မိုးရေမစွတ်
နှင်းဆွတ်ခြောက်စ၊ ရှိသေးကြသည်
ညခါစိုထိုင်း၊ သစ်ပင်ကိုင်းတို့
ပြိုင်းပြိုင်းတချို့၊ ပျပ်ယို့ယို့လျှင်
တချို့လဲ့လဲ့၊ ရွက်စိမ်းမဲ့၍
နေ့ဝယ်အကျွတ်၊ သွေ့လောင်ဆတ်ကြ
ရေငတ်မွတ်သိပ်၊ မှေးငိုက်အိပ်စဉ်
တိမ်ရိပ်ကျူးလက်၊ ရေစက်ထိစင်
ရွက်ကျင်ယွန်းလျော၊ စီးဆင်းမျောသည်
နွေလော မိုးလော နှင်းကြွင်းလော။
မနေ့ညက
တွေ့ရသည်လျှင်၊ စိမ်းသောပင်တို့
ညွန့်ရှင်ငွားငွား၊ အံ့တပါးလျင်
အဖျားညွတ်ကွေး၊ တွဲလွဲလေးပြီး
ဝေးမှမြင်ဟန်၊ အ၀ါကျံသည်
မီးလျှံမီးတောက် အလှိုင်းလှိုင်း။
မိုးတပေါက်ကြောင့်
ပိတောက်လည်းရွှေ၊ မြေလည်းရွှင်လန်း
ပန်းလည်းညွန့်ရှက်၊ ရွက်လည်းစိမ်းစိမ်း
အေးငြိမ်းစေကြောင်း၊ ဆုရည်တောင်းကြ
အဟောင်းကြွေလှစ်၊ ဇမ္ဗူရာဇ်တွင်
နှစ်သစ်ပန်းခက် ရေစက်လက်။
နှစ်သစ်ပန်းလည်း
လန်းဆတ်စေချင်၊ ပြုံးပြရွှင်၍
ပြာစင်ကြည်မြ၊ သွေးစမထင်
ကောင်းကင်နီလာ၊ လှမြေချာသည်
မေတ္တာပန်းပွင့် အေးစေမှန်း။ ။
[ရှုမ၀မဂ္ဂဇင်း၊ ၁၉၅၈]
No comments:
Post a Comment