပြောသည်။
"အေးဟေ့၊ ကောင်းတယ်"
ကျောင်းသားထု အသံက ဆူညံသွားသည်။ ပြီးတော့ တရွေ့ရွေ့နှင့် အဓိပတိလမ်း တံခါးဝနား ရောက်လာသည်။ ဆရာဦးစံထွန်းသည် ကျောင်းသားထု၏ ရှေ့က ပြေးပြီး အ၀ိုင်းလေး မြေမြင့်ပေါ် တက်လိုက်သည်။ ပြီးတော့ သူ့ခေါင်းက ကက်ဦးထုပ်ကလေးကို မြှင့်ဆောင်းလိုက်ပြီး မျက်မှန်အောက်က ပြုံးသော သူ့မျက်လုံးကို ထုတ်ပြရင်း ကျောင်းသားထုကို လက်နှင့် အရှိန်ရပ်လိုက်သည်။ အားလုံး ရပ်သွားမှ
"တပည့်တို့ကို ကျောင်းပြင် မထွက်စေချင်ဘူးကွာ၊ အခွင့်အရေး တခုခုအတွက် ဆန္ဒပြရင် ကျောင်းထဲမှာ ဘဲ စည်းကမ်းရှိရှိ ဖြစ်စေချင်တယ်။ တကောင်းဘက် မသွားပါနဲ့တော့"
ဆရာဦးစံထွန်း ရပ်နေရာ အ၀ိုင်းလေးပေါ်တွင်လည်း ကျောင်းသားတအုပ် ရှိသည်။ ခပ်နောက်နောက် တယောက်က ဆရာ့ခေါင်းပေါ်က လက်တချောင်းကျော်ပြီး 'အလကားလှိမ့်တာ' ဟူသော ဟန်မျိုးဖြင့် လက်ခါပြသည်။ ကျောင်းသားတွေက ပြုံးလို့။
"ရဲဘော်တို့၊ ဆရာပြောတဲ့စကားက လမ်းကျပါတယ်။ အားလုံး ပြန်ဝင်ကြစေချင်ပါတယ်"
ကိုဗဆွေလေးက ဆရာ့အနားတိုးလာပြီး အော်ပြောလိုက်သည်။ ကျောင်းသားထုက ငြိမ်သွားသည်။ ကျောင်းသားတွေ တဖြည်းဖြည်း များလာလိုက်သည်မှာလည်း အဓိပတိတလမ်းလုံး မဲလို့။
"အေးကွာ၊ ငါ့တပည့်တွေက နားလည်မှု ရှိပါတယ်။ ကျောင်းဝင်းထဲမှာဘဲ စနစ်တကျ လုပ်ကြစမ်းပါ"
ဆရာဦးစံထွန်းက သူ့စကားနားထောင်သော ကျောင်းသားများအတွက် ကျေနပ်သွားဟန်၊ နှစ်နှစ်ကာ ကာ ပြုံးရင်း ပြောသည်။ ကျောင်းသားအားလုံး ဘွဲ့နှင်းသဘင်ကို ပြန်ပြီး မျက်နှာမူလိုက်ကြသည်။
(စာမျက်နှာ ၂၆၀- ၂၆၄)။
"ခေါင်းဆောင်တွေ ဆွဲကုန်ပြီဗျို့"
မန္တလေးဆောင်ရှေ့မှ အသံတသံက စူးစူးရှရှ ထွက်လာသည်"
"ပုလိပ်ကားတွေ ရောက်နေပြီဟေ့"
.....................
......................
......................
......................
"ဘဆွေလေးတို့ ဆွဲသွားပြီဗျ။ ခင်ဗျာ့ ကိုတင်ထွန်းကြီးလဲ ပါသွားပြီ ဟိုမှာမြင်လား။ ပုလိပ်ကားတွေ ထွက်သွားပြီ။ အဲဒီပေါ် ပါကုန်ပြီဗျ"
ကိုမောင်မောင်က ဆို့ဆို့နင့်နင့် ပြေးလာရင်း ပြောသည်။ ခင်ညိုလည်း ဘာလုပ်ရမည် မသိတော့။
"ရဲဘော်တို့ ကျုပ်တို့ခေါင်းဆောင်တွေကို ဟိုကောင်တွေ ၀င်ဆွဲသွားပြီဗျ"
.........................
..........................
.........................
"ရဲဘော်တို့၊ ပုလိပ်တွေ ထပ်ရောက်လာကုန်ပြီ။ အတင့်မရဲကြနဲ့ဟေ့၊ မျက်ရည်ယို ဗုံးတွေလဲ ပါတယ်။ သတိရှိကြပါ"
....................
....................
....................
မကြာလှပါ။ ဗုံးမိုးသည်းထန်စွာ ရွာပါတော့သည်။ ခင်ညိုတို့လည်း ခုမှပင် ရေစိုအ၀တ်၏ တန်ဘိုးကို နားလည်တော့၏။ ဗုံးလုံးတွေက သိပ်ပြီး အရှိန်ပြင်းလှသည် မဟုတ်သောကြောင့် အဂျလာတို့ အုပ်စုက ကလို့ ခုန်လို့ပင် ဗုံးကို ရှောင်သည်။ အနီးအနားလာကျလျှင် ပြန်ကောက်ပြီး ပစ်လိုက်သေးသည်။
..................
..................
.................
ထိုစဉ်တွင် ကျောင်းသားတစုသည် ဆရာကာ အိမ်တွင်းမှ ဗော့က်စ်ဝဂ်ဂွန်ကား အနီရဲရဲလေးတစင်းကို တွန်းလာကြ၏။ ဘွဲ့နှင်းသဘင် တံခါးမကြီးအထိ။
တံခါးမကြီးရှေ့အရောက်တွင် ကားကို ပက်လက်လှန်လိုက်ကြ၏။ ပြီးတော့ မီးရှို့ပစ်လိုက်ကြ၏။
ကားနီနီလေးနှင့်အတူ မီးတောက်ကရဲရဲ။ လက်ခုပ်သံ ဆူညံ အော်ဟစ်သံတွေကလည်း တသဲသဲ။
အော် သွေးဆူနေကြချိန်တကား။
ဒါနှင့် မနားသေးပေ။ နောက်ထပ် ကျောင်းသားတစုက ကားပြာလေးတစီး ထုတ်လာပြန်သည်။ သည်လိုပင် အိမ်ရှေ့အရောက် လှန်ပြီး မီးရှို့လိုက်ကြပြန်သည်။
ထိန်းနိုင် ဦးဆောင်နိုင်သည့် ခေါင်းဆောင်တွေလည်း မရှိတော့ပြီ။ သည်အချိန်တွင် အသံကျယ်ကျယ် ရဲရဲတင်းတင်းနှင့် ရှေ့ကရှောက်သူသာ ခေါင်းဆောင် ဖြစ်တော့၏။
ကားနှစ်စီး မီးတောက် ငြိမ်းသောအခါတွင်ကား ကျောင်းသားတွေသည် အစုလိုက် အစုလိုက် ခြေပစ်လက်ပစ် ထိုင်နေကြတော့သည်။ တချို့က အဓိပတိ လမ်းမပေါ်မှာ။ တချို့တွေက မြက်ခင်းဆီမှာ။
အဓိပတိ ၀င်းတံခါးမကြီးကတော့ ပိတ်ထားဆဲ။ အထဲတွင် ကျောင်းသားတွေ ငြိမ်သူငြိမ်၊ လှုပ်ရှားသူ လှုပ်ရှား၊ စကားများသူ များနေသော်လည်း သံတံတိုင်းအပြင်တွင် စစ်ကားတွေ စီရရီနှင့်။
ခင်ညိုတို့တတွေလည်း အာညောင်း လက်ညောင်းမို့ အဓိပတိ ကပ်တရာလမ်းမပေါ်တွင် နှစ်နှစ် ခြိုက်ခြိုက် လှဲနေလိုက်ကြသည်။
တောင်ဆီမှာတော့ မိုးတွေညို့လို့။
မိုးသေးမိုးဖွဲလေးတွေကလည်း လွမ်းလောက်စရာ။ မရဲတရဲ ရွာနေပြန်သည်။ ခင်ညို့ မျက်နှာပေါ်တွင် မိုးသီးလေးတွေ ကွက်ကျားစိုလျက် ရှိနေ၏။ မှောင်ရီပင် သန်းလာချေပြီ။
.......................
.......................
.......................
"ဟိုရဲဘော် ကြည့်ပါအုန်းဗျာ၊ တံခါးဝက အုတ်ခုံပေါ်မှာ"
ချစ်ဆွေပြော၍ အားလုံး လှည့်ကြည့်လိုက်သောအခါ ကျောင်းသားတယောက် ခါးတောင်း မြှောင်အောင် ကြိုက်ပြီး အုတ်ခုံမြင့်ပေါ်တွင် ထိုင်အော်နေသည်ကို တွေ့၏။
မကြာလိုက်ပါ။
ခင်ညိုတို့တတွေ ခေါင်းပြန်မလှည့်မီမှာပင် ရန်ကုန်တက္ကသိုလ်ကြီးအတွက် အခြေအနေ အားလုံး ပြောင်းလဲစေလိုက်မည့် ပထမဆုံး သေနတ်သံကို ကြားလိုက်ရပေသည်။ ပြီးတော့ ဆက်၍ ဆက်၍။
......................
.......................
......................
သည်လိုနှင့်ပင် တည ချုပ်ခဲ့ရသည်။ နှစ်ရက်ဆက်ပြီး အသံပေါင်းစုံလျှံ ဂယက်ညံနေသော တက္ကသိုလ်ကြီးသည် ပကတိ ငြိမ်သက်သွားသည်။
ညတကာရဲ့ ညပေဘဲ။
ရေဒီယိုက တက္ကသိုလ်နှင့် ကောလိပ်များကို ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ကြောင်း ကျေညာ လေသည်။
တညလုံး အိပ်မရသော အတွေးကြောင့် ခင်ညို တလူးလှိမ့်လှိမ့် ခံစားနေရသည်။ အိပ်ရေးပျက် မခံသော ၀င်းမောင်ကြီးပင် တလှုပ်လှုပ် ဖြစ်နေသည်။ နှစ်ယောက်သား အံကြိတ်ရင်း အတွေးကိုယ်စီနှင့် ငြိမ်နေမိကြသည်။
ည ၂ နာရီထိ မီးဖွင့်ထားသော်လည်း သည့်နောက်တွင် မီးပိတ်ပြီး ဆိတ်ငြိမ်ခြင်း အာရုံကို ၀င်စား နေမိလိုက်သည်။ နက်ဖြန်ဆို အိမ်ပြန်ရတော့မည်။
ဘယ်အချိန် အိပ်ပျော်သွားသည်မသိ။ '၀ုန်း' ဆိုသော အသံကြီးနှင့်အတူ မြေတုန်ပြီး အဆောင်လှုပ်ခါ သွားတော့မှ ခင်ညို အိပ်ရာက နိုးတော့သည်။
နိုးသည်ဆိုတော့လည်း အဆောင်လှုပ်ခါမှု အရှိန်ကြောင့် ခင်ညိုတို့ နှစ်ယောက်လုံး ကုတင်အောက် ရောက်သွားသည်။
"အဆောင်ကြီး ပြိုပြီထင်တယ်ဗျ"
...............................
...............................
...............................
"လာဗျာ၊ ခြေသံတွေလဲ ကြားတယ်၊ ထွက်ကြည့်ရအောင်"
အခန်းပြင်ရောက်သော အခါတွင်ကား ယူနီယံဘက်ကို ငေးကြည့်နေသည့် ကျောင်းသားများကို တွေ့ရသည်။
"ဟင်"
တကသ အဆောက်အဦးကြီး မရှိတော့ပြီ။ ခင်ညို့ ရင်ထဲတွင် ဟာသွားတော့သည်။
"ဖိုးခင်ညို အပေါ်ထပ်သွားကြည့်ရအောင်"
ဘယ်အချိန်က သူ့အနား ရောက်နေသည်မသိ။ ချစ်ဆွေက သူ့လက်ကို ဆွဲခေါ်သွားသည်။ အဆောင်ပေါ်တွင်လည်း အမိုးအုတ်ကြွတ်တွေ ဖွာလျာကြဲနေသည်မို့ ရှောင်ကွင်း သွားရသည်။
"ဟိုမှာ ကြည့်စမ်းဗျာ ဖုံငွေ့တွေပဲ ရှိတော့တယ်"
ချစ်ဆွေလှမ်းပြ၏။ ခင်ညို ကြည့်လိုက်သောအခါ အငွေ့တထောင်းထောင်းနှင့် အုတ်ပုံကြီးသာ မြင်တော့ သည်။ သံဘောင်ကြီးတွေ ထိုးထိုးထောင်ထောင် ထွက်နေသည့်ကြားက အငွေ့တွေ........။
(စာမျက်နှာ ၂၇၀- ၂၇၇)
'အောင်ပြည့်' ရဲ့ 'ပြိုမှာလေားမိုးရဲ့' စာအုပ်မှ။
Monday, June 28, 2010
ယာတောကသာဗျောရဲ့ အဝေးက ပေးစာတစောင်
ရေးသူ- ယာတောကသာဗျော

အဝေးကပေးစာတစောင်
ရွေးကောက်ပွဲခါတော်မီစာစောင်နဲ့ကလောင်ရှင်တွေ
၂၀၁၀ခုနှစ်။ ဇွန်လ ၂၉ရက်။
ကိုဟိုဒင်းရေ-
ကျနော်တို့နိုင်ငံမှာ စစ်အစိုးရကရွေးကောက်ပွဲလုပ်မယ်လို့ ဆိုလိုက်တာနဲ့ ဗမာပြည်မှာ ဂျာနယ်မဂ္ဂဇင်းအသစ်တွေ၊ စာရေးသူတွေ ခါတော်မှီပေါ်လာကြတာရှိသလို နိုင်ငံရေးဆောင်းပါးဆိုတာတွေ အမြောက်အမြားကိုလည်းတွေ့ရ၊ ဖတ်ရ သဗျ။ ဒါဟာမဆန်းတဲ့ဖြစ်စဉ်မို့ ကျနော်လည်းဘာမှမပြောပဲ နေလိုက်မလို့ပါပဲ။ ဒါပေမဲ့ ဒီအဖြစ်ကိုထောက်ပြပြီး တချို့ လူတွေက ဒါကိုကပဲ ဗမာပြည်မီဒီယာမှာ ဒီမိုကရေစီပွင့်လန်းလာတာကို ထင်ဟပ်နေသလိုလို ပြောတာ၊ ရေးတာ၊ အသံ လှိုင်းပေါ်မှာဆွေးနွေးတာတွေကို တွေ့လာရလို့ ကိုယ့်အမြင်လည်းဖော်ပြချင်သလိုလို လက်ယားလာတာနဲ့ ဒီစာကို ရေးလိုက်တာပဲဗျာ။
နိုင်ငံရေးလောကမှာ ဗိုလ်သိန်းစိန်လို လူဝတ်လဲဗိုလ်ချုပ်နိုင်ငံရေးသမားကအစ နိုင်ငံရေးသမားအသစ်၊ အဟောင်း၊ နိုင်ငံရေးသမားဟောင်းသားသမီးစသဖြင့် မျက်နှာသစ် မျက်နှာဟောင်းတွေ အစီအရီပေါ်ထွက်လာသလို ဂျာနယ် မဂ္ဂဇင်းတွေမှာလည်း ကလောင်သစ်၊ ကလောင်ဟောင်း၊ ကလောင်မျိုးစုံပေါ်လာတာကိုတွေ့ရတယ်။ ကလောင်သစ်တွေ ထဲမှာ ကိုယ့်အမြင်ကိုယ်ဖော်ထုတ် ရေးသူတွေတွေ့သလောက်တော့ တွေ့ရပါရဲ့၊ နအဖကရေးခိုင်းတဲ့အတိုင်း၊ ချပေးတဲ့အတိုင်းရေးနေသူတွေကလည်း မနည်းဘူးဆိုတာသတိထားမိတယ်။ အလားတူပဲ တချို့ကလောင်ဟောင်း တွေဟာလည်း နအဖကရေးခိုင်းလို့ စိတ်မသက်သာနဲ့ ရွေးကောက်ပွဲဝင်သင့်ကြောင်းရေးနေရတဲ့ ပုံတွေ့ရတယ်။ စုံသလိုလိုတော့ရှိသပေါ့ဗျာ။ ဒါ့အပြင် သူတို့မပါရင် အစိုးရလက်ရာမမြည်ဘူးလို့ဆိုရမယ့် ခေတ်အဆက်ဆက်က လက်နက်ချပေါင်းစုံရဲ့ “ယခုအထိနဂိုစိတ်ဓာတ်အတိုင်းလက်နက်ချလျက်ရှိကြောင်းပါ”ဆိုတဲ့ ဆောင်းပါးရှင်များလည်း ပါသပေါ့ဗျာ၊ ဒါပေမဲ့ ဘယ်သူတွေ၊ ဘယ်လိုပဲရေးရေး နအဖရဲ့သဘောထားကိုဆန့်ကျင်ပြီးရေးခွင့်မရဘူးဆိုတာကတော့ ထင်အရှားနေသဗျ။
ကျုပ်တို့နိုင်ငံမှာက လွတ်လပ်ရေးနဲ့ပြည်တွင်းစစ်နဲ့ဟာ အမြွာလိုမွေးလာတာဆိုတော့ အုပ်စိုးသူတွေကအတိုက်အခံ အင်အားစုတွေကို သည်းညည်းမခံတဲ့အလေ့က တပါတည်းပါလာတယ်လို့ ဆိုရမလားမသိဘူး။ ဖဆပလအစိုးရ လက်ထက်မှာ ပြည်တွင်းစစ်ကိုအကြောင်းပြုပီးအပေါ်စီးက နေလာ၊ နိုင်ငံရေးကိုချယ်လှယ်လာတဲ့ နောက်မှာစစ်အုပ်စုတခု ရယ်လို့ ပီပီမြည်မြည်ဖြစ်လာတဲ့ ဗိုလ်နေ၀င်း-ဗိုလ်မောင်မောင်-ဗိုလ်အောင်ကြီးတို့ရဲ့ ဆိုရှယ်လစ်ပါတီအနွယ် စစ်တပ် ထိပ်သီးတွေဟာ မြ၀တီမဂ္ဂဇင်းကိုထုတ်တာကအစ စာပေလောကကိုဝင်ချယ်လှယ်တဲ့ အစဉ်အလာလုပ်ခဲ့တယ်။ အဲဒီ အစဉ်အလာဟာု မဆလခေတ်မှာ စနစ်တခု၊ အဆောက်အအုံတခုလိုတောင်ဖြစ်လာပြီး ရှေ့သို့၊ လမ်းစဉ်၊ နိုင်ငံတကာ့ ရေးရာ စသဖြင့် ၀ါဒဖြန့်စာစောင်တွေ ထုတ်လိုက်တာ ပလူကိုပျံနေတာပဲမဟုတ်လားဗျာ။ သတင်းစာဆိုရင်လည်း အား လုံးဟာ အစိုးရပိုင်။ မှတ်မိတယ်မဟုတ်လားဗျာ။ စာရွက်တွေဆိုတာလည်း ကောင်းမှကောင်း၊ မင်ကျမင်နကလည်း ထိပ် တန်း၊ ဘလောက်တွေဘုံပေါလအောနဲ့၊ ပြင်ပကြော်ငြာကိုလက်မခံတဲ့ စာစောင်တွေလေဗျာ။ ဌာနတွေ၊ စစ်တပ်တွေကို အလကားပေး၊ ပိဿာချိန်ရောင်းတဲ့နေရာတွေမှာတောင်ပုံရာပုံ။ တိုင်းပြည်ရဲ့အခွန်ငွေတွေကိုထင်သလို လုပ်ခဲ့ကြ တာတွေလေ။ တချိန်တည်းမှာ ကျောင်းသုံးစာအုပ်တွေကတော့ စာရွက်အမျိုးအစားရော၊ မင်ကျမင်နရော ညံ့ဖျင်း စုတ်ပြတ်လာလိုက်တာ ကိုင်ကြည့်ချင်စရာမကောင်းဘူးမဟုတ်လားဗျာ။
အဲဒီ မဆလရဲ့ဝါဒဖြန့်ယန္တရားကြီးထဲမှာ ကိုယ့်ကလောင်၊ ကိုယ့်ဂုဏ်သိက္ခာကိုပုံအောခဲ့ကြတဲ့ စာရေးဆရာကြီးငယ် တွေကိုရော ခင်ဗျားမှတ်မိတယ်မဟုတ်လား။ တချိန်ကလျှမ်းလျှမ်းတောက်ခဲ့တဲ့ သိန်းဖေမြင့်ဆိုတဲ့ ကလောင်နာမည် လိုဟာကအစ ကလောင်ပေါက်စတွေ၊ ယူနီဖောင်းဝတ်ကလောင်၊ အမှုထမ်းကလောင်တွေ အကုန်မြောင်းထဲရောက်ကုန် ရတယ်မဟုတ်လား။ အဲဒီခေတ်ကတည်းက စစ်အစိုးရကိုဖားပြီးရေးတဲ့ တချို့ကလောင်ရှင်တွေ ဒီနေ့ကာလမှာလည်း နအဖကိုဖားပြီးရေးနေကြတာ တွေ့ရပြန်ပါပြီ။ စာဖတ်သူတွေကသူတို့ကို ရွံမုန်းလိုက်ပုံများ အနူအ၀ဲထက်ဆိုးပါတယ်။
ဒီလိုနဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်း။ န၀တလက်ထက်ကျတော့လည်း စစ်အာဏာရှင်တွေဟာ ဒီလမ်းကိုဆက်လျှောက်ခဲ့တာပါပဲ။ ဒီပုဆိုးဝတ်ရင်ဒီချေးပါရတယ်ဆိုတာလို အာဏာရှင်လမ်းလိုက်ရင် ဒီလိုပဲဝါဒဖြန့်ချိရေး ယန္တရားကို အသေဆုပ်ကိုင်ပြီး ငါ့စကားနွားရ လုပ်ရတာပဲနဲ့တူပါတယ်။ စပ်မိလို့ ဘာမှမဝေးသေးတဲ့ကိစ္စတခုကို ပြောရဦးမယ်ဗျာ။ မြက်ခင်းသစ်မဂ္ဂဇင်းဆိုတာကို မှတ်မိမှာပေါ့။ န၀တက အပြတ်ကြမ်းပြ၊ ရမ်းပြနေတဲ့ အချိန်ဆိုတော့ ၀င်ရေးလိုက်ကြတဲ့ လက်နက်ချတွေ၊ ခြံကူးတွေမနည်းပေါင်ဗျာ။ သူတို့လောကမှာ မြက်ခင်းသစ်ထဲ ၀င်မရေးရင် ခေတ်မမီဘူးဆိုတဲ့အဆိုတောင် ရှိနေသလားအောက်မေ့ရတယ်။ တချို့ကတော့လည်း ကျွဲကူးရေပါဆိုသလို မြက်ခင်းသစ် ကနေတဆင် စာပေလောကထဲကို ခွေးတိုးပေါက်ကနေ ၀င်ခွင့်ရသွားမယ်လို့ထင်ခဲ့ကြသတဲ့ဗျ။ နောက်ဆုံးတော့ သူတို့ဘာဖြစ်သွားသလဲ။ ခွေးတိုးပေါက်ဝင်းသူ၊ မြက်ခင်းသစ်စားသူတွေပဲဖြစ်သွားတယ်မဟုတ်လား။ အဲ- မြက်ခင်း သစ်လည်းပျောက်ရော သူတို့ စားကျက်လည်းပျောက်ရောဖြစ်တော့တာပဲလေဗျာ။
ဒီလိုဆိုတဲ့အတွက် နအဖအစိုးရဟာ အဲဒီသင်ခန်းစာတွေကို မယူခဲ့ပါဘူး။ နောက်ကနွားလား စိုက်စိုက်လိုက် တာပါပဲ။ သူတို့လည်း သူတို့ကိုလျှာကုဋေနဲ့ချီးမြှောက်မယ့်ကလောင်ရှင်တွေ မွေးတော့တာပါပဲ၊ အဝေးမှခစားသူနဲ့ အနီးမှ ခစားသူ၊ အမျိုးမျိုးပေါ့ဗျာ။
ဒီတနှစ်လောက်အတွင်း ထွက်လာတဲ့တချို့ဂျာနယ်မဂ္ဂဇင်းတွေကတော့ ဒီရွေးကောက်ပွဲအတွက်တမင်ထွက်လာ တာမှန်း တယ်လဲသိသာသကိုး၊ နောသင်းစတားတို့၊ မော်နီတာတို့ဆိုတာတွေကို ကျနော်တော့ နအဖရဲ့မြက်ခင်းသစ်တွေ လို့ပဲဆိုလိုက်ချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီဂျာနယ်တွေထဲမှာ တခြားနိုင်ငံရေးနဲ့မပတ်သက်တဲ့ဆောင်းပါးတွေပါပေမဲ့ အဓိကအားဖြင့်ကတော့ ဖဆပလ၊ ဗကပအပါ အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်အပါအ၀င် အတိုက်အခံအားလုံးကို တိုက်ခိုက် တာပဲဗျ။ ဖဆပလဆိုရာမှာ စစ်အုပ်စုကိုထောက်ခံအားပေးခဲ့တဲ့ တည်မြဲဖဆပလကိုတော့ ညှာညှာတာတွယ်သဗျ။ ပထစ ကိုတော့ ရစရာမရှိအောင်တွယ်တယ်။ တိုင်းရင်းသားအဖွဲ့အစည်းနဲ့ ခေါင်းဆောင်တွေကိုလည်း ချမ်းသာမပေးဘူး၊ ဟိုတခေတ်ကရွေးကောက်ပွဲတွေမှာ နိုင်ငံရေးသမားတွေဘယ်လိုညစ်တယ်၊ စစ်တပ်ကိုဆွဲထည့်တယ်၊ ဒါပေမဲ့စစ်တပ်က ကင်ကင်းနေတယ် စသဖြင့်ပေါ့ဗျာ။ စစ်တပ်ကပါဝင်ပြီး သတ်ခဲ့တာ၊ ခြိမ်းခြောက်မဲထည့်ခိုင်းခဲ့တဲ့ ကိစ္စတွေကိုတော့ သူတို့ကမရှိဖူးလေဟန် ဖျောက်ထားကြတယ်လေဗျာ။ ကိုယ့်ပစပ်ကထွက်တာဟာသမိုင်းပဲလို့ လုပ်နေကြတဲ့ အဲဒီအထဲက တချို့သောဆောင်းပါးရှင်တွေဟာ ထောက်လှမ်းရေးအဆက်ဆက်က သိမ်းဆည်းထားတဲ့ ဖိုင်တွဲတွေထဲကဟာတွေကို ပြန်ထုတ် အသုံးချနေတာကိုလဲတွေ့ရတယ်။ ထောက်လှမ်းရေးဖိုင်ကို ဖွင့်ကြည့်နိုင်တဲ့ကလောင်ရှင်ဆိုတာဟာ ဘယ်လိုလူ ဖြစ်မလဲ စဉ်းစားသာကြည့်ပေတော့ မိတ်ဆွေကြီးရေ့။
ဒီလိုနဲ့ တခါမတော့ အဲဒီလိုအတိတ်ကိုလှန်၊ နိမိတ်ကိုကြံဖန်ပြီးရေးနေကြတဲ့ ဆောင်းပါးတခုကိုဖတ်ရင်း ကျနော် ပြုံးမိသွားတယ်။ အဲဒါက ဆရာစံအကြောင်းရေးတယ်ဆိုပြီး ကိုလိုနီအင်္ဂလိပ်ကို (လက်ရှိအင်္ဂလိပ်အစိုးရကို အမြီး၁ရှိတဲ့ ကောင်တွေရိပ်မိကြလို့ပြောရင်း) အပုပ်ချတာပေါ့ဗျာ။ ထုံးစံအတိုင်း အင်္ဂလိပ်ကိုအသားကုန်ဆော်တာပဲ။ နို့ပေမဲ့ ပြဿနာက သူတို့ဂျာနယ်ရဲ့နာမည်လေဗျာ။ ဗမာပြည်ကထုတ်တဲ့ ဗမာဘာသာဂျာနယ်ရဲ့နာမည်က အင်္ဂလိပ်လိုကြီးလေ။ မိုက်တယ်နောကိုဟိုဒင်း။ သူများကျတော့ နယ်ချဲ့ကိုအဖေခေါ်တာတို့၊ နယ်ချဲ့ယဉ်ကျေးမှုကိုအထင်ကြီးတာတို့ ပုဒ္မမျိုးစုံ တပ်ပြီးတွယ်တယ်။ ကိုယ်တိုင်ကတော့ အောက်သွားမရှိဘူးလေ။
ဒီတခေါက်ဒါလောက်ပဲရေးဦးမယ်ဗျာ။ နောင်ရေးစရာတွေ့ရင် ထပ်ရေးပါဦးမယ်။
ဘယာဘေးကွာဝေးကြပါစေ။
ယာတောကသာဗြော
Wednesday, June 9, 2010
တံဆိပ်တပ်တဲ့ ၀ါသနာ
ရေးသူ- လူထုစိန်ဝင်း

တပည့် ကျောင်းသားဟောင်းတယောက်က နယ်မှာ ကျောင်းဆရာ လုပ်ပါတယ်။ သူ့ကျောင်းက စာကြည့်တိုက်အတွက် အလှူခံလို့ စာအုပ်တချို့နဲ့ ဂျာနယ်များ လှူလိုက်ပါတယ်။ လှူတဲ့အထဲမှာပါတဲ့ ဂျာနယ် တစောင်ကိုတွေ့တော့ သူက အံ့သြတဲ့ မျက်နှာပေးနဲ့ 'ဒီဂျာနယ်လည်း ဖတ်တာပဲလား ဆရာ' လို့ မေးလိုက် ပါတယ်။ ပြီးတော့ တဆက်တည်း 'ဆရာနဲ့ အယူအဆ ပြဒါးတလမ်း၊ သံတလမ်း မဟုတ်လား' လို့လည်း ပြောလိုက်ပါသေးတယ်။
မတူတာ ပိုဖတ်သင့်တယ်
သူပြောတဲ့ ဂျာနယ်နဲ့ အယူအဆချင်းက တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းလောက် ခြားနားတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အယူအဆတူတဲ့ စာမျိုးထက် မတူတဲ့ စာမျိုးကို ပိုတောင်ဖတ် သင့်တယ် ထင်ပါတယ်။ မတူတဲ့ ရှုထောင့်ကကြည့်တဲ့ မတူတဲ့ အမြင်ကနေ ပေါ်ထွက်လာတဲ့ မတူတဲ့ အတွေးတွေ၊ မတူတဲ့ အကြံအစည်တွေကို သိရတာ ကိုယ့်အတွက်လည်း အကျိုးမရှိနိုင်ဘူးလား။ ကိုယ်နဲ့ အကြိုက်ချင်း မတူတာနဲ့၊ အယူအဆချင်းမတူတာနဲ့ မကောင်းဘူး၊ မမှန်ဘူးလို့ သဘောမထားအပ်ပါဘူး။ အယူအဆ မတူပေမယ့် ကိုယ်ကျိုးစီးပွါးနဲ့ ရပေါက်လမ်း အခွင့်အရေးကို မျှော်ကိုးပြီးရေးသားတာမျိုး မဟုတ်ဘဲ သူ ကိုယ်တိုင် အမှန်တကယ် ယုံကြည်လို့ ရေးတာမျိုးဆိုရင် ဘယ်လောက်ပဲအယူအဆ ကွဲနေနေ တလေးတစား သဘောထား ရမှာပဲ။ စာကိုသာ မဟုတ်ဘူး။ လူကိုလည်း လေးစားရမှာပဲ ဖြစ်တယ်။ ကိုယ့်အတွက် ရပေါက်ရလမ်း အကျိုးအမြတ်ကို မျှော်ကိုးပြီး ရေးတဲ့သူနဲ့ သူရေးတဲ့ စာကိုတော့ သိဖို့လောက်သာ ဖတ်ပြီး လေးစားစရာ မလိုပါဘူး။ လေကုန်ခံပြီး ပြောနေစရာလည်း မလိုပါဘူး။ ခေတ်အမျိုးမျိုးကို ဖြတ်သန်းလွန်မြောက်လာခဲ့ပြီး အဖြစ်မျိုးစုံ ကြုံတွေ့ဘူးတဲ့ မြန်မာစာဖတ်ပရိသတ်က အင်မတန် အကင်းပါးပါတယ်။ 'ပါးစပ်ဟလိုက်တာနဲ့ အထဲမှာ အူဘယ်နှခွေရှိတယ်' ဆိုတာ ကောင်းကောင်းမြင်တတ်ပါတယ်။ စာဖတ်ပရိသတ်က အလေ့မလုပ်တော့ လို့ စာပေသင်္ချိုင်းကို အသက်ရှင်လျက် ရောက်သွားတဲ့သူတွေ ခေတ်အဆက်ဆက်မှာ မနည်းလှပါဘူး။ ကိုယ့်သမိုင်း ကိုယ်ရေးတယ်ဆိုတာ စာရေးဆရာမှ တကယ်ဟုတ်တာ။
သမိုင်းရဲ့ အမှိုက်ပုံကြီးထဲ ရောက်သွားသူတွေ
နိုင်ငံရေးသမား အပြောမှားတာက ငြင်းလို့ရသေးတယ်။ နောက်မှ ပြင်ပြောလို့ ရသေးတယ်။ 'ကျွန်တော်က ဒီအဓိပ္ပါယ်နဲ့ ပြောတာ မဟုတ်ပါဘူး' လို့ ထေးလို့ ရသေးတယ်။ ဒါတောင်မှ သွေးနထင် အရောက် လွန်ပြီး နှုတ်မစောင့်စည်းမိတာကြောင့် မနက်ကတင် ဟီးရိုး ဖြစ်နေရာက ညနေကျတော့ ချက်ချင်းကြီး ဗီလိန်ဘ၀ ရောက်သွားပြီး ပရိသတ်ရဲ့ ရွံ့ရှာ ပစ်ပယ်ခြင်းခံလိုက်ရတဲ့ သာဓကတွေလည်း ရှိသေးတယ်။ နှုတ်ကြောင့် သေတဲ့ အဖြစ်ပေါ့လေ။ စာရေးဆရာကျတော့ စာရွက်ပေါ်မှာ အဖြူအမည်းနဲ့ မှတ်တမ်းတင် ကျန်ရစ်ခဲ့တာဆိုတော့ လိမ်လို့လည်း မရ၊ ငြင်းလို့လည်း မရတော့ဘူး။ ဒီလိုနဲ့ပဲ စာအရေးအသား အင်မတန်ကောင်းပြီး စာကောင်းတချို့ ရေးသားနိုင်ခဲ့တဲ့ စာရေးဆရာ အတော်များများ 'သမိုင်းရဲ့ အမှိုက်ပုံကြီး' ထဲ ရောက်ရှိသွားတာမျိုးတွေလည်း တွေ့ရပါတယ်။ စိတ်မကောင်းစရာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာလူမျိုးများရဲ့ စိတ်ယဉ်ကျေးမှု အထက်တန်းကျပုံက မှားခဲ့မိတာကို အမှန်တကယ်သိမြင်ပြီး ရိုးသားစွာနဲ့ မှားခဲ့မိကြောင်း တောင်းပန်ပြုပြင်လိုက် ရင်ဖြင့် အာဃာတ လုံးဝမထားတော့ဘဲ ခွင့်လွှတ်လက်ခံ ဆက်ဆံနိုင်ကြတာပဲ ဖြစ်တယ်။ အမှန်တကယ် ရိုးသားတယ်လို့ ယုံကြည်ဖို့သာ လိုပါတယ်။
တံဆိပ်တပ်တဲ့ ၀ါသနာ
'ကျွန်တော်တော့ ဒီဂျာနယ်လည်းမဖတ်ဘူး၊ ဟို စာရေးဆရာလည်း မဖတ်ဘူး။ သူတို့က အလိုတော်ရိ တွေမှန်း သိသာနေတာပဲ ဆရာရဲ့'
ကျောင်းသားဟောင်း ဆရာလေးက သူ့အမြင်၊ သူ့သဘောထားကို ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။ ဒါက စာဖတ်ပရိသတ်ရဲ့ အခွင့်အရေးပဲလေ။ ကြိုက်တာကို ဖတ်မယ်၊ မကြိုက်တာကို မဖတ်ဘူးပေါ့။ စာနယ်ဇင်းသမား ကျတော့ စာဖတ်ပရိသတ်လို ရွေးချယ်ခွင့် မရှိဘူး။ ကြိုက်လည်း ဖတ်၊ မကြိုက်လည်းဖတ်ပဲ။ မကောင်းတာကို လည်း ဘာက ဘယ်လို မကောင်းတာလဲဆိုတာကို စာဖတ်ပရိသတ်အတွက် ပြောဖို့ လိုအပ်တဲ့အခါ ပြောနိုင်ဖို့အတွက် ဖတ်ရတာပဲ။ ဆရာလေးပြောတဲ့ ဂျာနယ်ရဲ့ အယူအဆတွေဟာ လုံးဝ ဆန့်ကျင်ဘက်ဖြစ်တာ မှန်ပေမယ့် ဒါက သူတို့ရဲ့ ယုံကြည်မှုပဲ။ လူတိုင်းမှာ လွတ်လပ်စွာ ယုံကြည်ခွင့် ရှိပါတယ်။ ကိုယ်နဲ့ မတူတာနဲ့ဘဲ မမှန်ဘူး။ မကောင်းဘူးလို့ ဘယ်ပြောလို့ ရမှာလဲ။ ကိုယ်က သူ့ကို မှားတယ်လို့ပြောရင် သူကလည်း သူမှန်ပြီး ကိုယ်မှားတယ်လို့ ပြန်ပြောမှာပဲလေ။ အယူအဆ ဘယ်လိုကွဲကွဲ သူတို့ ဂျာနယ်ဟာ ဂျာနယ်ကောင်းတစောင်ပဲ။ လူပြိန်းကြိုက် သည်းခြည်ခိုက် စာတွေနဲ့ စာဖတ်ပရိသတ်ကို မစော်ကားဘူး။ ပြီးတော့ သတင်းတွေလည်း စုံတယ်။ တင်ပြပုံ တင်ပြနည်းတွေလည်း ကောင်းတယ်။ သိက္ခာရှိပါတယ်လို့ တပည့်ဟောင်းကို ရှင်းပြလိုက်ပါတယ်။ ပြီးတော့ ဘယ်သူ့ကိုဖြစ်ဖြစ် အလွယ်တကူ 'တံဆိပ်တပ်' တာမျိုး မလုပ်ဖို့လည်း ပြောလိုက်ရပါသေးတယ်။ 'အလိုတော်ရိ' လို့ သူက ပြောခဲ့တာကိုး။
တံဆိပ်တိုင်း မှန်တာမဟုတ်
'တံဆိပ်တပ်' တဲ့အလုပ်ကို ကျွန်တော်တို့လူမျိုးက အတော်ဝါသနာပါပုံ ရပါတယ်။ သူက လက်ဝဲသမားပဲ။ လက်ယာသမားပဲ၊ အချောင်သမားပဲ၊ ပရိုပဲ၊ အင်န်တီပဲ၊ ဂန္ထ၀င်တွေပဲ၊ ပို့စ်မော်ဒန်သမားပဲ၊ အရက်သမားပဲ၊ ဆေးသမားပဲ၊ လမ်းသရဲပဲ၊ ပုံစံခွက်သမားပဲ၊ တိုးတက်တဲ့သူပဲ၊ ဖောက်ပြန်တဲ့သူပဲ စတဲ့ စတဲ့ အခေါ်အဝေါ်တွေ၊ 'တံဆိပ်' တွေ မနည်းပါဘူး။ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်တခု၊ တဆင့်ကြားစကားတခု၊ ကောလဟလတခုကို အခြေပြုပြီး အလွယ်တကူ တံဆိပ်တပ်ပေးလိုက်ကြတာပါပဲ။ အသက် ၇၀ တန်း ရောက်နေပြီဖြစ်တဲ့ ကိုယ်တွေ့အရ ပြောရမယ်ဆိုရင် အဲဒီလို 'တံဆိပ်တပ်'မှု အတော်များများဟာ လုံးဝမမှန်တာတွေ ဖြစ်တယ်ဆိုတာ ပါပဲ။ လူတော်တော်များများက လက်ဝဲသမားပဲ၊ ကွန်မြူနစ်ပဲ၊ မတ်ဝါဒီပဲလို့ 'တံဆိပ်တပ်' ပေးထားကြသူ အများစုဟာ လုံးဝ လက်ဝဲတွေမဟုတ်၊ ကွန်မြူနစ်ဝါဒီတွေ မဟုတ်ဘူးဆိုတာကို နောက်ပိုင်း သူတို့ရေးတဲ့ နိဗ္ဗိန္ဒစာတွေ ဖတ်ရတော့ သိသာလာကြရတာပဲ။ လူတွေက သူရဲကောင်းကြီးပဲ၊ ဒါမှမဟုတ် သူတော်ကောင်းကြီးပဲလို့ 'တံဆိပ်တပ်' ပေးခဲ့ကြသူ တချို့ဟာလည်း နောက်ပိုင်းကျတော့မှ 'တံဆိပ်တပ်' ထားသလို မဟုတ်ကြောင်း ပေါ်လာကြရတာပဲ။ ထောင်ထဲမှာ အကြာကြီး နေခဲ့ဖူးလေတော့ အင်မတန်ဆိုးတဲ့ 'တံဆိပ်' တမျိုးကို နေ့စဉ်လိုလို ကြားနေခဲ့ရပါတယ်။ အင်ဖော်မာ (informer) ဆိုတဲ့ တံဆိပ်ပါ။ တဦးတယောက်ကို ကိုယ့်စိတ်က မသင်္ကာဖြစ်လာတာနဲ့ သူက 'အင်ဖော်မာ' ပဲ၊ 'သတင်းပေး' ပဲလို့ တံဆိပ်တပ် ပေးလိုက်တော့တာပါပဲ။
လွယ်လွယ်တံဆိပ်မတပ်နဲ့
ထောင်ထဲမှာ အကြာကြီး နေခဲ့ဖူးလေတော့ အများက 'သူရဲကောင်း' လို့ တံဆိပ်တပ်ပေးထားသူတွေ တကယ်တမ်းကျတော့ 'အင်ဖော်မာ' ဖြစ်လိုဖြစ်၊ အများက 'အင်ဖော်မာ' တံဆိပ်တပ်ပေးထားသူက အမှန်တကယ် ရိုးသားသူ ဖြစ်လိုဖြစ် ဆိုတဲ့ အဖြစ်မျိုးတွေ အများကြီး ကြုံခဲ့ရပါတယ်။ ကိုယ်က သူရဲကောင်းထင်သူက အင်ဖော်မာ ဖြစ်နေခြင်းဟာ ကိုယ့်အတွက် အခိုက်အတန့်သာ ထိခိုက်တာ ဖြစ်ပေမယ့် ရိုးသားသူတွေကို အင်ဖော်မာ တံဆိပ်တပ်လိုက်တဲ့အတွက် အတပ်ခံရသူရဲ့ တဘ၀လုံး ထိခိုက်သွားပြီး ရောက်လေရာအရပ်မှာ လူတကာက သံသယမျက်လုံးနဲ့ ကြည့်တာကို ခံသွားရလေ့ ရှိပါတယ်။ အဲဒါကြောင့် တဖက်သားကို လက်လွတ်စပယ်နဲ့ 'တံဆိပ်တပ်' တာမျိုး မလုပ်သင့်ပါဘူး။ ကိုယ့်စိတ်ထဲမှာ တခုခု မသိုးမသန့် ဖြစ်နေရင် တိတ်တဆိတ် စောင့်ကြည့်၊ အကဲခတ်သင့်ပါတယ်။ ကိုယ်တိုင် အခိုင်အမာ အသေအချာ သိတာမျိုး မဟုတ်ပဲနဲ့ တခြားသူကို ထုတ်မပြောသင့်ပါဘူး။ ရိုးသားသူတယောက်ကို မှားပြီး စွပ်စွဲမိရင် သူ့ခမျာ တဘ၀လုံး ခေါင်းမဖော်ရဲ၊ လူတောမတိုးရဲ ဖြစ်သွားနိုင်ပါတယ်။ ဒီလိုဖြစ်ရင် ကိုယ်လည်း စိတ်မကောင်း ကြီးစွာ ဖြစ်ရတတ်ပါတယ်။
အဲ.. တချို့ကျတော့ သူများက တံဆိပ်တပ်တာ မဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် တံဆိပ်တပ်ကြတာ ဖြစ်တယ်။ ဒီလူမျိုးကိုတော့ 'လူပြောမသန်၊ လူသန်မပြော' လို့ပဲ သဘောထားလိုက်ပါတယ်။ သူတော်စင်များဟာ ကိုယ့်ကိုယ်ကို ရဟန္တာပဲ၊ အနာဂမ်ပဲ၊ သောတာပန်ပဲလို့ ထုတ်ဖော်မြွက်ကြားလေ့ မရှိဘူးလို့ မှတ်သားရဖူးပါတယ်။ 'ကိုယ့်ကိုကိုယ်ဖော် မသူတော်' ဆိုတဲ့ ရှေးလူကြီးသူမတို့ စကား အရှိသားမဟုတ်လား။
လူထုစိန်ဝင်း
၂၀၀၉ ခုနှစ်၊ ဧပြီ ၂၀။
[လူထုစိန်ဝင်းရဲ့ 'ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်- (နိုင်ငံရေးအတွေးအမြင်ဆောင်းပါးများ)' စာအုပ်၊ ပထမနှိပ်ခြင်း၊ ၂၀၁၀ ဇန်န၀ါရီမှ ကူးယူဖော်ပြပါတယ်]
ယဉ်ကျေးချင်ရင် သမိုင်းသင်
ရေးသူ- လူထုစိန်ဝင်း

ဒီခေတ် လူငယ်တွေက သမိုင်းစာအုပ်မြင်ရင် နှာခေါင်းရံှု့တတ်ကြတယ်။ အဟောင်းအမြင်းတွေ ပြန်လှန်နေလို့ ဘာအကျိုး ရှိမှာလဲ၊ လက်ရှိဖြစ်နေတာတွေကိုပဲ ကြည့်ပါလို့ ပြောလေ့ရှိတယ်။ သူတို့က အတိတ်ကို ပြန်မကြည့်ချင်သလို အနာဂတ်ကို လှမ်းမျှော်ကြည့်တာကိုလည်း မကြိုက်ကြဘူး။ စိတ်ကူးယဉ်နေလို့၊ အိပ်မက်တွေ မက်နေလို့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ပစ္စုပ္ပန်မှာ ဖြစ်နိုင်တာကိုပဲ လုပ်လို့ ဆိုကြတယ်။
ရှေးလူကြီးတွေ အိပ်မက်မက်လို့
အဲဒီလို ပစ္စုပ္ပန်မှာ ဖြစ်နိုင်တာပဲလုပ်လို့ ဆိုတာကို သူတို့က လက်တွေ့ကျတယ်လို့ ပြောကြတယ်။ သူတို့ 'အာတွေ့' နေတဲ့ စကားနဲ့ ပြောရမယ်ဆိုရင် ပရတ်မားတစ် (pragmatic) ဖြစ်တယ်ပေါ့လေ။ သူတို့ဟာ သူတို့တော့ ဟုတ်တယ်ထင်နေတာပေါ့။ ဒါပေမယ့် အဲဒီ 'ပရတ်မားတစ်' ဖြစ်တယ်၊ လက်တွေ့ကျတယ်ဆိုတဲ့ စကားက ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း လက်ခံလိုက်တယ်ဆိုတဲ့ သဘောမှ မဟုတ်တာ။ ဖြစ်နေတာကို ဖြစ်တဲ့အတိုင်း ရှုမြင်၊ အဖြေကို အမှန်အတိုင်းသိအောင်လုပ်၊ ပြီးမှ ကိုယ်ပိုင်ဆင်ခြင်တုံတရားနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာကိုလုပ်လို့ ဆိုလိုတာ ဖြစ်တယ်။ အရှိကို အရှိအတိုင်း ကျေနပ်နှစ်သိမ့်နေလိုက်မယ်ဆိုရင် တိုးတက်ပြောင်းလဲမှုဆိုတာ ဘယ်လိုလုပ် ရှိလာမှာလဲ။ ကျောက်ခေတ်အခြေအနေအတိုင်း ဂူအောင်းပြီး သားစိမ်း၊ ငါးစိမ်းပဲ စားနေရတော့ မှာပေါ့။ ရှေးလူကြီးတွေက စိတ်ကူးယဉ်အိပ်မက်တွေ မက်ခဲ့ကြလို့သာ လူသားတွေ ဒီအခြေအနေ၊ အဆင့်အတန်း ကို ရောက်ရှိနေကြတာ မဟုတ်ဘူးလား။
သမိုင်းဟာ ဒဿနပဲ
'သမိုင်းဆိုတာ ဖြစ်စဉ်နမူနာတွေပြပြီး သင်ကြားပေးတဲ့ ဒဿနိကဗေဒ ဖြစ်တယ်'
ရှေးခေတ် ဂရိသမိုင်းပညာရှင်ကြီး Thucydides ပြောခဲ့တဲ့အတိုင် သမိုင်းကို လေ့လာခြင်းဟာ တွေးခေါ် ဆင်ခြင်ခြင်းပညာရပ်ကို လေ့လာခြင်း ဖြစ်ပါတယ်။ လူမှန်ရင် ကိုယ်ပိုင် အတွေးအခေါ်၊ ဒဿနတခု ရှိရပါမယ်။ ဒဿနဆိုတာ သမိုင်းကို လေ့လာမှု မပြုဘဲ မရနိုင်ပါဘူး။ ဒါကြောင့် အသိပညာကို တန်ဖိုးထားသူတိုင်း သမိုင်းကို ပစ်ပယ်လို့ မဖြစ်ပါဘူး။ အတိတ်ကို ပစ်ပယ်ခြင်းဟာ အသိဥာဏ်တံခါးကို ပိတ်ပစ်လိုက်ခြင်းပဲ ဖြစ်တယ်။
'သမိုင်းဆိုတာ တိုးတက်မှုရဲ့ အဟန့်အတားဖြစ်တယ်'
လူတချို၊ အထူးသဖြင့် အမေရိကန်တချို့က အဲဒီလို ပြောလေ့ရှိပါတယ်။ ယဉ်ကျေးမှုသမိုင်းကြောင်း ထောင်ချီရှိခဲ့တဲ့ ဥရောပကို နောက်မှပေါ်လာတဲ့ ရွှေကြာပင် အမေရိကန်က အပြတ်အသတ် ကျော်ဖြတ်ပြီး စူပါ ပါဝါ နိုင်ငံကြီး ဖြစ်သွားတာကို ထောက်ပြကြပါတယ်။ ဥရောပက သမိုင်းကို သိပ်ဖက်တွယ်ထားလို့ နောက်ကျ ရတာ လို့လည်း ပြောကြတယ်။
အောက်ဆုံးတန်းမှာ တနေရာ
စီးပွါးရေး၊ စစ်ရေး၊ နိုင်ငံရေး၊ နည်းပညာတို့မှာ အမေရိကန်က ကမ္ဘာပေါ်မှာ 'နံပါတ်ဝမ်းတစ်၊ ဂဏန်းတစ်' ဖြစ်တာ မှန်ပါတယ်။ ဒါပေမယ့် 'စိတ်ယဉ်ကျေးမှုအရာ' မှာတော့ ဥရောပနဲ့ပဲ ယှဉ်ယှဉ်၊ အာရှနဲ့ပဲ ယှဉ်ယှဉ် အောက်ဆုံးတန်းတနေရာမှာ ရှိတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ မူးယစ်ဆေးဝါးပြဿနာ၊ ဒုစရိုက်လုပ်ငန်းကြီးတွေ ပြဿနာ၊ ရာဇ၀တ်မှုခင်းကြီးများ ပြဿနာ၊ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ပြဿနာ၊ လင်မယားကွာရှင်းမှုနှုန်း မြင့်သထက်မြင့်နေတဲ့ ပြဿနာ၊ လမ်းပေါ်မှာ သေနတ်ကိုင် ရမ်းကားမှုပြဿနာ စတဲ့ စတဲ့ လူမှုရေး ကူးစက်ရောဂါ ဆိုးကြီး မှန်သမျှ အမေရိကန်က စခဲ့တာချည်းလို့ ပြောရင် မမှားပါဘူး။ ဒီနေ့ထိ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံကမှ အမေရိကန်လောက် မဆိုးသေးပါဘူး။ အီရတ်တို့၊ အာဖဂန်နစ္စတန်တို့မှာ စစ်ပွဲကြီးတွေသာ ဖြစ်နေတာ လူသားတွေရဲ့ အကျင့်စရိုက် ပျက်စီးမှုမှာတော့ အမေရိကန်လို ကြီးကြီးမားမား မရှိပါဘူး။ အဲဒါကြောင့် သမိုင်းမရှိရင် ယဉ်ကျေးမှုမရှိဘူးလို့တောင် ပြောလိုက်ချင်ပါတယ်။
ဝတ္ထုဟာ သမိုင်းမဟုတ်
သမိုင်းဟာ သိပ်ကို အရေးကြီးပါတယ်။ ပစ်ပယ်လို့ လုံးဝ မဖြစ်ပါဘူး။ လူတွေ ယဉ်ကျေးမှုဖို့ သမိုင်းကို မဖြစ်မနေ လေ့လာရပါမယ်။ ဒါပေမယ့် စနစ်တကျ လေ့လာတတ်ဖို့တော့ လိုပါတယ်။ တချို့က သမိုင်းနောက်ခံ ၀တ္ထုတွေ၊ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတွေနဲ့ ကိုယ်ရေးမှတ်တမ်းတွေကို သမိုင်းလို့ ထင်မှတ်နေတတ်ပါတယ်။ ဒါတွေဟာ သမိုင်း လုံးဝ မဟုတ်ပါဘူး။ သမိုင်းနောက်ခံဝတ္ထုဟာ ၀တ္ထုသာ ဖြစ်ပါတယ်။ စာရေးဆရာရဲ့ အတ္တနောမတိနဲ့ ရေးဖွဲ့ထားတာ ဖြစ်လို့ အဖြစ်အပျက်တွေမှာ ပုံကြီးချဲ့တာ၊ မှေးမှိန်ဖျောက်ဖျက်ပစ်တာတွေ (အနုပညာသဘောလိုအပ်ချက်အရ) ပြုလုပ်ရပါတယ်။ ဒါကြောင့် အဖြစ်မှန်တွေလို့ မယူဆသင့်ပါဘူး။ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိနဲ့ ကိုယ်ရေးမှတ်တမ်း ဆိုတာတွေဟာလည်း အားကိုးထိုက်တဲ့ အထောက်အထား မဖြစ်နိုင်ပါဘူး။
အတ္တနောမတိ လွှမ်း
ဘာကြောင့် ဒီလို ယတိပြတ် ပြောသလဲဆိုတော့ ကမ္ဘာမှာ အင်မတန်ကျော်ကြားတဲ့ 'ဆာဝင်စတန်ချာချီ' ရဲ့ ကိုယ်ရေးမှတ်တမ်းလို စာအုပ်ကြီးမှာတောင် ကိုယ်ရည်သွေးတာတွေနဲ့ သူများကို လက်ညှိုးထိုးတာတွေ ပြည့်နှက်နေအောင် တွေ့ရတာကြောင့် ဖြစ်တယ်။ မြန်မာပြည်မှာ ဖတ်ရတဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်တွေနဲ့ ကိုယ်ရေးမှတ်တမ်း အများစုကလည်း အတ္တနောမတိ လွှမ်းမိုးတာ များပါတယ်။ တချို့ ခပ်ညံ့ညံ့ လူတွေ ရေးတဲ့ မှတ်တမ်းတွေဆို အပြစ်မှန်သမျှ သူများအပေါ် ပုံချပြီး 'ငါလိုလူ ဇမ္ဗူမှာမရှိ' ဆိုတာမျိုးတွေ ချည်းပါပဲ။ အဲဒီလို စာအုပ်မျိုးတွေ ဖတ်ပြီး သမိုင်းလို့ ထင်မှတ်ရင်တော့ အချည်းနှီးဖြစ်ရုံမကပါဘူး။ လူကောင်းကို လူဆိုးထင်ပြီး မသူတော်ကို လူကောင်းကြီး မှတ်ပြီး ကိုးကွယ်ဆည်းကပ် သွားစေတတ်တဲ့ အန္တရာယ်တောင် အကြီးကြီး ရှိပါတယ်။
သမိုင်းဆရာမှ စိတ်ချရ
အဲဒါကြောင့် စနစ်တကျ လေ့လာမှုဟာ ဘယ်နေရာမှာမဆို အရေးကြီးပါတယ်။ မူရင်းကျမ်းကြီး ကျမ်းခိုင်တွေကို မဖတ်ဖူးဘဲနဲ့ နိဒါန်းလို၊ မိတ်ဆက်လို၊ အနှစ်ချုပ်လို စာအုပ်လောက်ဖတ်ပြီး 'ဂုရုကြီး' ယောင်ဆောင်၊ လူတွင်ကျယ် လုပ်ခဲ့ကြသူများကြောင့် မြန်မာ့နိုင်ငံရေး ရေစုန်မျောခဲ့ရတာ နှစ်ပေါင်း ၆၀ တောင် ကျော်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒါကြောင့် စနစ်တကျ လေ့လာဖို့ အရေးကြီးတယ်လို့ ပြောခဲ့တာပါ။ သမိုင်းကို စနစ်တကျ လေ့လာမယ်ဆိုရင် စနစ်တကျ လေ့လာသင်ကြားထားတဲ့ သမိုင်းပညာရှင်များရေးတဲ့ စာအုပ်တွေကို ဖတ်ရပါမယ်။ သမိုင်းပညာရှင်ကမှ ဘယ်လိုအချက်အလက်မျိုးက ခိုင်မာမှုရှိတယ်၊ ဘယ်လိုအချက်အလက်မျိုးက စိတ်မချရဘူး။ မယူဆသင့်ဘူးဆိုတာ စနစ်တကျ လေ့လာသင်ယူထားတာ ဖြစ်တယ်။ စာရေးဆရာတွေ ရေးတဲ့ စာအုပ်က ရသ ကဲသလို နိုင်ငံသမားတွေ ရေးတဲ့ စာအုပ်က ကိုယ်ရည်သွေးတွေ များလွန်းပါတယ်။ ပြီးတော့ ဘယ်ဟာက တန်ဘိုးရှိတဲ့ အချက်အလက်၊ ဘယ်ဟာက အမှိုက်သရိုက်ဆိုတာကို စနစ်တကျ လေ့လာသင်ယူထားတာ မဟုတ်လို့ စိတ်မချရပါဘူး။
ဇေယျာဆုပ် ခေါ်စေ
နန်းမတော်မယ်နု တန်ခိုးထွားစဉ်အခါက စစ်ကိုင်းကလုပ်တဲ့ 'အနုဆုပ်' ဆိုတဲ့ မုန့်တမျိုးကို 'နု' ပါနေလို့ မခေါ်ရဘူး။ 'ဇေယာဆုပ်' လို့ ခေါ်ခိုင်းတယ် ဆိုတာမျိုးလည်း ရှိတတ်ပါတယ်။ အဲဒါကြောင့် စနစ်တကျ သမိုင်းလေ့လာရေးဟာ အင်မတန် အရေးကြီးတယ်လို့ ထပ်လောင်းပြောလိုက်ပါရစေ။ စာရေးဆရာတွေနဲ့ နိုင်ငံသမားတွေ ရေးတဲ့ မှတ်တမ်းတွေဟာ စိတ်ချရတဲ့ သမိုင်းမဟုတ်ဘူးလို့လည်း သတိပြုစေချင်ပါတယ်။
လူထုစိန်ဝင်း
၂၀၀၉ ခုနှစ်၊ စက်တင်ဘာ ၂၄။
[လူထုစိန်ဝင်းရဲ့ 'ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်- (နိုင်ငံရေးအတွေးအမြင်ဆောင်းပါးများ)' စာအုပ်၊ ပထမနှိပ်ခြင်း၊ ၂၀၁၀ ဇန်န၀ါရီမှ ကူးယူဖော်ပြပါတယ်]
Monday, June 7, 2010
မြန်မာတွေ ယဉ်ကျေးမှုနိမ့်ကျသေးတယ်တဲ့လား
ရေးသူ- လူထုစိန်ဝင်း

ရန်ကုန်မှာ ရွှေဆိုင်ဖွင့်ထားတဲ့ ကျောင်းသားတပည့်ဟောင်းတယောက် သီတင်းကျွတ်လပြည့်နေ့က ချောကလက်တဘူး၊ ရှပ်အင်္ကျီတထည်နဲ့ လာကန်တော့ပါတယ်။ သော့ချိတ်ကလေးတခု ပါတာကြောင့် စင်ကာပူက ပြန်လာတာလားလို့ မေးလိုက်တော့ သူ့ဇနီးနဲ့အတူ သွားလည်တာ တလကြာခဲ့တယ်လို့ ပြောပါတယ်။
ချီးမွမ်းခန်း ဖွင့်မဆုံး
'လေယဉ်ကွင်းထဲဆင်းဖို့ ၀ဲနေကတည်းက တအံ့တသြ ဖြစ်ရတော့တာပါပဲ။ တမြို့လုံး ၀င်းထိန်နေလိုက် တာများ လေယာဉ်ပေါ်ကနေ ကြော်ငြာဆိုင်းဘုတ်တွေကိုတောင် လှမ်းပြီးဖတ်လို့ရမလား ထင်ရတယ်ဗျ'
နိုင်ငံခြားခရီးကို ပထမဆုံးရောက်ဖူးသူတို့ ထုံးစံအတိုင်း သူက စင်ကပူသားတွေ စည်းကမ်းရှိပုံ၊ မြို့ကြီးသန့်ရှင်းပုံ၊ ကားတွေ၊ ရထားတွေ စီးရတာ ညက်ညောပုံ စတဲ့ချီးမွမ်းခန်းမျိုးစုံ ဖွင့်လို့ မမောနိုင်အောင် ရှိနေပါတယ်။ စကားပြောလို့ မောတော့မှ 'ဒီလို မြို့ကြီးသားပီသကြလို့ ဒီမိုကရေစီနဲ့ ထိုက်တန်တာကိုး' လို့ မှတ်ချက်ချလိုက်ပါတယ်။ သူက ဒီမှာတင် မရပ်သေးဘူး။ 'ကျွန်တော်တို့ ရန်ကုန်မြို့ကြီးကတော့....' လို့ ဆက်ပြောနေတာကြောင့် သူ့စကားကို ၀င်ဖြတ်ပြီး လမ်းကြောင်းလွှဲလိုက်ရပါတယ်။
နားကြားပြင်းကပ်တယ်
သူဆက်ပြောမယ့် စကားတွေကို သိနေလို့ စကားလမ်းကြောင်း လွှဲလိုက်တာပါ။ ဒီစကားမျိုးတွေကို 'ဖန်တရာတေအောင်' နားထောင်ခဲ့ဖူးပါပြီ။ နိုင်ငံခြားသွားပြီးတော့ အတွေ့အကြုံကို ဗဟုသုတဖြစ်အောင် ပြန်ပြောပြတာ ကောင်းပါတယ်။ ဒါပေမဲ့ ယှဉ်ယှဉ်ပြီး ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးကိုပါ သရော်သလိုလို နှိမ့်ချစော်ကား ပြောတာတွေကိုတော့ သည်းမခံနိုင်ပါဘူး။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအကြောင်း ဘာမှ သိတာ မဟုတ်ပဲနဲ့ လူတတ်ကြီး လုပ်ပြီး စည်းကမ်းနားမလည်ဘူး၊ ယဉ်ကျေးမှု အဆင့်အတန်း နိမ့်ကျသေးတယ်၊ လူမျိုးက ဖျင်းရတဲ့အထဲ ပျင်းလိုက်သေးတယ်၊ ဒီမိုကရေစီနဲ့ မတန်သေးဘူး စတဲ့ စကားမျိုးတွေ 'ဟောင်ဖွာဟောင်ဖွာ' ပြောတာတွေကို နားကြားပြင်းကပ်လှတယ်။
ထွီခနဲ၊ ထွမ်ခနဲ
စင်ကာပူတို့၊ မလေးရှားတို့ တိုးတက်မှုအရှိန်အဟုန် ကြီးကြီးမားမားနဲ့ ကျားကလေးတွေ ဖြစ်လာတာ အားကျစရာပါ။ ဒါပေမဲ့ သိပ်စည်းကမ်းရှိလို့၊ သိပ်ယဉ်ကျေးလို့ တိုးတက်လာတာဆိုတဲ့ စကားကိုတော့ သဘောမတူပါဘူး။ မြို့သားတွေ စည်းကမ်းရှိလို့ မြို့ကြီး သန့်ရှင်းနေတယ်ဆိုတာလည်း မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ တရုတ်လူမျိုးလောက် 'ထွီခနဲ၊ ထွမ်ခနဲ' တွေ့ကရာနေရာ တံတွေးထွေးတတ်တဲ့လူမျိုး ဘယ်မှာမှ မရှိပါဘူး။ လူအများ ၀ိုင်းထိုင်စားသောက်နေတဲ့ နေရာမှာလည်း 'ထွီ ထွမ်' လုပ်ကြတာပါပဲ။
အိမ်ဖော်တွေ နှိပ်စက်မှု
စင်ကာပူထီး၊ စင်ကာပူမတွေက အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေက လာရောက် အလုပ်လုပ်ကိုင်တဲ့ အိမ်အကူ မိန်းကလေးတွေကို ရေနွေးပူနဲ့လောင်းတာ၊ မီးပူနဲ့ ကပ်တာ၊ အပ်နဲ့ဆွတာ၊ ထိုးကြိတ်နှိပ်စက်တာမျိုးတွေ နေ့စဉ်လို စထရိတ်တိုင်းသတင်းစာမှာ ဖတ်နေရပါတယ်။ ဒါမျိုးကို ယဉ်ကျေးတယ်လို့ ဘာကြောင့်များ သတ်မှတ်ကြတာလဲ။ အိမ်အကူတွေကို နှိပ်စက်လွန်းလို့ အင်ဒိုနီးရှားနဲ့ မလေးရှား အစိုးရချင်း မကြာခဏ စကားများနေကြတာတွေကော မကြားကြဘူးလား။ ယဉ်ကျေးမှုအဆင့်အတန်း နိမ့်သေးတယ်ဆိုတဲ့ မြန်မာပြည်မှာ ဒီပြဿနာ ရှိလောက်ပေမယ့် ဒီလောက်ကြီး ဆိုးရွားတဲ့ အခြေအနေထိ မရောက်သေးပါဘူး။
တရားဥပဒေစိုးမိုးမှုရှိလို့
သူတို့ လမ်းမကြီးတွေ အမှိုက်ကင်းစင်ပြီး သန့်ရှင်းနေတာက ဒဏ်ငွေနဲ့ ကြိမ်လုံး ကြောက်လို့ပါ။ ပုလိပ်ကလည်း လမ်းထောင့်တိုင်းမှာ စောင့်ကြည့်နေပြီး စည်းကမ်းဖောက်သူ ဘယ်သူဘယ်ဝါဖြစ်ဖြစ် တကယ်ဖမ်းပြီး တကယ်ရုံးတင်တာလေ။ ဥပဒေနဲ့ ပတ်သက်ရင် သိပ်တိကျတာ။ ပုလိပ်က တကယ်ရုံးတင်သလို တရားရုံးကလည်း တကယ်စစ်ပြီး၊ တကယ်အပြစ်ဒဏ်ချတာ။ ဒီတော့ ဘယ်သူ ဖောက်ဖျက်ရဲမှာလဲ။ ပုလိပ်က သူ့အလုပ်သူ တိတိကျကျ လုပ်သလို မြူနီစပယ်ကလည်း သူ့အလုပ်သူ လုပ်တယ်။ ဥပဒေစည်းကမ်း တိတိကျကျ ချမှတ်ထားသလို တိတိကျကျလည်း လုပ်ကြတော့ ဘယ်သူမှ ကိုယ့်အလုပ်မဟုတ်တာကို ၀င်မစွက်ရဲ့ကြဘူး။ အဓိကကတော့ တရားဥပဒေစိုးမိုးမှု (rule of law) ရှိနေလို့သာ ဖြစ်တယ်။
မမြင်ဖူး 'မူး'မြစ်ထင်
အခု ကျားကလေးတွေ ဖြစ်နေကြတဲ့ နိုင်ငံတွေဟာ ဟိုရှေးကဆို စားနပ်ရိက္ခာအပါအ၀င် လူသုံးကုန် ပစ္စည်း တော်တော်များများကို မြန်မာနိုင်ငံက ၀ယ်ယူသုံးကြရတာကို အခု 'မမြင်ဖူး မူးမြစ်ထင်' ဖြစ်နေကြသူတွေ သိစေချင်လိုက်တာ။ ရွှေကျီးနိုင်လွန်လို တက်ထရွန်နဲ့ ဒက်ကရွန်လို အ၀တ်အထည်တွေကို မြန်မာနိုင်ငံက ၀ယ်ကြရတာပါ။ ဗန္ဓုလစောင်ဆိုရင် အာရှတခွင်လုံး နာမည်ကြီးပါတယ်။ ဘားမားစတိတ်လို၊ ကပ္ပီတန်လို၊ ဂိုဖလိတ်လို စီးကရက်တွေဆို ဂျပန်တွေ သိပ်ကြိုက်ကြပါတယ်။ အာမီရမ်လို့ခေါ်တဲ့ ရမ်အရက်ဆိုရင် ရုရှားသံရုံးက လူတွေတောင် သူတို့ ဗော့ဒကာနဲ့ လဲသောက်ကြပါတယ်။
ကလင်တန်လိုလား၊ ရေဂန်လိုလား
မြို့ကြီးသား မပီသကြသေးလို့ ဒီမိုကရေစီနဲ့ မတန်သေးဘူးလို့ ပြောသူတွေကို တခု မေးချင်ပါတယ်။ မြို့ကြီးသား ပီသတယ်ဆိုတာ ဘယ်လိုဟာလဲဆိုတဲ့ မေးခွန်းပါ။ သမ္မတကလင်တန်က ကျောင်းသူလေး မော်နီကာကို ပြုမူလိုက်တဲ့ အပြုအမူမျိုးကို ခေါ်တာပါလား။ ကမ္ဘာတခုလုံးကိုတော့ အယာတိုလာခိုမေနီရဲ့ အီရန်နိုင်ငံကို လက်နက်တွေ မရောင်းဖို့ အော်ဟစ်တားဆီးနေပြီး သူကတော့ ခိုးကြောင်ခိုးဝှက်နဲ့ ခိုမေနီကို လက်နက်တင်သွင်းရောင်းချပြီး ရတဲ့ငွေအားလုံးကို အစိုးရဘတ်ဂျက်ထဲ တပြားမှ မထည့်ဘဲ နီကာရာဂွါနိုင်ငံက လက်ယာသူပုန်တွေကို ထောက်ပံ့ခဲ့တဲ့ ရေဂန်ရဲ့ အပြုအမူမျိုးကိုများ ခေါ်တာပါလား။ ရေဂန်ဟာ ဒီလို မလုပ်ခဲ့ပါဘူးလို့ လွှတ်တော်ကိုတောင် ဗြောင်လိမ်ခဲ့သေးတယ်လေ။ အဲဒီအပြုအမူတွေဟာ မြို့ကြီးသား ပီသမှုပါလား။ ဒီမိုကရေစီ ယဉ်ကျေးမှုပါလား။
အီလစ်အုပ်ချုပ်ရေး
ပြောရမယ်ဆိုရင် စင်ကာပူဆိုတာလည်း တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီအဆင့် မရောက်သေးပါဘူး။ Autocracy နဲ့ Meritocracy နှစ်ခု ပေါင်းစပ်ထားတဲ့ ရေပေါ်ဆီလူတန်းစား 'အီလစ်' တွေ အုပ်ချုပ်တဲ့ အစိုးရမျိုး ဖြစ်ပါတယ်။ ဒါဆို စင်ကာပူ ဘာကြောင့် ထိပ်တန်းရောက်နေသလဲ မေးရင် အထက်မှာ ပြောခဲ့တဲ့အတိုင်း ဥပဒေစိုးမိုးမှု (rule of law) အပြည့်အ၀ ရှိနေလို့ ဖြစ်တယ်လို့ပဲ ဖြေရပါလိမ့်မယ်။ တိုင်းပြည်လည်းကြီး၊ လူဦးရေလည်းများပြီး သယံဇာတတွေလည်း များတဲ့ ယိုးဒယားက လူဦးရေ ငါးသန်းတောင် ပြည့်အောင်မရှိရုံမက သဘာဝသယံဇာတဆိုလည်း ဘာမှမရှိတဲ့ စင်ကာပူကို ဘာကြောင့် မမီတာလဲဆိုတာ ကြည့်သင့်တယ်။ ယိုးဒယားနိုင်ငံမှာက ပိုက်ဆံပေးနိုင်ရင် ထောင်ထဲက လူကိုတောင် လူစားလဲနိုင်တယ်လို့ ဆိုကြတယ်လေ။ ငွေများ တရားနိုင်ရုံသာမက ၀န်ကြီးချုပ်တောင် လုပ်လို့ရတယ်ဆိုတာ 'သက်ဆင်' က လက်တွေ့ပြခဲ့တယ် မဟုတ်လား။
လူထုစိန်ဝင်း။
၂၀၀၉ ခုနှစ်၊ အောက်တိုဘာ ၁၁။
[လူထုစိန်ဝင်းရဲ့ 'ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်-(နိုင်ငံရေးအတွေးအမြင်ဆောင်းပါးများ)' စာအုပ်၊ ပထမနှိပ်ခြင်း၊ ၂၀၁၀ ဇန်န၀ါရီမှ ကူးယူဖော်ပြပါတယ်]
ဟန့်ရာက တန့်၊ တန့်ရာက တုံးသွားတတ်တယ်
ရေးသူ- လူထုစိန်ဝင်း

'စာနယ်ဇင်းကျင့်ဝတ်တွေ ရေးခဲ့သလို ဘလော့ဂါကျင့်ဝတ်ဆိုပြီး ရေးပါဦး ခင်ဗျ။ အခု ဘလောဂ့်တွေ သိတ်များလာပြီး တချို့ မဟုတ်မဟတ်တွေချည်း ရေးနေကြတယ်'
လူငယ် စာနယ်ဇင်းသမားတစု ရောက်လာပြီး ပြောလိုက်တာ ဖြစ်ပါတယ်။ စာနယ်ဇင်းကျင့်ဝတ်တွေ အကြောင်း အမြဲလိုလို ရေးနေတာကြောင့် ခုလို ပြောလိုက်တာပါ။ အင်တာနက် ၀က်ဘ်ဆိုက်တွေ၊ ဘလော့ဂ်တွေကို စောင့်ကြည့်ဖတ်ရှုနေသူဖြစ်တော့ သူတို့ ပြောသလို ဘလော့ဂ်တွေ သောင်းချီရှိနေတာ တွေ့ရပါတယ်။ အတော်များများကလည်း မဖွယ်မရာတွေ ဖြစ်ပါတယ်။ တချို့ဆို ညစ်ညမ်းတာတွေ ဖြစ်ပါတယ်။
လူထုဂျာနယ်လစ်တွေ
ဘလော့ဂ်ဆိုတာတွေ ပေါ်ပေါက်လာတာ သိပ်မကြာလှသေးပါဘူး။ ကွန်ပြူတာ သုံးနိုင်သူတိုင်း ကိုယ်ပိုင် ဘလော့ဂ်တွေ လုပ်လို့ ရတာကြောင့် အချိန်ပေးနိုင်သူတိုင်း၊ ၀ါသနာပါသူတိုင်း ဘယ်သူမဆို လုပ်နိုင်ကြပါတယ်။ အထူးသဖြင့် လူငယ်ကလေးတွေက အများဆုံး လုပ်ကြပါတယ်။ တချို့က သတင်းတွေ ဖလှယ်ကြတယ်။ တချို့က ဖျော်ဖြေရေးအတွက်၊ တချို့က ပညာရေးအတွက် လုပ်ကြတယ်။ လူတိုင်း လုပ်လို့ ရတာကြောင့် ဒီလိုလုပ်တဲ့ ဘလော့ဂ်ဂါတွေကို တချို့က 'လူထု ဂျာနယ်လစ်' (Citizen Journalist) လို့ အမည်တပ်ပေးကြတယ်။ စစချင်းတော့ အပျော်လုပ်ကြတာပါ။ လုပ်ရင်းလုပ်ရင်းနဲ့ နောက်တော့ တကယ်ဝါသနာပါသွားပြီး တကယ့်ကို ပုံမှန်ဘလော့ဂ်တွေထောင်ပြီး သတင်းအလုပ်လုပ်တဲ့ ဘလော့ဂ်ဂါတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ရင်ဖွင့်တဲ့နေရာ
ဘလော့ဂ်ဂါတွေဟာ အများအားဖြင့် လူငယ်ကလေးတွေ ဖြစ်ကြတယ်။ တချို့က သတင်းအလုပ်ကို ၀ါသနာပါလို့ လုပ်ကြတာ။ တချို့ကျတော့ ကိုယ့်ရင်ထဲမှာ မျိုသိပ်ထားရတာတွေကို ဖွင့်ထုတ်ပစ်လိုက်ချင်လို့ လုပ်ကြတာ။ ဒီလို ရင်ဖွင့်ချင်သူတွေက အများစုပါ။ လူငယ်ကလေးတွေဆိုတော့ ရင်ထဲရှိတာတွေ ဖွင့်ထုတ်ရင်းနဲ့ မတော်မသင့်တာတွေ ပြောမိ ရေးမိကြတာတွေလည်း ရှိပါတယ်။ တမင်တကာကို မဟုတ်မဟတ်၊ မတော်တရော်တွေ လုပ်သူတချို့လည်း ရှိပါတယ်။ ဒါပေမဲ့ သောင်းနဲ့ချီတဲ့ ဘလော့ဂ်တွေထဲမှာ သိတ်အများကြီးတော့ မဟုတ်ပါဘူး။ အများစုကတော့ လူငယ်ကလေးတွေ အပျော်တမ်း လုပ်ကြတာတွေမို့ သင့်- မသင့်၊ တော်-မတော်၊ တင့်တယ်၏- မတင့်တယ်၏၊ မစဉ်းစားတတ်လို့ မလျော်မကန် ဖြစ်နေတာတွေသာ ဖြစ်ပါတယ်။ ဘလော့ဂ်တို့၊ အင်တာနက်တို့ဆိုတာတွေကို စပြီး သုံးနိုင်ကြတာ ဘာမှမကြာသေးပါဘူး။ ဒီတော့ လူငယ်ကလေးတွေအဖို့ ကစားစရာ အရုပ်ရသလို ဆော့လို့ ကစားလို့ အားမရနိုင်အောင် ဖြစ်ကြတာ သဘာဝကျပါတယ်။ ပြီးတော့ အပြင်မှာ ပြောလို့မရတဲ့ စကားမျိုးတွေကို ဘလော့ဂ်ထဲမှာ စိတ်ရှိလက်ရှိ ပြောထည့်လို့ ရနိုင်တယ် ဆိုတာကလည်း လူငယ်တို့ရဲ့အကြိုက် ဖြစ်နေတယ်လေ။ အဲဒါကြောင့် ဘလော့ဂ်ဂါတွေ များနေတာ ဖြစ်ပါတယ်။
စမ်းသပ်မှ တွေ့ရှိတယ်
ကွန်ပြူတာ အင်တာနက်ဆိုတာကလည်း ကစားစရာ အသစ်အဆန်း၊ ဘလော့ဂ်ဂါတွေ အများစုကလည်း လူငယ်ကလေးတွေ ဖြစ်နေတာကြောင့် ကျင့်ဝတ်တွေ ဘာတွေနဲ့ ပြောပြီး 'မဟန့်' ချင်ပါဘူး။ လူငယ်ကလေးတွေ လွတ်လွတ်လပ်လပ် ရင်ဖွင့်စေချင်တယ်။ ကွန်ပြူတာနဲ့ ရင်ဖွင့်တာက ဘီယာဆိုင်လို၊ နိုက်ကလပ်လို နေရာမျိုးတွေ သွားရင်ဖွင့်တာထက်တောင် ပိုပြီး အန္တရာယ်ကင်းပါတယ်။ လူကြီးတွေက 'ဟန့်' ရင် လူငယ်တွေရဲ့ တက်နေတဲ့ အရှိန်တွေ 'တန့်' သွားတတ်တယ်။ 'တန့်' ရာကနေ တဆင့်တက်တော့ 'တုံး' သွားပါရော။ ဒီတော့ ဘယ်ကောင်းတော့မှာလဲ။ လူငယ်တွေ အညွန့်တုံးသွားခြင်းဆိုတာ တိုင်းပြည်ရဲ့ တိုးတက်ထွန်းကားမှု အဆုံးတိုင်သွားခြင်းပဲ ဖြစ်တယ်။ အဲဒါကြောင့် အသစ်အဆန်းကို စမ်းသပ်နေကြတဲ့ လူငယ်တွေကို တားဆီးချုပ်ချယ် မလုပ်ချင်ဘူး။ စမ်းသပ်မှ တွေ့ရှိနိုင်တယ်။ ဘာမှ မစမ်းသပ်ရင် ဘာမှ မတွေ့နိုင်ဘူး။ ဘာမှမတွေ့တော့ ဘယ်လိုလုပ်ပြီး တိုးတက်မှာလဲ။
မရှိမဖြစ် R နဲ့ D
တိုင်းပြည် ထွန်းကားတိုးတက်ဖို့ဆိုရင် အသစ်အဆန်းတွေ စမ်းသပ်ရှာဖွေနေဖို့ လူငယ်တွေကို အားပေးရ ပါမယ်။ လိုအပ်တာတွေကိုလည်း ဖြည့်ဆည်းပေးရပါမယ်။ ထွန်းကားတိုးတက်တဲ့ နိုင်ငံတိုင်းမှာ သုတေသနနဲ့ ဖွံ့ဖြိုးရေး (Research and Development) လုပ်ငန်းကို အစိုးရတွေက လုပ်ကိုင်ရုံမက စီးပွါးရေးလုပ်ငန်းကြီး တိုင်းမှာလည်း R & D ဆိုတဲ့ ဌာနတွေကို ငွေကြေးအများကြီး အကုန်အကျခံပြီး လုပ်ဆောင်ကြပါတယ်။ စာသင်နှစ် တနှစ်ပြီးဆုံးတော့မယ်ဆိုရင် ကုမ္ပဏီကြီးတွေက တက္ကသိုလ်ကျောင်းတွေကို သွားပြီး ထူးချွန်ထက်မြက်တဲ့ ကျောင်းသားတွေကို မက်လုံးအမျိုးမျိုး ပေးပြီး စည်းရုံးခေါ်ယူလေ့ ရှိပါတယ်။ လူငယ်တွေရဲ့ အစွမ်းအစကို ယုံကြည်အားထားတဲ့ သဘောဖြစ်ပါတယ်။
ယုံကြည်မှု အရေးအကြီးဆုံး
ကိုယ့်ကို ယုံကြည်စိတ်ချစွာနဲ့ တာဝန်တခု ပေးအပ်တယ်ဆိုရင် ကိုယ့်ဘက်ကလည်း တာဝန်ကျေအောင် မဖြစ်မနေ ကြိုးစား လုပ်ဆောင်ပြချင်တတ်တာဟာ လူ့သဘာဝဖြစ်တယ်။ 'ယုံကြည်မှု' ဆိုတာ လူ့အဖွဲ့အစည်း အတွင်းမှာ အင်မတန် အရေးပါတဲ့ အရာတခု ဖြစ်တယ်။ လူတဦးနဲ့တဦး ယုံကြည်မှု အပြန်အလှန် ရှိမှ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံမှု ရှိနိုင်တယ်။ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ လူမျိုးနဲ့တမျိုးလည်း အပြန်အလှန် ယုံကြည်မှု၊ ရှိကြပါမှ ချစ်ကြည်ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်လို့ ရနိုင်ပါတယ်။ တဦးနဲ့ တဦးကြားမှာ ယုံကြည်မှု ပျက်ယွင်းသွားပြီ ဆိုရင်တော့ စစ်မှန်တဲ့ ရင်းနှီးချစ်ခင်မှုကို ဘယ်လိုနည်းနဲ့မှ တည်ဆောက်လို့ မရနိုင်ပါဘူး။
လူငယ့်စွမ်းအား အဓိက
နိုင်ငံတနိုင်ငံ တိုးတက်ထွန်းကားအောင် တည်ထောင်ဖို့ လူငယ်တွေရဲ့ စွမ်းအားဟာ အဓိကကျပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လူငယ်တွေမှာမှ ထက်သန်တဲ့ အားမာန်တွေ ရှိပါတယ်။ အထူးသဖြင့် ခုခေတ်လို နည်းပညာတွေ တဟုန်ထိုး တိုးတက်နေတဲ့ခေတ်ကို လူငယ်တွေမှပဲ အမီလိုက်နိုင်မှာ ဖြစ်တယ်။ လူကြီးဆိုတာက စိတ်သွားတိုင်း ကိုယ်ပါနိုင်တာ မဟုတ်ပါဘူး။ အသစ်အဆန်းတွေ ရှာဖွေစမ်းသပ်တဲ့ အလုပ်မျိုးတွေကို လူငယ်တွေပဲ ရှေ့က ဦးဆောင် လုပ်ကိုင်ကြပါစေ။ မတားပါနဲ့။ မဟန့်ပါနဲ့။ ပိတ်ပင်တားဆီး မလုပ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ အထက်မှာပြောခဲ့သလိုပဲ 'ဟန့်' ရာက 'တန့်'၊ 'တန့်' ရာက 'တုံး' သွားတတ်လို့ပါ။
လူထုစိန်ဝင်း
၂၀၀၉ ခုနှစ်၊ ဇွန် ၁၇။
[လူထုစိန်ဝင်းရဲ့ 'ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်- (နိုင်ငံရေးအတွေးအမြင်ဆောင်းပါးများ)' စာအုပ်၊ ပထမနှိပ်ခြင်း၊ ၂၀၁၀ ဇန်န၀ါရီမှ ကူးယူဖော်ပြပါတယ်]
ဝေဒနာက ဖတ်ကြားခြင်း
ရေးသူ- နေသွေးနီ

ငါ့အစ်ကို။
ငါ့မှာ နေရောင်ပြင်းပြင်းတွေ ၀ိုင်းရံထိုးဟပ်ခြင်း ခံနေရတဲ့အခါ အစ်ကိုဟာ အရိပ်တခု ဖြစ်နေခဲ့တယ်။
ငါ့မှာ မိုးပေါက်အလုံးကြီးကြီးတွေ ထိခိုက်ရိုက်ပုတ်ခြင်း ခံနေရတဲ့အခါ အစ်ကိုဟာ စလူရွက်လေး ဖြစ်နေခဲ့တယ်။
ငါ့မှာ ဆောင်းနှင်းခဲတွေ အဆုပ်လိုက်၊ အဆုပ်လိုက် တအားပစ်ပေါက်ခြင်း ခံနေရပြီး ရိုးတွင်းချဉ်ဆီတွေ အအေးပတ်နေရတဲ့အခါ အစ်ကိုဟာ မီးဖိုကလေး ဖြစ်နေခဲ့တယ်။
ငါ့ကို ကူညီခြင်း၊ ရိုင်းပင်းခြင်း၊ နှစ်သက်ခြင်း၊ ခင်မင်ခြင်း၊ ပွင့်လင်းခြင်း၊ ဖြောင့်စင်းခြင်း၊ အကောင်းဆုံး အဖြူရောင်ကို ပေးစွမ်းသူ ငါ့အစ်ကို...။
ငါ့ကို မသနားတော့ဘူးနော်။ မြေအပြင်ပေါ်မှာ ကျူတိုင်တချောင်းလို ၀ီခေါ်အောင် ရပ်နေရတော့မယ့် ငါ့ဘ၀ကို အစ်ကို မစဉ်းစားခဲ့ဘူးနော်။
အစ်ကိုရယ်... တို့အစ်ကိုရယ်......။
မျက်နှာလွှဲသွားခဲ့တယ်။ ဘယ်တော့မှ မကြည့်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကြီး ယတိပြတ် လုပ်ဆောင်ပြီး ငါ့အစ်ကို ကျောခိုင်းသွားတယ်။ အေးမြခြင်း၊ အစ်ကိုအတွက်တော့လေ ငြိမ်းချမ်းခြင်းရှိတဲ့ မြေ၀ပ်ကျင်းကလေးထဲ အစ်ကို သွားအိပ်တော့တယ်။
မေ့ပါ၊ ပစ်ပါ၊ ပျောက်ပါ။
++++++++++++++++++++++++++++++++++++++++++++++++++++
ငါ့မှာ ရိုးသားခြင်းတခု ရှိနေတာ အစ်ကိုပေါ့။
ငါ့မှာ ပွင့်လင်းခြင်းတခု ရခဲ့တာ အစ်ကိုပေါ့။
ငါ့မှာ ဖြောင့်စင်းခြင်းတခု ရခဲ့တာ အစ်ကိုပေါ့။
ငါ့မှာ အနုပညာသီလ၊ အနုပညာဓမ္မ၊ အနုပညာသမာဓိ၊ အနုပညာကမ္မဌာန်း ပွါးများရခြင်းဟာ အစ်ကိုပေါ့။
မေတ္တာအစစ်၊ တုပခြင်းကင်းတဲ့ အဖြူတကာ့ အဖြူရောင်ကို ငါ မြဲမြဲဝတ်ဆင်နိုင်ခဲ့ခြင်းဟာ အစ်ကို ပေးခဲ့လို့ပါပဲ။
ဒီမယ် အစ်ကို။
ကမ္ဘာလောကထဲမှာ ရှင်ခြင်းဘ၀တုန်းက ကိုယ့်အကျိုးစီးပွါး၊ ကိုယ့်အကောင်းချည်း ရရေးပိုင်ရေးအတွက် အစ်ကို မလုပ်ခဲ့ဘူး။ ဖုန်မှုန့်တမှုန့်လောက် အတ္တအကျိုးစီးပွါးကို အိတ်ကပ်ထဲ မထည့်ခဲ့ဘူး။ လူရှေ့မှာ သူတော်စင်၊ လူကွယ်ရာ အယုတ်တကာ အယုတ်ဆုံးသော အကျင့်ကို လျှိ့ဝှက်သိပ်သည်းစွာ ပြုကျင့်ခြင်းကို ကာမကဲ့သို့ တပ်မက်သောလူနဲ့ အစ်ကိုဟာ မြေကြီးနဲ့မိုးလို ဖြစ်ခဲ့ပါတယ်။
အစ်ကို့အနား ဗေဒကျမ်း ဗုံးပေါလအော ဒဿနအမြင်တွေ၊ အမြင်တရားကို စစ်ထုတ်ပေးတဲ့ ပန်းပုရုပ်တွေ အစ်ကို ပြန်ဆေးသုတ်ပြီး ကိုယ်ကျိုးရှာခဲ့ရင် အစ်ကို အသက်လည်းရှည်မယ်၊ အရောင်လည်း ပြောင်မယ်။ ပြိုးပြိုးပြက်ပြက် လက်မယ်။ မလုပ်ဘူး။ တကယ်ဆို ကမ္ဘာမှာ ထည်ဝါတဲ့ အဆိုအမိန့်၊ အဟောအပြောကောင်းတဲ့ ပညာရှင်များရဲ့ ရုပ်ပုံကို ထုစား၊ ခွဲစားရင် ငါ့အစ်ကို အသက်တရာတောင် ရှည်မလား မသိ။ အများအကြိုက် ဝေါဟာရတွေ အပြွတ်လိုက် အခိုင်လိုက် သုံးပြတတ်ရဲ့။ ဒါပေမယ့် ငါ့အစ်ကိုက တယ်ရိုး၊ တယ်အ။ ခေတ်သုံးစကား လှိုင်လှိုင်မပြောတော့ ငါ့အစ်ကိုရဲ့ ဒုက္ခဟာ တောင်ပုံရာပုံ ဖြစ်ခဲ့ရခြင်းပေါ့။
အင်းလေ.... သဗ္ဗေသတ္တာ ကမ္မသကာ။ ဒါပေါ့.... ဒါပေါ့။
+++++++++++++++++++++++++++++++++++++
ငါ့အစ်ကိုရဲ့ ရိုးသားမှုဟာ တောင်ကြားနေ လယ်သမားနဲ့ တယ်တူ။
ယုံပါတယ်။ အရင်က ငါ့အစ်ကိုနဲ့ငါ ဘယ်တော့မှ မျက်နှာချင်းပြုံးလို့ မဖြစ်လိုက် ဖြစ်လိုက်။ ငါ့အစ်ကိုက ရေဆေးချမြဲ။ ပြီး... ငါ့ကို သည်းခံခြင်း အပွေ့အဖက်တွေနဲ့ ငါ့ရင်ထဲက ဒေါသနဂါးမောက်ကို လက်နဲ့ ပွတ်သပ်ချော့မြဲ။ ဒါပေါ့။ ငါ့ အစ်ကိုဟာ ယောဂီတဦးနဲ့ သိပ်တူလို့။ တချို့က အစ်ကိုရေ ကြက်ဥအကာတွေ၊ အစ်ကိုက အနှစ်... အနှစ်။
ငါ သိခဲ့တယ်။ တနှစ်ကျော်ကပေါ့။
ငါနဲ့ အစ်ကိုနဲ့ တွေ့တိုင်း ငါ့အစ်ကိုက ငါ့ဖို့တဲ့ ဒဿနအမြင် စာအုပ်ကလေး တအုပ်နှစ်အုပ်။ ဘယ်သူမှ လက်ဖျားနဲ့ အတို့မခံဘဲ ပေးတယ်။
'ညီငယ် မလာတော့ တခါတခါ အားငယ်ရတယ်'
'ညီငယ်က စကားပြောရင် တုံးခနဲ တိခနဲ ပြောတာတွေ မြင်နေ ကြားနေရရင် အားရှိတယ်'
'ဟုတ်ပါပြီဗျာ၊ ညီငယ်က ဆေးလိပ်မသောက်နဲ့ဆို မသောက်ပါဘူး'
'အေးလေ... ငယ်စဉ်က ငါလည်း မှားတာပါ။ ခုတော့ ညီငယ်ငါ့ကို အတုံးလိုက် အတစ်လိုက် ပိဿလေးနဲ့ ဘေးပစ်သလို ပြောတာတွေ နားထောင်ရတော့ လောကမှာ ဘာလုပ်လုပ် မေတ္တာရယ်၊ ဖြူစင်ခြင်းရယ်၊ ရာခိုင်နှုန်း အပြည့်ရှိအောင် လုပ်သွားမယ်။ ဒါ လူဖြစ်ရကျိုး အမြတ်ပဲ ထင်တယ်'
'ညီငယ်နဲ့ လူတိုင်းနဲ့ မတည့်တာဟာ ညီငယ်ကို ငါ့လို နားမလည်ကြဘူး။ ညီငယ်ကလည်း ခက်တယ်။ ဟန်ဆောင်နေတာမျိုးဆို ချက်ချင်း ကောက်ကာငင်ကာ ပြောတော့ မခံနိုင်ဘူး'
'ပြေးကြည့်မှ ညီငယ်ရေ.... လူနည်းနည်းလေး ရှိတယ်။ တချို့လည်း ခွဲသွားကြ၊ ခွါသွားကြ၊ တချိုလည်း ဟန်ဆက်မဆောင်နိုင်ကြတော့ဘူး။ ညီငယ်အမြဲ လာလာတွေ့နေတော့ စိတ်ထဲ ၀မ်းသာရတယ်။ အားဆေး တခုပေါ့'
ငါ့အစ်ကိုရဲ့ အသံချိုချိုဟာ ငါ့နားထဲမှာ စမ်းရေလို အေးစိမ့် စီးဝင်လာမြဲ။ ငါ့အစ်ကိုက ငါ့ကို ကြည့်နေ၊ ပြုံးနေတာ ကြာပွင့်တပွင့်နဲ့ တူတယ်။
ငါက ရင်ထဲက အကောက်အလိမ်တွေ၊ စိတ်တီကောင်တွေ မထားတတ်ဘူး။ ငါ့ ရင်ထဲမှာ မြွေဟောက်က အမြဲခွေနေတတ်တယ်။ မီးခဲတွေကလည်း အမြဲ ရှိနေတတ်တယ်။ ငါ့မျက်စိက ငါ့အနားမှာ။ သတ္တ၀ါဝေနေယျကို ချွတ်ဖို့ပြောပြီး မိန်းမအတွက်၊ အက္ခရာတွေ၊ ကားချပ်လှလှတွေ တကုပ်ကုပ် ရေးဆွဲပြီး လက်သိပ်ထိုး လျှိ့ဝှက်ရွှေခဲ၊ မြေကြီးထဲက ထွက်တဲ့ အရောင်လက်တဲ့ ခဲလုံးတွေ ကျွန်းသေတ္တာထဲ စုနေတဲ့ လူတွေနဲ့ ချက်ချင်းတွေ့။ ငါက သူ့ကို မစင်လို ခွေးသေတကောင်လို ရွံ့မုန်းသွားတတ်တယ်။
အဲဒီလူကို ငါက စစ်ထိုးတယ်။ မုန်းတယ်။
ငါက ဟန်ရော၊ မာန်ရော၊ အသံရော၊ ရုပ်အလှုပ်အရှားရော၊ အပြုအမူအားလုံးဟာ ပြင်းထန်ပြီး ဘီလူးတကောင် ဖြစ်နေတတ်တယ်။
ငါ့အစ်ကိုက လူတွေမှာ အသံအမျိုးမျိုး၊ အရောင်အမျိုးမျိုး၊ မျက်နှာအမျိုးမျိုးတွေ။ သူ့မှာလည်း တခါတလေ အညစ်အကြေးတွေ တင်နေမှာပေါ့တဲ့။ သည်းခံခြင်း ပရိတ်ကို ရွတ်နေဖို့ ငါ့ကို ပြောတယ်၊ နားချတယ်။ အင်း..... ငါ့အစ်ကိုကတော့ ဘယ်သူနဲ့ မဆို သစ်တပင်လို ငြိမ်ပြီး နေတတ်တဲ့ လူကိုး။
ငါ့ကို အမှားတွေ၊ အတ္တတွေ၊ ဒေါသလှံဒိုင်းတွေ လွှင့်ပစ်ဖို့ ငါ့ကို တရားချရဲ့။ ပထမ၊ ဒုတိယ၊ တတိယ။
ငါ့ နားနဲ့ နာခဲ့ပါတယ်။ ခေါင်းနဲ့ နာခဲ့ပါတယ်။
သြော်.... ခု ငါ့ကို ဘယ်မှာ နားချမှာလဲ အစ်ကို။ ဘယ်သူက ငါ့အနားမှာ ငါ့ရဲ့ရိုးဖြောင့်ခြင်း၊ ပွင်းလင်းခြင်း၊ စိတ်ထန်းခေါက်ဖာ မှောက်ပြခြင်းကို သည်းခံ စောင့်ကြည့်နေမှာလဲ ဟင်.....။
ငါ့ကို မသနားဘူး။ အစ်ကို ပစ်သွားတော့တယ်။
++++++++++++++++++++++++++++++
ငါ့ အစ်ကိုကြောင့် ငါ ကျန်းမာခဲ့ရတာပါ။
ငါ့အစ်ကိုကြောင့် ငါ မြေကြီး ကြည့်တတ်တာပါ။
ငါ့အစ်ကိုကြောင့် ငါမြင်ရတဲ့ မျက်စိနှစ်ကွင်း အလင်းရခဲ့တာပါ။
အစ်ကိုက တယ် ခရီးသွားတတ်တယ်။
ငါက အလင်းရပေမယ့် အစ်ကိုနဲ့ မလိုက်ချင်တာတွေ အပုံကြီး။ အစ်ကိုက အဟိံသ တရားကို ရှုတယ်။ ၀ိမုတ္တိကို မရမနေ ရှာတယ်။ ဝေဿန္တရာမင်းကြီး နှလုံးကို ဆင်မြန်းတယ်။ ၀ိဓူရရဲ့ အသည်းကို ဆင်မြန်းတယ်။ လောကကို သုံးကြိမ်သုံးခါ သတ္တ၀ါများ ကျန်းမာခြင်း၊ ချမ်းသာခြင်း စိတ်များ လွှတ်ပေးဖို့ တောင်းဆိုတယ်။
ဓားကိုင်သူကော၊ ပန်းကိုင်သူကော၊ လေးကင်းပြသူကော၊ ဘယ်သူမဆို လောကကောင်းခြင်း၊ စိမ်းလန်းခြင်း၊ နုပျိုခြင်း အကျိုးပြု လုပ်ရပ်တွေ ဆောင်ရွက်ဖို့ လက်ကမ်းခေါ်တယ်။
ပြီးတော့ ငါ့အစ်ကိုက ဖန်တီးတတ်တဲ့ တီထွင်တတ်တဲ့ အတတ်ပညာတွေနဲ့ အက္ခရာပန်းကုံးတွေ သီကုံးပြီး လူတိုင်း လူတိုင်းလည်မှာ ဆင်မြန်းပေးတယ်။ နေကို ကြည့်တတ်သော၊ လ ကိုကြည့်တတ်သော၊ မြေကို ရှုတတ်သော အမြင်များ ရစေရန် ဆင်မြန်းပေးခြင်းပေပဲ။
အဲဒီပန်းကုံးတွေဟာ ဓနအတွက် အစ်ကို လိုက်မရောင်းဘူး။ အစ်ကို့ အရပ်မြင့်ဖို့အတွက် အစ်ကို လိုက်မရောင်းဘူး။ အစ်ကို့ အိမ်ကလေး ၀င်းဝင်းဝါ၀ါ အရောင်တောက်ဖို့အတွက် အစ်ကို မရောင်းဘူး။ အစ်ကို ဧည့်ခန်းဆောင်ထဲ ရသာစုံ နတ်သုဒ္ဓါမျိုး စားစရာတွေ ရောက်လာဖို့အတွက် အစ်ကို လည်မရောင်းဘူး။
အဲဒီ သီလ၊ အဲဒီ ကျင့်စဉ်၊ အဲဒီ တရားဟာ အစ်ကို့မှာ စိပ်ပုတီးတကုံးပါပဲ။
ငါက ဒီအကြောင်းတရားတွေ မြင်ပြီး တစတစ ခင်မင်ခြင်း စိတ်ကလေး လှုပ်ခါမိခဲ့ရတာပဲပေါ့။
+++++++++++++++++++++++++++++++++++++
နေပူထဲက သူလိုငါလို အများတွေလို လူတွေအတွက် အစ်ကိုက စလူရွက်တွေ လိုက်ဝေငှချင်ပါရဲ့။ အင်း... လူသားတဦးရဲ့ ပုခုံးပေါ်မှာ ကျွဲပေါက်လို ပခုံးထနေတာ မြင်ရင် ငါ့အစ်ကို သက်ပြင်းကြီး ချလိုက်ပြန်တယ်။ လူသားတယောက်ရဲ့ ၀မ်းဗိုက်မှာ ဟောက်ပက်ကြီး၊ ၀ဖောင်းမနေရင် အစ်ကိုက သစ်ဥသစ်ဖုတွေ ပေးလိုက်ချင်တယ်။ မိခင်မြတ်တဦးရဲ့ နို့ချို ခန်းခြောက်နေတာမြင်ရင် ငိုနေတဲ့ကလေးကို ပွေ့ပြီး အစ်ကို ချော့လိုက်ချင်တယ်။
မြို့ပြဈေးတခု။ အင်ကြင်းတောက ချေ သမင် ဒရယ်တွေလို လူတွေ ပြေးလွှားနေတာ မြင်နေရင် ဒုက္ခခံစားရခြင်း၊ ၀ဋ်ဆင်းရဲဖြစ်ခြင်းမျိုး ထင်ပြီး အစ်ကိုက မေတ္တာသုတ် ရွတ်ဖတ်တော့တယ်။ ဒုက္ခ၊ ၀ဋ်၊ ၀မ်းနည်းခြင်း၊ ကြေကွဲခြင်း၊ နာကျည်းခြင်း၊ ဆွေးမြေ့ခြင်း အရာအားလုံး ကပ်ဆိုက်ခြင်း ခံရတဲ့ ဤလူ့ဘုံ ဘီးထဲက လူတွေအားလုံး ပခုံးပေါ်တင်ပြီး အစ်ကိုက နိဗ္ဗာန်ကလေးတခုရှိရာ ခေါ်သွားဖို့ ကြိုးစားတယ်။
ဗုဒ္ဓတရားကဲ့သို့ အေးမြခြင်း၊ ဖြူစင်ခြင်း၊ မြင့်မြတ်ခြင်းတရားကို ပွါးစီးဖို့ အစ်ကို အားထုတ်ခြင်းမျိုးလား။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆီဆုံဟာ မရပ်ဘူး။
အဲဒီ ဆီဆုံကြီးလည်အောင် ရုန်းနေရတဲ့ လူတွေ အကျွတ်တရားရအောင် ငါ့အစ်ကို တရားကို ရှုတော့တယ်။ ဒဿနတွေ ပွါးတော့တယ်။
လူဟာ ကောင်းကင်လို လွတ်လပ်ခြင်း၊
အာရုဏ်ဦးလို တောက်ပခြင်း၊
လေလို သန့်ရှင်းခြင်း၊
မြေကဲ့သို့ သည်းခံခြင်း၊
နေရောင်ကဲ့သို့ တောက်ပခြင်း၊
နေကဲ့သို့ လှခြင်း၊
လကဲ့သို့ အေးမြခြင်း
ခံစားထိုက်သော ခံစားမှု အားလုံးရလေမှ မနုဿတ္တ၊ လူဖြစ်ရခြင်းသည် မြတ်ပေတယ်လို့ အဆိုအမိန့်တခု ငါ့ကို ပေးတယ်။
အဲဒီ တရား တစိတ်လောက်ရတော့ မေတ္တာရေအိုးထဲထည့်ပြီး စကြာဝဠာအနှံ့ သူ လိုက်ဝေငှမတဲ့။
အစ်ကိုက ငါ့ခေါ်တယ်။ ငါက ခေါင်းခါတယ်။ လည်ခါတယ်။
လူတိုင်းဟာ ၀မ်းစာကျည် ဆောက်ကြတယ်။ မယားရယ်၊ သားရယ်၊ သမီးရယ်၊ မီးဖိုချောင်ထဲ ပျော်ပျော်ပါးပါး ဟင်းလျာစုံ လက်ဆုံစားဖို့ သံပတ်စက်ရုပ် ဖြစ်ကြရတယ်။ နေရဲ့ ပူခြင်း၊ မိုးရဲ့ ချမ်းခြင်း၊ မီးရဲ့ ဟပ်ခြင်း၊ ဒေါသရဲ့ လှိုင်းသံ၊ မာန်ဖီခြင်း ဂယက်သံ၊ သည်းခံခြင်းအရောင်၊ ရက်စက်ခြင်း အပြုတွေကြားမှာ လူဟာ တောင်ဘက်ရောက်လိုက်၊ မြောက်ဘက်ရောက်လိုက်၊ လိမ့်လိမ့်နေတယ်။
ငါ့အစ်ကိုက ဒီ ဒုက္ခဘုံ၊ သင်္ခါရဘုံ၊ သံသရာဝဲကြီးထဲ နှစ်လိုက်ပေါ်လိုက် လူတွေ ကြည့်ပြီး တခါတည်း လူတွေဟာ သစ်ပင်စိမ်းလေးတွေ ဖြစ်နေရင်ကောင်းမယ်။ နိဗ္ဗာန်ခရီးသွားတွေ ဖြစ်နေရင် ကောင်းမယ်။ တရောင်တည်း အဆင်မျိုး ၀တ်နိုင်ကြရင် ကောင်းမယ်။
ငါ့ အစ်ကိုက စိတ်ကူးဥာဏ် ကျယ်ပေ့။
ဒီဘ၀ တခါဆုံကြတဲ့အခါ သူက အများအတွက်၊ သူ့ဒဿနတွေ ဖြန့်ဝေငှမယ်တဲ့၊ သူ့ကိုယ်ဟာ သူ့အတွက်ထက် အများအသုံးချရုပ် ဖြစ်ရမယ်တဲ့။ အဲဒီ ကတည်းက ငါ့ အစ်ကိုဟာ သူ့တရား သူကျင့်ပြီး သူ့ဓမ္မ သူရွတ်တယ်။
ကိုယ်ဟာ ကြုံလှီသွားတယ်။ ရုပ်ဟာ အိုမင်းရင့်ရော်သွားတယ်။
မျက်နှာဟာ သစ်ရွက်ခြောက် ဖြစ်သွားတယ်။ ခန္ဓာဟာ အရွက်မရှိတဲ့ အပင် ဖြစ်သွားတယ်။ အသံဟာ တိမ်သွားတယ်။
သာဓု...... သာဓု..........။
+++++++++++++++++++++++++++++++++++++
ဒါပေမယ့် ငါ့နဲ့တွေ့တိုင်း ငါ့အစ်ကိုဟာ စံပယ်ပန်း၊ ကြာပန်း၊ လပြည့်ည၊ သောကြာကြယ်။ အရုဏ်ဦး။
မာန၊ ဒေါသ၊ လောဘ၊ မောဟတွေ ခ၀ါချပြီးတဲ့ ငါ့အစ်ကိုဟာ မိုးသောက်တခုလို လှနေတော့တယ်။
ငါ့ကို သူက တရား စီးဖြန်းခိုင်းတယ်။ သူ့ဓမ္မရွတ်ခိုင်းတယ်။
ငါလို အတ္တ ကြီးမားတဲ့ သတ္တ၀ါဟာ သူ့ဓမ္မကို နားက ကြားရပေမယ့် အသံထွက် ရွတ်မရဘူး။ သူ့ခရီးစဉ်အတိုင်း ငါမလိုက်နိုင်ဘူး။ ဒါပေမယ့် ငါ့အစ်ကိုက ကိစ္စမရှိတဲ့။ လူမှာ လူကို ချစ်တတ်ခြင်းတရားရလျှင် တော်ပြီ။
ငါ့အစ်ကို အကျင့်၊ ငါ့အစ်ကိုတရား၊ ငါ့အစ်ကို သီလမျိုး ငါက မကျင့်နိုင်။ အ၀ိဇ္ဇာ တဏှာတုံးကြီး ဖြစ်နေတဲ့ ငါ။ မောဟအင်္ကျီကို နေ့စဉ် ၀တ်ထားတဲ့ ငါ။
ငါ့ အစ်ကိုက ပွင့်လင်းမှု၊ ဖြောင့်စင်းမှု ရှိတာလည်း သီလလို ဖြူစင်ခြင်းပါတဲ့။
မြေကို မညာခြင်း၊ '၃၁' ဘုံသားတွေကို ချစ်ခြင်း၊ တရားကို နှလုံးထဲ ထည့်ခြင်း၊ မေတ္တာကို ပေးကမ်းခြင်း၊ ကိုယ့်အတတ်ပညာနဲ့ ကိုယ့်အရောင်ထွက်အောင်မလုပ်ခြင်း၊ လောကလှပစေခြင်း၊ စိမ်းလန်းစေခြင်းအတွက် ပြုချင်တဲ့ စိတ်ရှိတဲ့ စိတ်ကလေးနဲ့ အသက်ရှင်နေရင် လူဖြူတယောက်ပေပဲတဲ့။
ငါလူဖြူ ဖြစ်နိုင်သလား။
တရားရတဲ့အစ်ကို၊ ဖြူစင်တဲ့ အစ်ကို။ အေးငြိမ်းတဲ့ အစ်ကို။
ငါ့အစ်ကိုရဲ့ သီလ၊ ဓမ္မ၊ ကျင့်စဉ်၊ ဖြူစင်မှုမျိုးတွေ ငါ့ကိုယ်မှာ မြဲဖို့ ငါနည်းနာတွေ ရှာဖွေဆဲမှာ ငါ့အစ်ကို လက်တွဲဖြုတ်ပြီး ခရီးရှည် ထွက်သွားတယ်။ ပျောက်သွားတယ်။ မေ့ထားခဲ့တယ်။
ငါ့အစ်ကို လေထဲ ရောက်သွားတယ်။ မြေထဲမှာ အိပ်ပျော်သွားတယ်။
ငါ့အစ်ကို ငါနဲ့ မျက်နှာချင်းဆိုင်ပြီး လောဘငြိမ်းခြင်း အကျိုးပြုလုပ်ငန်းတရား ပွါးစီးဖို့ ကူညီဆဲမှာ ဘယ်တော့မှ မပြန်လာတော့တဲ့ ခရီးအဆုံးတခုဆီ ရက်ရှည်လများ ထွက်သွားတော့တယ်။
ငါ့အစ်ကိုရဲ့ သည်းခံမှုမျိုး၊ ကျိုးနွံမှုမျိုး ငါ့ရှေ့မှာ ဘယ်သူ အစစ် ပြနိုင်မလဲ။ အတုတွေ ငါမမြင်ချင်ဘူး။ အယောင်ဆောင်တွေ ငါ့ဆီ မလာစေချင်ဘူး။ ငါ့အစ်ကိုရဲ့ ရိုးသားခြင်း၊ ဖြူဖြောင့်ခြင်း၊ စိတ်တည်ခြင်း၊ တည်ငြိမ်ခြင်း၊ သည်းခံခြင်း၊ ကူညီခြင်းမျိုးတွေ ငါ့ရှေ့ အတုတွေ လာလာလုပ်ပြရင် ငါ ငိုရာက ရယ်မိမှာပါ အစ်ကို။
အစ်ကို ခရီးအဆုံး ထွက်သွားတဲ့နေ့က ငါတယောက်တည်းပါပဲ။ အထီးတည်းပါပဲ။
ငါ့ဝမ်းနည်းမှုဟာ ငလျင်လေးကြိမ် ရင်ထဲလှုပ်တယ်။
ကြေကွဲရမှု မိုးဟာ လေးကြိမ်ခြိမ်းတယ်။
ပူဆွေးရမှု မုန်တိုင်းဟာ ငါ့ရင်ထဲ မွှေနှောက်တိုက်ခတ်သွားတယ်။
ငါ နောက်ဆုံး ငါ့ အစ်ကို ကောင်းရာခရီးရောက်ဖို့ ဆုတောင်းဝတ်ပြုခြင်းကို ငါ နှစ်နှစ်ခြိုက်ခြိုက် ရွတ်ဖတ်နေစဉ်မှာ ငါ့ အစ်ကိုကို ချစ်တဲ့၊ သနားတဲ့၊ ခင်မင်တဲ့၊ စွဲလန်းတဲ့ မျက်ရည်တွေဟာ နှလုံးသားမှာ လျှံတက်လာတယ်။ မျက်လုံးအိမ်ထဲမှာ ပြည့်တက်လာတယ်။ ချုပ်တည်းတဲ့စိတ် ရှင်းတဲ့ပ၀ါနဲ့ ငါရှင်းပါရဲ့။ မျက်ရည်တွေဟာ ဒီရေအလားပါပဲ ငါ့အစ်ကို။
ငါ့အစ်ကို မရှိတော့ဘူး။ သွားပြီ။ ပြန်မလာတော့ဘူး။
ငါ ဘယ်သူနဲ့ ပြုံးရမလဲ။ ငါ ဘယ်သူနဲ့ သီလစောင့်ရမလဲ။
ငါ ဘယ်သူနဲ့ ဓမ္မရှာရမလဲ။ ငါ ဘယ်သူနဲ့ တရားကျင့်ရမလဲ။
ငါ ဖြေပါ့မယ်။ ငါ ဖြေပါ့မယ်။
သွားပါ။ သွားပါ။
အစ်ကို မရှိတော့ ပေမယ့် ငါ့အစ်ကို အနားမှာ ရှိနေတယ်လို့ ငါယူဆမယ်။
သင့်ရိုးသားမှုတွေ ငါ့ရင်ထဲ ထည့်ထားမယ်။
သင့်ဖြောင့်စင်းမှုတွေ နှလုံးထဲ ၀ှက်ထားမယ်။
သင့်ကိုယ်ကျိုးစွန့်မှုတွေ ငါမြတ်နိုးမယ်။
သင့်အနုပညာသီလ အကျင့်တွေ ငါကျင့်နေမယ်။
ငါ့အစ်ကိုဟာ ငါ့မျက်စိထဲ၊ ငါ့နှလုံးထဲ၊ ငါ့ရင်ထဲ၊ ငါ့အသည်းထဲ၊ ငါ့စိတ်ထဲ၊ ငါ့မေတ္တာထဲ၊ ငါ့တရားထဲ၊ ငါ့ဓမ္မထဲ အမြဲရှိနေဖို့ ငါ အာရုံယူမယ်။ သမာဓိကို ပွါးမယ်။
ငါ..... သည်ကောင်းမှု ဓမ္မတရား၊ သမာဓိပွါးပြီး ကမ္မဌာန်းထိုင်ခြင်းဟာ လောကကို ချစ်ရာ၊ လူသတ္တ၀ါများကို ကြင်နာရာ၊ အနုပညာ သီလတရားထိန်းရာ ရောက်မှာပဲ။ ဒါဆို ငါ လူဖြစ်ပါပြီ အစ်ကို။ ငါ ပျော်ပါပြီ။ ၀မ်းသာပါပြီ။ ငါ့မျက်လုံး မြင်ရက်က မြင်ပါပြီ။
ငါ့နား ကြားရက်က ကြားပါပြီ။
ငါ့အစ်ကို။
ငါမှားမိသမျှ၊ လွန်မိသမျှ၊ မိုက်မိသမျှ၊ ဆိုးမိသမျှ ခွင့်လွှတ်သည်းခံနိုင်စွမ်းအားကောင်းသော ငါ့အစ်ကို။
ခရီးအဆုံးမှာ ကောင်းသောရောက်ခြင်း ရောက်ပါစေ။
ငါ့အစ်ကို သီလ၊ တရား၊ ဓမ္မများ ငါ့ဦးခေါင်းထဲ ကိန်းအောင်းပါစေ။ ငါ မေတ္တာတရားကို ပွါးမယ်။ သီလကို ရှာနေတော့မယ်။
လူ့အမြင်၊ လူ့အကြည့်၊ လူ့အသိများ ပေးစွမ်းနိုင်ခဲ့သော ငါ့အစ်ကို။
ငါလူမိုက် ပြစ်မှားမိသမျှ ငါ့လက် ကြာပဒုံမြှောက်ကာ ငါကန်တော့လိုက်ပါတယ်။ ငါ သီလလုံပါ့မယ်။ ငါတရားလုံပါ့မယ် ငါ့အစ်ကို။
ငါ့မှာ တယောက်တည်းပါ။ ငါပဲ ရှိတော့တယ်။ ။
နေသွေးနီ။
[ဗန်းမော်တင်အောင်ဋီကာစာအုပ်၊ ပထမနှိပ်ခြင်း၊ ၂၀၀၀ ခုနှစ် အောက်တိုဘာမှ ကူးယူဖော်ပြပါတယ်။]
Friday, June 4, 2010
ပြောင်းပြန် ပြန်ကြည့်နေတဲ့မှန်
ရေးသူ- မောရူးဆိုး

အပေါ်က ထွက်ကျလာတဲ့ မိုးဥတုမှာ အတိတ်က အမှတ်အသားပြုခဲ့တဲ့ အချစ်ဇာတ်လမ်းတခု ပျံထွက်ပြေးသွားတယ်။ အမှန်တော့ ကျွန်တော်က နှုတ်ဆက်လိုက်တာပါ။ သူမကတော့ ထုံးစံအတိုင်း အတိုင်းအတာတခုကိုသာ ကိုင်ဆုပ်ထားပြီး မီးလျှံသီချင်းကို ဆိုတာ။ ပြောတော့ ပြောကြပါရဲ့။ "ကျန်းမာရေး ကောင်းရဲ့လား" တဲ့။
လူတိုင်းကို ကျွန်တော်က အချိန်တိုင်း ဂေါက်သီးရိုက်ပြရမှာလား။ အနံ့သိပ်မကောင်းလှတဲ့ အတွင်းကျကျ ကလီစာတွေ လမ်းလျှောက်ထွက်သွားပြန်ပြီ။ နေပါဦး၊ မေးပါရစေ။
"ခင်ဗျားတို့ ဘာကို အလိုရှိတာလဲ။ ဘာကို လဲလှယ်မှာလဲ။ ဘာကို ၀ယ်မှာလဲ။ ဘာကို ပြန်ပေးမှာလဲ။ ဘာကို ရင်းနှီးမြှုပ်နှံမှာလဲ။ မိနစ်တွေကို စခန်းသိမ်းလိုက်ရင် ပြီးသွားရော မဟုတ်လား။ ဘက်အပ်ထဲမှာ ဘာထည့်ဦးမလို့လဲ။ ဒီမှာ ကိုယ့်လူ။"
"ဟိုမှာတွေ့လား။ မဟောသဓာက ပြုံးနေတယ်ဗျ" တနုံ့နုံ့နဲ့ စဉ်းစားခဲ့တဲ့ အရာတွေဟာ ဒြပ်မှုန်တွေ လိုလားမသိ။ ဒါပေမယ့် ဒြပ်မှုန်တွေလို ပျက်စီးကျန်ခဲ့တယ်။ ပြီးတော့လည်း ဘာမှ မဟုတ်သလို။ ငြိမ်ငြိမ်ကလေး လွင့်မျောနေလို့ အခွင့်မရှိဘူးလား။ သိပ်သဘာဝကျတဲ့ သဘာဝတရားထဲမှာ သဘာဝမကျတာဆိုလို့ သဘာဝကျတာပဲ ရှိတယ်။ မှတ်မိပြီလား။
"ခန္ဓာငါးပါးကို ပြင်းပြစွာ စွဲလမ်းခြင်းသည် ဥပါဒါန်ဖြစ်၏။ ယင်းဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာငါးပါးသည် ဥပါဒါနိယမည်၏" (ဗုဒ္ဓဒေသနာတော် ဝေါဟာရအဘိဓာန်၊ စာမျက်နှာ ၁၇၅)
မေတ္တာတွေ ပူလောင်နေကြ၏။ တောင်းပန်ပါရစေ။ ပုံတွေ ပြောမပြကြပါနဲ့တော့။ ပန်းရနံ့တွေလည်း အရောင်မခြယ်ပါနဲ့တော့။ တိမ်မျှင်တွေလည်း သင်းမပျံ့ပါနဲ့တော့။ လေညှင်းလေးတွေလည်း ပွင့်လန်းမပြပါနဲ့ တော့။ ဟုတ်ကဲ့။ တောင်းပန်ပါရစေ။ ဦးခေါင်းကို ခဏခဏ ညိတ်ပါ။ လက်နှစ်ဖက်ကို ခဏခဏ ငြိမ်ငြိမ်နေပါ။ ကိုယ်ကာယကို ခဏခဏလှမ်းပါ။ အသိစိတ်ကို ခဏခဏ ဘေးမှာ ချထားပါ။ တခုတော့ ရှိတယ်။ ဘယ်သူ့ကိုမှ တီးတိုးစကားပြောဖို့ ခွင့်မပြုပါပဲ ချစ်သူ့စကားကို ရင်မှာသိမ်းဆည်းထားပြီး မုန်းသူ့စကားများကို ပြောဖို့ ကြိုးစားကြည့်ရအောင်လား။ စကားပြောတတ်ခါစလို စကားပြောကြည့်ရအောင်လား။
ကျွန်တော်က "ကျွန်ပ်၏ ဒီဇင်ဘာ" ကို ဣတ္ထိလိင်ကို နှစ်သစ်ကူးလက်ဆောင် ပေးဖူးသည်။ ကြည့်။ ရင်ခေါင်းထဲမှာ အောင့်နေကြတဲ့ အချိုးကျ ပန်းသီးတလုံး စိတ်ကူးနဲ့ ညှော်ရနံ့ခပ်သန့်သန့် လက်သုတ်ပ၀ါတထည် အလိုရှိလိုက်ပါတယ်။
သောကြာနေ့များထဲမှာ ခုနှစ်တန်းက မော်ကွန်းတင် အမျိုးသားစိတ်။ အင်အားကြီး ယဉ်ကျေးမှု။ ခွင့် (လျှို့ဝှက်) ဒဿန။ ကြောက်ရွံ့တာ၊ ပူပန်တာ စိတ်မချမှုကြောင့်ပါ။ အေးအေးဆေးဆေး မျက်နှာမာများ ထမင်းစားကောင်းကြစေ။ ဆောင်းငွေ့ငွေ့ ဘယ်နှစ်ခါ ပြုံးစစ အလှကြားမိပါစ။
သြော်.... ကိလေသာရယ်။ ရယ်မော နာကျည်းသေး။ ကဗျာ။ ကဗျာ။ ဒါဟာ ရှင်းပြဖွယ်ရာလား။ နှုတ်ခမ်းကို ချုပ်သိမ်း၍ အလုံးစုံ တိတ်ဆိပ် လျောင်းစက်၍ သေရည်၌ မျှော်မောလိုက်တဲ့အခါ ထိပ်တန်းကျသော ကလောင်တံများက စေ့စေ့ကြည့်လျက် ဒဏ်ရာတွေက မကျက်သေး၍ ကိုယ်ရေးရာဇ၀င်များ အားလုံးကို ဒီလိုပဲ သင်္ဘေဆေးမလို၊ ရေဆေး၊ ဆီဆေး မလိုတော့ချေ။
သိရပါပြီ။ သိလိုက်ရပါပြီ။ သိခဲ့ပါပြီ။ ကျမ်းကိုးတွေနဲ့ ဝေဒနာများကို ပလုတ်ကျင်း သန့်ရှင်း။ ညှင်းညံ့ညံဓာတ်ပုံ။ အိပ်မပျော်ခဲ့တဲ့ စာတန်းပြီးတဲ့နောက်။ နေရောင် သောင်းကျော်တန် ဖိနပ်ရဲ့ ကော်ဖီခွက်ထဲက သီးသန့် အချစ်နှစ်များစွာ ကြာလို့ ကျွန်ပ်၏ ခြေလှမ်းများရဲ့ ကြံ့ခိုင်ရေးလို လျော့ရိလျော့ရဲ။
အမာရေ။ အမာရေ။ အေးစက်နေပြီလားကွယ်။ ကျက်သရေ ကင်းမဲ့လှတဲ့ အသံ။ သီချင်းရဲ့ လော်လီခြင်းမှာ နက်နက်နစ်မြှုပ်ပြီး ထုတ်တန်းမှာ ဆွဲထားတဲ့ သစ်သီးခြောက်လို ကံတရားရဲ့ အပေါ်မှာ မျက်နှာငယ်စွာ။ စကားလုံး စာရွက် ဘာသာဗေဒရဲ့ ၀င်္ကပါ။ ဒါနဲ့ပဲ ကြေကွဲစရာလေးတွေ ဖြစ်ကုန်ပြီ။ သေချာတယ်နော်။ အဆင့်မြင့် စိတ်လျှော့ပြီး တ၀က်တပျက်မှာ ရှာဖွေဖြစ်သည်။ ပေတံတချပ်ပေါ်က ထိုင်ခုံမှာ သံယောဇဉ်ကို ရှာဖွေ တွေ့ရှိခဲ့ရ၏။ မငိုချင်ခဲ့ရပါဘူးဗျာ။
ပင်လယ်ဆိုတာ ပူပြင်းလွန်းလှတဲ့ ကလေးငယ်။ ဆိတ်ငြိမ်တဲ့ ဂူတွေထဲကို တွားသွားရွေ့တော့ မိခင်မြေရဲ့ အရိပ်ကျ ကမ်းပါးတွေကို ပွတ်တိုက်သွားတာပေါ့။ သက်ပြင်းချဖို့ တီးတိုးပြောဖို့ အဲ ပြီးတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့။ ။ (အမည်မသိရှေးစာဆို)
သူကလေးရဲ့ အင်္ကျီကလေးကို အားနာမိတယ်။ လေးနာရီ ထိုးခဲ့ပါပြီ။ ၄ နာရီ ထိုးခဲ့ပါပြီ။ မျက်နှာရဲ့ အရိပ်များဟာ အမှတ်ရခြင်း ၀တ္ထုပဲ ဖြစ်သင့်တယ်။ အသည်းနှလုံးကို ဘာသာမပြန်ကြပါစို့။ သော့မပိတ်ခင် အသင် အသက်ဝအောင် ရှူပါ။ ပုံပြမျဉ်းကို ဖတ်ပါ။ သမားတော်ကို ကျေးဇူးတင်ပါ။ လှုပ်ကြဟေ့လို့ ခွေးခြင်္သေ့က အော်တယ်။ နေခဲ့ပါရစေတဲ့။ ယုန်ကလေးက ပြောရှာတယ်။ မနေ့က လေးတင်ပဲ ပြောခဲ့ပြီးပြီတဲ့။ သြော် အနာဂတ်မှာ နေရပ်လိပ်စာ လိုသေးတယ်ဆိုရင် အိမ်နံပါတ်တော့ မမှားစေနဲ့တော့။ အသားများများ စားပြီး ရေချိုးနိုင်အောင် ရည်ရွယ်ပါ။ ယတြာမရှိပါ။ ငေးကြည့်နေရသေးတယ်။ အံ့လောက်ဖွယ် လက်ခုပ်သံများ။ မြင်နေကျ တောအုပ်မဟုတ်။ အလျားလိုက် တိမ်းစောင်းသွားတဲ့ ၀န်ရိုးပေါ်မှာ ကိုယ့်ကိုယ်ကို ခိုင်ခံ့လုံခြုံဖို့ ဦးစွာပထမ သတ်ပုံကို ပြင်ဆင်ထားပါ။ နာရီရဲ့ အသံကို မြင်တယ်။ ခပ်စောစောက နှင်းရော။ ဘယ်သူမသိ ရှိပါ့မလဲလေ။ ဒီလိုပဲ လူကြားထဲ ထားရစ်ခဲ့တာ။ အခုတော့လည်း မမြင်ချင်ယောင်။ မမှတ်မိတော့ယောင်ဆောင်ပြီး သကာလ အသက်ရဲ့ အချိန်ကာလကို မသိကျိုးကျွံဟန်လုပ်ပြီး သည်လိုမိတ်ဆွေ နောက်ထပ်တဦးနဲ့ပဲ စကားရော ဖောရော ပြုနေတာကို ကျွန်တော်မသိဘဲ ရှိပါ့မလားလေ။ ကျေးဇူးတင်ပါတယ်။ သင်ပေးခဲ့တဲ့ အကြောင်းအရာတွေလေ။ ဟန်မလုပ်တဲ့ အချိန်တွေ ကျန်ပါသေးတယ်။ အဲဒီကျရင်တော့ မော့ကြည့်ရအောင်နော်။ ခုနလိုပဲပေါ့။ ခင်ဝမ်းကတော့ 'လမ်းရဲ့သယ်ဆောင်ရာ ဟို အဝေးကို၊ အဝေးကို လွမ်းတတ်ရင်လည်း လမ်းကပဲ လွမ်းတော့မယ်' တဲ့။ သီချင်းလုပ်ဆိုတယ်။ ကိုယ့်လူကရော။ မြဲမြဲကိုင်ထားနော်။ အရှိန်ပြင်းတယ်။ အတင်းပြောတဲ့ ဘာသာရပ်ကို မသိခဲ့ရိုး အမှန်ပါ။ ၀န်ခံပါတယ်။ ရဲရဲသာ လက်ခံပါ။ အနောက်ဘက်က သို့မဟုတ် အရှေ့ဘက်က တောင်ကုန်းလို မို့မို့ကလေး တခုမှာ ယာတဲကလေး တခုရှိပါတယ်။ ယာတဲကလေးရဲ့ နဘေးမှာ မိုးမခပင် တပင်ရှိပါတယ်။ ပတ်ပတ်လည်မှာ စိမ်းလန်းတဲ့ မြက်ခင်းအပါအ၀င် စိုက်ခင်းတွေလည်း ရှိပါတယ်။ မော်တော်ကား သို့မဟုတ် မော်တော်ဆိုင်ကယ် ရှိ၊ မရှိ မသေချာ။ ယာတဲကလေးထဲမှာ အသံဖမ်းစက် သို့မဟုတ် ကွန်ပြူတာ ရှိ၊ မရှိ သေချာ။ အိပ်ပျော်နေတဲ့ သို့မဟုတ် အလုပ်လုပ်နေတဲ့ လူပုဂ္ဂိုလ်တဦးဦး ရှိ မရှိ မသေချာ။ သခင်နားကပ်သလို ကပ်နေတဲ့ ခွေးကလေးတကောင် သို့မဟုတ် ကြောင်ကလေးတကောင် ရှိ၊ မရှိ မသေချာ။ ပြောချင်တာကတော့ အဲဒါတွေ အားလုံးရဲ့ အပေါ်မှာ ကျယ်ပြန့်သော မိုးကောင်းကင်ကြီး ရှိနေတယ် ဆိုတာပဲ။
ဤ ကမ္ဘာမြေကြီးက ကျွန်တော့်အပေါ်မှာ ခွင့်လွှတ်စေချင်ပါတယ်။ ကျွန်တော်က ဤကမ္ဘာမြေကြီး အပေါ်မှာ ခွင့်လွှတ်လိုက်ပါတယ်။
အိပ်မက်ကလေးသာ ပေးပါ။
မောရူးဆိုး
[မြန်မာသစ်ရသစုံမဂ္ဂဇင်း၊ အမှတ် ၁၄၊ ဇွန်လ၊ ၂၀၁၀ မှ ကူးယူဖော်ပြပါတယ်။]
Subscribe to:
Posts (Atom)