[၁၉၉၇ အောက်တိုဘာလထုတ် မာယာတွင် ဖော်ပြပြီး ယခု အင်တာနက်မဂ္ဂဇင်းတွင် ထပ်မံဖော်ပြခြင်း ဖြစ်ပါတယ်။]
(က)
ကျွန်တော့်မိတ်ဆွေ အယ်ဒီတာတယောက် ဆောင်းပါးတောင်းရန် ရောက်လာသည်။ တကယ် တိတိကျကျ ရေးရရင်တော့ အယ်ဒီတာဟောင်းဟု ရေးရမည် ထင်သည်။ သို့သော် သူက သူထုတ်ဝေမည့် စာစောင်သစ်အတွက် ဆောင်းပါးလာတောင်းသည် ဆိုတော့ အယ်ဒီတာဟု ရေးလည်း ရနိုင်သည်။ အခြား ဝေါဟာရဖြင့် သုံးရလျင် သတင်းစာဆရာ ဟူ၍ ဖြစ်မည်။
'သတင်းစာဆရာ' ဟူသော ဝေါဟာရမှာ အဓိပ္ပါယ် ကျယ်ဝန်းလှသည်။ သတင်းစာဆရာ၊ ဂျာနယ်၊ မဂ္ဂဇင်း အယ်ဒီတာကို ယေဘူယျအားဖြင့် သတင်းစာဆရာဟု ခေါ်ကြသည်။ (သတင်းစာဆရာကို စာရေးဆရာဟုတော့ မခေါ်ကြတော့။)
"ဘယ်လို စာစောင်မျိုး ထုတ်မှာလဲ"
'သတင်းနဲ့စာပေ ဆောင်းပါး မျိုးစုံ' ကျွန်တော် အကြမ်းဖျင်း နားလည်လိုက်သည်။ အယ်ဒီတာက ဆက်လက်၍ 'ဒိုင်ဂျက် သဘောမျိုး ဆန်ဆန်' 'ဒိုင်ဂျက်' ဟူသော စကားလုံး အဓိပ္ပါယ်ရင်းမှာ 'အစာကြေညက်ခြင်း' ဟူ၍ဖြစ်သည်။ မြန်မာဆန်ဆန်ပြောရလျင် မိခင်က ကလေးပေါက်စကို အစာဝါးပြီး ကျွေးခြင်းကို တင်စားသည့် သဘောပင်။ စာစောင် စာအုပ်များထဲမှ ကောင်းနိုးရာရာ ရွေးချယ်ကာ အတိုချုံးပြီး ဖော်ပြသော နည်းဖြစ်သည်။ အချိန်အနည်းငယ်နှင့် ဖတ်နိုင်အောင် တင်ပြသော နည်းဖြစ်သည်ဟု ဆိုရမည်။ ကြေညက် အောင် ၀ါးပြီးသား စားရခြင်း ဖြစ်၍ မိမိက အစာချေရန် အားထုတ်စရာ မလိုတော့။ အထူးသဖြင့် အချက်အလက်ကိုသာ အခြေခံသော 'သတင်းပေး' ဆောင်းပါး အမျိုးအစားက များသည်။ ကမ္ဘာအရပ်ရပ်တွင် ယင်း 'ဒိုင်ဂျက်' များ ခေတ်စားသည်။ ဒိုင်ဂျက်တွင် ဆောင်းပါး အသစ်မပါ။ ပါပြီးသား ဆောင်းပါးတွေထဲက ထုတ်နှုတ်ဖော်ပြခြင်း သာဖြစ်သည်။ ယင်း ဒိုင်ဂျက် မဂ္ဂဇင်းစာစောင်များမှာ ဖတ်ချင်စဖွယ် ဘာသာရပ် စုံကြသည်။ စာအုပ်ကဏ္ဍ ဟူ၍ တခန်းဖွင့်ကာ နာမည်ကြီးစာအုပ်၏ အတိုချုံးစာ (၀ါးပြီးသားစာ) ပါသည်။ စာစောင်များများ ထုတ်ဝေသော နိုင်ငံကြီးများတွင် ဒိုင်ဂျက်သည် လူကြိုက်များသည်။ ပင်ရင်းစာများကို အချိန်ကုန်ခံ ဖတ်စရာမလိုပဲ ဒိုင်ဂျက်ဖတ်ရုံနှင့် သိနိုင်သည်ဟု ဆိုကြသည်။
ယခု ကျွန်တော့် မိတ်ဆွေအယ်ဒီတာ ပြောသည့် ဒိုင်ဂျက်ဆန်ဆန် ပုံစံမှာ အခြားနိုင်ငံတို့မှ ဒိုင်ဂျက် စစ်စစ်ပုံစံ မဟုတ်ပဲ ဘာသာရပ်စုံ သဘောသာ ယူမည်ဟု ခန့်မှန်းရသည်။
'သတင်းပေးတဲ့ ပုံစံကကော'
'သတင်းဆောင်ပါး သဘောပါပဲ'
ကျွန်တော် နားလည်လိုက်ပါပြီ။ အမေရိကန် တိုင်းမဂ္ဂဇင်းဟန်မျိုး ဖြစ်မည်။ ထွက်လာမှ သူ့ပုံပန်းကို မြင်ရတော့မည်။ သတင်းနှင့်စာပေဟု ပြောရာတွင် ရသစာပေဖြစ်သော ၀တ္ထု၊ ကဗျာတို့တော့ ပါဝင်မည် မထင်ပေ။
ယနေ့ခေတ် ဝေါဟာရနှင့် ဆိုလျင် သုတနှင့် ရသ။ သုတမှာ သတင်း၊ ရသမှာ စာပေ (ရသစာပေ)။
ကျွန်တော့်မိတ်ဆွေ စီစဉ် ထုတ်ဝေမည့် စာစောင်မှာ သည်ဘောင်အတွင်းထဲမှ ဖြစ်မည်။ ရသစာပေအကြောင်း ဆောင်းပါးများ ပါချင်ပါမည်။
ကျွန်တော့်ထံ ဆောင်းပါးလာတောင်းသည်ကို ထောက်၍ ရသစာပေအကြောင်း ရေးသားသည့် ဆောင်းပါးများကို လိုချင်၍ ဖြစ်မည်။
ကျွန်တော်က သုတသမားမဟုတ်။
(ခ)
'သတင်း' ဟူသော အဓိပ္ပါယ်မှာ ကျယ်ဝန်းသည်။ သတင်းစာတွင်ပါသော သတင်း၊ နေ့စဉ်ဖြစ်ပျက်နေသော သတင်းဖြစ်သည်။ သတင်းကို ဝေဖန်ချက်နှင့် ဖော်ပြခြင်းမျိုး ရှိသည်။ အထူးသဖြင့် ဂျာနယ်များက ယင်းအလုပ်ကို လုပ်ကြသည်။ သတင်းနှင့်ထင်မြင်ချက် ဖြစ်သည်။ သတင်းကို ရသဟန်ဖြင့် ဖွဲ့နွဲ့ခြင်းမျိုးလည်း ရှိသည်။ မစ္စက်ဂန္ဒီ လုပ်ကြံခံရသော အကြောင်း ဖော်ပြရာတွင် လုပ်ကြံခံရပုံကို ၀တ္ထုပမာ မြင်ကွင်းပေါ်အောင် ဖွဲ့နွဲ့ပြီး မစ္စက်ဂန္ဒီ၏ သမိုင်း ကြောင်းကို ခြေရာကောက်ထားသည်။ ရသဟန် သတင်းဝေဖန်ချက် ဆောင်းပါးဟု ဆိုရ ပေမည်။
'သတင်း' ဆိုသည်မှာ လူ့အကြောင်း၊ လူသိများအောင် ဖြန့်ဝေသော စာပေအမျိုးအစား ကို အမည်ပေးထားသော အနုပညာဝေါဟာရ ဖြစ်သည်။ သုတဟု ယခုခေါ်နေကြသည်။ ခံစားမှု အနုပညာဟန် အဖွဲ့အနွဲ့နှင့် မတူ။ ရသစာပေနှင့် မတူ။
ယခုအခါ လစဉ်မှန်မှန် ထုတ်ဝေသော စာစောင်၊ မဂ္ဂဇင်းများ ၃၀ခန့် ရှိမည်ထင်သည်။ တခါမျှ သည်လောက် များများ မရှိခဲ့။ ၀မ်းသာစရာပင်။ ကောင်းသောလက္ခဏာဟုပင် ဆိုရမည် ထင်သည်။ ယခု နှစ်ဆန်းတွင် မဂ္ဂဇင်းသစ်များ စီရရီ ထွက်လာကြသည်မှာ အားရစရာပင်။
မဂ္ဂဇင်းများမှာ ဘာသာရပ်လဲ စုံသည်။ ဘာသာရပ် အခေါ်အဝေါ် အမည်များဖြင့်ပင် ထုတ်ဝေကြသည်။ ရုပ်ရှင်၊ ဂီတ၊ ပန်းချီ၊ သိပ္ပံ၊ ဗေဒင်၊ အမျိုးသမီး၊ ဘာသာရေး.. စသည် စုံသည်။
ယင်း မဂ္ဂဇင်းစာစောင်များတွင် သတင်းပေးအင်အား၊ သုတအင်အားက ကောင်းနေ သည်။ 'ထူးပေ့ဆန်းပေ့သည်' သုတများကလည်း မနည်း။ ကမ္ဘာပေါ်တွင် အရပ်အရှည်ဆုံးလူ၊ ခေါက်ဆွဲအစားနိုင်ဆုံး ယောက်ျား၊ ဆန်တပြည်တွင် ဆန်စေ့ဘယ်နှစ်လုံးပါသည်... စသည်မျိုး။ အရောင်းရ တွင်ကျယ်သည်ဟု ကြားရသည်။ စီးပွါးရေးလုပ်ငန်းအနေဖြင့် အောင်မြင်သည်ဟု ဆိုနိုင်သည်။ ယင်းမဂ္ဂဇင်းများတွင် ရသ အင်အားကတော့ နည်းနေသည်။
'အခု ထုတ်နေကြတာကတော့ ရောတိရောရာတွေက များတယ်၊ ခင်ဗျားကကော ရည်ရွယ်ချက် ရှိသလား'
ရင်းနှီးသူမို့ မေးလိုက်ရခြင်း ဖြစ်သည်။
'မျိုးဆက်သစ် လူငယ်တွေအတွက် ရည်ရွယ်တာပဲဗျာ'
ကြိုက်သွားပြီ။
ကျွန်တော့်မိတ်ဆွေမှာ လူငယ်အဖွဲ့အစည်းများ၊ အလုပ်သမား အဖွဲ့အစည်းများတွင် ပါဝင်ဖူးသူ၊ ကျောင်းဆရာ လုပ်ဖူးသူ ဖြစ်၍ စာအုပ်ကုန်သည်များထက်တော့ သာမည် ထင်ရသည်။
'ကျွန်တော် ဘာရေးပေးရမလဲ'
'ကြိုက်ရာရေး'
ကြိုက်သွားပြန်ပြီ။
'မျိုးဆက်သစ် လူငယ်တွေအတွက်' ဟူသော ရည်ရွယ်ချက်၊ ကျွန်တော် ကြိုက်သော ရည်ရွယ်ချက်။ မိမိ လုပ်နိုင်တာ မလုပ်နိုင်တာ အပထား။
လွန်ခဲ့သော ၁၅နှစ်ကျော် အနှစ် ၂၀ အတွင်းက ကျွန်တော်ရေးခဲ့သော စာများမှာ မျိုးဆက်သစ် လူငယ်များသို့ ဓမ္မဓိဌာန်အားဖြင့် ရည်မှန်းခဲ့သည်။ သူတို့ ဖတ်စေချင်သည်၊ သူတို့ ဆိုသည်မှာ လူငယ် စာဖတ်ပရိသတ် ဖြစ်သည်။
ယင်းသို့ ခံစားသည်မှာ အကြောင်းမဲ့ မဟုတ်။ မျိုးဆက်ကွာဟမှုကို ဆက်ပေးချင်၍ ဖြစ်သည်။ ကျွန်တော်က ခေတ်တခေတ်ကို ထူထောင်သူမဟုတ်။ ကျွန်တော်က နိုင်ငံရေးသမား မဟုတ်။ ကြိုးဆက်သည့် အလုပ်တော့ လုပ်ချင်သည်။
အတိတ်ကြိုးဆက်နှင့် ပစ္စုပ္ပန်ကြိုးဆက်။ အတိတ်မှ ပစ္စုပ္ပန် သို့ရောက်၍၊ ပစ္စုပ္ပန်မှ အနာဂတ်သို့ ရောက်မည်။ သည်ကြိုးမှာ တဆက်တည်းဖြစ်သည်။ ဆက်ထုံးမရှိရ။ အတိတ်ကောင်းမှ ပစ္စုပ္ပန်ကောင်းမည်။ ပစ္စုပ္ပန်ကောင်းမှ အနာဂတ်ကောင်းမည်။ ပဒိုင်းပင် မျိုးစေ့ ကြဲပြီး၊ ပန်းခူးချိန်တွင် နှင်းဆီပန်းခူးချင်၍ ရမည် မဟုတ်ပေ။ မျိုးဆက်ဆိုသည်မှာ မျိုးစေ့။ ငှက်ကလေးတကောင်က အပွင့်ကို ချီ၍ တော၊ တောင်၊ မြစ်၊ ချောင်း ကျော်ကာ ကြဲချ၍ မျိုးစေ့ပွါးသွားခြင်း မဟုတ်လား။
ကြိုးဆက်သူမှာ အတိတ်ကြိုးနှင့် ပစ္စုပ္ပန်ကြိုးစတို့၏ အင်အားနှင့် အမျိုးအစားတို့ကို လေ့လာရသည်။ စစ်ဆေးရသည်။ မလေ့လာ၊ မစစ်ဆေး၍ မဖြစ်။ သံမဏိကြိုးနှင့် အပ်ချည်စ ဆက်ပေး၍ ရမည်မဟုတ်။ ခိုင်မည်လည်း မဟုတ်။ သည်တော့ ကြိုးဆက်သူ ကျွန်တော်က တောက်ပသော အတိတ်ကို ဖော်ရသည်။ မဖော်၍ မဖြစ်။ အတိတ်သံမဏိကြိုးကို ရှာရသည်။
ကျွန်တော် ဖော်ပြသော အတိတ်က ပုဂံခေတ်မဟုတ်။ အင်းဝခေတ်၊ ကုန်းဘောင်ခေတ် လဲ မဟုတ်။ ကျွန်တော်က မှန်နန်းရာဇ၀င်တော်ကြီးကို ရွတ်ပြနေသည် မဟုတ်။ ကျွန်တော်က ကျွန်တော့် ခေတ်ပြိုင်ကိုသာ လေ့လာသည်။ ကျွန်တော်မီသော၊ တွေ့ကြုံခံစားရသော၊ ရာစုနှစ်ဝက်မျှ ရှိသော ခေတ်ပိုင်းကိုသာ ပြောသည်။ ကျွန်တော်မမီသော ခေတ်ကို မပြော။ ၀ံသာနုခေတ်ကို မပြော၊ ကျွန်တော်မမီ။ ကျွန်တော်မီသော ၁၉၃၆ ကျောင်းသားသပိတ်၊ ၁၃၀၀ ရာပြည့် အရေးတော်ပုံခေတ်မှ စ၍သာ ပြောသည်။ ကျွန်တော် ခံစားခဲ့သည့် ခေတ်ပြိုင်သမိုင်း အမြင်ဖြင့် ကြည့်လျင်တော့ အနှစ် ၅၀ ဆိုသည်မှာ ဘာမျှမရှိ။
ကျွန်တော်က အတိတ်က သံမဏိကြိုးဆက်ကိုသာ ရွေး၍ လေ့လာခြင်း ဖြစ်သည်။
ကျွန်တော်က အတိတ်သံမဏိ ကြိုးဆက်နှင့် ပစ္စုပ္ပန်ကြိုးစ သံမဏိမျှင်ကိုသာ ဆက်ချင် သည်။ (ပစ္စုပ္ပန်ကြိုးမျှင် တို့မှာလည်း နိုင်လွန်ကြိုးမျှင်၊ ဒစ္စကိုကြိုးမျှင်၊ ထိုင်းကော်တွန်မျှင်တို့ ရောနှောလျက် ရှိသည် မဟုတ်လား။) သံမဏိ-သံမဏိချင်း ဆက်မှသာ အမျိုးမှန်မည်၊ မျိုးဆက်မှန်မည်၊ မျိုးစေ့မှန်မည်။ ပစ္စုပ္ပန် မျိုးစေ့မှန်မှ အနာဂတ်မျိုးဆက်ကောင်းမည်။
ကျွန်တော် ဖော်ပြသော အတိတ်က အနော်ရထာမင်းစောခေတ် မရောက်။ ကျွန်တော်၏ လူငယ်ဘ၀ အတွေ့အကြုံကာလပိုင်း၊ ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုခေတ်၊ ဒီမိုကရေစီ လူထုလှုပ်ရှားမှုခေတ် တို့သာဖြစ်သည်။ ၁၉၆၀ ခုနှစ်ကို အလယ်ဗဟိုထား၍ စောစောဘက်ခေတ် အတိတ်ကာလကို သာပြောသည်။
'မျိုးဆက်သစ်လူငယ်' ဟူသော စကားရပ်က ရွေ့လျားနေသော စကားရပ် ဖြစ်သည်။ အချိန်ကာလ ခုနှစ် သက္ကရာဇ်ဖြင့် ဖော်ပြရန်ခက်သည်။ ယခု ၁၉၈၅ ကနေကြည့်လျင်၊ ဆယ်ကျော်သက်မှ အသက်သုံးဆယ်ကျော် အရွယ်ပိုင်းများကို 'လူငယ်' ဟု နားလည်ရသည်။ ယခုအခါ ကျွန်တော်က 'လူကြီး'၊ လွန်ခဲ့သော အနှစ် ၄၀ ကျော် ၅၀ ခန့် ကာလအတွင်းက ကျွန်တော်က လူငယ်။ ကျွန်တော်၏ 'လူငယ်' ဘ၀အတွေ့အကြုံကို 'လူငယ်' တို့အား ဝေငှခြင်း ဖြစ်သည်။ လူငယ် လူငယ်ချင်းမှ စာနာနိုင်မည် မဟုတ်လား။
မနေ့က မျိုးစေ့၊ ယနေ့ မျိုးဆက်။ မနက်ဖြန် မျိုးစေ့၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်။
မျိုးစေ့မှန်သည်၊ ကောင်းသည်။ သို့သော် မျိုးဆက်ထဲတွင် အဖြုန်းကလေးများ၊ စုန်းပြူးကလေးများတော့ ကြားညှပ် ပါတတ်သေးသည်ကို သတိပြုမှ ဖြစ်မည်။ ပျိုးထောင်မှု၊ ပေါင်းသင်မှု၊ ကောင်းမှ မျိုးဆက်ကောင်းမည်။ အသီးအပွင့် လှပမည်။
မျိုးဆက်သစ် လူငယ်ကို စိတ်ဝင်စားသော ကျွန်တော့် မိတ်ဆွေအယ်ဒီတာ မျိုးစေ့ကောင်း ကြဲနိုင်ပါစေသတည်း။
ဒဂုန်တာရာ
ဖေဖော်ဝါရီ၊ ၂၁ ၁၉၈၅။
[စာမော်ကွန်းမဂ္ဂဇင်း၊ ဇွန်လ၊ ၁၉၈၅ မှ ကူးယူဖော်ပြတယ်။]
No comments:
Post a Comment