Sunday, April 13, 2008

မီချီဂန်စာမေးပွဲတဲ့ဗျား
လူထုဒေါ်အမာ- ဘာသာပြန်သည်။


[ မြန်မာသက္ကရာဇ် ၁၃၆၁ ခု၊ တပေါင်းလ၊ 2000 Spring ထုတ် မာယာတွင် ဖော်ပြခဲ့ပြီး၊ ယခု အမေမာ (လူထုဒေါ်အမာ) အတွက်၊ အမှတ်တရအနေနဲ့ ထပ်မံဖော်ပြလိုက်ပါတယ်။ ]


ဒီကိစ္စကြီးတခုလုံးရဲ့ အစကတော့ ကျွန်တော့် အစ်ကိုတော်က ကျွန်တော့်ကို သူနေတဲ့ ကယ်လီဖိုးနီးယားကို လိုက်လာစေချင်မှုက စတာပါပဲ။ ကျွန်တော့်အစ်ကိုနဲ့ ကျွန်တော့်မရီးက အမေရိကားကို လွန်ခဲ့တဲ့ နှစ်ကတည်းက ပြောင်းသွားကြတာပါ။ သူက ကျွန်တော့်ဆီကို အမေရိကားက ဘာသာစကား စာသင်ကျောင်းတကျောင်းက ထုတ်ထားတဲ့ ပုံစံ ၁-၂၀ ဆိုတာတခုပဲ စာတိုက်ကနေပြီး ပို့လိုက်တယ်။ ကျန်တာက ကျွန်တော့်ဖာသာ ဖြစ်အောင်လုပ်ခဲ့တဲ့။ သူ့ပုံစံ ၁-၂၀ ကတော့ ကျွန်တော်အမေရိကားကို ရောက်လာရင် ဒီကျောင်းက ကျွန်တော့်ကို ကျောင်းသားအဖြစ်နဲ့ လက်ခံမယ်ဆိုတဲ့ သဘောပုံစံပါ။ အမေရိကန်သံရုံးမှာ ကျွန်တော်က ပြည်ဝင်ခွင့်ဗီဇာရဖို့ လျှောက်တဲ့ အခါ ဒီပုံစံက လိုမှာပေါ့လေ။




သူ့ဟာရောက်လာတေ့ ကျွန်တော်က စဉ်းစားပါတယ်။ ကျွန်တော်နိုင်ငံခြားကို တကယ်သွားချင် တာလားလို့။ ကျွန်တော့်စိတ်ထဲ ပြတ်ပြတ်သားသား မရှိလှပါဘူး။ ကျွန်တော့် အင်္ဂလိပ်စာကလည်း ကုန်းကောက်စရာ မကျန်တော့သလောက် ဟုတ်လား။ မင်းပြောစမ်းဆိုရင် အိုင်....အိုင်၊ ယူ.....ယူ၊ ဗလား.....ဗလား၊ ဗိုး.....ဗိုး၊ ဖြစ်ကုန်မှာ အမှန်ပဲ။ ဒါပေမယ့် ကျွန်တော့်အစ်ကိုက ဒါကိစ္စမရှိဘူးတဲ့၊ မင်းဟိုကိုသာ ရောက်အောင်လာခဲ့တဲ့။ ရောက်ရင် အင်္ဂလိပ်စကားကို အရင်သင်၊ နောက်ပြီး နိုင်ငံခြားဘာသာအဖြစ်သင်ယူတဲ့။ အင်္ဂလိပ်စာ စာမေးပွဲ 'တိုဖယ်' ကို ၀င်ဖြေတဲ့။ သူကပြောတော့ လွယ်တယ်။ ကျွန်တော်သိသလောက်ကတော့ တိုဖယ်ကို သူလိုကိုလိုတွေ ရာနဲ့ထောင်နဲ့ချီပြီး ၀င်ဖြေနေကြတာပဲ။ အောင်သူက နည်းနည်းပါ။ အဲ ... ဒီစာမေးပွဲကို ကိုယ့်နိုင်ငံ ထိုင်းမှာတင် ဖြေရတယ် ဆိုရင်တော့ ဘယ်နှစ်ခါဖြေရ ဖြေရ ဘာအရေးလဲ။ ရှင်းပါတယ်နော်။
ဘာပဲဖြစ်ဖြစ်လေ၊ ကျွန်တော်အမေရိကားကို သွားချင်ပါသေးတယ်။ ရုပ်ရှင်ကားတွေထဲမှာ အမြဲတမ်း မြင်နေရတာတွေမျိုး ဟိုနိုင်ငံမှာ တကယ် ရှိမရှိ ကျွန်တော့်မျက်စိနဲ့ ကြည့်ဦးမယ်။ အမေရိကားမှာ တိုဖယ်စာမေးပွဲကိုလည်း ကြိုးစားရင် အောင်နိုင်စရာ ရှိပါတယ်။ လူဆိုတာ ကံစမ်းရမှာပဲ မဟုတ်လား။ ကျွန်တော့်ဘ၀ ကျွန်တော်တသက်လုံးဖြင့် အကြိမ်ကြိမ် ကံဆိုးကံကောင်း စမ်းခဲ့လှပါပြီ။ တကယ်လို့ ကံမကောင်းလို့ အမေရိကားက ကိုယ့်နိုင်ငံ ပြန်လာရတော့လည်း ရောက်ယားပေါ့။ အပန်းမကြီးနိုင်ပါဘူး။
ဒါပေမယ့် အမေရိကားကို သွားနိုင်ဖို့အတွက် ဗီဇာလျှောက်ထားရမယ့် ကိစ္စ၀ိစ္စတွေကတော့ အများသား။ အရှုပ်သားပါကလား။ ဗီဇာလျှောက်ချင်ရင် လိုအပ်တဲ့ အချက်တွေကို ကျွန်တော်စာနဲ့ ရေးချကြည့်တော့ အားလုံး ၆ ချက်တိတိ ရှိတယ်။ (၁) ပတ်စ်ပို့ (နိုင်ငံကူးလက်မှတ်) (၂) ကျွန်တော့် အတွက် ငွေရေးကြေးရေးမှာ အာမခံမယ့်သူရဲ့ စာနဲ့ အခိုင်အမာ အာမခံမှု၊ (၃) အာမခံသူရဲ့ စီးပွါးရေးအခြေအနေ ဘဏ်တိုက်တတိုက်၏ တင်ပြချက်၊ (၄) ပုံစံ ၁-၂၀၊ (၅) ကျွန်တော့်ဓာတ်ပုံများ၊ (၆) ကျွန်တော့် လက်ရေးနမူနာတို့ ဖြစ်ပါတယ်။ နောက်ငါးခုက လွယ်ပါတယ်၊ ပြဿနာမဖြစ်ပါဘူး။ ကျွန်တော်ဘဏ်တိုက်တတိုက်မှာ အလုပ်လုပ်နေတာပဲ၊ အားလုံးပြေလည်သွားမှာပါ။ ဒါပေမယ့် ပတ်စပို့ ရဖို့ အတွက် လုံးပမ်းအားထုတ်ရပုံတွေကတော့ နိုင်ငံခြားသွားချင်တဲ့စိတ်များ ကုန်ခမန်း ဖြစ်သွားပြီး ဒီတချီ တမောင်းနဲ့ကို တော်တော်အီသွားခဲ့ပါတယ်။
နိုင်ငံခြားရေးရုံးကပေးတဲ့ ပတ်စပို့ လျှောက်လွှာပုံစံကို ကျွန်တော် သေသေချာချာ စေ့စေ့စပ်စပ် ဖြည့်ပြီးတဲ့အခါ၊ ဘာမှလိုလေသေး မရှိရအောင် အိမ်ထောင်စု ကဒ်ပြားကော်ပီဆွဲထားတာ နှစ်ခု၊ ကျွန်တော့်ကို ငွေရေးကြေးရေး အာမခံတဲ့ပုဂ္ဂိုလ်ရဲ့ ဓာတ်ပုံ၊ ကျွန်တော့်မှတ်ပုံတင်ကဒ်ပြား၊ ကျွန်တော် စစ်မှုထမ်းပြီးသား လက်မှတ်နဲ့ အစ်ကိုပို့လိုက်တဲ့ ပုံစံ ၁-၂၀ များကိုပါ ယူသွားပါတယ်။ ဒါပေမယ့် နိုင်ငံခြားရေးရုံး ပတ်စပို့ဗြူရိုရဲ့ ပြတင်းပေါက် နံပါတ် ၄ မှာ ကျွန်တော်လျှောက်လွှာအစုံအလင်ကို တင်တဲ့အခါ အဲဒီက ရုပ်ရေချောချော နှုတ်ခမ်းမွေးရေးရေးနဲ့ အရာရှိက သေသေချာချာစစ်ကြည့်တဲ့ပြီး-
"ခင်ဗျားအဖေရဲ့ နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ပြားလေးကို မကြည့်ရဘူးလား" တဲ့။ ကျွန်တော် က "ဟင်...အဲဒါလည်း လိုသလား၊ လျှောက်လွှာပုံစံထဲ ဘယ်နေရာမှာမှ မပါပါဘူးဗျာ" လို့ပြောတော့
"ဒါက ခုမှထွက်တဲ့ ဥပဒေသစ်၊ ခင်ဗျားအဖေက တရုတ်လူမျိုးလား" တဲ့။
"ဒါပေမယ့် ကျွန်တော့်အဖေက ဆုံးပြီပဲ" လို့ ကျွန်တော်ကပြောတော့..
"အဲ..ဆုံးပြီဆိုရင် ဖွားသေစာရင်းတော့ ရှိမှာပေါ့၊ အဲဒါပါခဲ့သလား" တဲ့။
"ဟာဗျာ.. ကျွန်တော့် အဖေဆုံးတာ ဆယ့်တနှစ်ရှိပြီ၊ ဘယ့်နှယ်လုပ် ဖွားသေစာရင်း ခုထိရှိ တော့မှာလဲ" လို့ပြောတော့..
"ဒါဆိုရင် ခင်ဗျားအဖေရဲ့ အိမ်ထောင်စု ကဒ်ပြား သွားယူချေ၊ အဲဒီထဲမှာ ခင်ဗျားအဖေ သေတဲ့ အကြောင်း ရေးမှတ်ထားတာ ရှိမှာပဲ" တဲ့။
ကျွန်တော်လည်း ဒီစကားကြားတော့ ရုံးထဲက တခါထဲ လှည့်ထွက်ခဲ့ပါတယ်။ စိတ်ပျက်စရာ သိပ်ကောင်းတဲ့ ဥပဒေတွေပါလား။ ကျွန်တော့်အသက် ဒီနှစ်ဆိုရင် ၂၇ နှစ်ရှိပါပြီ။ လွန်ခဲ့တဲ့ ၁၁ နှစ်တုန်းက သေရှာပြီဖြစ်တဲ့ ကျွန်တော့်အဖေအပေါ်ကို ခုထက်ထိ ကျွန်တောကဒုက္ခပေးနေရဦးမှာလား။ ဖြစ်မှ ဖြစ်ရလေဗျာ။ ကျွန်တော့်အသက် ၁၄ နှစ်၊ ၁၅ နှစ်သာဆိုရင်ဖြင့်လည်း၊ အရွယ်မရောက်သေးသူမို့ ထားပါတော့လေ။ ခုတော့... ဟယ် ဘာပဲဖြစ်ဖြစ် လုပ်ပေးရမှပဲ၊ ကျွန်တော့်ကို မွေးတဲ့ ဘန်ပလာမာ ခရိုင်ထဲက စူဖန်ဗူရီမြို့ကို ပြန်ပြေးပြီး အိမ်ထောင်စုကဒ်ပြား ရှာရပါတယ်။ အဲဒီရောက်ခါမှ အခြေအနေတွေက ပို ပိုရယ်စရာ ဖြစ်နေတာတွေ တွေ့ရသေးတယ်လေ။ ခရိုင်မှတ်ပုံတင်ရုံးမှာ ကျွန်တော့်အဖေက မသေသေးပဲ အသက်ရှိနေဆဲ ဖြစ်နေပါတယ်။ ကျွန်တော့် အကိုကြီးက အဖေဆုံး တုန်းက ဒီရုံးကို အကြောင်းမကြား မိလို့ ရှိတော့မပေါ့။ အဖေရယ်၊ အဖေတကယ်မသေပဲ ၁၁ နှစ်သာပိုပြီး အသက်ရှည်လိုက်ပါတော့။ ဒါဆိုရင် ကျွန်တော် ဒီဒုက္ခတွေ မခံရပါဘူး။
ကျွန်တော်မှာ အဖေတကယ်သေပါပြီ ဆိုတာကို တရားဝင်အောင် နေ့တ၀က်လုံးလုံး ရုံးတကာ ကို ပြေးလိုက်ရ လွှားလိုက်ရတာ။ ခရိုင်မှတ်ပုံတင်ရုံးနဲ့ ကပ်နေတဲ့ ရဲဌာနကို ပြေးပြီး နိုင်ငံခြားသား မှတ်ပုံတင်စာရင်းကြီးထဲက အဖေတို့ အိမ်ထောင်စု ကဒ်ပြားမှာ အဖေသေပါပြီ ဆိုတာ စာရင်းပေါက် အောင် စာရေးကို လုပ်ခိုင်းရတာပေါ့လေ။ စာရေးကလည်း ပင်ပင်ပန်းပန်း ရှာဖွေ ပေးရှာပါတယ်။ ကျွန်တော်ပါ ၀ိုင်းကူရှာရတာပါ။ ဒီလို အရှာကြီးရှာတော့ တွေ့ပါတယ်။ နိုင်ငံခြားသား စာရင်းစာအုပ်ကြီး ထဲမှာ အဖေသေဆုံးပြီဆိုတာ ဟို ကတည်းက ရေးမှတ်ပြီး ရှိပါတယ်။ ဖြစ်ပုံက ဒီလိုထင်ပါရဲ့။ အစ်ကိုက အဖေဆုံးတော့ အဖေ့နိုင်ငံခြားသားမှတ်ပုံတင်ရယ်၊ ဖွားသေလက်မှတ်ရယ်ကို ယူလာပြီး ရဲဌာနကို အကြောင်းကြားလာပုံရတယ်။ ခရိုင်ရုံးနဲ့ မြို့နယ်ရုံးကိုတော့ အကြောင်းကြားဖို့ မလုပ်ခဲ့ပဲ ကျော်လွှားလာ ခဲ့ပုံရတယ်။ တာဝန်ကျ ရဲအရာရှိ သူကောင့်သားက- ခင်ဗျား ဒီကနေပြီး စီအိုင်ဒီ(စုံထောက်ဌာန) ဗြူရို ၃ ကိုသွားပြီး အဲဒီရုံးမှာ ခင်ဗျားအဖေ နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ်နဲ့ သေဆုံးပြီးဆိုတဲ့လက်မှတ်ကို သွားရှာခဲ့တဲ့လေ။ စေတနာဗရပွနဲ့ ဘယ်လောက် ထိပ်ကိုထိုး ပစ်ခဲ့ဖို့ ကောင်းတယ်လို့။ ကျွန်တော် တို့ဆီက နိုင်ငံခြားသား မှတ်ပုံတင်တွေ အကုန်လုံး၊ ဖွားသေစာရင်းတွေ အကုန်လုံးကို အဲဒီ ပို့ထားပြီး သားတဲ့။
ကျွန်တော်က သူ့ကို ကျေးဇူးတင်ပါတယ် ဆရာရယ်။ ဒါပေမယ့် အဲဒီလက်မှတ်တွေ မရလည်း ဖြစ်ပါတယ်၊ အရေးမကြီးပါဘူး။ ကျွန်တော် လိုချင်တာက ကျွန်တော့်အဖေ နိုင်ငံခြားသားမှတ်ပုံတင် ကိုင်သူဟာ သေပြီဆိုတဲ့ အစီရင်ခံစာပါပဲ။ ဒါရရင် ရဲမင်းကြီးဆီပြဖို့ပဲ။ ဒါနဲ့မလုံလောက်ဘူး၊ ဘန်ကောက်ပြန်ဦး၊ စီအိုင်ဒီရုံး သွားဦးဆိုရင်တော့လည်း နေပေစေတော့ဗျာ၊ နိုင်ငံခြားမသွားရရင်လည်း နေပေစေတော့ လို့ ပြောခဲ့တယ်။
အဲဒီနေ့က တနေကုန်တော့ ကျွန်တော့်အဖေသေတာ မှန်တယ်ဆိုတဲ့ သက်သေခံစာရွက် မြို့နယ်အရာရှိဆီက ရခဲ့ပါတယ်။ နောက်တနေ့မှာ ပတ်စ်ပို့ဗြူရိုက ကျွန်တော့်လျှောက်လွှာတွေကို ကိုင်တဲ့ စာရေးလက်ကို ကျွန်တော်က အပ်ပါတယ်။ ကျွန်တော့်ဟာတွေ အားလုံးလက်ခံပြီ ဆိုတော့ စာရေးက ရဲဌာနသွားပြီး လူတွေ့ အစစ်ခံချေဦးလို့ လွှတ်ပြန်ပါတယ်။ ကျွန်တော့်မှာ အလွန်ရင်းနှီး ချစ်ခင်တဲ့ မိတ်ဆွေတဦး ရှိပါတယ်။ သူပဲ ကျွန်တော့်ငွေရေးကြေးရေးကို အာမခံသူအဖြစ် ဆောင်ရွက်တာပါ။ ခုလည်း ရဲမင်းကြီးရဲ့ အင်တာဗျူးကို ကျွန်တော်က သူ့ အဖော်ခေါ်ပြီး သွားပါတယ်။ ဟိုရောက်လို့ ရဲကမေးရင် လိမ်ချင်တာသာလိမ်လို့လည်း ကျွန်တော်က သူ့ကိုမှာတယ်။ ကျွန်တော်လိုချင်တာက နိုင်ငံခြားသွားခွင့်အတွက် အိုကေပဲဆိုတဲ့ ရဲမှတ်ချက်မဟုတ်လား။ မိတ်ဆွေက ကျွန်တော်လိုချင်သလို အားလုံး ပိပိရိရိ ဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် နောက်လေးရက်ကြာတော့ ရဲဘက်က အိုကေတာကို ရပါတယ်။ ရတော့ နောက်တနေ့မှာ ပတ်စပို့ သွားထုတ်ခဲ့တယ်လေ။
ကိစ္စတရပ်တော့ ချောချောမောမော ပြီးပြေသွားပြီ။ အမေရိကန် သံရုံးကိုသွားပြီး ဗီဇာလျှောက်တဲ့နေ့ကတော့ ကျွန်တော် တော်တော် အားပျက်တယ်၊ ဒီကိစ္စမျိုး လုပ်ဖူးတဲ့သူတိုင်းက မင်းရဖို့ ကျဲပါတယ်ချည်း ပြောကြတာပဲ။ ကျွန်တော့်ပုံစံ ၁-၂၀ ကလဲ ချောင်ကြိုချောင်ကြားက ကျောင်းတကျောင်းရဲ့ ၀င်ခွင့်ပုံစံတဲ့။ တက္ကသိုလ်ကြီးတခုက ဘာသာစကားသင် မဟာဌာနမျိုးက မဟုတ်ဘူးတဲ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က အဲဒီအတွက် မပူတော့ပါဘူး။ ကျွန်တော့်ကို လက်မခံလည်း အရေးလား၊ ဗီဇာတောင်မှ မရလဲ အရေးမကြီးတော့ဘူး။ ကျွန်တော့်အစ်ကိုက မေးရင် "အကိုရေ ကြိုးစားတာပဲ မရဘူးဗျာ၊ ဆောရီးပေါ့" လို့ ပြောလိုက်မှာပဲ။
ကျွန်တော် ၀ိုင်ယာလက်လမ်းက အမေရိကန်သံရုံးကို မနက် ၈ နာရီနဲ့ ၁၀ မိနစ်မှာ အရောက် သွားတဲ့အခါ အဲဒီမှာ လူ၁၀၀ လောက် ရောက်နှင့် နေပါပြီ။ ဒါနဲ့ ကျွန်တော်လည်း ဝေးဝေးက ဆလံသပြီး ကျွန်တော့်ရုံးကို ကျွန်တော်ပြန်လာခဲ့တယ်။ ဒီလောက် လူတွေ အများကြီးရောက်နှင့် နေမှတော့ ကျွန်တော့်အတွက် ဘာလုပ်လို့ ရမှာတုန်း။
နောက်မနက်မှာ ကျွန်တော်ထပ်သွားတယ်။ ဒီတခါတော့ ၇နာရီခွဲ အရောက်သွားလိုက် တယ်လေ။ သံရုံတံခါး မဖွင့်ခင် နာရီဝက်တိတိ စောလာတယ်ပေါ့။ ဒါပေမယ့် ကျွန်တော်ရုံးထဲ ရောက်သွားတော့ ကျွန်တော့်အရင် လူ ၃၀ လောက် ရောက်နှင့်နေပြီ။ ဗီဇာလျှောက်လွှာအပေါက်မှ တန်းစီနေကြပါပြီ။ ကောင်စစ်ဝန် ရုံးတံခါးတွေကတော့ တချပ်မှ မဖွင့်သေးပါဘူး။ ကျွန်တော်က တန်းစီနေတဲ့ လူတွေရဲ့ အမြီးမှာ ၀င်မရပ်ပါဘူး။ ခပ်အေးအေးပဲ ခုံတခုံမှာ ၀င်ထိုင်လိုက်တယ်။ ကျွန်တော်တို့ ထိုင်းလူမျိုးတွေ ဘယ်တော့များ ကြူစနစ်ကို လိုက်နာလို့လဲ။ တော်ကြာ တံခါးဖွင့်ရင် ပြုံတိုးကြမှာပဲဟာ၊ အဲဒီတော့ ကျွန်တော်လည်း ထတိုးမှာပေါ့။
ရှစ်နာရီတိတိမှာ ရုံးတံခါးဖွင့်ပါတယ်။ ဖွင့်တာနဲ့ ထုံးစံအတိုင်း ၀ိုင်းပြီးတိုးကြပါတယ်။ ကျွန်တော်လည်း ၀င်တိုးပါတယ်။ တံခါးပေါက်က ၂ မီတာလောက်သာ ကျယ်တာပါ။ အထဲမှာ လူတွေ ကသောင်းကနင်းပဲ။ ဒီကိစ္စကို လုပ်ပေးတဲ့ စာရေးက တယောက်တည်းရယ်၊ သူက တင်ပြတဲ့ စာရွက် စာတမ်းတွေ အားလုံး စုံလား မစုံလား၊ မှန်လား မမှန်လား ကြည့်ရတယ်။ ပြည့်စုံတယ်ဆိုရင် လျှောက်တဲ့အခ ဘတ် ၁၀၀ လက်ခံမယ်၊ ငွေရကြောင်းစာကို ဆီရီရယ် နံပါတ်နဲ့တကွ ထုတ်ပေးမယ်။ အဲဒီပြေစာရမှ လျှောက်သူက သူ့ပတ်စ်ပို့ကို သွင်းထားပြီး မင်တဆိပ်နှိပ်ပြီးသားပြန်ရမယ်။ ဘတ် ၁၀၀ က ဗီဇာရတဲ့အခါ ပိုတဲ့ငွေ ပြန်အမ်းဦးမယ်။ အဲ ... လက်မခံရင်တော့ ပတ်စပို့ရော ဘတ် ၁၀၀ ရော၊ ဒီအတိုင်းသာ ပြန်ယူခဲ့ပေတော့၊ သူတို့က အားလုံးပြန်ပေးလိမ့်မယ်။
ကျွန်တော်လည်း တခြားလူ ၁၀၀ လောက်ရဲ့ လျှောက်လွှာတွေနဲ့အတူ ကျွန်တော့်ပတ်စ်ပို့ကို စားပွဲပေါ်မှာ ထပ်တင်ခဲ့တယ်။ စာရေးလုပ်ကိုင်နေပုံကို အစအဆုံးကြည့်မိတော့ ခန့်မှန်းမိပြီလေ။ ဒါကြောင့် ကျွန်တော်ရုံးထဲကထွက် ဘတ်စ်ကားပြီး အလုပ်ရှိရာကို လာခဲ့တယ်။ ကျွန်တော့်လျှောက်လွှာ အလှည့်က မွန်းတည့်သည်အထိလောက်မှ ရောက်မှာမဟုတ်လား။ ပုံမတော်ရင် နေ့မွန်းတည့်လို့တောင် မရောက်သေးပေဘူး။ ဒါကြောင့် နေ့လည်မှ ပြန်လာမယ်ဆိုပြီး အလုပ်ရှိရာကို ထွက်ခဲ့တာပဲ။ ကျွန်တော် ရုံးထဲက ထွက်လာခဲ့တော့ "ဗီဇာလျှောက်တဲ့ ဥပဒေကို သံရုံးက နောက်အပတ်ထဲမှာ ပြင်တော့မှာမို့ လျှောက်သူတွေ ခုလောက်များနေတာ" လို့ ပြောနေသံတခု ကြားခဲ့ရတယ်။
ကြက်ကန်းဆန်အိုးတိုး၊ အဲဒီနေ့က နောက်ဆုံး စစ်ဆေးခဲ့တဲ့ လျှောက်လွှာဟာ ကျွန်တော့် ဟာတဲ့။ ကျွန်တော် ကောင်စစ်ဝန်ရုံးဘက်ကို မနက် ၁၁ နာရီ ၄၅ မိနစ်လောက်မှာ ရောက်သွားတယ်။ ၁၅ မိနစ်လောက်နေတော့ ကျွန်တော်နာမည် ခေါ်သံ ကြားတာပဲ။ ကျွန်တော်လည်း ဘတ် ၁၀၀ သွင်းလိုက်တယ်။ ကျွန်တော့် လျှောက်လွှာအမှတ်စဉ်ကလည်း ၁၀၀ ပဲတဲ့။ ဒီနေ့အဖို့ ဒါနောက်ဆုံးပဲ၊ ပြီးပြီတဲ့။ ကျန်နေသေးတဲ့ လျှောက်လွှာ တပုံတပင်က နက်ဖြန်မှ စစ်တော့မှာတဲ့။
စာရေးက "ညနေပိုင်း လာခဲ့ဦးတခေါက်၊ ကျွန်တော် ဗီဇာရမရ သိရအောင်" လို့ မှာပါသေး တယ်။ ကျွန်တော် မသွားဘူး၊ နောက်တရက် မွန်းလွဲပိုင်းမှ သွားတယ်။ ကျွန်တော်တွက်တဲ့အတိုင်းပါပဲ၊ ဗီဇာ ပေးတာမဟုတ်ဘူး။ ကျွန်တော့်ပတ်စ်ပို့ကို ပြန်ပေးပြီးတော့ သူတို့က "စာရွက်စာတမ်းတွေကို အားလုံး သိမ်းထားလိုက်ဦးမယ်၊ ဒီက ထုတ်ပေးလိုက်တဲ့ စာရွက်ကလေးပေါ်ကဟာကို သေသေချာချာ ဖတ်ကြား လိုက်နာဦး" ဆိုပြီး စာကူးစက်နဲ့ လှည့်ထားတဲ့ စာရွက်တရွက်ကို ကျွန်တော့်ပတ်စ်ပို့ထဲမှာ ထည့်ညှပ်ပေးလိုက်ပါတယ်။ ပြီးတော့ "ဆထုံးလမ်းမှာရှိတဲ့ ယူအက်စ်အိုင်အက်စ် ပြန်ကြားရေးကို သွားပါ၊ အဲဒီက ခင်ဗျား ဘာလုပ်ရမယ်ဆိုတာ အကြံပြုပါလိမ့်မယ်" ပြောပြီး တံခါး ပိတ်သွားပါတယ်။
ကျွန်တော်ကလည်း မိနစ်မဆိုင်းပါဘူး။ သံရုံးထဲက ထွက်ထွက်ချင်း သုံးဘီးကားတစီးငှားစီးပြီး ယူအက်စ်အိုင်အက်စ်အဆောက်အဦ ရှိရာကို လာခဲ့ပါတယ်။ အဲဒီက ထိုင်းအမျိုးသမီး စာရေးမက သဘောကောင်းပုံပါ။ သူပြောပုံ ဆိုပုံက တယ်ပြီး ယဉ်ကျေးတာပဲ။ လူတွေကတော့ သူ့ဆီမှာလည်း တအုပ်ကြီးပါ။ ကျွန်တော်နဲ့ ပြဿနာတူတွေပေါ့။ သူပေးမယ့် အကြံဥာဏ်ကို ရယူဖို့ စောင့်နေကြတာ။ ဒီစာရေးမက ပေးလိုက်တဲ့ အကြံဥာဏ်ကတော့ "အေယူအေကို သွားပြီး မီချီဂန်စာမေးပွဲ သွားထိုင်ပါ" တဲ့။
အေယူအေဆိုတာက ဘန်ကောက်မှ အင်္ဂလိပ်စာသင်တန်းနဲ့ ဘန်ကောက်စာ အကောင်းစား တွေ ဖွင့်ထားတဲ့ တက္ကသိုလ်ပါ။
"မီချီဂန်စာမေးပွဲ" ဆိုပါကလား၊ တသက်နဲ့တကိုယ် ဒီစကားကို ဒီတခါပဲ ကြားဖူးသေးတယ်။ စာမေးပွဲထိုင်ရမယ်တဲ့။ ကိုင်း ကြိတ်လိုက်ဦးကွာ၊ တကြိမ်တခါတော့ ဘာမဆို စမ်းသင့်တာပဲဟာ။
အမေရိကန်သံရုံးက နောက်ဆုံးချမှတ်ထားတဲ့ စည်းမျဉ်းအရ၊ တိုဖယ်စာမေးပွဲကို အောင်မြင်ပြီး သူမှအပ၊ မည်သူမဆို မီချီဂန်စာမေးပွဲ ၀င်ထိုင်ကြရမည်ဖြစ်သည်တဲ့။ ကျွန်တော်လည်း နောက်အပတ် ထဲမှာ ကျင်းပမယ့် မီချီဂန်စာမေးပွဲ ၀င်ထိုင်ဖို့ ဘတ် ၅၀ သွင်းခဲ့ပါတယ်။ အိမ်ပြန်ရောက်တော့ ကျွန်တော် ရင်နာရပါပြီ၊ ဒီစာမေးပွဲက ကျွန်တော်အောင်မှာလည်း မဟုတ်ပါဘူး။
ရုံးက ကျွန်တော့်ကို အာမခံတဲ့ မိတ်ဆွေကတော့ မဟာပိန္နဲနတ်ကြီးကို သွားကန်တော့ဖို့ အကြံ ပေးနေတယ်။ ကျွန်တော်က ဒီနတ်ကြီးရဲ့ တပည့်တဦး မဟုတ်လားတဲ့။
(ဘန်ကောက်မြို့လယ်က အီရာဝမ်ဟော်တယ်ကြီးရှေ့မှာ နာမည်ကြီး လက်လေးဘက်နဲ့ ဗြဟ္မာရုပ်ကြီး ရှိပါတယ်။ အဲဒီအရုပ်ကြီးကို ထိုင်းလူမျိုးတွေက အမျိုးမျိုးလာရောက်တင်သပါတယ်။ တိုးရစ်ခေါ်တဲ့ နိုင်ငံခြား ဧည့်သည်တွေကလည်း ဟိုတယ်ကြီးမှာ ဥဒဟိုပါ။ ဒါကို ကျွန်တော့်မိတ်ဆွေက ပြောတာပါ။)
ကျွန်တော့်မိတ်ဆွေက ကျွန်တော့်ကို စ,နေ နောက်,နေပေမယ့် တကယ်တော့ စေတနာထား ပါတယ်။ ဒါကြောင့် နောက်တနေ့မှာ တပေလောက်ထူတဲ့ အင်္ဂလိပ်စာ သင်ကြားနည်း စာအုပ်ကြီးကို ယူလာပြီး ဒါကို ညမှာ ကျွန်တော်ခေါင်းအုံးအိပ်လို့ ခိုင်းပါတယ်။ ကျွန်တော်တို့ ထိုင်းမှာ စာတတ်ချင်ရင် တတ်ချင်တဲ့ စာအုပ်ကို ခေါင်းအုံးအိပ်ရင် တတ်ရောလို့ ယုံပါတယ်။
တနင်းလာနေ့ မနက်မှာ စာမေးပွဲထိုင်ရမယ်ဆိုတော့ ကျွန်တော်က တနင်္ဂနွေညမှ ညငှက်တွေ ပေါတဲ့ ဖတ်ဖောင်ဘီယာဆိုင်မှာ ပုလင်းအတော်များများ ချမိခဲ့တာကြောင့် ကိုယ်ခန္ဓာကို မနဲ ဆွဲထူပြီး အိပ်ရာက ထခဲ့ရတယ်။
စာမေးပွဲထိုင်ရမယ့် ခန်းမကြီးရှေ့မှာ နာမည်တွေ၊ ထိုင်ခုံဇယားတွေ သေသေချာချာကြည့်ပြီး ကျွန်တော်ထိုင်ရမယ့်နေရာကို ရှာဝင်ခဲ့တယ်။ ကျွန်တော်ဖြေတော့မယ်လေ။ ခန်းမကြီးထဲ ကျွန်တော် ၀င်လာတော့ကိုပဲ လူတ၀က်လောက်က ပြည့်နေပြီ။ အပြင်အဆင်က စာမေးပွဲခန်း ပီပီသသကြီးပါပဲ။ ခုံတွေကို ခန့်မှန်းကြည့်လိုက်တော့ ဖြေလာတဲ့လူ ၂၀၀ လောက် ရှိပါလိမ့်မယ်။ နီဂရိုးအမျိုးသမီးတဦးက ကျွန်တော့်ကို နေရာပြပြီး ၀င်ထိုင်ဖို့ လက်ယပ်ခေါ်ပါတယ်။ လူတွေက တဖွဲဖွဲဝင်လာနေတုန်းပါ။ ဒါပေမယ့် အခန်းထဲမှာတော့ တိတ်လို့ပါ။ စာမေးပွဲစောင့်မယ့် အမေရိကန်သားတွေရဲ့ ခြေသံကလွဲပြီး ဘာမှ မကြားရဘူး။ ဖြေမယ့်လူရဲ့ ခြေသံများကတော့ မကြားရသလောက်ပဲ။ သူတို့ခြေထောက်တွေကို စာမေးပွဲ ကြောက်တဲ့ အကြောက်အလန့်တွေက တုပ်နှောင်ထားတယ်ထင်ပါရဲ့။
ကျွန်တော် ကိုယ်တိုင်ခံစားရတာကတော့ သားရဲတိရစ္ဆာန်တွေ အများကြီးက ကျွန်တော့်ကို စားမလို့ ၀ိုင်းရံစောင့်နေကြတယ်လို့ ထင်ပါတယ်။ အသက်ဝအောင်တောင် ရှူလို့ မရသလိုဘဲ။ ကျွန်တော်ဒီလို စစ်မြေပြင်မျိုးကို မ၀င်ဖူးဘူး မဟုတ်ပါဘူး။ ဒါပေမယ့် ဒီတခါဟာ အရင်ဟာတွေနဲ့ မတူဘူး မဟုတ်လား။ အင်္ဂလိပ်စာမှာ ကျွန်တော်က ဘာတော်တဲ့အကောင်မှ မဟုတ်တာ။
ကျွန်တော် ဒီစာမေးပွဲကို ဘာလို့များ လာဖြေမိပါလိမ့်လို့ ကျွန်တော့်ကို ကျွန်တော် အူကြောင် ကြောင် မေးကြည့်မိသေးတယ်။ ကျွန်တော် တော်တော်အသုံးမကျတာပဲ။ ခုမေးခွန်းကိုပဲ ကျွန်တော် မဖြေတတ်ပါကလား။ ကျွန်တော် နိုင်ငံခြားကို သိပ်သွားချင်နေလို့တော့လည်း မဟုတ်ပါဘူး။
နီဂရိုးအမျိုးသမီးက ဖြေစရာခဲတံတွေ လိုက်ပေးနေပါတယ်။ အမေရိကန် အမျိုးသားတဦးက မေးခွန်းစာရွက်တွေ လိုက်ဝေနေပါပြီ။ သူ့စကားနဲ့ သူ့အမူအယာကို ကြည့်ရတာ မေးခွန်းစာရွက်ကို ရရခြင်း မဖတ်နဲ့ဦး၊ တခြားလူတွေပါ အားလုံးအဆင့်သင့်ဖြစ်မှ စလို့ ပြောနေတယ် ထင်ပါရဲ့။
မေးခွန်းတွေ၊ ဖြေစရာစာရွက်တွေ၊ ခဲတံတွေကို စေ့ငှအောင် ဝေပြီးတဲ့အခါ အမေရိကန် တယောက်က မိုက်ကရိုဖုန်း (ဒီစကားကလုံးကလည်း ဂွကျလိုက်တာ၊ ထိုင်းစကားနဲ့ပဲ ခေါ်ချင်ပေမယ့် တူတာမရှိဘူး) ကိုင်ပြီး စကားပြောပါတယ်။ သူပြောတာကို ကျွန်တော်နားမလည်ပါဘူး။ ဒါပေမယ့် ဖြေပုံ ဖြေနည်းများကို ပြောနေတယ် ထင်ပါရဲ့။ ကျွန်တော်သူ့ကို နားထောင်မနေတော့ပါဘူး။ ကိုယ်မှ နားမလည်ဘဲ ဘာလုပ်မှာတုန်း။ ကျွန်တော့်ခန္ဓာကိုယ်က ဒီအချိန်မှာ ဖောင်းကနဲ့မြည်ပြီး ပေါက်ကွဲထွက်သွားမလား အောက်မေ့မိတယ်။ ဒါနဲ့ ဒီအဖြစ်ကလွတ်အောင် လုပ်သင့်တာကို လုပ်မှပဲလို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါတယ်။
စက္ကူ စက္ကူချင်းထပ်တဲ့အသံတွေ စာမေးပွဲအခန်းကြီးထဲက ထွက်လာတယ်။ လူတိုင်းက စဖြေကြတော့မယ်လို့ ပြင်ပြီကိုး။ ကျွန်တော်ကတော့ ဘာမှ မလုပ်သေးဘူး။ ဖြည်းဖြည်းချင်း မေးခွန်းကို ဖတ်ကြည့်တယ်။ ကျွန်တော်တတ်တဲ့ အင်္ဂလိပ်စာနဲ့ ရေးထားတာ တခုမှ မပါလို့ ကျွန်တော်တလုံးမှ နားမလည်ပါဘူး။ အဲဒီအချိန်မှာပဲ ကျွန်တော်က ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ ကြီးမြင့်တဲ့၊ မြေသြဇာ ထက်သန်လှတဲ့ ထိုင်းနိုင်ငံတော်က အမေရိကားထက် ပိုနေချင့်စဖွယ် ကောင်း တယ်လို့။
"ဒီလိုဆိုရင် ဒီစာမေးပွဲကို ခုလို လာဖြေဖို့ ဘာလိုသေးလဲ" လို့ ကျွန်တော်က ကျွန်တော့်ဖာသာ ပြောကြည့်တယ် ထင်ပါရဲ့။ ဒါပေမယ့် ကျွန်တော့်အသံကြီးက မြည်ကျယ်ထွက်လာလိုက်တာ တိတ်နေတဲ့ စာမေးပွဲခန်းကြီးထဲ ဟိန်းသွားတာပဲ။
အဲဒီမှာ ဘာဖြစ်ကုန်မလဲဆိုတာ ခင်ဗျားပဲ စဉ်းစားကြည့်တော့ဗျာ။ စာမေးပွဲခန်းထဲက ရှိရှိသမျှတွေက ကျွန်တော့်ကို ၀ိုင်းကြည့်ကုန်ကြရော။ ကျွန်တော်လည်း ထိုင်ရာက ၀ုန်းကနဲထမိပြီး ရှေ့ကခုံကို ဒိုင်းကနဲ ကန်ထုတ်လိုက်ရင်း......
"ခင်ဗျားတို့အားလုံးဟာ အမေရိကန်နယ်ချဲ့ရဲ့ ကျွန်လုပ်ရအောင် ခုကြိုးစားနေကြတာ မဟုတ် လား (ရှေ့ဆက်ဖို့ စကားလုံးကို ခုခေတ်စာရေးဆရာလူငယ်တွေ ရေးနေကြတွေထဲက ဘာမှတ်မိသေးလဲ စဉ်းစားပြီး ရှာတယ်) ကျွန်တော်တို့ လူ့ဘောင်ထဲကို အပုပ်အသိုးတွေ လာစိုက်တဲ့ ကိစ္စ၊ လူတန်းစားကွာဟမှု ပိုကြီးအောင် လုပ်တဲ့ကိစ္စ ခင်ဗျားတို့ တာဝန် ဖြစ်လိမ့်မယ်။ အမေရိကန်က ဆွေးမြေ့ပုပ်ပွတဲ့ ယဉ်ကျေးမှုကို ထိုင်းယဉ်ကျေးမှုထဲရောက်ကုန်အောင်လုပ်တာ ခင်ဗျားတို့ တရားခံ ဖြစ်လိမ့်မယ်။ ခင်ဗျားတို့အားလုံး အမေရိကကို ဘာလို့ သွားချင်ကြတာလဲ။ ခင်ဗျားတို့ ပညာသင် ကြားစရာ ဒီထိုင်းနိုင်ငံထဲမှာ လုံးဝ မရှိတော့ဘူးလား။ ငွေစက္ကူကို အပျော်တမ်း ဖြဲဆုတ်နိုင်တဲ့ဘ၀ ရောက်မယ်ထင်လို့လား။ ရွှေထွက်မယ်ဆိုလို့ တူးမယ်ကြံတာလား။ ပညာရှင် ပဂေကြီးတွေအဖြစ်နဲ့ ပြန်လာရမယ် ထင်လို့လား။ ဒါတွေအားလုံးဟာ အလကား အိပ်မက်တွေပါ။ အမှန်တရားကခင်ဗျားတို့ ဒီနိုင်ငံမှာ ရှာဖွေစားနိုင်လောက်အောင် ပညာမရှိလို့ပါ။ ခင်ဗျားတို့က ဟိုနိုင်ငံက ပြန်လာရင် မိုးကျ ရွှေကိုယ်တွေလုပ်ပြီး ကိုယ့်အချင်းချင်းအပေါ် လူတတန်းတစား လုပ်ချင်လို့ပါ။ ဟုတ်တယ်မဟုတ်လား"
တယောက်ကမှ ပြန်မဖြေဘူး။ ကျွန်တော့်အနားကပ်ထိုင်နေတဲ့ မိန်းကလေးကတော့ ကျွန်တော်ပြောတာတွေကို ငေးနားထောင်ပြီး မျက်ရည်တွေ ၀ိုင်းလာတယ်။ အမေရိကန် လေး-ငါး ယောက်လည်း ခေါင်းချင်းဆိုင်ကုန်ကြတယ်။ ကျွန်တော့ကို ဘယ်လိုဆွဲထုတ်ရမလဲ တိုင်ပင်တာ နေမှာပေါ့။ သူတို့ ဘာလို့ လာပြီး ၀ိုင်းမဆွဲထုတ်သေးပါလိမ့်လို့ ကျွန်တော်လည်း မတွေးတတ်ဘူး ဖြစ်နေတယ်။ ကျွန်တော် ရူးနေတယ်ထင်လို့ များလားမှ မသိတာ။ စာမေးပွဲခန်းကြီးကတော့ တိတ်မြဲတိတ်နေတုန်းပဲ။ ဒီလိုဆိုတော့ ကျွန်တော်လည်း စကား ဆက်ပြန်တာပေါ့။
"ခင်ဗျားတို့ဟာ စိတ်ကူးယဉ်သမားတွေပဲ။ အားလုံးအတူတူပဲ။ ရုပ်ရှင်တွေ အများကြီးကြည့်ပြီး နိုင်ငံခြားရူး ရူးနေကြတာ။ သွားခွင့်ရပါမယ့်အကြောင်း ဒုက္ခသုက္ခတွေ အများကြီး ပေးပြီးမှ ခုတခါ စာမေးပွဲ ဖြေကြရအုန်းမယ်တဲ့။ ဒါ ကျွန်တော်တို့ မွေးလာကတည်းက ပြောနေတဲ့ စကားမျိုးနဲ့ ဖြေရတဲ့ စာမေးပွဲလား။ ဘာဒီလောက် ကြောက်နေကြတာလဲဗျာ"
စာမေးပွဲခန်းရဲ့ တထောင့်က အသံတိုးကလေးနဲ့ မ၀ံ့မရဲ "ခင်ဗျားကကော ဘာလို့ ဒီစာမေးပွဲခန်းထဲ ရောက်လာသလဲ။ ကျွန်တော်တို့ အားလုံးလိုပဲ နိုင်ငံခြားသွားချင်လို့ မဟုတ်လား။ မသွားချင်ဘူးလားခင်ဗျာ"
ကျွန်တော်က အသံကြားရာဘက်ကို လှည့်ကြည့်လိုက်တယ်။ အားလုံးက ကျွန်တော်ဟာ စိတ်မနှံ့သူလို့ ထင်ကြတယ် ထင်ပါရဲ့။ ဘယ်သူမှ ကျွန်တော်နဲ့ မျက်လုံးချင်း မဆိုင်ချင်ကြဘူး။ အားလုံး လွှဲရှောင်သွားကြတယ်။
"ကျွန်တော်ဘာလို့ စာမေးပွဲလာဖြေနေသတဲ့၊ ဟုတ်လား၊ ကျွန်တော်လာဖြေတာက ခုလို ထပြီး လောင်ချင်လို့ပေါ့" ဒီအချိန်ထိ ကျွန်တော့်ရင်ထဲ ပူဆူမနေဘူး၊ အေးလို့ပဲ။ ကျွန်တော့်ကို ရိုက်မယ့် နှက်မယ့် အန္တရာယ်လည်း ဘာမှ မမြင်ရဘူး ဟုတ်လား၊ မြင်ရတော့လည်း ကျွန်တော်က ၀ုန်းဆို နီးရာအပေါက်က လစ်ပြေးဖို့ အသင့်ပဲ။
အမေရိကန်တယောက်က ကျွန်တော့်ဆီကို မ၀ံ့မရဲနဲ့ လျှောက်လာပါတယ်။ ကျွန်တော်က ထိုင်းနပန်းတော့ ကောင်းကောင်းလုံးတတ်တယ်ကွလို့ ပြောလိုက်ချင်တယ်။ ဒါပေမယ့် အဲဒါကို အင်္ဂလိပ်လို မပြောတတ်ဘူး။ ဒါကြောင့် ကျွန်တော်က လက်ဝှေ့ဟန်ရေး ပြလိုက်တယ်။ ကျွန်တော်ပြတဲ့ ဟန်ရေးက သိပ်များ မြန်သွားလားတော့မသိဘူး။ သူ လန့်သွားပုံရတယ်။ လန့်ပြီး သူက လဲသွားတော့ ခုံတခုံနဲ့ ၀င်ဆောင့်မိတယ်။ အဲဒီမှာ စာမေးပွဲခန်းကြီးတခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်လာလေရော။ ဒီတော့ ကျွန်တော်လည်း ကြောက်လာပြီ။ ကျွန်တော့်ကို အားလုံးက ၀ိုင်းပြီး တွယ်ကြတော့မယ်။ အားလုံးမှ ၂၀၀ စလုံးက ၀ိုင်းတွယ်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်လေ။ အမေရိကန်လည်း လဲကျသွားရော မိန်းကလေးတွေက အော်ကြ၊ ကောင်လေးတွေက အလုံးအရင်းနဲ့ ခုန်ထကြတာကိုး၊ ကျွန်တော်က တံခါးရှိရာကို ခုန်ပြေးတော့တာပေါ့။ ကျွန်တော်ပြေးပြီဆိုတော့ လူ ၂၀-၃၀ က လမ်းဖယ်ပေးကြရာမှာ ခုံ ၂၀-၃၀ လဲပြန်ပါရော။ အော်သံတွေ၊ ခုံလဲသံတွေ၊ လူသံတွေက နားကွဲမတတ်ပါကလား။
အေယူအေခန်းမကြီးရှေ့မှာ ခဏအသက်ရှူပြီး ဖြတ်လာတဲ့ တက္ကစီတစီးပေါ်ကို ကျွန်တော် ပြေးဆွဲတက်လိုက်ခဲ့ပြီး ကားသမားကို မရပ်မနား ဦးတည်ရာမောင်းစမ်းလို့ ခိုင်းလိုက်တယ်။ ပြီးတော့မှ ကိုယ့်ဖာသာကိုယ် လုပ်ခဲ့တာတွေကို အကျေနပ်ကြီးကျေနပ်ပြီး ပြုံးလိုက်မိတယ်။ ကျွန်တော် စာမေးပွဲ ခန်းမကို ဒီပုံစံနဲ့ ပြန်ထွက်ခဲ့မယ်လို့ အစက စိတ်ကူးမရှိရိုးအမှန်။
ကျွန်တော့်အကိုဆီကိုတော့ အမေရိကား အကိုတို့ဆီလိုက်လာဖို့တော့ တသက်လုံး စိတ်မကူး ပါဘူးလို့ စာရေးမိကောင်း ရေးမိပါတော့မယ်။

လူထုဒေါ်အမာ-ဘာသာပြန်သည်။
[မူရင်းရေးသူ- ၀ါနစ်ဂျာရန်ကစ်အနန်း]

[ဒီဝတ္ထုလေးဟာ ၁၉၇၀ ခုနှစ်ဆီက အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားတောင်ပိုင်းကို ဘန်ကောက်က လူလတ်တန်းစားတွေ အလုံးအရင်းနဲ့ ပြောင်းရွှေ့နေထိုင်ကြတာကို တစိတ်တဒေသ သရော်တဲ့ ၀တ္ထုပါ။ ဒီလူတွေက ထိုင်းမှာ နိုင်ငံရေးနဲ့ စီးပွါးရေးမတည်ငြိမ် မရေရာမှုတွေကြောင့် တကြောင်း၊ အမေရိကန်နဲ့ ထိုင်းတို့ရဲ့ ကိုလိုနီတပိုင်း ဆက်ဆံရေးတွေကြောင့်တကြောင်း အမေရိကား ကို သွားကြ၊ ပြောင်းကြတာပါ။ ဘန်ကောက်မှာရှိတဲ့ လူလတ်တန်းစားကလည်း အများအားဖြင့် တရုတ်ကပြားတွေ ဟုတ်လား။]

[လူထုဒေါ်အမာ-ထိုင်းဝတ္ထုတိုများ(၁)၊ ပထမနှိပ်ခြင်း၊ ၁၉၉၂ ဒီဇင်ဘာလ၊ စာအုပ်မှ ကူးယူ ဖော်ပြပါတယ်။]

No comments: