[မာယာမဂ္ဂဇင်း၊ ၁၉၉၇ အောက်တိုဘာမှာ ဖော်ပြပြီး ဖြစ်ပါတယ်။]
(၁)
အခုပြောမယ့် အကြောင်းအရာက သူကြီးခေတ်က ဖြစ်ခဲ့တာလေးပါ။ တချို့က အခု မနေ့တနေ့က ဖြစ်တယ်လို့ ထင်မှာစိုးလို့ ပြောရတာ။ သိပ် ထူးထူးဆန်းဆန်းကြီး တော့လည်း မဟုတ်ဘူး။ လူငါးယောက်နဲ့ က ခဲ့တဲ့ တခန်းရပ်ပြဇာတ်ကလေးတပုဒ်အကြောင်း ဆိုပါတော့။
(၂)
သဖန်းချောင်း ဘုန်းကြီးက ရွာဆွမ်းသိမ်းပွဲအတွက် အစည်းအဝေးခေါ်တယ်။ သွားကြရ တော့တာပေါ့။ တနယ်လုံးက ကြည်ညိုတဲ့ ဆရာတော်ကြီးကိုး။ သဖန်းချောင်းက မြို့မဟုတ် တော့ ရွာထဲက အပိုင်းအပိုင်းလေးတွေ၊ အစုလေးတွေကို ရပ်ကွက်လို့ မခေါ်တော့ဘူး။ အစုတဲ့။ ချောင်တဲ့။ ထားပါတော့လေ ချောင်ပဲ။ သဖန်းချောင်းမှာ ချောင်ငါးခု ရှိတယ်။ လက်ခုပ်ချောင်တဲ့။ အလိုလေးချောင်တဲ့။ ဘောဂချောင်တဲ့။ မြို့မတဲ့။ မင်းလမ်းတဲ့။ မြို့မနဲ့ မင်းလမ်းက နည်းနည်း အလည်ကျပြီး ပိုက်ဆံရှိတဲ့လူပေါတဲ့ အစုတွေပါ။ လက်ခုပ်ချောင်၊ အလိုလေးချောင်၊ ဘောဂချောင်တွေကတော့ ဆင်းဆင်းရဲရဲ လက်လုပ်လက်စား များတယ် ပြောပါတော့။
ဘာပဲဖြစ်ဖြစ် နှစ်စဉ်လုပ်နေကျ ဆွမ်းသိမ်းပွဲကြီး၊ ဒီနှစ်လည်း စည်ကားချင်တော့ တရွာလုံး ပါရတော့တာကိုး။ တချောင်သုံးယောက်ကျနဲ့ အစည်းဝေးတက်တော့ ဘောဂချောင် က လူကြီးသုံးယောက်လည်းပါတယ်။ ထုံးစံအတိုင်းပေါ့ သူကြီးက ဆွမ်းသိမ်းပွဲအစီအစဉ်တွေ နှစ်စဉ်နှစ်တိုင်းလိုပဲ စည်စည်ကားကား ဖြစ်ချင်တဲ့အကြောင်း၊ အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်းတွေနဲ့ မနှစ်က စီစဉ်သွားတာ တော်တော်လေး အဆင်ပြေတဲ့အကြောင်း၊ သည်နှစ်တော့ တချောင် တမျိုး တာဝန်ယူပြီး ကြည့်ချင်ပွဲလေးလုပ်ရင် ပိုများ သင့်မြတ်မလားလို့ ထင်ကြောင်း၊ ရွာကလည်း ခေါင်တော့ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ကလေး လုပ်ပါမှ ရွာသူရွာသားတွေ ကြည့်ကြရမှာ ဖြစ်ကြောင်း အမိန့်ရှိတော့ သင့်မြတ်ပါတယ် ဘုရားပေါ့။ ကတိပေးကြတယ်။ ဆွမ်းသိမ်းပွဲကလဲ မိုးလေ၀သကင်းမှ ဆိုတော့ လုပ်မယ်ဆိုရင်လည်း ဖြစ်နိုင်တော့ လွယ်လွယ်ပဲ ကတိပေးလိုက်ကြတယ်။
ဒါပေမယ့် အစည်းဝေးပြီးလို့ အိမ်ပြန်ကြတော့ စိတ်ညစ်သွားတာ ဘောဂချောင်က လူကြီးသုံးယောက်ပဲ။
"ကိုင်း.... ဘယ်နှယ်လုပ်မတုန်း... တချောင်တမျိုးနဲ့ တာဝန်ယူပြီး ဇာတ်လမ်းသွင်းရ မတဲ့...." ဆိုတော့ ကျန်တဲ့ နှစ်ယောက်ကလည်း ဘာမှ ပြန်မပြောနိုင်ဘူး။ ကိုယ့်ချောင် အကြောင်း ကိုယ်သိတာကိုး။ ထိုးဇာတ်ကလေး နေနေသာသာ ထမင်းစားဖို့ ဖတ်သီဖတ်သီ ရှာနေရတဲ့ ချောင်။ ပြေးကြည့်မှ တချောင်လုံး လူတရာ မပြည့်တဲ့ချောင်။ အဘိုးကြီး၊ အဘွားကြီးတွေ၊ ကလေးတွေ၊ မိန်းမတွေ နှုတ်လိုက်ရင် ယောက်ျသားဆိုလို့ ရှိလှရင် သုံးဆယ်လောက်ပေါ့။ အဲသည်အထဲမှာ လူငယ်ဆိုလို့ လေး-ငါး- ဆယ်ယောက်လောက်ပဲ ရှိတယ်။ ကျန်တဲ့ ယောက်ျားသား တွေကလည်း ကိုယ့်အသက်အရွယ်နဲ့ မျက်နှာချေ အဖွေးသားလိမ်းပြီး ဘယ့်နှယ်လုပ် ဇာတ်စင်ပေါ် တက်မတုန်း။ ကိုင်း တက်ပါပြီးတဲ့ ဘာက ကြမှာတုန်း။ ဘယ်သူက သင်ပေးမှာ တုန်း။
"သူများချောင်တွေက ဖြစ်ပါတယ်ဆိုလို့သာကိုး..... မခံချင်လို့သာ ခေါင်းညိတ်ရတယ်... ကျုပ်တို့ချောင်က ဘာသွားကမှာတုန်း စိတ်စက်များ ညစ်ပါတယ်......" ပြန်သာလာရတယ်။ မျက်နှာမကောင်းကြဘူး။ ရက်ကတော့ ရပါသေးတယ်။ သီတင်းကျွတ်မှဆိုတော့ လုပ်မယ် ဆိုရင် တိုက်ဖို့ ပြုဖို့ ရက်ကလေးတော့ ရတယ်။ ဒါပေမယ့် ဘယ်သူက ဘာဇာတ်ကို ကမှာတုန်း။ တယောက်ကတော့ အကြံပေးတယ်။
"ကျုပ်တို့ချောင်က ယောက်ျားလေးက နည်းရတဲ့အထဲ လူငယ်ကာလသားက ဘယ်နှစ်ယောက် ရှိလို့တုန်း..... သည်တော့ ရှိတဲ့အထဲက သာဒွန်းကို တာဝန်ပေးရကောင်း မလား"
"မိန်းကလေးကကော... ဘယ်သူက မင်းသမီး လုပ်မှာတုန်း၊ နေ့နဲ့ည ထဘီတောင် အနိုင်နိုင်လဲ ရတဲ့ ကလေးမလေးတွေက ဘယ်က ထဘီအင်္ကျီရမှာတုန်း... ဒါလည်း တွက်ပါဦး"
"အင်းဗျာ.. ဘာလုပ်ရမှန်းတောင် မသိတော့ဘူး"
"နေပါဦးဗျာ.... သာဒွန်းမေးကြည့်ပါဦး"
လူကြီးတွေကလည်း တာဝန်သာ ယူလာတာ ဘောဂချောင်က တင်ဆက်ရမယ့် တခန်းရပ် ပြဇာတ်ကို ဘယ်လိုမှ စဉ်းစားလို့ မရဘူး။ နောက်ဆုံးတော့ ချောင်ထဲက အမြဲမူးနေတဲ့ သာဒွန်းကို ဆရာတင်ဖို့ လုပ်ရတော့တယ်။ သာဒွန်းက ဟိုစပ်စပ် ဒီစပ်စပ်တော့ ပါတယ်။ စည်းလေးဝါးလေး နည်းနည်းပါးပါး နားလည်တယ်။ ဒိုးလေး စခွန့်လေး တီးတတ် တယ်။ သီချင်းလဲ ဆိုတတ်တယ်ဆိုပေမယ့် နှဲက စီရှပ်ဆိုရင် သူက ငါးပေါက်အောက်ပြန် လောက်နဲ့ အော်ချင်အော်နေတဲ့ကောင်ပေမယ့် ဘောဂချောင်မှာတော့ သူကလည်း တေးသံရှင် 'ဘောဂချောင်သာဒွန်း' ပေါ့လေ။
"ဒီကောင် လုပ်ရင်တော့ ဖြစ်မယ်ထင်တာပဲဗျာ... မေးကြည့်တာပေါ့..."
(၃)
သာဒွန်းနဲ့ သူ့ သူငယ်ချင်းလေးယောက်က သူတို့ရှေ့က လူကြီးသုံးယောက်ကို အံ့သြတကြီး ကြည့်နေကြတယ်။ သူတို့တသက် ချောင်ကလူကြီးတွေက သည်လို ယုံယုံကြည်ကြည် တာဝန်ပေးတာမျိုး မရှိခဲ့ဖူးဘူး။ သူတို့ကို အားကိုးတယ်လို့လည်း တခါမှ ပြောဖူးတာ မဟုတ်ဘူး။ မင်းတို့ မကယ်ရင် ချောင်က ဘယ်လိုမှ နားလံထူမှာ မဟုတ်ဘူး။ ဘောဂချောင်ရဲ့ ဂုဏ်သိက္ခာကို မင်းတို့ ထိမ်းသိမ်းရမယ် ဆိုတာမျိုးကိုလည်း သူတို့ မကြားဖူးဘူး။ ဒါပေမယ့် ကနေ့တော့ လူကြီးသုံးယောက်က ခေါ်တယ်ဆိုလို့ လာကြတော့ တကယ့်ကို တာဝန်ပေးနေပြီ။ တာဝန်ကလည်း ကြည့်ဦး၊ တရွာလုံးက ကြည့်မယ့်ပွဲတဲ့။ ဆွမ်းသိမ်းပွဲတဲ့။ ချောင်ငါးခုစလုံးက တချောင်တမျိုး အသုံးတော်ခံကြမှာတဲ့။ ကိုယ့်ချောင်က ညံ့ရင် ကိုယ်ခံတဲ့။ ပြဇာတ်၊ ထိုးဇာတ်၊ တခန်းရပ်၊ အော်ပရာ ကြိုက်ရာ တခုခုလုပ်တဲ့။ ဘယ်သူမှ မစွက်ဖက်စေရတဲ့။ ဘယ်သူကမှ မင်းတို့ကို သြဇာမပေးစေရဘူးတဲ့။ ဘောဂချောင် မှာရှိတဲ့ ပစ္စည်းပစ္စယ ကြိုက်တဲ့အထဲက ကြိုက်တဲ့ အိမ်က ယူသုံးခွင့် ပြုသတဲ့။ ဒါပေမယ့် ဆွမ်းသိမ်းပွဲမှာတော့ ဘောဂချောင်က တာဝန်ယူတင် ဆက်မယ့် အခန်းတခန်းတော့ ပါကို ပါရမယ်တဲ့။
"ကိုင်း.... မင်းတို့ ဖြစ်မလား.. သာဒွန်း"
သာဒွန်းကလည်း သူ့ သူငယ်ချင်းလေးယောက်ကို လှမ်းကြည့်တယ်။ သူငယ်ချင်း လေးယောက်ကလည်း သာဒွန်းပြီးရင် ပြီးတာပဲဆိုတော့ သာဒွန်းကိုပဲ ပြန်ကြည့်ကြတယ်။ အမှန်တော့ ကိုယ့်ချောင်အကြောင်းတော့ ကိုယ်သိတယ်။ အမည်ကသာ ဘောဂချောင်။ ဆင်းရဲလိုက်ကြတာ တာတေလံလို့။ ဘယ်အိမ်မှ တံခါးရှိတာ မဟုတ်ဘူး။ ဘယ်အိမ်ကမှ နွားတရှဉ်း ကျွဲတစီး ပိုင်တာ မဟုတ်ဘူး။ ဟင်းရွက်လေးခူးလိုက်၊ ကောက်သင်းကောက် စပါးလေးရိတ် နဲ့ ၀မ်းတထွာ ရှာရတဲ့ ချောင်မှာ တခမ်းတနား တင်ဆက်ရမယ့် ထိုးဇာတ် ဘယ်လိုစီစဉ်မလဲ။ သာဒွန်းစဉ်းစားတယ်။ ခဏနေတော့မှ....
"ရတယ်ဗျာ... ကျုပ်လုပ်မယ်"
"ဟေ...."
လူကြီးသုံးယောက်ကတော့ ၀မ်းသာကြတာပေါ့။ ဆရာတော်ကိုလဲ လေးစား၊ သူကြီးကိုလဲ ကြောက်လို့သာ ယူရတဲ့ တာဝန်၊ ပခုံးပြောင်းပေးရတော့မယ်ဆိုတော့ ၀မ်းသာတာ ပေါ့။
"ဟုတ်မှလည်း လုပ်ပါမောင်ရာ...."
"သိတ်ဟုတ်တာပေါ့ဗျာ.."
"လူဘယ်နှစ်ယောက် ကုန်မှာတုန်း"
"ငါးယောက်.."
"ဟေ..."
"တော်ပြီ ကျုပ်တို့ ငါးယောက်ပဲ"
"ဟဲ့ကောင် သာဒွန်း.. ငါးယောက်နဲ့ ပြဇာတ်ဖြစ်လို့လားဟ.."
"ဖြစ်တယ်..ငါးယောက်ပဲ ကုန်မယ်"
"မိန်းကလေးကကော ပြဇာတ်မင်းသမီး လုပ်ဖို့...."
"မလိုဘူး.. မင်းသမီးမပါဘူး"
"ဟေ...."
မင်းသမီးမပါဘဲ လူငါးယောက်နဲ့ ကမယ့် ဇာတ် မကြားဘူးတော့ ၀မ်းသာတဲ့ကြားက စိုးတော့ စိုးရိမ်တယ်နဲ့ တူပါတယ်။ တယောက်က..
"ဟဲ့ကောင်... တရွာလုံး ကြည့်မယ့်ပွဲနော်၊ မင်းပေါ့ပေါ့ဆဆတော့ သဘောမထားနဲ့ ငါ့ကောင်ရ.... မင်းအစွမ်းတော့ ငါသိပါတယ်၊ ဒါပေမယ့် မင်းသမီးလည်း မပါဘဲ၊ လူငါးယောက် နဲ့ ကမယ့်ဇာတ် ရှိလို့လား"
"ရပါတယ်ဗျာ.... ဆွမ်းသိမ်းပွဲဆိုတော့ ဘာသာရေးနဲ့ ပါတ်သက်ရမှာကိုးဗျ။ ဒါလည်း စဉ်းစားရသေးတယ်... ဘောဂချောင်က ဆင်းရဲပေမယ့် သာဒွန်းဖြစ်အောင် လုပ်နိုင်ပါတယ်...."
"ကောင်းပါ့မောင်ရာ.. ဒါ့ထက်အ၀တ်အစားကကော...."
"မလိုဘူး... မင်းညီမင်းသား အ၀တ်အစား တစုံနဲ့၊ သင်္ဃန်းဟောင်းတထည်ပဲ..."
"ဟေ.."
"ဘကြီးတို့ စိတ်အေးအေးသာထားပါဗျာ၊ ကျွန်တော် ရှာခိုင်းတာသာ ရှာပေးပါ.."
"ဒါလောက်က ဖြစ်ပါတယ်... ကျန်တဲ့ သုံးယောက်က ဘာဝတ်မှာတုန်း.. ဇာတ်က ဘာဇာတ်တုန်း.."
နာမည် မပြောနဲ့ဦး.. တခန်းရပ်လို့ပဲ ပြောထား။ ကပ်ပြီးမှ ကြေညာမယ်.. ကျန်သုံး ယောက်ကလည်း ဘာမှ ၀တ်စရာ မလိုဘူး ရတယ်.."
ဘောဂချောင်က လူကြီးသုံးယောက်ကတော့ နားကို မလည်နိုင်တော့ပါဘူး။ လူငါးယောက်နဲ့ ကမယ့် တခန်းရပ်ဇာတ်တဲ့။ အ၀တ်အစား မလိုဘူးတဲ့။ အမျိုးသမီး မလိုဘူးတဲ့။ ဘာဇာတ်လဲ ဆိုတာ မပြောနိုင်ဘူးတဲ့။ လျှို့ဝှက်တောင် ထားရဦးမယ်တဲ့။ ဘာပဲ ဖြစ်ဖြစ်လေ ဆွမ်းသိမ်းပွဲမှာတော့ 'ဘောဂချောင်သာဒွန်း' ရဲ့ တခန်းရပ်ပြဇာတ် တင်နိုင်ပြီပဲ။ သည်လိုပဲ သဘောထား ရတော့တာပေါ့လေ။
(၄)
သည်လိုနဲ့ ဆွမ်းသိမ်းပွဲ နီးလာပြီ ပြောပါတော့။ တကယ်ဆိုရင် သူများတွေက ဆိုင်းသံ၊ မောင်းသံတွေနဲ့ တချိန်းချိန်း တိုက်ကြ ပြုကြ၊ စတော်တိုက်ကြ၊ လမိုင်းတင်ကြ၊ ဆိုကြ၊ ငိုကြနဲ့ နောက်နောက် နောက်နောက် ဖြစ်နေချိန်မှာ ဘောဂချောင်က သာဒွန်းတို့ ဘာမှ မလုပ်သေးဘူး။ သူများတွေ လုပ်ကြကိုင်ကြတာလဲ ကြည့်ဦးလေ။ လက်ခုပ်ချောင်က သေရိ၀၀ါဏိဇ ရွဲကုန်သည်ဇာတ်တဲ့။ ရွှေမန်းတင်မောင်ရဲ့ ရွဲကုန်သည်ကို တိတ်ခွေနဲ့ ဖွင့်ပြီး ရှေ့က လူက သရုပ်ဆောင်မှာတဲ့။ ဒန်ဖလားကို ရွှေရောင်စက္ကူ ကပ်သူက ကပ်လို့။
အလိုလေးချောင်က ကိသာဂေါတမီ တိတ်ခွေဇာတ်လမ်းတဲ့။ အ၀တ်အစားတွေ မြို့တက် ငှားလို့တဲ့။ ကိသာဂေါတမီလုပ်တဲ့ အမျိုးသမီးကလည်း မာန်ပါလိုက်တာတဲ့။ မြို့မ နဲ့ မင်းလမ်းကတော့ ချမ်းသာတဲ့လူများတော့ တတ်လည်းတတ်နိုင်တာကိုး။ ယိမ်းတွေနဲ့တဲ့။ တခန်းရပ်ပြဇာတ်လေးနဲ့တဲ့။ ဘောဂချောင်သာဒွန်းတို့ကတော့ အေးအေးပဲ။ တခန်းရပ်လုပ် မယ့် သာဒွန်းလည်း ကဖို့နှစ်ရက်ပဲ လိုတော့တာတောင် သူ့ဇာတ်ကို မပြောသေးဘူး။ သူနဲ့ တွဲဖက် သရုပ်ဆောင်ရမယ့် လေးယောက်ကလည်း ခုထိ ဘာလုပ်ရမယ် မသိသေးဘူး။ တကယ်ဆိုရင် တိုက်ဖို့ကောင်းပြီ။ တိုက်သားကျဖို့ ကောင်းပြီ။ နောက်ခံတီးဝိုင်းက ဘာတီးမယ်၊ ဘယ်သူက ဘယ်လိုထွက်မယ်၊ ဘယ်သူက ဘာပြောမယ်ဆိုတာလဲ အခုချိန်လောက်ဆို သိဖို့ ကောင်းပြီ။
သာဒွန်းကတော့ အေးအေးပဲ။ လူကြီးတွေက ခေါင်းပူလှပြီ။ သာဒွန်းရှာခိုင်းတဲ့ မင်းညီမင်းသားများ ၀တ်တဲ့ အ၀တ်အစားလေး၊ မရှိမယ့် ရှိမယ့်ငှား၊ သင်္ဃန်းဟောင်းလေး တထည် ကျောင်းကတောင်းပြီး လာပို့ထားတာတောင် တခန်းရပ်က မလှုပ်သေးတော့ သာဒွန်းတို့ လေးယာက်ကို ခေါ်ရတာပေါ့။ သာဒွန်းရောက်လာတော့ လူကြီးတွေလည်း ဒေါကန်သူ က ကန်နေကြပြီ။
"သာဒွန်း.. သူများတွေ ဇာတ်တိုက်တာပဲ လိုက်ကြည့်မနေနဲ့၊ မင်းတို့က သန်ဘက်ခါ ဖိန်းနွဲခါပဲ ကရတော့မယ် ဘာမှ မလုပ်သေးဘူး ဟုတ်ရော ဟုတ်ရဲ့လားကွာ..... ဇာတ်လမ်း ဇာတ်ကွက် သိပလား"
"မသိသေးဘူး.. မကြာဘူး ဘကြီးရ ခဏလေးရယ်၊ တခန်းရပ်ပါဆို.."
"ဘာဇာတ်လဲကွာ.. သည်အချိန်ရောက်မှတော့ ပြောတော့ကွာ...."
"တို့လည်း သိပါရစေတော့...."
"နိမိတ်လေးအင် ဗုဒ္ဓ၀င်...."
လူကြီးတွေတောင် ကြောင်သွားတယ်။ နိမိတ်လေးအင် ဗုဒ္ဓ၀င်ဆိုပါလား။ သည်ကောင် က ပြောသာပြောရတာ လုပ်လိုက်ရင် ကြီးကြီးကျယ်ကျယ်ထဲက ဆိုတော့ မဟုတ်ဘူးလား မပြောနိုင်ဘူးလေ။
"ဆိုပါဦး မင်းဇာတ်လမ်းက.."
"ဘာခက်လို့လဲ ဘကြီးရ.. တယောက်က ငှားထားတဲ့ မင်းသားအ၀တ်အစားနဲ့ အလောင်းတော် သိဒ္ဓတ္ထမင်းသားလုပ်ရမယ်... တယောက်က ခေါင်းတုံးတုံးပြီး ရဟန်းလုပ်ရ မယ်.... တယောက် သူအို လုပ်ရမယ်.. တယောက်က သူနာ လုပ်ရမယ်... တယောက်က သူသေလုပ်ရမယ်.... မင်းသမီးမလိုဘူး.."
"အ၀တ်အစား မလိုဘူး... သိပ်သရုပ်ဆောင်စရာ မလိုဘူး.. ဥယျာဉ်တော်မှာ နိမိတ်ကြီး လေးပါး မြင်တော်မူခန်းကို ပြမှာ... နောက်ခံက မယ်ဒလင်သမား ငပြူးကို ယသော်ဒရာ ယိုးဒယား တီးခိုင်းရုံပါ.. ဒါပဲ.."
"ရွေ... နိပ်ဟ..."
လူကြီးတွေ တော်တော် သေဘောကျသွားတယ်။ ဟုတ်သားပါလား။ သာဒွန်းကို ဒါကြောင့် အားကိုးတာ။ ကြည့်စမ်း သူများတွေ ကုန်လိုက်တဲ့ပိုက်ဆံ၊ ရွဲကုန်သည်တဲ့၊ ကိသာဂေါတမီတဲ့၊ ၀ဏ္ဏပထတဲ့။၊ တို့ သာဒွန်းက နိမိတ်ကြီးလေးအင် ဗုဒ္ဓ၀င်တဲ့။ တခြားစီ။ ကောင်းချက်ကတော့ ရက်စက်တယ်ထဲက နေမှာပဲဟေ့။ ကြည့်စမ်း ဒီကောင် သူ့ဥာဏ်စွမ်း ဥဏ်စနဲ့မို့ စဉ်းစားမိတယ်။ ကြီးလည်းကြီးကျယ်ရမယ်... တရားသံဝေဂလည်း ရရမယ်.. ပိုက်ဆံလည်း မကုန်ရဘူး။ ဘောဂချောင်ကတော့ ဆွမ်းသိမ်းပွဲမှာ အာဂပေါ့ကွယ်။
လူကြီးတွေကတော့ သာဒွန်းအပြောနဲ့ပဲ သာဒွန်းဇာတ်ကို ယုံကြည်သွားကြတယ်။ အဲသည်တော့မှ သူ့ သူငယ်ချင်းလေးယောက်လည်း သူတို့ ကရမယ့်ဇာတ်လမ်း သူတို့ သိတော့တယ်။ ဘာပဲ ဖြစ်ဖြစ်လေ တိုက်ရက်ကလည်း ကြားတရက်နှစ်ရက်ပဲ ကျန်တော့ ကနေ့က စတိုက်ကြမယ်ပေါ့။ မယ်ဒလင်သမားကိုလည်း ညကျရင် သီချင်း ချပေးမယ်ပေါ့။ ယသော်ဒရာ ယိုးဒယားထဲက 'လေးပါးရယ် သူအို၊ သူနာ၊ သူသေ... မြင်ပြန်လျှင် စွဲစိတ်သံဝေ... လူတိုင်းရပ်မြေ.. ကြာရှည်နေ၀ံ့ပဲ..' အပိုဒ်ကို သုံးလေးကျော့ တီးခိုင်းမယ်ပေါ့။
(၅)
ဆွမ်းသိမ်းပွဲညက တကယ်ပွဲကတော့ ချောင်လေးခုက တင်ဆက်တဲ့ ထိုးဇာတ်တွေ၊ ယိမ်းတွေပဲ ပါတော့တယ်။ ဘောဂချောင်က 'နိမိတ်လေးအင်ဗုဒ္ဓ၀င်' မတင်ဆက်နိုင်တော့ဘူး။ သူကြီးကတော့ ဘောဂချောင်က လူကြီးသုံးယောက်ကို မျက်စောင်းတခဲခဲ၊ အံတကြိတ်ကြိတ် ပေါ့လ။ ကြီးကြီးကျယ်ကျယ် နိမတ်ကြီးလေးပါးလေး ဘာလေးနဲ့ နေနှင့်အုံး ဒင်းတို့တော့ လို့လဲ ကြိမ်းသတဲ့။ ဘောဂချောင်က လူကြီးတွေကလည်း မျက်စိပျက် မျက်နှာပျက်လို့။ သာဒွန်းက တော့ မင်းသားအ၀တ်အစားနဲ့၊ မျက်နှာချေ အဖွေးသားနဲ့။ ကျန်တဲ့လေးယောက်ကို ရှာမတွေ့လို့ ထင်ပါရဲ့။ မျက်နှာလေးငယ်လို့။
"ကောင်းကြသေးရဲ့လား... သာဒွန်းရာ... မင်းဟာကောင်းချီ ကောင်းရက်နဲ့"
"ကျွန်တော်လည်း သေသေချာချာ စီစဉ်တာပါပဲဗျာ..."
ငါက သိဒ္ဓတ္ထမင်းသား လုပ်မယ်..၊ ကြာယုံက ရဟန်းလုပ်၊ ငတေက သူသေလုပ်၊ စိန်မောင်က သူနာလုပ်၊ ကျော်လှက သူအိုလုပ်
သေသေချာချာ အကွက်ချတာပဲ.. ဘကြီးရာ ကြာယုံက ခေါင်းတုံးမတုံးချင်ဘူးတဲ့...
သင်္ဃန်းကြီးနဲ့ မပါချင်ဘူးတဲ့...သိဒ္ဓတ္ထမင်းသား လုပ်မယ်တဲ့...
ငတေက ဇာတ်ခုံပေါ်မှာ သူသေလုပ်ပြီး ပက်လက်ကြီး လုပ်နေမှတော့ မပါတာကောင်း တယ်တဲ့...
ဘာလုပ်ချင်တုန်းဆိုတော့ မင်းသားပဲ လုပ်မယ်တဲ့..
ကျော်လှကလည်း ရုပ်က အဖိုးကြီးအိုရုပ်ပေါက်နေလို့ သူအိုလုပ်ပါဆိုတော့ သူ့ကောင် မလေးက ဇာတ်ခုံပေါ်မှာ သူအို မလုပ်ရဘူးတဲ့... လုပ်ရင် အပြတ်ပဲတဲ့... လုပ်ချင်ရင် မင်းသားလုပ်.. မရရင် မလုပ်နဲ့ ပြောလို့တဲ့...
"စိန်မောင်ကကော"
" ဒီကောင်လည်း မကောင်းပါဘူး၊ ဘကြီးရာ...
သူက အရိုးပေါ် အရေတင်မို့ သူနာလုပ်ပါဆိုတာကို သူ့ကို နှိမ်တာတဲ့ ငါမင်းသားလုပ် မယ်တဲ့၊ ကျွန်တော်ကလည်း ကျွန်တော့်ဇာတ်ပဲ ကျွန်တော် မင်းသားလုပ်မှာပေါ့... ဒီကောင်တွေ လူပါးကို ၀တယ်.."
"အေးကောင်းကွာ.. အခု ဒီကောင်တွေ ကော...."
"မရှိတော့ဘူး... ဘယ်နေရာသွားမူးနေကြလဲ မသိဘူး... ကျွန်တော်ရှာတာလဲ မတွေ့ ဘူး"
အဲဒီည သာဒွန်းကတော့ မင်းညီမင်းသား အ၀တ်အစားနဲ့၊ မျက်နှာချေနဲ့။ လူကြီးတွေ ကလည်း မျက်စောင်းတခဲခဲ၊ အံတကြိတ်ကြိတ်နဲ့။ နိမိတ်လေးအင် ဗုဒ္ဓ၀င်ဇာတ်မှာ သူအို၊ သူနာ၊ သူသေ၊ ရဟန်းလုပ်မယ့်လူ မရှိတော့ သာဒွန်းလည်း ဘာတတ်နိုင်မှာတုန်း။ ဆဲလည်း ခံရုံပေါ့။ သာဒွန်းကတော့ သူအို၊ သူနာ၊ သူသေ၊ ရဟန်းလုပ်မယ့် သူ့ သူငယ်ချင်း လေးယောက်ကို မျှော်တုန်း။
(၆)
ကြာတော့ ကြာပါပြီ။ သဖန်းချောင်မှာ သူကြီးခေတ်က ဖြစ်ခဲ့တာပေမယ့် အကြောင်း တိုက်ဆိုင်ရင် သဖန်းချောင်သားတွေက ပြောတုန်း၊ ဥပမာပေးကောင်းတုန်း၊ ရယ်ကြ မောကြ တုန်း။
နေ၀င်းမြင့်
No comments:
Post a Comment