Friday, April 4, 2008

ပိတောက်ဦး
ရေးသူ-ဒဂုန်တာရာ


[၂၀၀၈ ခု၊ မေလ၊ ၁၀ ရက် မှာ ကျရောက်မယ့် ပိတောက်ကိုချစ်တဲ့ ဆရာဒဂုန်တာရာ ရဲ့ ၈၉နှစ် မွေးနေ့ကို ရည်ရွယ်ပြီး နှစ်ဦးကြို ရွှေဝါ ပိတောက်တို့နဲ့ နှုတ်ဆက်ဂါရ၀ ပြုပါတယ်။ နှစ်သစ်မှာ ဆရာ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပြီး ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း.........။]
လမင်းတရာစာပေဆက်ဆံရေးနှင့် မာယာစာဖတ်ပရိသတ်များ။


အို လှလိုက်ထာ
ကိုင်းငိုက်ယိုယီး၊ တွဲလောင်းစီး၍
ရွှေသီးဝါသွေး၊ ပြွတ်သိပ်လေးအောင်
ညွတ်ကွေးရွရွ၊ လှ...လှ...လှ...သည်
ပထမ ပိတောက် ပွင့်စဉ်က။




"ဟော ဟော ပွင့်ပြီ"
ကျူးရင့်အော်ကြ၊ တံခါးဝမှ
လှစ်ဟဆိုကာ၊ ပြေးထွက်လာပြီး
ဝင်းဝါပိတောက်၊ သစ်ပင်အောက်ဝယ်
လုကောက် ကြွေသည့် ပွင့်များကို။

ငမ်းငမ်းတက်၍
လုယက်ခုန်တက်၊ ဓားလက်နက်ဖြင့်
ချိုးဖျက်ရွက်ကိုင်း၊ ခုတ်ထစ်စိုင်း၍
ပိုင်းပိုင်းဖြတ်ခြွေ၊ ယူကြလေသော်
ရောထွေ ရုန်းရင်း ဆန်ခတ်တည်း။

လုဖျက်မှုန်းကြောင့်
ကြေပြုန်းလဲကျ၊ ဒဏ်ရာရနှင့်
ရွက်မြပြာညို၊ သစ်ငုတ်တိုသာ
ဖရိုဖရဲ ကျန်ရစ်၏။

ငါ့စိတ်တွင်ကား
မေခင်နှမ၊ ဆံကေမြထက်
လှလှကလေး၊ ကိုယ်တိုင်ရွေး၍
ဆင်ပေး ထုံးချင် လှသောကြောင့်။

ကျိုးပဲ့နေသော
ပင်ခြေအောက်တည့်၊ ငါရပ်ကြည့်၍
ကြွင်းသည့်တပွင့်၊ ကောက်မည်လင့်သော်
"အို.....ရှင့်....ကျမ -
ဗုဒ္ဓမြတ်ထံ၊ လှူကပ်ရန်" ဟု
လုပြန်အတင်း၊ ဆိုကာချင်းသော်
လက်ချင်းဆုံ၍ နေသတည်း။ ။

[တာရာ မဂ္ဂဇင်း၊ ၁၉၄၇]
ဒဂုန်တာရာ၏ ဒဂုန်တာရာနှင့် သူ၏ကဗျာ- ဒုတိယနှိပ်ခြင်း၊ ၁၉၆၇ မှ ကူးယူဖော်ပြပါသည်။

No comments: