၂၀၀၈ ခုနှစ်၊ မတ် ၂၃
ကိုဟိုဒင်းရေ-
စိုင်းထီးဆိုင်တယောက် ဆုံးရှာပြန်ပါရော့လားဗျာ။ တနေ့ကပဲ ကျနော်နဲ့ မိတ်ဆွေတယောက်နဲ့ အီးမေလ်အပြန်အလှန် ရေးကြရင်း တကယ့်ဂီတ အနုပညာသည် စစ်စစ်ဖြစ်တဲ့သူက-ဂီတလုလင် မောင်ကိုကို ဆုံးသွားတာ ဘယ်သူမှ ဂုဏ်ပြုစာမရေးကြဘူး။ ပြည်တွင်းမှာလည်း မရေးကြဘူးလို့ ၀မ်းနည်းဒေါသနဲ့ ပြောပါတယ်။ ကျနော်ကလည်း သူ့ခံစားမှုကို ကိုယ်ချင်းစာတာနဲ့ ငိုင်ကျသွားမိတယ်။ ဟုတ်တယ်ဗျာ။ သူနဲ့ မတိမ်းမယိမ်း ကွယ်လွန်ကြတဲ့၊ အေ၀မ်းစိုးမြင့်၊ ကိုလေးညွန့် စသဖြင့် အစားထိုးမရတဲ့ ပညာရှင်တွေ ကွယ်လွန်တာဟာလည်း တကယ်ကို ၀မ်းနည်းစရာပဲ။ ကျနော် ခေါင်းထဲမှာ (ရင်ထဲမှာလို့လည်း ဆိုနိုင်ပါတယ်) သူတို့ကို ဂုဏ်ပြုတဲ့ ဆောင်းပါးလေးတစောင်လောက် ရေးချင်လိုက်တာလို့ ပေါ်ပါတယ်။ ဒါပေမယ့် ကိုယ်က သူတို့အကြောင်းကို သူများတကာထက် ပိုသိတာလည်းမဟုတ်၊ သူတို့ ပညာကိုလည်း လိုက်မီတာ မဟုတ်ပဲနဲ့၊ ရေးလိုက်ပါမှ ယောအတွင်းဝန် ဦးဘိုးလှိုင်ရဲ့စာကို ငတာက ချီးကျူးတာမျိုး ဖြစ်နေမှာစိုးလို့ မရေးခဲ့ဘူးလို့ အဲဒီမိတ်ဆွေကို ပြန်ပြော လိုက်မိပါတယ်။ အခုတော့ သူတို့နောက်ကို ထက်မြက်တဲ့ ဂီတပညာရှင်တယောက် လိုက်သွားပြန်ပါ ကောလားဗျာ။
သူကွယ်လွန်တဲ့ သတင်းကို ကျေညာပြီးနောက် ရေဒီယိုကနေ သူ့ရဲ့ "နေရစ်တော့ကွယ်၊ သွားတော့မယ်" ဆိုတဲ့ သီချင်းလေး ဖွင့်ပေးတော့ ကျနော်ဖြင့် မျက်ရည်ကျလုတဲတဲ ငေးနေမိ၊ ပြန်သတိ ရနေမိတယ်။ သတိရဆို ကျနော့်ဘ၀ရဲ့ အကြီးမားဆုံး အပြောင်းအလဲကြီးတခု ဖြစ်ပေါ်နေတုန်းမှာ ကျနော့်ရဲ့ဘ၀အတွင်း ၀င်ရောက်လာတဲ့ သီချင်းများနဲ့ တေးသံရှင်ပေကိုး။ ဘယ်လိုမှ မေ့မရတဲ့ နေ့ရက်များနဲ့ မေ့မရတဲ့ သီချင်းများလေ။ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်က။
ခင်ဗျားလည်း သိတဲ့အတိုင်းပဲ ကျနော့် လူငယ်ဘ၀ဟာ သာမန်လူ့လောကမှာ တယ်ပြီးနေရ တာမှ မဟုတ်တာ။ ထောင်ထဲနဲ့ တောထဲမှာ ဖြတ်သန်းရတဲ့ ကာလက ပိုများတဲ့ ဥစ္စာ။ ဒီလိုနဲ့ တခါတော့ ခင်ဗျာတို့ သိကြတဲ့အတိုင်း ပစ္စန္တရစ်အရပ်မှာ ကျနော် ကာလတခု သွားနေလိုက်ရတယ်။ အဲဒီက ပြန်ရောက်လာတော့ အင်းစိန်ထောင်ထဲ ရောက်တယ်။ အဲဒီအချိန်ကျမှ ခေတ်ပေါ်စတီရီယို တေးတွေကို ကြားရတာကိုးဗျ။ ထောင်ပြင်ကနေ လွင့်ပျံလာတဲ့ လော်သံတွေကပေါ့။ ကျနော်ဖြင့် ဟာ- ငါ့နားများ မှားတာလား။ ဘာသာခြားသီချင်းတွေ လွှင့်နေတာလား။ ဂီတကလည်း ဆန်းချင်တိုင်းဆန်း၊ စာသား တွေကလည်း မပီပဲကိုးဗျ။ ယဉ်ကျေးမှုချင်းဆောင့်မိတာလို့ ဆိုရမလားမသိပါဘူး။ ခေါင်းကို ချာလ ပတ်လည် ရမ်းသွားတာပဲ။ အဲဒီနောက် အိမ်ပြန်ရောက်မှ နှမနဲ့ ညီကို မေးကြည့်ပြီး သူတို့ပြောပြလို့ သိရတယ်။ အော်- ဒါစတီရီယိုတေး ဆိုတာတဲ့လားပေါ့။ နို့ပေမဲ့ ကိုယ့်နားနဲ့ စိမ်းလွန်းလို့ ကျနော်နော်က အလှမ်းဝေးဝေးမှာပဲ နေလိုက်မိတယ်။ တပုဒ်မှ စိတ်မ၀င်စားခဲ့ဘူး။ ဒါပေမယ့် အဲဒီအထဲမှာ ထူးထူးခြားခြား ချွန်ထွက်နေတဲ့ သီချင်းတပုဒ်ကိုတော့ သတိထားလိုက်မိတယ်။ အဲဒါက မနက်ကနေ နေ၀င်အထိ ဆိုရမလောက်နီးပါး ကြားနေရတဲ့ သီချင်းက "မန္တလေးရောက်ရှမ်းတယောက်" ဆိုတဲ့သီချင်း။
အဲဒီနောက်တော့ ကျနော်အိမ်ကို စွန့်ခွါရရော။ မိဘမောင်နှမနဲ့ ဆွေမျိုးမိတ်ဆွေတွေကို ခွဲရရော။ ရှမ်းပြည်နယ်က တောင်တန်းတွေပေါ် ရောက်သွားတယ်။ ရှမ်း၊ ပအို့၊ တောင်သူ၊ လီရှော၊ အင်းသား၊ ဓနု စတာတွေ နေထိုင်တဲ့ တောင်တန်းတွေ၊ လွင်ပြင်တွေမှာပေါ့။ အိုးစည်သံ၊ လင်ကွင်းသံ တွေ မြိုင်လှတဲ့၊ အဲ - မဟုတ်ဘူးဗျ။ အိုးစည်သံ လင်ကွင်းသံဆိုတာက ပွဲလမ်းကျမှ ကြားရတာ။ ၀ါတွင်း ဆွမ်းကပ်ဖို့ အဖိတ်နေ့မှာလည်း ကြားရတယ်။ ကျန်တဲ့ အချိန်တွေမှာတော့ အများဆုံး ကြားရတာဟာ စိုင်းထီးဆိုင်နဲ့ စိုင်းဆိုင်မော်ဝ်တို့ရဲ့ သီချင်းတွေပဲဗျို့။ ဘယ်နေရာ ရောက်ရောက်၊ ဘယ်လူမျိုးတွေ အကြားရောက်ရောက် ကာလသား၊ ကာလသမီးတွေဟာ ကက်ဆက်ပါလာသူကို စိုင်းထီးဆိုင်နဲ့ စိုင်းဆိုင်မော်ဝ်တို့ သီချင်းတွေ ဖွင့်ခိုင်းကြတာချည်းပဲ။ လားရှိုးသိန်းအောင်တို့ ဘာတို့လည်း ကြိုက်ကြပါရဲ့၊ ဒါပေမယ့် ဒီနှစ်ယောက်၊ စိုင်းထီးဆိုင်လောက် ပေါ်ပြူလာဖြစ်တာ ဘယ်သူ့မှ မတွေ့ရ ပေါင်ဗျာ။
ပအို့ အမျိုးသားတွေမှာ အပျိုလည်တယ်ဆိုတဲ့ ဓလေ့ ရှိတာကိုးဗျ။ အပျိုလည်တယ်ဆိုတာ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ တနေ့လုံး သနပ်ဖက်ခြံ၊ ကြက်သွန်ခင်းထဲမှာ အလုပ်လုပ်ကြပြီး နောက် ညမှာ အပျိုလေးတွေရှိတဲ့ အိမ်တွေကိုသွားပြီး မီးဖိုရှေ့မှာထိုင်၊ လေကန်ကြတာကိုးဗျ။ မီးဖိုဆိုတာက အိမ်ရဲ့ အဓိက အခန်း၊ ဧည့်ခန်းကြီးထဲမှာ ရှိတာပါ။ နောက်ပြီး ကာလသားနဲ့ ကာလသမီး တယောက်ချင်း စကားပြောတာမျိုး မဟုတ်ပါဘူး။ အိမ်ရှင်အပျိုက လာသမျှ ကာလသားကို ဧည့်ခံ စကား ပြောရတာပါ။ ပြောတာက တဖက်က အလုပ်လုပ်ရင်း တဖက်က ပြောတာပါ။ ဥပမာ ကြက်သွန် ချိန်ဆိုရင် ကြက်သွန်မျိုးတွေကို စိုက်ဖို့အတွက် ဥတွေကနေ အမြှောင်းတွေအဖြစ် ချွေကြရတယ်။ အိမ်ရှင်မိန်းကလေးက သူ့အိမ်က မျိုးတွေကို ချွေ၊ လာတဲ့ကာလသားကလည်း ကိုယ်ယူလာတဲ့ ကိုယ့်အိမ်က ကြက်သွန်မျိုးတွေကိုချွေ၊ အဲဒီလို လေကန်ကြတာပဲဗျ။
အဲ၊ ထူးခြားတဲ့ ထုံးစံတခုက ကာလသားတွေက ကောင်မလေးတွေကို နင်ငါ့ကို ကြိုက်သလား မေးရင် ကြိုက်တယ်လို့ ပြန်ဖြေရတယ်။ မကြိုက်ဘူးလို့ မဖြေရဘူး။ ဒါပေမယ့် ဒီလို စကားဝိုင်းမှာ ပြောတာကို ဘယ်သူမှ အတည်မယူရဘူးလေ။ သူတို့ ထုံးစံပဲ။ ခုနကပြောနေတာ ပြန်ဆက်ရရင် အဲဒီလို အပျိုလည်ကြရာမှာ တတ်နိုင်တဲ့ ကာလသားများက ကက်ဆက်ကလေးတွေ သယ်သွားကြတာကိုးဗျ။ ပြီးမှ အပျိုရှေ့မှာ ဖွင့်ပြ၊ နားထောင်ကြ၊ ထင်မြင်ချက်ပေးကြပေါ့လေ။ ဒါကြောင့် သူတို့ရဲ့ ကြက်သွန် ထည့်တဲ့ ပလိုင်းတွေထဲမှာ ကက်ဆက်ခွေတွေနဲ့ ဓာတ်ခဲအသစ်အဟောင်း၊ တပါတ်ရစ်၊ ဓာတ်ခဲမျိုးစုံ ပါလာတတ်သဗျ၊ လက်တဖက်မှာတော့ လက်နှိပ်ဓာတ်မီးပေါ့ဗျာ။ မိုးရွာရွာ၊ နှင်းကျကျ အဲဒီစတိုင်က မပျက်ဘူးဗျ။ အဲဒီလို ညတွေမှာ ဖွင့်တဲ့သီချင်းတွေကတော့ စိုင်းထီးဆိုင် စိုင်းဆိုင်မော်ဝ်တို့ရဲ့ ဟာတွေပေါ့ ဗျ။
ကျနော်က အဲဒီတုန်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့နဲ့ အတူနေ၊ အတူစား၊ အတူလှုပ်ရှားနေတာ ဆိုတော့ ရွာတကာလှည့်ပြီး၊ မြို့နယ်အလုပ်တွေ လုပ်ကြတာပေါ့ဗျာ။ အဲဒီ ကျနော်တို့ရဲ့ အဖွဲ့မှာ သေနတ်လိုပဲ မပါမဖြစ် ပါလေ့ရှိတာက ကက်ဆက်နဲ့ ကက်ဆက်ခွေတွေပဲဗျ။ သူတို့က ဒေသခံလူထု၊ အထူးသဖြင့် လူငယ်ပိုင်းတွေနဲ့ စကားပြောပြီးရင်၊ ကက်ဆက်လေးဖွင့် ထွေရာ လေးပါး ပြောကြတာပေါ့ဗျာ။ ဒီအခါမှာ ကာလသားတွေက ဘာသီချင်းရှိသလား၊ ဘယ်သီချင်းလေး ဖွင့်ပါအုန်း စသဖြင့် ပြောကြ တောင်းဆိုကြတာ စိုင်းထီးဆိုင်နဲ့ ဆိုင်မော်ဝ်တို့ရဲ သီချင်းတွေ ချည်းပဲ။ နောက်ပြီး ကျနော်တို့တတွေ တတောင်ကနေ တတောင်၊ တရွာကနေ တရွာ၊ သွားကြတော့လည်း လက်ထဲပါလာတဲ့ ကက်ဆက်က သူတို့ သီချင်းတွေပဲ ထွက်နေတာကိုးဗျ။ ဒါကြောင့် ကျနော်အဖို့ ရှမ်းပြည်နယ်က ဒီတော ဒီတောင် ဒီမြောင် ဒီစမ်းတွေနဲ့ ဒီသီချင်းတွေဟာ ခွဲလို့ မရဘူး ဖြစ်သွားတယ်။ လှေစီးရင်း မြင်းစီးရင်း ဒီသီချင်းတွေနဲ့ လွင့်မျောခဲ့ရတဲ့ နေ့ရက်တွေကို ဘယ်တော့မှ မမေ့ပါဘူး။ တခါတလေ ကိုယ်က သူတို့ စကားနားမလည်လို့ ကိုယ့်ကို ရွာထဲက အိမ်တအိမ်မှာ သေနတ်တလက် ကက်ဆက်တလုံးနဲ့ ထားခဲ့တာမျိုးတွေလည်း ရှိတယ်။ ကက်ဆက်နဲ့ ထားခဲ့တယ်ဆိုတာထက် ထီးဆိုင်တို့ ဆိုင်မော်ဝ်တို့နဲ့ ထားခဲ့တယ်ဆိုရင် ပိုမှန်မယ်ထင်ပါတယ်ဗျာ။
ကျနော် အဲဒီနေရာတွေကို ခွါရတဲ့အခါမှာ သူတို့ သီချင်းတွေ ခေါင်းထဲ ရင်ထဲမှာ စွဲကပ်ပြီး ပါလာတာပေါ့။ အဲဒါလည်း ကြာသွားပြီ။
အခုတော့ ကျနော့်လက်ထဲမှ သေနတ်မရှိတော့ဘူး။ ရင်ထဲမှာ စိုင်းထီဆိုင်ရဲ့ သီချင်းတွေတော့ ရှိနေတယ်။
ယာတောကသာဗျော။
No comments:
Post a Comment