Friday, April 4, 2008

ပိတောက်အမှတ်တရ
ရေးသူ-ဒဂုန်တာရာ

အမှတ်တရ
များစွာအနက်၊ နှလုံးသားမှ
လျှို့ဝှက်အစီရင်ခံစာ၊ ငါ့မှာမရှိ
ပိတောက်ပွင့်လျှင်၊ ရင်မှာခုန်လာ
တနှစ်တခါ၊ ဝေဒနာက
စိတ္တဇလော သို့မဟုတ်၊ အသစ် မွေးဖွားခြင်းလော။


မြန်မာ့ရိုးရာ
မွေးလာကတည်းက၊ တနှစ်တခါ
ပိတောက်ရနံ့၊ မွှေးမြသင်းရှ
ညအခါ မိုးသက်၊ ရေစက်စက်ဖိတ်
အိပ်ရာမှနှိုး၊ ငါ့ကိုနိုးထ
ဆွပေးသည်ကား၊ ပိတောက်ရနံ့
စိမ်းဆတ်မွှေးရှ၊ ပြတင်းပေါက်မှ
အတင်းတိုးဝင်၊ မြင်ရသည်မှာ
ဝင်းဝါပန်းခက်၊ ပြိုးပြိုးပြက်ပြက်
ပြက္ခဒိန်တရွက် လဲရပေပြီ။

နွေဦး နှစ်သစ်
ပိတောက်ဝေခြင်း၊ သင်္ကေတသည်
ပိတောက်များစွာ၊ ဖြတ်သန်းလာခဲ့
နှစ်တွေများစွာ၊ ဖြတ်သန်းလာခဲ့
ခေတ်တွေများစွာ၊ ဖြတ်သန်းလာခဲ့
ငါ၏ဘ၀၊ ပုဒ်မဖြတ်ချက်
ပိတောက်ခက်လေး၊ ရေပက်သံ
ရွှင်မြူးသံ၊ တရံခါက
ဂျပန်ခေတ်က၊ ငါတို့ တမြို့လုံး
ပိတောက်ဖုံးလွှမ်း၊ ကမ်းနားလမ်းတလျှောက်
နွားလှည်းပေါ်တွင်၊ ပိတောက်ခက်များ
ဝေအောင်ဆင်ထား၊ သစ်ရွက်ကြားမှာ
စိမ်းစိမ်းဝါ၀ါ၊ ငါ့ အဖော်က ဂစ်တာ
ငါက အကော်ဒီယံ၊ တေးသံခုန်ကြွ
လှည့်လည်ကြသည်၊ ဒီတခါသာ ရေကစားဖူး
အမှတ်တရ၊ ပျော်စရာပ
အသက်နှစ်ဆယ်ကျော် အရွယ်က။

ထိုနေရာမှာ
နာရီရှစ်ထောင့်၊ အမြှောင့်ရံတား
ခမ်းနားထည်ဝါ၊ စုရံကာလျက်
သစ်ပင်ယှက်သန်း၊ စိမ်းလန်းအုပ်ဝေ
နေ လ ကြယ်များ၊ ဖြတ်သန်းသွားကြ
တံခါးဝမှ၊ ရေတွက်ရသည်
မြရောင်ဖိတ်ဖိတ်၊ စိတ်ကူးရိပ်မှ
ဆိတ်ဖလူးရနံ့၊ မွှေးပျံ့ယစ်ဝေ
နွေဦးပေါက်စဉ်၊ အဆောင်မှူးက
ငါ့အားပေးဆက်၊ ပိတောက်တခက်
လက်ဆောင်ပါတဲ့၊ ငါ အံ့ဩမိ
ဝမ်းနည်း ၀မ်းသာ၊ အပြင်ဘက်မှာ
နှစ်သစ်ဆန်းပါပကော။

ပိတောက်ပွင့်မူ
ချစ်သူများလှ၊ ငြိမ်းချမ်းပေစွ
တခါကလျှင်၊ ပီကင်းမြို့မှာ
ချီလီကဗျာဆရာ၊ နီရူဒါနှင့်
တွေ့ဆုံခဲ့ရာ၊ မြန်မာမှန်းသိ
ပိတောက် ပိတောက်၊ နှုတ်မှ တောက်လျှောက်
ပီပီသသ၊ ရွတ်ဆိုပြီးမှ
သူက ပိတောက်ပန်း၊ စွဲလန်းခဲ့ပုံ
ရန်ကုန်နေ့များ၊ လွမ်းဆွတ်သွားသတဲ့
ငယ်ရွယ်စဉ်က၊ အမှတ်တရ
တ,သနုပျို၊ နိုဘယ်ဆုရှင်
ပိတောက်ချစ်သူပင်တကား။ ။
၂၀၊ ၁၊ ၁၉၉၁
(ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ၁၉၉၁၊ ဧပြီ)

No comments: