Tuesday, April 8, 2008

သမဂ္ဂ အမေသို့  ကန်တော့ပန်း
ရေးသူ-ခွန်ဆိုင်း

ကျေးဇူးတင်ပါတယ် အမေ
ဒီလောက်အသက်ရှည်ရှည်နေပေးခဲ့တာ ။
အသက်၉၀ကျော်အောင် ဒီအကျင့် ဒီစာဂ
ဒီသီလ ဒီမေတ္တာ
ဒီစေတနာ ဒီအသိ နဲ့
ကတိတည်တည်
သတိမြဲမြဲ ဒီမြေဒီအခြေမှာ ဒီလိုနေရဲခဲ့တာ နေပေးသွားတာ
နဲတဲ့မဟာကရုဏာလားအမေ။
လူတွေကတော့နှမျောကြ၀မ်းနဲကြတာပေါ့။
အမေရှိနေသမျှစေတီထိုက်တာကိုး။



ပုထုဇဉ်တွေဆိုတော့လည်း
အမေရေစက်ချမှ
သားတို့ရင်ထဲကကုသိုလ်တွေက ပိုးပိုးပေါက်ပေါက် ပိုကျ
အမေအမျှဝေမှ
သမီးတို့လိုက်ရတဲ့ သာဓုတွေက ပီတိပိုဖြာရတာကိုး။
သားသမီးတွေမှာလည်းအကျိုးများ
အမေ့မြေအမေ့ရေမှာ တိုးပွါး
ဗောဓိညောင်လိုအရိပ်တပါးအမေရေ။

စိတ်ချလို့သွားအမေ
သားသမီးတွေက လူလားမြောက်
အမှန် နဲ့ အမှား တရား နဲ့ မတရား
ပိုင်းခြားတတ်တဲ့အရွယ်တွေရောက်ကြပြီ
ကုသိုလ်တံတားများဘယ်လိုဆောက်
အကုသိုလ်တရားများဘယ်လိုဖျောက်
သဘောပေါက်တယ်အမေ
မြေးမြစ်တွေလည်း အတောင်ပေါက်
နိုင်ငံတကာတံခါးတွေကို သိက္ခာရှိရှိခေါက်တတ်ကြပြီ။

စိတ်ချအမေ
ဓမ္မကမ်းပါး မှာ အမေထားခဲ့တာ
သားတဖြာမြစ်တဖျာမှမဟုတ်တာ
အပွါးအစည်းသွေးသစ်တွေဝေေ၀ဆာဆာဖွဲ့
သားသမီးမြေးမြစ်တွေကုဋေကုဋာနဲ့
ဒီမြေ ဒီကမ္ဘာမှာ
ဒီမို တပြေတရွာ တည်လို့ရပါရဲ့အမေ ။

(အောင်ဆန်းတို့အမေ ဗဟိန်းတို့အမေ အောင်ကျော်တို့အမေ
ချွန်မြကြစေ တွန်ကကြစေ ဇာနည်အိုးဝေ )
သမဂ္ဂအမေ- သီချင်းကိုဆိုနေရင်း
ထောင်ထဲက အမေသားတွေ အမေ့ဂုဏ်တော်တွေကိုအောက်မေ့နေကြမှာပါ။
မြေအောက်က အမေ့သမီးတွေ အမေ့လိုဖြစ်အောင်ကျင့်ကြံနေကြမှာပါ။
စစ်ဖိနပ်အောက်က အမြေ့ပည်သူတွေ ရုန်းထနေကြမှာပါ။
အဝေးရောက်အမေ့သားသမီးတွေ အမိမြေအတွက် တိုက်ပွဲဆက်နေကြမှာပါ။

ခွန်ဆိုင်း ( ၈.၄.၀၈)

No comments: