Monday, April 7, 2008

လူထုအမေသက်တော်ရှည်
ရေးသူ-လူထုသားချစ်








[၁၃၆၅ ခု၊ နတ္တော်လဆန်း၊ ၂၀၀၃ နိုဝင်ဘာလ ၈၈နှစ်မြောက်အမေမာ(လူထုဒေါ်အမာ) မွေးနေ့အတွက်၊ ရည်စူးထုတ်ဝေခဲ့တဲ့ မာယာမဂ္ဂဇင်းမှ ပြန်လည်ကူးယူဖော်ပြပါတယ်။]


နိဒါန်း
လူထုဒေါ်အမာရဲ့ ရုပ်ပုံလွှာ
ကဗျာကလေးတွေနဲ့ ရေးခြစ်
ပြည်သူချစ်တဲ့ သတင်းစာဆရာ
ပြန်ပြောင်းသတိရစရာတွေပါ။




(၁)
သူ့ကိုသူ ဒေါ်ဒေါ်တဲ့
အသက်က ၄၀ ကျော်စ,ကလေး
အတော်ငယ်ပါသေးရဲ့
အရေးတော်ပုံကလာတဲ့ သတင်းစာဆရာ
လူငယ်တွေအပေါ်ကြင်နာရှာတယ်
အညာဆန်ဆန်အလှနဲ့
တက်ကြွထက်သန်
အားမာန်ရှိတဲ့ ရုပ်အသွင်
မြင်ရုံနဲ့ကြည်ညိုမိတယ်
သူ့ကလောင်ကတော့
စိန်ဗေဒါထက်တောင်
လက်သံပြောင်သေးတယ်။
အဲဒီတုန်းက
ဗီယက်နမ်မှာ အမေရိကန်နယ်ချဲ့သမားတွေ
ရမ်းရမ်းကားကားမွှေနှောက်
စစ်အင်အားနဲ့ခြောက်ခဲ့တာမဟုတ်လား။
ဒေါ်အမာရဲ့
'လှုပ်ရှားနေသောကမ္ဘာ' ကဏ္ဍက
နယ်ချဲ့လုပ်ရပ်မှန်သမျှ
ထောက်ပြဝေဖန်
လူထုကို အမြင်မှန်စေခဲ့တယ်။

(၂)
သမီးအကြီးက သန်းရင်မာ
ဆေးကျောင်းသူ သမီးရတနာ။
ကိုစိုးဝင်း ပြုံးချိုချိုနဲ့
တက္ကသိုလ်တက်စ ထင်ပါရဲ့။
ဖိုးသံချောင်း ခေါ် မောင်ချစ်ခင်
စိန်ပီတာမှာ စာသင်တုန်း။
မတင်ဝင်း ပိန်ရှည်ရှည်ကလည်း
ဣနြေ္ဒရရနဲ့
ကျောင်းကအပြန်လွယ်အိတ်ကလေးချလို့။
ဗိုလ်ညိုခေါ်ညီပုလေး
ပြေးတုန်းလွှားတုန်း ဘော့လုံးကန်တုန်းနေမှာပေါ့။
ပွါးစီးလာတဲ့ သားသမီးရတနာတွေကလဲ
လိမ္မာယဉ်ကျေး၊ ချစ်စရာကလေးတွေပဲ။
ဦးလေးနဲ့ဒေါ်ဒေါ်ကလဲ
အမြော်မြင်ကြီးကြီးနဲ့
သားသမီးကို ပျိုးထောင်ရင်း
ကလောင်ကလဲထက်ထက်
နတ်ဖက်တဲ့ လင်မယား
နားမျက်စိ ရှင်ရှင်ထားပြီး
အများအတွက် တရားဖက်ရအောင်
အားတက်ရွှင်လန်း၊ နိုင်ငံ့ဝန်ထမ်းခဲ့တာ
ဝမ်းမြောက်နုမော်၊ သာဓုခေါ်စရာပါ။

(၃)
ဆရာကြီးရွှေဥဒေါင်းကတော့
လူထုရဲ့ဦးခေါင်းပေါ့။
နှလုံးသားကတော့
အပြုံးများတဝေေ၀နဲ့
အဖေ အမေ ပမာ
ဦးလေးလှနဲ့ ဒေါ်ဒေါ်မာ။
လူထုကို အသရေတက်စေတဲ့
ခြေလက်ပမာ အယ်ဒီတာများကတော့
သူရ(ရှမ်းပြည်) ခေါ် ဦးထွန်းဖေ
ဒေါနတောင်ခြေက မောင်မဲ၊
ထောင်ထဲသွားရရှာတဲ့ မောင်နေ၀င်း
မင်းသူရိန်တို့၊ ကိုသိန်းဟန်တို့လဲပါသေးရဲ့။
မန္တလေးက အောင်ဝင်း(စိတ်ပညာ)တို့ကလဲ
ဝါရင့်သမ္ဘာရင့် စာမြင့်မြင့်တွေရေးတဲ့ စာရေးဆရာတွေပေါ့။
တက္ကသိုလ်ဝင်း၊ မောင်သာနိုးတို့ဝိုင်းကလဲ
အချိန်ပိုင်းအယ်ဒီတာဆိုထင်ပါ့၊
ပညာရှိဦးဆန်းထွန်းတို့ကလဲ
လူထုရဲ့ ရိပ်ကွန်းမှာခိုလှုံခဲ့သူတွေပါ။
တက္ကသိုလ်မောင်စောလွင်၊ လူထုမောင်သစ်လွင်
ရွှေပြည်ဦးဘတင်ရဲ့သား ကိုတင်ဝင်း
လူထုစိန်ဝင်းတို့တတွေသာမက
ဦးဝင်းဖေ၊ ပေါ်ဦးသက်တို့ကလဲ
ပန်းချီဘက်က တအားတအင်မဟုတ်လား။
လူထုတိုက်သားများရဲ့အပေါ်က
ဆရာတော်ရွှေကိုင်းသားလဲ ရှိလေရဲ့။
မောင်သိန်းနိုင်၊ မောင်မိုးသူနဲ့ အမြင်မျိုးတူယောင်
တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်
အင်းဝဂုဏ်ရည်ကကိုလေးတို့ကတော့
ကွမ်းသွေးနီနီနဲ့ လက်ဖက်ရည်ဆိုင်ထိုင်သမားတွေ
စတိုင်ထွားထွားနဲ့
လျှာဖျားတပွတ်ပွတ်၊ အာဝါးလွှတ်ပြီး
ကဗျာများရွတ်နေကြရော့ထင့်။
ပြီး-လက်ဖျားတချက်နှိပ်ရုံနဲ့
ပုံရိပ်တွေတသီတတန်းထွက်တဲ့
သတင်းရဲ့အသက် ဓာတ်ပုံဆရာတွေကလဲ
စေတနာလှတဲ့ ကိုသိန်းတန်နဲ့ကိုရွှေ
ညိုညိုရှည်ရှည်နဲ့ကိုလှမြင့်တယောက်
နတ်မောက်ထွန်းရှိန်တို့လဲ ပါသေးရဲ့။
စာစီခန်းက ကိုတင်ရွှေ
ပုံနှိပ်မင်တွေ တပေပေနဲ့ အလုပ်ဆင်း
ဦးစိုးဝင်းကလဲ
တလုံးချင်း စာပြင်နေတာကို မြင်ယောင်ယောင်။
ကိုမောင်မောင်ကတော့ မန်နေဂျာချုပ်
လူထုရဲ့ဦးထုပ်ပေါ့ဗျာ။
ဧည့်ခန်းအ၀င်ဝမှာ တလှုပ်လှုပ်နဲ့
အလုပ်လုပ်နေလေရဲ့။
ဒီလို လူထုဝိုင်းတော်သားတလှေကြီးနဲ့
စာပေခရီးလှော်ခတ်ခဲ့ကြတာ
အမှတ်ရလွမ်းဆွတ်မိသေးတယ်။

(၄)
လူထုလမ်းကိုလိုက်တဲ့
လူထုတိုက်လူထုနေရာဟာ
စာပေ အနုပညာ ဘုံရိပ်သာပါ။
မန္တလေးရဲ့ရနံ့
တပျံ့ပျံ့သင်းနေတဲ့
လူထုစာပေပွဲခင်းပါ။
အမေမာဟာ
အကြေအညာက စာပေမိခင်ပါ။
စာပေအနုပညာ၊ ပန်းပွင့်ရာမှာ
လိပ်ပြာတောင်ပံ တဖြတ်ဖြတ်ခတ်ပြီး
စာပေစိတ်ဓာတ် မျိုးစေ့ချဖို့
ထာဝရ အသက်ရှင်နေမှာပါ။
အမေမာ မသေပါ၊
ရာစုထောင်ချီပြီး
တောင်ဒီပါဇမ္ဗူကျွန်းမှာ
လွမ်းရစ်ဖွယ့် အခြေအနေ
ထွန်းသစ်မယ့် အမေပါ။

လူထုသားချစ်
၉ရက်၊ စက်တင်ဘာ ၂၀၀၃ခု။


No comments: