Friday, April 11, 2008

ဘ၀ကင်းဗတ်ပေါ်ကသံမဏိစုတ်ချက်ကြမ်း (အပိုင်း ၂)
ဖိုးသံစိမ်း-ရေးသည်။

ရထားပြတင်း ပိတ်ကားပေါ်က ရုပ်ရှင်ကားက မပြောင်းသေးပါဘူး။ ကျေးလက်နောက်ခံ သရုပ်မှန် ဇာတ်လမ်းကို ပြနေတုန်းပဲ။ မွန်းတိမ်းကာနီးပြီမို့ ကာဘွန်ချောင်း အသစ်လဲလိုက်သလို မြင်ကွင်းက ပိုပြီး စူးရဲတောက်ပနေတယ်။ လယ်ကွက်တွေ၊ ခင်တန်းကလေးတွေ၊ စိုးစိုး၊ ကိုသိန်းတန်နဲ့ မိုးမိုးတို့ရဲ့ မိတ်ဆွေတွေကို တခါတခါမှာ လှမ်းမြင်ရတယ်။ စိုးစိုးနဲ့ မိုးမိုးနေရာမှာ ဟေမာနေ၀င်းနဲ့ မေဆွိတို့ ရောက်နေကြပြီလား။

လက်ပံတန်းက တက်လိုက်လာတဲ့ စီးကရက်နဲ့ဆေးလိပ် ဗန်းလွယ်ထားသူ ကလေးက သူတို့ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်နေတာလား။ တွဲမှားတက်မိတဲ့အတွက် ယူကြုံးမရ ဖြစ်နေတာ လား မသိ။ မရွှင်ပြ လှဘူး။ ပါးစောင်ထဲမှာ ဗမာဆေးရွက်ကြီး ငုံထားတဲ့ ပဲခူးက ဂေါပကလူကြီးက မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း ဂါထာတခုကို ရွတ်လိုက်လာတယ်။ ဆရာဝန်ကတော့ ကျွန်တော်တို့ကို သရက်ထောင်ပို့ရင် ကောင်းမယ်။ အောင်လံမှာ ကျွန်တော့် အမျိုးတွေ ရှိသတဲ့။ ရထားက တလှုပ်လှုပ်နဲ့။ ပုခက်ထဲထည့်ပြီး သူတို့ကို ချော့သိပ်နေသလိုပဲ။ တေးသွားကတော့ စထွက်ကတည်းက တေးသွား။ မယ်လိုဒီက ဂျုန်းဂျုန်း။ ဟာမိုနီက ဂျက်ဂျက်လေ။ မဇ္ဈိမတိုင်းရော၊ အယုဒ္ဒယတိုင်းကပါ ပြန်လာတဲ့ စုံတောမြိုင် ကျောင်းသားလေးက ဆေးတက္ကသိုလ်က မျက်မှန်တပ် ကျောင်းသားကလေးနဲ့ ရယ်စရာတွေ ပြောရင်း တပြုံးပြုံးရှိနေကြတယ်။ အပူအပင်ဆိုတာ ဂျိုနဲ့လား။
အလုံသစ်စက်ကလူနဲ့ သူ့အမှုတွဲက ခေါင်းချင်းဆိုင်ပြီး ဆေးလိပ်ကို တလှည့်စီ ဖွာနေကြတယ်။ လက်ထဲမှာလဲ ဆေးလိပ်စွပ် ကျည်တောက်ကို မြဲမြဲဆုပ်ထားတယ်။ နေက နည်းနည်းစောင်းစ ပြုလာပြီ။ မြင်ကွင်းကတော့ သူတို့ ချစ်တဲ့ လယ်ကွင်းတွေပဲ။ ခင်တန်းကလေးတွေက ဟိုနားတစု၊ ဒီနားတစု။ သူတို့က စိမ်းမြတာကို မြတ်နိုးတယ်။ လယ်သမားတွေကို လေးစားကြတယ်။ သူတို့ ဘ၀ကို တန်ဘိုးထားကြတယ်။ ဒါကြောင့် ဒီမြင်ကွင်းကို သူတို့ ဘယ်နှစ်ရက်ပဲ ထိုင်ကြည့်ကြည့် မရိုးနိုင်တဲ့ မြင်ကွင်းပေါ့။ ဟောဒီ လယ်ယာရှုခင်းတွေကနေ သူတို့အတွက် လက်ရာမြောက် ပန်းချီကားတွေ၊ ပီပြင်တဲ့ ရုပ်ရှင်တွေ၊ ခံစားရမယ့် ကဗျာတွေ၊ ဂန္ထ၀င်တေးတွေ၊ လက်ကမချချင်လောက်အောင် ကောင်းတဲ့ ၀တ္ထုတွေ ဖြစ်လာလိမ့်မယ်။ ဟော ရထားက နှေးသွားပြန်ပြီ။ လက်နက်ကိုင် ပုလိပ်တယောက်က နတ္တလင်းရောက်တော့မယ်တဲ့။ နတ္တလင်းဆိုရင် ဗိုလ်ဗြူးရဲ့ နတ္တလင်းပေါ့။
ဘူတာက ခရီးသည်တွေနဲ့ စည်ကားနေတယ်။ ဗိုလ်ဗြူးရဲ့ မိဘတွေဆီ အကြောင်းကြားခိုင်းသံ ကြားရတယ်။ မြန်မြန်သွားပြောပေးပါဗျာ ဆိုတာကို လူငယ်သုံးယောက်က သံပြိုင်နီးပါး မှာနေကြတယ်။ အင်းစိန်မှာပဲ ရှိနေတယ် အမှတ်နဲ့ ထောင်ဝင်စာ သွားတွေ့နေရင် လူပမ်း၊ ငွေကုန်မယ့် လွဲချော်မှု တခု မဟုတ်လား။ ပြီးတော့ ဘယ်သူကရော ကိုယ့်မိဘနဲ့ မတွေ့ချင်တဲ့သူ ရှိပါ့မလဲ။ စက္ကန့်တွေ မိနစ်တွေက အကုန်မြန်လှတယ်။ ဗိုလ်ဗြူးအိမ်က တယောက်မှ ရောက်မလာဘူး။ သံလှောင်အိမ်ထဲကလူတွေ လည်ပင်းရှည်နေကြပြီ။ ဟိုဟာ ဗိုလ်ဗြူးအဖေလား။ ဟိုဟာကတော့ ဗိုလ်ဗြူးအကိုလား။ အသက် အတော်အသင့်ရတဲ့ အမျိုးသမီးမြင်ရင် ဗိုလ်ဗြူးအမေလို့ ထင်မိကြတယ်။ မဟုတ်ဘူး။ တယောက်မှ မဟုတ်ဘူး။ ဂါတ်ဗိုလ်ရဲ့ ခရာသံ ကြားလိုက်ရတယ်။ ရထားထွက်တော့မယ်။ ဘယ်လိုလုပ်ကြမလဲ။ ခုမှတော့ ဘာမှ မတတ်နိုင်တော့ဘူး။ တနည်းပဲ ရှိတော့တယ်။ အဲဒါကတော့ တွေ့တဲ့ လူတယောက်ကို လှမ်းမှာတဲ့နည်းပဲ။
သူ့အဖေရဲ့ ဆန်စက်လိပ်စာနဲ့ သူ့သားထောင်ပြောင်းသွားပြီ။ အရေးကြီးတယ်၊ သွားပြောပေး ပါတဲ့။ နားထောင်နေတဲ့သူက ရိုးရိုးသားသား ကူညီချင်စိတ် ရှိပုံရတယ်။ ရထားက စထွက်ပြီ။ နတ္တလင်းမှာ ဘုရားပွဲကြီးတခု ကျင်းပနေတယ်။ ဒါကြောင့် ဗုဒံ္ဓ၊ ဓမ္မံ၊ သံဃံ ထွန်းမြင့်အောင် ဘဲဥမုံ့သိုင်းခြုံသည်၊ အနန္တမေတ္တာ ဒေါ်မှည့်ကြီး အကြော်ဆိုင်၊ ပဉ္စဂုဏံ ရွှေမန်းကဖီး စတဲ့ ဆယ့်နှစ်ပွဲ ဈေးဆိုင်ကလေးတွေ တွေ့လိုက်ရတယ်။ ဒီဘုရားပွဲမှာ ဘာဇာတ်အဖွဲ့ လာကနေသလဲ။ ဖျာတချပ် ဘယ်ဈေးလဲ။ ရုံဝင်ခရော ဘယ်လောက်တောင် ဖြစ်နေပြီလဲ။ သူက မြို့တော်ကိုယဉ်အောင်နဲ့ ဆရာဝင်းစည်သူတို့ကို ဖြတ်ခနဲ သတိရလိုက်တယ်။ ဒီပုဂ္ဂိုလ်တွေ နေထိုင်လို့မှ ကောင်းကြရဲ့လား။ ဘာနဲ့ ၀မ်းကျောင်းနေကြသလဲ။
ရထားက ဘူတာက ထွက်ပြီး မီတာနှစ်ရာလောက် ရောက်တော့ ဘရိတ်ဖမ်းသံတွေ တဂျီဂျီနဲ့ ကြားလိုက်ရတယ်။ ဘာများ ဖြစ်ပြန် ပြီလဲ။ ဘရိတ်ဖမ်းပေမယ့်လည်း ရထားက တော်တော်နဲ့ မရပ်ဘူး။ ဟော ရပ်သွားပြီ။ ရပ်ပြီးတော့ ရှေ့ဆက်မသွား။ နောက်ကို ပြန်ခုတ်နေတယ်။ ဆယ့်နှစ်ပွဲဈေးသည်တွေ ရော၊ ကတ္တရာလမ်းပေါ်က ဘုရားပွဲဈေး လျှောက်သူတွေပါ နောက်ပြန်ခုတ်နေတဲ့ ရထားကို ကြည့်နေကြ တယ်။ သူတို့လည်း ရုပ်ရှင်ဖလင်ကို နောက်ပြန်ရစ်ပြနေတာ ကြည့်နေရသလိုပဲ။ လွဲချော်မှုတခုတော့ ဖြစ်ပြန်ပြီ။ ရထားက နှေးရာက ရပ်သွားတယ်။ တွဲတွေက ပထမ ရပ်ခဲ့ဖူးတဲ့နေရာမှာ ကွက်တိ ရပ်နေပါလား။
ပလက်ဖောင်းပေါ်က လူတချို့ သံလှောင်အိမ်နှစ်ခုကို ဂရုစိုက် ကြည့်နေကြတယ်။ ကျ, နေကြောင့် သံလှောင်အိမ်တွေက နည်းနည်းတော့ ပိုလင်းသလို အရှိသား။ အမေ..... အမေ......။ ဗိုလ်ဗြူးရဲ့အသံ။ နဖူးမှာ၊ နသယ်မှာ၊ နှုတ်ခမ်းအထက်မှာ၊ မေးစေ့မှာ ချွေးစိုနေတဲ့အမေ။ အမေရဲ့ ၀မ်းသာသွားတဲ့ မျက်နှာကလေးက ဘယ်သရုပ်ဆောင်မှ တုမရတဲ့ မျက်နှာ။ နဘေးမှာ ဗိုလ်ဗြူးရဲ့ အမျိုးတွေ။ သံလှောင်အိမ်ထဲက တက္ကသိုလ် ကျောင်းသားလေးတယောက်နဲ့ ရင်တုန် ပန်းတုန်နှလုံးခုန် နေကြတဲ့ ဆွေမျိုးတစု အထက်အောက် စကားပြောနေကြတယ်။ သူတို့က ပွဲကြည့်ပရိသတ်လေ။ သားအမိ စကားပြောနေပုံကို ကြည့်ပြီး ပရိသတ်က ရင်ထဲမှာ မချိတင်ကဲ ခံစားနေကြရတယ်။ သံဇကာတွေကို အစွမ်းကုန် ဆွဲဖြဲပစ်၊ သံခြေချင်းတွေကို ရိုက်ချိုးလွှင့်ပစ်ပြီး သားဖြစ်သူကို သူ့အမေရင်ခွင်ထဲ ထည့်ထားခဲ့ချင်တယ်။
အမေက ပလက်ဖောင်းပေါ်က။ သားက သံလှောင်ချိုင့်ထဲက။ နံဘေးက ကလေးတွေက မျက်တောင်တွေ ပုတ်ခတ်၊ ပုတ်ခတ်နဲ့ ။ မကျစေချင်တဲ့ မျက်ရည်တွေ ကော်ထုတ်နေကြသလိုလို။ ဆရာတော်ကြီးတောင်မှ ဒီမြင်ကွင်းကို ဆက်မကြည့်နိုင်တော့ဘူး။ မျက်လုံးတွေကို ရထားကြမ်းပြင်ဆီ ရွှေ့ထားတော်မူရှာတယ်။ သံဇကာနားကပ်နေတဲ့ မြောင်းမြသားကို နဘေးလူတွေက ၀ိုင်းအုံဖိထားလို့ သူ့နဖူးမှာ သံဇကာအရာ ထင်သွားတယ်။ မိနစ်တွေက တကယ်ကို ကုန်လွယ်လွန်းလှတယ်။ သားအမိ ပြောလက်စ မသတ်ရသေးဘူး။ ရထားက ပြန်ထွက်ပြီ။ အမေက ရထားနဲ့ ယှဉ်လို့ ခြေလှမ်း ခွန်နှစ်လှမ်း၊ ရှစ်လှမ်း လိုက်လာခဲ့သေးတယ်။ ခရီးဆုံးထိအောင် လိုက်နိုင်ရင် ပြေးလိုက်မယ့် အမေ။ အခုတော့ အမေ ကျန်ရစ်ပြီ။ ဗိုလ်ဗြူးရဲ့ ညီလို့ ထင်ရသူကလေးက ရထားပြတင်းဘောင်ကို တွဲလွဲခိုရင်း စကားတွေ ပြောနေပြန်တယ်။ သူ့ခမျာ ခုနက မပြောရရှာပဲကိုး။ သံလှောင်အိမ်ထဲက လူတွေက နေရစ်ခဲ့ဖို့ စိုးရိမ်စိတ်နဲ့ ၀ိုင်းပြောတယ်။ ရထားက အရှိန်ရစ ပြုနေပြီ။ ခက်တော့ ခက်နေပြီ။ လူငယ်လေးကို ထပ်ပြောကြရတယ်။ ဒီတော့မှ အသာ ခုန်ဆင်းနေရစ်ခဲ့တယ်။ ဒီတခါ လွဲချော်မှုကတော့ သံလှောင်အိမ် ထဲက လူတွေကိုသာမက ဘူတာမှာ ရှိတဲ့ လူတွေကိုပါ ဝေဒနာတွေ ပေးလိုက်တယ်။ သူတို့ အချင်းချင်းလည်း စကားမပြောဖြစ်ကြ။ ဘုရားပွဲဈေးတန်း၊ ကားလမ်းနဲ့သစ်ပင်တွေကို သူတို့ သတိမရကြတော့ဘူး။ လှမ်းကြည့်မိပြန်တော့ မြင်ကွင်းက မသဲမကွဲေ၀၀ါးနေတယ်။ ဗိုလ်ဗြူးက လက်ဖမိုးနဲ့ သူ့မျက်လုံးတွေကို ပွတ်လိုက်တယ်။ ပြီးတော့ သွားတက်ကလေးပေါ်အောင် တချက်ကြိုးစား ပြီး ပြုံးပြတယ်။ သူ့အပြုံးကို မြင်ရတဲ့ သူတွေကလည်း မချိသွားဖြဲ ဖြစ်သွားကြတယ်။
စလင်းက ဥယျဉ်ခြံစိုက်ပျိုးသူနဲ့ စက်မှုလယ်ယာမှာ အမှုထမ်းသူက ဘယ်သူမှ မသိစေချင်တဲ့ စကားတွေ ပြောနေသလိုမျိုး။ သူကတော့ အဝေးမှာရှိတဲ့ ဇနီးသည်ဆီ စိတ်ရောက်နေတယ်။ ဆိတ်သိုးတကောင် ၀င်စားထားတဲ့ လှေကားထစ်တောင်ယာလို ဆံပင်မျိုးနဲ့ ပဒေသာသံခြေချင်း ၀တ်လျက် သူ့ပုံကို ဇနီးသည် မြင်စေချင်တယ်။ ဒီအတွေးကရော ပုံမှန်ဟုတ်ရဲ့လား။ ရင်တုန်တတ်တဲ့ ဇနီးကို နောက် ရင်မတုန်အောင်လို့ ကော်ဖီပြင်းပြင်းတခွက် တိုက်သလိုမျိုးလို့ သူ ထင်နေမိတယ်။
"လူတွေနဲ့ ဝေးဝေးxx ဝေးတဲ့နယ်မြေxx အတူတူသွားသွား..သွားကြမယ်လေxx နက်ရှိုင်းတဲ့ တောရဲ့ရင်ခွင်မှာပျော်နေ သဘာဝရဲ့ ရင်သွေးငယ်တွေ"
တွဲရဲ့ ဒေါင့်ဆီက သီချင်းသံ ထွက်ပေါ်လာတယ်။
"ဒီကမ္ဘာမှာ စစ် စစ် စစ် မဖြစ်ရာမြေxx တနေရာ ရှိ ရှိ ရှိ ရမယ်လေ ထာဝရ ငြိမ်းချမ်းမှု ရှာကာ ပျော်ရွှင်နေxx သဘာဝရဲ့ ရင်သွေးငယ်တွေ"
အစက တယောက်တည်း အသံ။ နောက်တော့ နဘေးက လိုက်ဆိုကြတယ်။ ဆရာတော်ကြီးရဲ့ မျက်နှာမှာ အပြုံးတဖူး ဖူးနေတယ်။
"ပိုင်ဆိုင်တာ အားလုံး စွန့်ကာလေxx မနာလိုစရာ လည်းပဲ မရှိတော့ပေxx ဘယ်သူမဆို အားလုံးတန်းတူပေxx ညီအကိုလို ကြင်နာမှုနဲ့လေxx လောကသစ်တခု တည်နေ"
သံပြိုင်ဆိုတဲ့သူတွေ ပိုများလာတယ်။ သူက ဒီသီချင်းကို အစအဆုံးမရ။ ရတဲ့အပိုဒ်တွေပဲ လိုက်ဆိုမိတယ်။ သူ့မှာ လှည့်ပတ်နေတဲ့ သွေးတွေ နွေးရာက ကြက်သီးဖျန်းကနဲ ထသွားတယ်။ ဘယ်လို ဖြစ်ကြတာလဲ။
လူတွေ၊ အသက်တွေ၊ ဖြတ်သန်းတဲ့ဘ၀တွေ၊ အတွေ့အကြုံတွေ မတူကြပဲနဲ့ စိုင်းခမ်းလိတ်ရဲ့ သီချင်းကျတော့ သံပြိုင်ဆိုနေကြပါလား။ ခံစားနေကြရပါလား။ သဘာဝရဲ့ ရင်သွေးငယ်ဆိုတာ ဘယ်သူတွေလဲ။ ဆင်မလိုက်က မှဲ့ပါတဲ့၊ ဥတ္တရမြိုင်က ပြန်လာတဲ့ အိုက်ကတွတ်ဂျာရဲ့ ဆိုသံက စူးထွက် နေတယ်။ သူတို့ အားလုံး သီဆိုနိုင်တဲ့ သီချင်းတွေ ရေးတဲ့ စိုင်းခမ်းလိတ်ကို ကျေးဇူးတင်နေမိတယ်။
အခုဆိုရင် တန်ဆောင်မုန်းလပြည့်ကျော် တရက်ည။ လမင်း ၀ိုင်းဝိုင်းစက်စက်ကြီးက ပဲခူးရိုးမ ပေါ်က တဖြည်းဖြည်းနဲ့ တိုးထွက်လာနေရော့မယ်။ သူက စိတ်ကူးနဲ့ ပန်းချီကားတချပ် ရေးနေမိတယ်။ နက်ပြာပြာ ညချမ်း၊ မြစိမ်းပြာ အလယ်ရိုးမ၊ ဘော်ငွေရောင်လမင်း တပိုင်းတစ၊ ပြီးတော့ တိမ်မျှင်ပါးပါး လေး ဟိုတစ ဒီတစ။ သူတို့ ကြည့်ချင်တဲ့ ငွေလမင်း၊ အလယ်ရိုးတို့ကို မမြင်ကြရဘူး။ သံထူပြားကြီးက ကာဆီးနေတယ်။ သြော်...ငွေလမင်း၊ အလယ်ရိုးနဲ့ သဘာဝရဲ့ ရင်သွေးငယ်တွေပါလား။ သီချင်းက နောက်တပုဒ် ပြောင်းသွားတယ်။ မှောင်ပိန်းနေတဲ့ သံလှောင်အိမ်ကြီးထဲမှာ အာရုံခံစားစရာဆိုလို့ နားသောတ အာရုံပဲ ရှိတော့တယ်။ "နံရံ မုန်းတီးသူများ ပြေးထွက်ခဲ့ဟေ့ ကျွန်တော်နေတဲ့ တဲငယ်လေး၊ မြက်ခင်းစိမ်းနဲ့ တဲငယ်လေး၊ မိုးမခတောထဲက တဲငယ်လေး" သူ့နားထဲကို "နံရံမုန်းတီးသူများ" ဆိုတဲ့ စကားက ပဲ့တင်ထပ်နေတယ်။ စိတ်ကူးထဲမှာ မိုးမခတော စိမ်းမြမြလေးနဲ့ ညိုမှိုင်းမှိုင်း သစ်လုံးတဲ ကလေး တလုံး ပုံဖော်ကြည့်နေမိတယ်။ မျက်လုံးကို မှေးစင်းထားရာက ပြန်ဖွင့်လိုက်တယ်။
ဘယ်နေရာကြည့်ကြည့် အနက်နဲ့ အမှောင်ချည်း။ ကြယ်ကလေးတလုံးတလေကိုမှ မမြင်ရ။ တခုခုကို မြင်ရလို မြင်ရငြား သူက ပြတင်းပေါက်ကို ငေးနေတယ်။ ပြည်ဝင်ခါ နီးပြီတဲ့။ ပြည်ဆောင်းက အေးမြဖို့ အရှိန်ယူနေတယ်။ ရထားကလည်း ဇောင်းထဲပြန်ဝင် အစာစားရတောမယ့် မြင်းတကောင်လို ခြေကုန်သုတ်နေတယ်။ ဆေးလိပ်မီးတွေလည်း ကျဲပါးနေပြီ။ ရုပ်ပြကာတွန်းဆရာတယောက် ဆီကပဲ ဆေးလိပ်မီးရဲရဲလေး တွေ့ရရဲ့။ ချောင်းဖြတ်တံတားလေးတခု ရထားဖြတ်တော့ မယ်လိုဒီရော၊ ဟာမိုနီရော ပိုကျယ်သွားတယ်။ ခဏနေ ဟိုမှာ ပြည်မြို့။ ပြည်ရွှေဆံတော်ကို မီးရောင်တွေကြားမှာ ရွှေရောင်တ၀င်းဝင်းနဲ့ လှမ်းဖူးရတယ်။ ရထားလမ်းဆုံး ပြည်ကို ရောက်တော့မယ်။ သူတို့ ပြည်မှာ နေရမှာလား။ မဖြစ်နိုင်ဘူး။ ပြည်ထောင်က 'ဂ' အဆင့်ထောင်လို့ ကြားဖူးတယ်။ ကိုင်းကြီးကြီး နားသူတွေကို ထားလို့ မရဘူး။ ဒါဖြင့်ရင် ဘယ်ထောင်ပို့မှာလဲ။
ဒီဇယ်မီးခွက် မှိတ်တုတ်တုတ်နဲ့ တဲငယ်လေးတချို့ ဟိုတစု။ ဒီတစု။ ဘာလုပ်စားကြတဲ့ မိသားစု တွေလဲ။ လယ်သမားတွေလား။ တံငါတွေလား။ မီးရထားလမ်း အလုပ်သမားတွေလား။ ဆီးနှင်းတွေ ကာနေတာကြောင့် လရောင်က လင်းသင့်သလောက် မလင်းဘူး။ လေးပေမီးချောင်း၊ မော်တော်ကားမီး၊ မာကျူရီမီး၊ တိုက်တာ အဆောက်အဦး။ မြို့ပြ အမှတ်အသားတချို့ မြင်နေရပြီ။ ဘူတာနားက တန်းလျားတွေကတော့ မှောင်နဲ့ မဲမဲလေးတွေ။ ဒိပြင်မြို့တွေကလို မီးရထားအလုပ်သမား တန်းလျားတွေ လို့ သူ ထင်တယ်။ ပြည်ဆိုပြန်တော့လည်း သူ့ မိတ်ဆွေ သီဟတင်ထွဋ်ခင်ကို သတိရပြန်ရော။ သူ့မိတ်ဆွေက အင်းစိန် သုံးဆောင်မှာ ကျန်ရစ်ခဲ့ပြီ။
ရထားက လော်ကယ်ရထားပီပီ မျက်နှာမွဲမွဲ ချောင်ကျကျ ခပ်မှောင်မှောင် တနေရာမှာ သွားရပ် တယ်။ သူတို့တွဲအောက်ကို စမ်းတ၀ါးဝါးနဲ့ ဆင်းကြရတယ်။ လိုက်ပို့တဲ့ ကြယ်ပွင့်တွေက "ရေအိုးတွေ ပါအောင် ယူခဲ့ကြဟေ့။ နောက်တနေ့ ခရီးဆက်ရအုံးမယ်" ခရီးဆက်ရအုံးမယ် ဆိုပါလား။ ပြည်မြို့ရဲ့ အထက်မှာ ရှိတဲ့ သရက်ထောင်၊ ပခုက္ကူထောင် တို့ကို ပြေးပြီးသတိရမိတယ်။ အချိန်က ရှစ်နာရီကျော် လောက် ရှိပြီထင်ရဲ့။ ပြည်ဘူတာမှာ သူတို့ ကိုးဆယ့်ကိုးယောက်ရဲ့ ခြေချင်းသံတွေက ညံနေတယ်။
ရန်ကုန် အမြန်ရထားစီးကြမယ့် ခရီးသည်တွေနဲ့ လိုက်ပို့သူတွေ ဘူတာမှာ ပြည့်နေတယ်။ ဒီထဲမှာ သူတို့ အသိမိတ်ဆွေများ ပါလေမလားလို့ ရှာကြည့်သေးတယ်။ တယောက်မှ မတွေ့ကြဘူး။ ဘူတာအပြင်မှာ ကားနှစ်စီးက အသင့်စောင့်နေတယ်။ တစီးက အချုပ်ကား။ တစီးက အမိုးမပါတဲ့ ဘီအမ်ကား။ ခရာသံ တတွီတွီနဲ့ လမ်းကြောင်းရှင်းရင်း ကားတွေ အမြန်မောင်းထွက်လာကြတယ်။ ပြည်ရွှေဆံတော်ဘုရားပွဲရှိတဲ့ ပြည်မြို့က စည်နေတယ်။ ဒီနှစ် စွယ်တော်လှည့်တဲ့နှစ်တဲ့။ ပွဲဈေးသွား သူတွေ၊ တည်းခိုခန်းတွေ၊ ဗိုလ်ချုပ်ရုပ်ထုတို့ တရိပ်ရိပ်နဲ့ ကျန်ရစ်ခဲ့ပြီ။ သူတို့က မြို့လယ်မှာရှိတဲ့ ထောင်ရှေ့ ရောက်နေကြပါပေါ့လား။
ပြည်ထောင်က လူတွေက သူတို့ကို သစ်သားတန်းတွေကြားက မသိမသာ လှမ်းကြည့်နေ ကြတယ်။ ထောင်ဝင်းထဲက စေတီတော်ကလေးနားက ဖြတ်ပြီး ဆေးရုံဆောင်မှာ နေရာချထားပေး တယ်။ အပေါ်ထပ်မှာ အများစု၊ တချို့က အောက်ထပ်မှာ။ သူက အောက်ထပ်မှာ အိပ်ရတယ်။ ပြည်ထောင် ငွေတထောင်ပါရင် မိန်းမတောင် မလွမ်းဘူးဆိုတဲ့ ဆိုရိုးစကား ကြားဘူးတယ်။ အောက်ထပ်မှာ စစ်တုရင် ခုံရှိတယ်။ မောင်စိန်ဝင်း(ပုတီးကုန်း)နဲ့ မိုမို (ဆေးတက္ကသိုလ်) တို့ကို တွေ့ခဲ့ တယ်။ အင်းစိန်မှာ လကို မမြင်ရတာ ကြာခဲ့သူတွေ ပြည်မှာ သာတဲ့လကို ခံစားရတဲ့ ညပေါ့။ လမင်းက ၀ိုင်းစက်စက်။ တချပ်ပေါ်တချပ် ဆင့်ထားတဲ့ အုတ်ခဲတွေပေါ်က တရွေ့ရွေ့မြင့်တက်လာနေပြီ။ အဟူဂျာ ဓါတ်ပုံတိုက်က ရိုက်ထားတဲ့ ခေတ်ဟောင်း မန္တလေးမဟာမုနိပုံတော်ကို အဲဒီအထဲမှာ သူဖူးခဲ့ရသေး တယ်။ အဲဒီတုန်းက မဟာမုနိကိုယ်တော်က ကိုယ်လုံးတော် ခပ်သွယ်သွယ်ပဲ ရှိသေးတယ်။
နောက်တနေ့ နှစ်ဆယ်သုံးနိုဝင်ဘာ မနက်အစောကြီးမှာ အိပ်ရာက ထကြရတယ်။ ထမင်းထုပ် တွေ ဝေတယ်။ လုံခြုံရေးယူသူတွေက သံခြေချင်းကို စနစ်တကျ စစ်တယ်။ ငါး၊ ခြောက်၊ ခွန်နစ်၊ ရှစ်.... အမှတ်စဉ်အော်ပြီး အပြင်ဘက် ထွက်ကြရတယ်။ အပြင်မှာ အချုပ်ကား အဆင်သင့် စောင့်နေပြီးသား။ ကားပေါ်ကို တ၀က်လောက် ရောက်ပြီးမှ အားလုံးပြန်ဆင်းခိုင်းပြီး ထောင်ထဲ ပြန်ထည့်လိုက်တယ်။ ဒီတခါ လွဲချော်မှုကတော့ သင်္ဘောရောက်မလာတဲ့ လွဲချော်မှုတဲ့။ သင်္ဘောဆိုပါလား။ ရေလမ်းခရီး ကျန်သေးတယ် ဆိုတဲ့ သဘောပဲ။ ပြည်မှာတရက် ထပ်ပြီး နေရတယ်။ ပြည်ထောင်က သူတို့ကို ထမင်း သုံးနပ် ကျွေးလိုက်ရတဲ့ နေ့ပေါ့။
နှစ်ဆယ့်လေး နိုဝင်ဘာမှ ပြည်ထောင် အမှန်တကယ်အစစ် ထွက်ခွါလာကြရတယ်။ မနေ့က လိုပဲ အစောကြီးထရ၊ ထမင်းထုပ်တွေ ယူကြရတယ်။ ထမင်းထုပ်ထဲမှာ မနေ့ကလိုပဲ ဘဲဥတွေ ပါလာ တယ်။ အာရုဏ်တောင် မပျိုးသေးဘူး။ သူတို့ ဆိပ်ကမ်းကို ရောက်နေပြီ။
ပြည်မြို့က ကျောက်ပုံဆိပ်ကမ်းဆိုတာ ဒီဟာထင်ရဲ့။ ရေကျချိန်မို့ ကမ်းပါးက တော်တော်စောက် တယ်။ သင်္ဘောပေါ်မှာပဲ မီးတွေလင်းနေတယ်။ ပါတ်ဝန်းကျင်က မှောင်လို့။ သူ့မိတ်ဆွေ ကွန်ပြူတာ ဆရာက ပြုံးပြနှုတ်ဆက်ရင်း မနေ့က အိပ်လို့ ပျော်ကြရဲ့လားလို့ မေးနေတယ်။ ထောင်ပြောင်း ကိုးဆယ့်ကိုးယောက်မှာ အရင်ဆုံးလွတ်မယ့် လွတ်ခါနီး ပျဉ်းမနားမျိုးဆက်လေးက ဆရာတော်ကြီးရဲ့ အိပ်ရာလိပ်ကို ကူညီသယ်ပေးနေတယ်။ သင်္ဘောပေါ်အတက်မှာ ထန်းခေါက်တောင်ထဲ ပိုးလိုးပက် လက်လန်နေတဲ့ နတ်ရုပ်တွေက သူတို့ကို ဆီးကြိုနေကြတယ်။ မင်္ဂလာမနက်ပါ ကိုကြီးကျော်။
အပေါ်ထပ် အနောက်ဖက်ခြမ်းမှာ သူတို့အားလုံး တန်းစီနေရာယူကြရတယ်။ အရှေ့ဆီက ရောင်နီ ပျိုးလာပြီ။ ပြည်ဆောင်းကလဲ အပွေ့အဖက် ကြမ်းတာပါပဲလား။ သင်္ဘောရဲ့ ကုန်ပတ်ပေါ် အသက်ကယ်ဘောမှာ 'တမန်' လို့ ရေးထားတယ်။ သြော်...'တမန်' တဲ့လား။ ဘယ်သူတွေကို စေမယ့် 'တမန်' လဲ။ ကြိုးကြာတွေကိုလား။ ဘယ်ကို စေမယ့် 'တမန်' လဲ။ ရေမြေတဆုံး စေချင်ရာစေတော့ 'တမန်' ရေ။
သူ့ရေစီးသံကြောင့် ပတ်ဝန်းကျင်ကို အနှောက်ယှက်ဖြစ်မှာ စိုးနေပုံရတယ်။ မြစ်မင်းဧရာက အသံတိတ် ဧကစာရီကျင့်နေတယ်။ တယ်လဲ ချစ်စရာကောင်းတဲ့ ဧရာဝတီပါလား။ ဒီမြစ်ရေတွေက သူတို့ မြို့ကို ဖြတ်စီးခဲ့တဲ့ မြစ်ရေတွေ။ သူ့မိတ်ဆွေ ကဗျာဆရာ၊ ဆံသဆရာ ယုထင် ဆင်းဆင်းပြီး ရေချိုးခဲ့တဲ့ မြစ်ကြီးပေါ့။ သူ့ရဲဘော် ကိုကျော့မောင်နေတဲ့ ဂင်ဂဲကို ဖြတ်စီးခဲ့တယ်။ ကဗျာဆရာ (ကို)လေးမောင်ရဲ့ မြင်းခြံ၊ အောင်ကျော်ဆန်းနေခဲ့တဲ့ မြင်းခြံကို ဖြတ်စီးခဲ့တယ်။ သူက မန္တလေးထောင်ထဲ မှာရှိနေတဲ့ အောင်ကျော်ဆန်းကို သတိရနေတယ်။ ကိုယ့်လူ အလကားနေမယ့် သူတော့ မဟုတ်ဘူး။ ကိုယ့်ဘ၀ တိုးတက်ရာ တိုးတက်ကြောင်းအတွက် အလုပ်တခုခု လုပ်နေမယ့်လူ။

အပိုင်း(၂)ပြီး။

No comments: