Thursday, April 3, 2008

ဘ၀ကင်းဗတ်ပေါ်ကသံမဏိစုတ်ချက်ကြမ်း (အပိုင်း ၁)
ဖိုးသံစိမ်း-ရေးသည်။





၁၉၉၁ နိုဝင်ဘာ ရန်ကုန်ဆောင်းက ခါတိုင်းနှစ်တွေထက် ပိုအေးတဲ့နှစ်။ ရန်ကုန်သူ ရန်ကုန် သားတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေကြမယ့် အချိန်။ မနက် သုံးနာရီ။ အင်းစိန်မှာ ဆောင်းမုန်တိုင်းကြမ်း တခု အကြမ်းပတမ်း တိုက်ခတ်နေတယ်။ ညဥ့်ငှက်ဆိုးတွေရဲ့ အော်သံတွေ။ မဟုတ်သေးဘူး။ ညဥ့်ငှက် ဆိုး ထိုးသံတွေထက် ပိုဆိုးတဲ့ အသံတွေ ဆက်တိုက်ပေါ်ထွက်နေတယ်။ ဆီထည့်မထားတဲ့ သံတံခါးဖွင့် သံတွေက ကြိုးတိုက်က ကြိုးသမားတွေကို ကြိုးပေးဖို့ ဖွင့်နေတဲ့ အသံတွေလား။ ဆောင်းမုန်တိုင်းရဲ့ မိုးကြိုးထစ်သံတွေလို့ ထင်ရရဲ့။ အသံတွေက တဖြည်းဖြည်းနီးလာတယ်။ ကြိုးတိုက်က မဟုတ်တာတော့ သေချာသွားပြီ။ ထောင်ဝင်နံပါတ်၊ အမည်၊ အဘအမည် ခေါ်သံတွေ ဆက်တိုက် အော်ခေါ်နေတယ်။


ဟော... သူ့နာမည်ပါလား။ အိပ်ရာက လူးလဲ အမြန်ထလိုက်တယ်။ ကိုယ့်ပစ္စည်းကိုမှ စုံအောင် သယ်ခွင့် မရလိုက်ဘူး။ ဇွတ်အတင်း ဆွဲခေါ်သွားကြတယ်။ အသတ်အပုတ်ကြမ်းတဲ့ ဆူမိုဆောင်း နပန်းသမားရဲ့ ခန္ဓာကိုယ်ကြီးအောက်မှာ အနွေးထည်မပါဘဲ တန်းစီ၊ ခေါင်းငုံ့၊ ထိုင်နေကြရတယ်။ မနေ့ညကတင် ထောင်အပြင်က ကထိန်တခုမှာ ဧည့်ခံနေတဲ့ မြန်မာဆိုင်းဝိုင်းတခုရဲ့ တီးလုံးသံ ကြားမိသေးတယ်။ အခုတော့ ခြေချင်းခတ်သံတွေ ညံလို့။ ဘာတွေ ဖြစ်နေကြတာလဲ။ ပြောင်းရွှေ့မှု တခုနဲ့ ကြုံရတော့မယ် ထင်တယ်။
သံယောဇဉ်တွေ၊ အံ့သြမှုတွေ၊ ချမ်းစီးမှုတွေ ပြိုင်တူခံစားနေရချိန်မှာ သူ့ခေါင်းပေါ်ကို သံထည်ပစ္စည်းတခု လာထိတွေ့တယ်။ အေးမြရမယ့် သံထည်က ပူနွေးလို့ပါလား။ မာရသွန်ခရီးကို ပြေးလာရတဲ့ စက်ကတ်ကြေးတလက်ပေါ့။ သူ့ရဲ့ ခပ်တိုတို ဆံပင်မွှေးတွေကို စက်ကပ်ကြေးက ခပ်သွက်သွက် ဇိုးဇိုးဇတ်ဇတ် ဆွဲနှုတ်နေတယ်။ ခေါင်းပေါ်မှာ စက်ကတ်ကြေး။ ခြေထောက်မှာ သံခြေချင်း။ ဆံပင်ညှပ်တာရော၊ သံခြေချင်းခတ်တာရော၊ တမိနစ်အတွင်း ပြီးသွားတယ်။ နောက်တယောက်တဲ့.......။
ဘယ်သူက စပြောလိုက်တယ် မသိဘူး။ မန္တလေး၊ မန္တလေးကိုတဲ့။ မန္တလေးကို ချစ်ခင်သူတွေက စိတ်ထဲမှာ ကြိတ်ပြီး ပျော်နေကြတယ်။ သူတို့ (၃) ဆောင်ကတော့ လူပေါင်း နှစ်ဆယ်။ ဟိုလူတွေက (၄)ဆောင်က။ ဟိုဘက်ကလူတွေက (၅) ဆောင်က။ ပြီးတော့ တိုက်တွေ ဘက်ကလည်း လူတွေ ထွက်လာကြတယ်။ ရိက္ခာဂိုဒေါင်ရှေ့က ကွက်လပ်မှာ ထမင်းထုပ်ကိုယ်စီနဲ့ လူတွေဖွေးဖွေးလှုပ်နေပြီ။ မိတ်ဆွေ၊ သူငယ်ချင်း၊ အမှုတွဲတွေကို လှမ်းနှုတ်ဆက်ကြ။ ဘယ်သူတွေ ပါလို့ ဘယ်သူတွေ ကျန်ရစ်ခဲ့ သလဲ။ အပိုင်သား ဘယ်နှစ်ယောက် ပါလဲ။ အပေါင်းအသင်း ပါ-မပါ။ မပါလည်း ကိစ္စ မရှိဘူး။ သူတို့ စိတ်ထဲမှာ တကောင်တည်းပဲ - ဒါပေမယ့် ခြင်္သေ့ဆိုတဲ့ ခြင်္သေ့စိတ်ဓါတ် ကိုယ်စီနဲ့။ ခဲသတ္တုကြယ်ပွင့် တွေကတော့ ပိုပြီးချောင်ချိ လွတ်လပ်တဲ့ နေရာကောင်းကို ပို့ပေးမယ်လို့တဲ့။ သူက တေးရေးဆရာ စိုင်းခမ်းလိတ်ရဲ့ "စာချောက်ရုပ်" သီချင်းကို သတိရမိတယ်။ ပိုပြီး လွတ်လပ်တဲ့ ထောင်ရယ်လို့ ဒီခေတ်မှာ ရှိသတဲ့လား။
သူတို့ တန်းစီပြီး ထွက်လာကြတယ်။ ဗူးတံခါး ဖွင့်လိုက်ပြီ။ သူတို့ကို ကားစိမ်းကြီးတွေက ဖင်ထိုးထားပြီး အဆင်သင့် စောင့်နေတယ်။ ဗူးဝနဲ့ ကားဖင်နဲ့ တေ့လျက်သားလေ။
အများပြည်သူ ရှူတဲ့လေ။ အောက်ဆီဂျင် အပြည့်ပါတဲ့လေ။ လတ်ဆတ်တဲ့လေတွေ အဆုတ်ထဲကို အားရပါးရ ရှူသွင်းလိုက်တယ်။ အရသာရှိလှပါကလား။ မနက် နေခြည်နု၊ သစ်ရိပ်နု၊ နီညိုရောင်စက်ဘီး။ ဖလန်နယ် အနီကွက်ဝတ် ကလေးငယ်။ ကျစ်ဆံမြီး မည်းမည်း ရှည်ရှည် တုတ်တုတ်၊ ကျောင်းသူမလေးရဲ့ ဖဲကြိုးပြာ၊ ဆွမ်းခံထွက်နေတဲ့ ဘုန်းကြီးရဲ့ ၀ါထိန်တဲ့ သင်္ကန်း၊ နက်မှောင်နေတဲ့ သပိတ်ပေါ်မှာ ရွှေနီငှက်ပျောဖီး။ အဖြူရောင် မဟုတ်တဲ့ အရောင်တွေ သူ ချက်ချင်းခံ စား လိုက်တယ်။ သူတို့ကားရဲ့ ရှေ့မှာလည်း ကားတစင်းရပ်ထားလို့။ ကားပေါ်မှာ သူ့မိတ်ဆွေတွေ ပါလာကြတယ်။ တွဲဘက်ထောင်ကို အပြစ်ဒဏ်နဲ့ ပို့ထားတဲ့ သူ့မိတ်ဆွေတွေပေါ့။ ကားတွေ စ, ထွက်ပြီ။
ဘယ်နေရာ ကြည့်ကြည့် အသစ်အဆန်းတွေချည်း။ ကြည့်လို့ မ၀နိုင်ဘူး။ လူတွေပြည့်ကြပ် နေတဲ့ ဘတ်စ်ကားတွေ၊ မီးခိုးပြာဝတ်စုံနဲ့ လုပ်သားတွေ၊ ကျောင်းဝတ်စုံနဲ့ ကျောင်းသား ကျောင်းသူတွေ၊ လက်ပွေ့ဈေးသည်တွေ၊ ဈေးသွားမယ့် အိမ်ရှင်မတွေ၊ ဆိုက်ကားဆရာတွေ သူတို့ကို ကြည့်နေကြ တယ်။ ဒီမြင်ကွင်းဟာ အချို့အတွက်တော့ ဘာမှ မထူးဆန်းသလိုဘဲ။ ထောင်သားတွေ၊ ရဲဘက်တွေ ကားသုံးစီးတိုက်နဲ့ တနေရာရာကို သွားပြီး ပြစ်မှုကြွေး ချွေးနဲ့ဆပ်ကြမလို့။ မဟုတ်ဘူး။ လုံးဝ မဟုတ်ဘူး။ ဘာပြစ်မှုကြွေးလဲ။ ဘာလို့ ချွေးနဲ့ ဆပ်ရမှာလဲ။ ဘယ်သူ့ကို ဆပ်ရမှာလဲ။ သူတို့ ရှင်းပြနေကြတယ်။ အနားက လူတွေက သူတို့ ရှင်းပြတာကို မကြားကြ၊ မမြင်ကြဘူး။ မြင်တဲ့ လူကလည်း ခပ်ဝေးဝေးမှာ။ မကြားနိုင်ဘူး။ ပတ်ဝန်းကျင်နဲ့ သူတို့နဲ့ လွဲချော်မှုတခု ဖြစ်နေပြီ။
ကားတွေက ရန်ကုန်ဘူတာကြီးကို ဦးမတည်ဘဲ အင်းစိန်ဘူတာရှေ့မှာ ထိုးရပ်လိုက်တယ်။ မန္တလေးကို ဆိုတာ ဟုတ်ပါ့မလား။ မန္တလေး မဟုတ်ရင် ဘယ်ကို ပို့မှာလဲ။ မရေရာမှုတွေက သံကုန်ဟစ် နေကြတယ်။ သံသယတွေက ပွက်လောညံလို့။ မိတ်ဆွေ အသစ်တွေ မိနစ်နဲ့အမျှ တိုးနေတယ်။ နာမည်၊ လူပုံသဏ္ဍန်၊ မြို့နယ်၊ ပုဒ်မ၊ ကျတဲ့နှစ်၊ အဖွဲ့အစည်းတွေကို ဦးနှောက်ထဲမှာ လက်ရေးတိုနဲ့ လိုက်မှတ်နေရတယ်။ တချို့က ပုဒ်မ နှစ်ခု၊ သုံးခု။ ကျတဲ့နှစ်ကလည်း မနည်း။ ကိစ္စမရှိ။ ကိုယ်ထမ်းထား ရတာမှတ်လို့ဆိုတဲ့ စတိုင်နဲ့။ အများစုက နှစ်ကြီးကြီး။ ကိုင်းကြီးကြီး နားသူတွေ။
ဟော..... အချက်အလက်တွေ၊ မှတ်စရာတွေ ဆက်တိုက်၊ ဒလဟော ၀င်နေရာက ချက်ချင်း ရပ်တန့်သွားတယ်။ စကားသံတွေတောင် တိတ်လို့။ သူတို့ မျက်နှာတွေ အားလုံး ၀င်းပသွားကြတယ်။ တေးရေးဆရာ ကိုမောင်မောင်ရဲ့ သီချင်းတပုဒ် ဘူတာရုံ လက်ဘက်ရည်ဆိုင်ထဲက ပျံ့လွင့်လာတယ်။ တေးသံရှင်က ကိုခင်မောင်တိုး လေ။ အားလုံးရဲ့ ခန္ဓာကိုယ်မှာ သွေးလှည့်ပတ်မှုတွေက ပိုမြန်လာ ကြတယ်။ အခုမှ မိတ်ဆွေဖြစ်ကြရတဲ့ လူတွေကလည်း ဒီသီချင်းသံကြောင့် ပိုပိုပြီး သွေးနီးလာကြတယ်။
"မိုးဦးဝင်ရောက် လာတဲ့အခါxx ရိုးမပေါ် ဖြတ်ပျံရင်းxx မြောက်ဖက်ကို ဦးတည်လှည့်ကာxx သားပေါက်ရာ အရပ်ဆီ မိုင်ထောင်ချီ ပျံလေပြီxx ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီ ခရီးစဉ်...."
ပူနွေးတဲ့ လက်ဖ၀ါးတခု သူ့လက်ကောက်ဝတ်ကို လာဖျစ်တယ်။ လှည့်ကြည့်လိုက်တော့ မြောင်းမြသား ပုသိမ်ကောလိပ် ကျောင်းသားကလေး ဖြစ်နေတယ်။
"မျိုးဆက်ရဲ့ အားမာန်တခုပါxx လမ်းကြောင်းမှန် ရွေးချယ်ရင်းxx အများနည်းတူ သက်လုံ မကောင်းရင်......"
'ကြိုးကြာသံ' သီချင်းကို ဒိပြင်လူတွေထက် ပိုပြီးခံစားနေကြသူတွေ၊ ပိုပြီး ခံစားနိုင်စွမ်းရှိတဲ့ သူတွေ၊ စာရင်းချုပ်ကြည့်လိုက်တော့ စုစုပေါင်း ကိုးဆယ့်ကိုးယောက်။ သြော်.... ကြိုးကြာ ကိုးဆယ့်ကိုး ကောင်ပါလား။
"ဆုံးဖြတ်ချက် တခုချမယ်xx အရှုံးနဲ့ အောင်မြင်ခြင်းဟာxx ရှိသင့်တဲ့ အားနဲ့မာန်xx ခံနိုင်မှ...."
မတော်တဆလား၊ တိုက်ဆိုင်မှုတခုလား။ ဘာပဲဖြစ်ဖြစ် ကိုမောင်မောင်နဲ့ ကိုခင်မောင်တိုးကို သူတို့အားလုံး ကျေးဇူးတင်နေကြတယ်။
ရထားက မလာသေးဘူး။ 'ကြိုးကြာသံ' သီချင်းက လှုပ်ရှားနေတဲ့ သူတို့ စိတ်ကို ခဏလေး အတွင်းမှာ ငြိမ်သက် အေးချမ်းသွားအောင် လုပ်နိုင်စွမ်းရှိတယ်။ အန္တရာယ် မလွယ်နိုင်သူတို့က ရထားသံလမ်းနဲ့ ပလက်ဖောင်းဘေးမှာ ဖြစ်သလို သွားလိုက်ကြတယ်။ ခြေချင်းနဲ့ သူတို့နဲ့ အသားမကျ သေးဘူး။ သူတို့ရဲ့ ပဒေသာခြေချင်းကို ဆီးစက်တချို့ စင်ကုန်တယ်။ နောက်ထပ် ဘာအန္တရာယ်တွေ လာဦးမှာမှန်းမသိခင် အန္တရာယ်အသေးစားလေးကို ရှင်းနှင့်တဲ့ သဘောပါ။
ဘူတာမှာ လူက တဖြည်းဖြည်းနဲ့ စည်စပြုနေပြီ။ စတစ်ကော်လာနဲ့ လူတွေ၊ ပန်းပွါးလွယ်အိပ် နဲ့ လူတွေ၊ မိချောင်းအိုကြီးတွေ တချို့က ဟိုနားတကောင်၊ ဒီနားတကောင်။ တချို့က အမြီးချင်းလိမ်လို့။ သူတို့ အားလုံးက ဘူတာမှာ အသိမိတ်ဆွေတွေ ဘယ်သူ့ကို တွေ့မလဲလို့ စူးစမ်းနေကြတယ်။ ဘယ်ကို ရွှေ့ရမယ်ဆိုတာတော့ မသိ။ တနေရာရာကိုတော့ ရွှေ့သွားပြီလို့၊ မိဘ ဆွေမျိုး မိတ်ဆွေတွေကို အသိပေးခဲ့ ချင်တယ်။ မိတ်ဆွေ၊ သူငယ်ချင်း၊ အသိ၊ မျက်မှန်းတမ်းမိသူ တယောက်ယောက် ဘယ်မလဲ။ လာပါ။ ကျား၊ မ တယောက်ယောက်ပေါ့။ မဟုတ်မဟတ်တွေ လုပ်ရင် အသိတွေက တွေ့တတ်ပြီ။
ခက်ပြီ။ ရထားတစင်းက တောင်ဘက်က လာနေပြီ။ မန္တလေး မဖြစ်နိုင်တာ သေချာသွားပြီ။ လွဲချော်သွားပြီ။ ကြိုးကြာတွေနဲ့ သိရတဲ့လူက တယောက်မှ ပေါ်မလာဘူး။ ရထားပေါ်မှာ ခရီးသည်တွေ ပါလာကြတယ်။ တချို့က လှလှပပ ၀တ်စားထားတယ်။ အများစုက ခပ်နွမ်းနွမ်း။ ရထားက အမြန်ရထား ဟုတ်ပုံ မပေါ်ဘူး။ လော်ကယ်ရထား ဖြစ်ဖို့ များတယ်။ ဒီရထားက ဘယ်ကို သွားရတဲ့ ရထားလဲ။ သူတို့ထဲက လူငယ်တယောက်က ခရီးသည်မလေးကို လှမ်းမေးလိုက်တယ်။ ခရီးသည်မလေးက သိပ်အံ့သြ ထိတ်လန့်သွားပုံရတယ်။ မျက်နှာပျက်သွားတယ်။ ဘာမှ ပြန်မပြောဘူး။ မတူမတန်သလိုလို။ ရာဇ၀င်လူဆိုးကြီးလို့ ထင်သွားဟန်တူရဲ့။ လွဲချော်ရပြန်ပြီ။
ကျွန်တော်တို့ ကျောင်းသားတွေပါ။ မင်္ဂလာတောင်ညွန့်က လက်ဘက်ရည်ဖျော်ရင်း တက္ကသိုလ် တက်နေသူရဲ့ အသံ ကြားလိုက်ရတယ်။ ဒီတခါ အပြောခံရသူလေးက နှုတ်လှန်ထိုးလိုက်တယ်။ အံမယ် ဒီရုပ်တွေကများတဲ့။ လူငယ်တွေက ဒီကလေးမလေးကို ကောင်စီပြုတ်တယောက်ရဲ့ သမီး။ ဒါမှမဟုတ် ရ၀တရဲ့ သမီးလို့ တွက်ဆလိုက်ကြတယ်။ ကလေးမလေးကိုလဲ အပြစ်မဆိုသာဘူး။ သူတို့ရဲ့ ဆံပင်တွေက ပုံပျက်ပန်းပျက်တွေ မဟုတ်လား။ မ,စိတ်မွှန်နေတဲ့ ဆိတ်သိုးတကောင် စားထားတဲ့ လှေကားထစ် မြက်ခင်းနဲ့ တူနေတယ်။ မျက်နှာမသစ်ကြရလို့ အဆီပြန်နေကြတယ်။ မျက်ချေးဗရပျစ်နဲ့။ ၀တ်ထားတာကလည်း အထက်ကအဖြူ၊ အောက်ကအဖြူ။
သူတို့ သံခြေချင်းကို တဖက်ကဆွဲ၊ အိပ်ရာလိပ်ကို တဖက်ကသယ်ပြီး တွဲရှိရာကို လျှောက်သွား ကြတယ်။ အင်းစိန်ဘူတာတခုလုံး သံခြေချင်းသံတွေ ညံနေတယ်။ တွဲဆီရောက်ပြီ။ တွဲကို ကြည့်ပြီး သူတို့ မှင်တက်မိနေကြတယ်။ တွဲက လူစီးတွဲ မဟုတ်ဘူး။ သီးသန့်တွဲ၊ အချုပ်တွဲ၊ လူစီးတွဲကို ဖိနှိပ်ကရိယာတခုဖြစ်ဖို့ ရထားစက်ရုံတခုမှာ အထူးပြုပြင်ထားတဲ့ တွဲပါ။ တဖက်က သံပြားတွေနဲ့ အလုံ ပိတ်ထားတယ်။ တဖက်မှာပဲ ပြတင်းပေါက်ပါတယ်။ လျှောက်လမ်းချန်ထားပြီး သံဆန်ကာနဲ့ အထဲမှာ အကန့်တကန့် ကန့်ထားတယ်။ သံခြေချင်းတွေနဲ့ တွဲပေါ်တက်ရတာ မလွယ်ဘူး။
ရဲဘော်တို့ရေ.... ဒါ, အစပဲ ရှိသေးတယ်။ နောင်မှာ ဘယ်လို အခက်အခဲတွေ၊ ဒုက္ခတွေ၊ ဆင်းရဲ ပင်ပမ်းမှုတွေ ကြုံရဦးမယ် မသိဘူး။ တက်ထားကြ။ ဒိထက် ခက်ခဲတဲ့ တောင်ထွတ်တွေကို တက်ကြရ ဦးမယ့် တောင်တက်သမားတွေ မဟုတ်လား။ ဒုက္ခဆင်းရဲတွေကို ဖ၀ါးအောက်မှာ ထားမယ့် တောင်တက်သမား ကိုးဆယ့်ကိုးယောက် လာပြီဟေ့။
သူတို့ကို တွဲနှစ်တွဲမှာ မျှထည့်လိုက်တယ်။ ထောင်ဝန်ထမ်းတွေ၊ လုံခြုံရေးလိုက်မယ့် ရဲတွေလည်း မျှပြီးတော့ နေရာယူလိုက်ကြတယ်။ "မင်းတို့ ပြေးရဲတဲ့သူ ပြေးကြည့်။ ငါတို့မှာ ပစ်ဝရမ်းပါတယ်၊ မင်းတို့ရဲ့ အလောင်းကို ကောက်ပြီး ခရီးဆက်ရမှာပဲ" တဲ့။ ကြိုးကြာငှက်တွေကို သေနတ်နဲ့ ခြိမ်းခြောက်နေပါကလား။ ကြိုးကြာငှက်တွေကတော့ ရယ်လိုက်ရတာ ဖတ်ဖတ်မော၊ ရင်ဘတ် နောက်ကကျောပေါ့။ တွဲထဲမှာ တော်တော် မှောင်နေတယ်။ သူ့မျက်စိက ကျင့်သား မရသေးဘူး။ သံဆန်ကာထဲကို မြန်မြန်ဝင်ဖို့ ပြောသံကြားရတယ်။ ၀က်တိုးပေါက်ကလေးထဲ ခေါင်းငုံ့ပြီး တိုးဝင်ကြရတယ်။ မျက်စိက တဖြည်းဖြည်းနဲ့ ကျင့်သားရလာတယ်။ တွဲရဲ့ အလယ်မှာ အိမ်သာရှိတယ်။ တံခါးမပါဘူး။ လူတထိုင်စာပဲ ကာထားတယ်။ ကြမ်းပြင်တချို့က ဆွေးမြေ့နေတဲ့ တွဲကြီး။ စက္ကူစုတ်၊ ပလတ်စတစ်စ၊ ဆေးလိပ်တို၊ သစ်ရွက်ခြောက်၊ အမှိုက်တွေ ဗရပွနဲ့။
မဂ္ဂင်ဆရာတော်ကြီးကို တွဲရဲ့ ထိပ်တနေရာမှာ သီးသန့်တနေရာ သူတို့ စီစဉ်ပေးကြတယ်။ အိပ်ရာလိပ်တွေ ဆင့်ထပ်ထားတဲ့ အပေါ်မှာ ထိုင်ဖို့ ဆရာတော်ကို လျှောက်ကြတယ်။ ဆရာတော်က ငြင်းတယ်။ အမြင့်မှာ မထိုင်ဘူး။ သူတို့လိုပဲ ကြမ်းပြင်ပေါ်မှာ ထိုင်လိုက်တယ်။ အင်းစိန်ကို ကျောပေးသွားမယ့် တူရူကို မျက်နှာမူလို့။ ထမင်းထုပ်တွေကို တနေရာမှာ သပ်သပ်ပုံကြတယ်။ ဆရာတော်ကြီးရဲ့ ဆွမ်းထုပ်နဲ့ ဒိပြင် ဦးဇင်းတွေရဲ့ ဆွမ်းထုပ်တွေကို ရေစကြိုက ဦးဇင်းက ယူလာပြီး သူတို့ ထမင်းထုပ်တွေနဲ့ ရောပြီး စုပုံလိုက်တယ်။
ရထားဘီးက တလိမ့်ချင်း စ,လှိမ့်နေပြီ။ လိုက်ပို့သူမဲ့နေတဲ့ ခရီးသည် ကိုးဆယ့်ကိုးယောက်ရဲ့ ဘယ်ကိုမှန်း မသိတဲ့ ခရီးလည်း စ, ပြီ။ နေရစ်တော့ စုတ်ပဲ့တဲ့ အင်းစိန်ယဉ်ကျေးမှုဟောင်း။ ထောင်စာမျက်နှာသစ်တခုကို သူတို့ စလှန်လိုက်ကြပြီ။

xxxx xxxx xxxx xxxx xxxx

ရထားရဲ့ ပြတင်းပေါက်မှာ ပေါ်လာတဲ့ ရှုခင်းတွေကို ရုပ်ရှင်ကားတကားလို ကြည့်နေကြတယ်။ အလုပ်ရုံသွားမယ့် အလုပ်သမားတွေ၊ ကိုရင်လေးတွေ၊ ဈေးသည်တွေ၊ အုံးပင်တွေ၊ ဆိုက်ကားပေါ်ထိုင် နေတဲ့ ဆိုက်ကားသမားတွေ၊ သာမန်လက်လုပ်လက်စားတွေက ဒီဇာတ်ကားမှာ သဘာဝကျကျ သရုပ်ဆောင်နေကြတယ်။ ရထားက တဖြည်းဖြည်းနဲ့ အရှိန်ရလာတယ်။ မြင်ကွင်းကလည်း တရိပ်ရိပ်နဲ့ ပြောင်းလဲနေတယ်။ မြို့ပြကွက်တွေကနေ ကျေးလက်ပြကွက်တွေ ဖြစ်လာတယ်။ အင်းစိန်ကတည်းက ၀မ်းကိုက်လာတဲ့ ပုစွန်တောင်ဘက်က လူက ပထမဆုံး မိလ္လာစတက်ပြီပေါ့။
စပါးတွေက စ, သိမ်းနေပြီ။ ယု၊ အောင်ဘော် နဲ့ ဘခက်တို့ရဲ့ မိတ်ဆွေတွေ အလုပ်များတဲ့ အချိန်။ စပါးရိတ်နေရာက တရွေ့ရွေ့ သွားနေတဲ့ သံကြက်ခြင်း နှစ်ခြင်းကို လှမ်းကြည့်နေကြတယ်။ လယ်ကွင်းတွေထဲမှာ မြို့သစ်ဆိုပြီး အကွက်သစ်တွေ ချထားတာ လှမ်းတွေ့နေကြတယ်။ ယုရဲ့ မိတ်ဆွေတွေ နောင်နှစ်ကျရင် ဒီနေရာမှာ စပါးရိတ်ဖို့ မလိုတော့ဘူး။ ဘယ်နေရာမှာ ဘာသွားလုပ် ကြမလဲ။ ဘယ်ကဖွင့်တဲ့ အသံချဲ့စက် မှန်းမသိဘူး။ "အမိန့်တော်ပါတယ်၊ အမိန့်တော်ပါတယ်" တဲ့။
သူက မဂ္ဂင်ဆရာတော်ကြီးရဲ့ ခြေအစုံကို လှမ်းကြည့်မိတယ်။ ဆရာတော်ကြီးမှာ ဖိနပ်မပါဘူး။ သူလိုပဲ ဆရာတော်ကြီးက ပဒေသာခြေချင်းနဲ့။ သူက ခြေချင်းရဲ့တဆိပ်ကို စူးစမ်းနေမိတယ်။ နွားတံဆိပ်လား၊ ဂျိုးသိန်းတံဆိပ်လား၊ အညွန့်တလူလူနဲ့ အနာဂတ်မှာ အလားအလာကောင်းတဲ့ ကျောင်းသားလူငယ်လေးရဲ့ ခြေထောက်မှာ သံခြေချင်းအိုကြီးခတ်ထားလို့ပါလား။ ဒီခြေချင်းကို ဘယ်သူနဲ့ စပြီး ဈေးဦးဖောက်တာလဲ။ အဲဒီလူက ဘာပုဒ်မလဲ။ ထောင်ဘယ်နှနှစ် ကျသွားသလဲ။ တကယ်ရော သူ အပြစ်ကျူးလွန်ခဲ့သလား။ ငွေနည်းလို့ တရားရှုံးသွားသူလား။ အခု အဲဒီလူ ဘယ်မှာလဲ။ အသက်ရှင်လျက်ပဲလား။ သန်သန်မာမာပဲလား။ ဇာတိမြေကို ပြန်ရောက်ရဲ့လား။ သူ့မိသားစုနဲ့ ပြန်တွေ့ရရဲ့လား။ ဒီခြေချင်းကို လူဘယ်နှယောက် ၀တ်သွားပြီးပြီလဲ။ အဲဒီလူတွေရဲ့ ဘ၀ကို သိခွင့်ရရင် သူသိချင်တယ်။ ခြေချင်းတွေကို သူ စကားသင်ပေးချင်တယ်။ ခြေချင်းတွေသာ စကားတတ် ရင် ..... ။ သူတွေးနေရာက ပါတ်ဝန်းကျင်ကို ပြန်ပြီး သတိထားမိတယ်။
ဒီတွဲထဲမှာ ဧရာဝတီမြစ် ကမ်းနံဘေးက၊ စစ်တောင်းမြစ် ကမ်းနဘေးက၊ ပြီးတော့ သံလွင်မြစ် ကမ်းနဘေးက၊ ချင်းတွင်း၊ စလင်းချောင်း၊ ပင်းချောင်း၊ ယင်းချောင်း နံဘေးက သူ့ရဲဘော်တွေကို မြင်ယောင်နေတယ်။ မြစ်တွေ ချောင်းတွေ ပေါင်းစုပြီးဘယ်သူမှ မဟန့်တားနိုင်တဲ့ ရေစီးမျိုးနဲ့ ဒိုက်၊ သရိုက်၊ အမှိုက်တွေကို တိုက်စားနေပုံကို သူ စိတ်ကူးပုံဖော်ကြည့်တယ်။ ဧရာမ ရေစီးကြောင်းကြီး ပါလား။
ရထားက အရှိန်လျှော့လာတယ်။ ဘူတာငယ်ကလေးတခုကို ၀င်တော့မလို့ ထင်ရဲ့။ အသက်နှင့် မမျှအောင် မျက်မှန်ထူထူ တပ်ထားတဲ့ အထက ကျောင်းသားကလေးက တွဲထဲမှာ လူးလာခေါက်ပြန် သွားပြီး မိတ်ဆွေသစ်၊ မိတ်ဆွေဟောင်းတွေကို နှုတ်ဆက်နေတယ်။ ဘာလိုလိုနဲ့ စက်ရုံမြို့ကလေးနား တဖြည်းဖြည်းနီး လာနေပြီ။ သူက စက်ရုံမြို့ကလေးက အလုပ်သမားတွေရဲ့ ဘ၀ကို စဉ်းစားနေမိတယ်။ သူ့မြို့မှာရှိတဲ့ မီးခြစ်စက်၊ ဗျစ်စက်၊ စောင်စက်၊ သစ်စက်က သူ့မိတ်ဆွေ အလုပ်သမားတွေဆီ စိတ်က ရောက်သွားပြန်ရော။ သူ့မိတ်ဆွေ အလုပ်သမားတွေနဲ့ ဒီစက်ရုံမြို့က အလုပ်သမားတွေ ဘာကွာခြားနေ သလဲ။ စက်ရုံမြို့ကလေးမှာနေတဲ့ ကဗျာဆရာကြီးကို တဆက်တည်း သတိရလိုက်မိတယ်။ ဆရာကြီး နေတဲ့ အိမ်ကလေးက ဘယ်ဟာလေးလဲ။ ကဗျာဆရာကြီး ရှိမယ့်နေရာကို သူ မမှန်းဆတတ်ဘူး။ ကားလမ်းကနေ တခေါက်ပဲ သူရောက်ဖူးတာ မဟုတ်လား။ ရထားက ဘူတာရုံမှာ ခဏပဲ ရပ်တယ်။ ပြီးတော ဆက်ထွက်ခွါလာတယ်။
သူက ပထ၀ီဝင် ဂုဏ်ထူးတန်းကျောင်းသားနဲ့ စကားဖောင်ဖွဲ့နေမိတယ်။ ဒီ ကျောင်းသားရဲ့ ကျေးဇူးက သူတို့လို လူတွေအပေါ်မှာ ရှိတတ်ကြတယ်လေ။ ပုံစံဆောင်၊ ပုံစံခန်းတွေမှာ သားရေပတ် သံတွေ တရွှမ်းရွှမ်း၊ ၀ါးရင်း တုတ်တွေ တ၀ဲဝဲဖြစ်နေချိန်မှာ ဒီကျောင်းသားလေးက အန္တရာယ်မရှိ၊ ဘေးမထိအောင် စောင့်ရှောက် ကာကွယ်တတ်တယ်။ ကာကွယ်လေ့ ရှိတယ်။
သူတို့ကို ရထားက ဘယ်အထိ သယ်ဆောင်သွားမလဲ မသိ။ နာမည်ကြီးတဲ့ သာယာဝတီကို လား။ သာယာဝတီဆိုတာနဲ့ သူက 'တောင်ဆင်းဝ' ကိုပါ တွဲလျက် သတိရနေမိတယ်။ ပဲခူးတိုင်း ကျောင်းသားလက်ရွေးစင် ဘောလုံးသမားလေးက ခြေချင်းနှစ်ချောင်းဆုံရာအရပ်ကို ညွှန်ရင်း အခုမှပဲ ဘောသမားအစစ် ဖြစ်တော့တယ်တဲ့။ သာယာဝတီ မဟုတ်တာတော့ သေချာသွားပြီ။ ဒါဖြင့်ရင် သူတို့ကို ဘယ်ပို့မလဲ။ ပြည်ကိုလား။ ထောင်ရှိတဲ့ မြို့တွေ စဉ်းစားကြည့်မိတယ်။ ရထားက ရပ်ပြန်ပြီ။ အစောင့်လိုက်လာသူကို ဘာဘူတာလဲလို့ မေးကြည့်တယ်။ အစောင့်က တွဲပြင် ခေါင်းထွက်ကြည့်ပြီး ဘာဘူတာမှ မဟုတ်ဘူးလို့ ပြောတယ်။ ကုက္ကိုပင်နှစ်ပင်နဲ့ ထန်းပင်နှစ်ပင်ကို လှမ်းတွေ့ရတယ်။ တယောက်ယောက်က ရထားကို တားပြီး စီးတာ ထင်ပါရဲ့။ ဒီတခါ ရပ်မယ့်ဘူတာက တိုက်ကြီးဘူတာ။
တိုက်ကြီး ဘူတာရောက်တော့ လူတယောက်ကို လှမ်းပြီး ခေါ်သံကြားတယ်။ "ကိုသက်ဦးကို ခေါ်ပေးပါ၊ ဒီမှာ သူ့သူငယ်ချင်းတွေ ပါလာတယ်" လို့ ပြောသံ ကြားလိုက်တယ်။ ဟိုလူချာကနဲ လှည့်သွားတယ်။ ဘူတာက ခပ်သေးသေးကလေး။ စာအုပ်အငှားဆိုင်မှာ စူပါတန်းဝင် စာရေးဆရာ တချို့ရဲ့ နာမည်၊ သူတို့ရဲ့ စာအုပ်ကြော်ငြာတွေကို မြေဖြူနဲ့ ရေးထားတယ်။
ကိုသက်ဦးဆိုတဲ့ လူငယ်က မောကြီးပန်းကြီးနဲ့ ရောက်ချလာတယ်။ သူက အလင်းထဲကမို့ တွဲထဲက လူတွေကို နေရောင်ကာပြီး ကြည့်နေတယ်။ သူငယ်ချင်းဟောင်းတွေကို ရုတ်တရက် မှတ်မိပုံ မပေါ်ဘူး။ ရုပ်တွေကလည်း မှတ်မိနိုင်စရာ မရှိဘူး မဟုတ်လား။ နောက်တော့ ညောင်လေးပင်က ဓာတ်ပုံဆရာကို သူ မှတ်မိသွားတယ်။ အထဲနဲ့အပြင် စကားအလုအယက်ပြောသံတွေ ညံသွားတယ်။ စကားပြောနေရင်းက ကိုသက်ဦးရဲ့ ပါးပြင်မှာ မျက်ရည်တွေ စီးကျလာတယ်။ ၀မ်းသာလို့လား၊ ၀မ်းနည်းလို့လား။ နှစ်ခုစလုံးကြောင့်ထင်ရဲ့။ တွဲပြတင်းဘောင်ကို လက်နှစ်ဖက်နဲ့ နာနာဆုပ်ကိုင်ရင်း လက်ဖမိုးပေါ်ကို သူ့မျက်နှာ အပ်ချလိုက်တယ်။ လူတွေကြားမှာ၊ ခရီးသွားတွေ ကြားမှာ ယောက်ျားသား တယောက် ရှိုက်ကြီးတငင်နဲ့ ငိုနေပါလား။ သူ့အငိုက တွဲပေါ်ကလူတွေကိုပါ ကူးစက်လုလု။ စိတ်မကောင်း ဖြစ်ကြရတယ်။ "ဟေ့လူ၊ ငိုမနေနဲ့လေဗျာ။ လုပ်စရာရှိတာ လုပ်ဦး။ ကျုပ်တို့ ဆေးလိပ် သိပ်သောက်ချင်နေတယ်" အသံတသံပဲ။ နောက်တသံက "လွယ်တာပဲလုပ်ဗျာ" တဲ့။ ကိုသက်ဦးက နီးရာ ဆိုင်တဆိုင်က ဆေးလိပ်တွေ၊ မုံ့တွေ မ,ချလာတယ်။ သူပိုင် ဆိုင်က ယူလာတဲ့ ဟန်ပန်နဲ့။ မျက်ရည်စက်လက်နဲ့ ကိုသက်ဦးကို ဆိုင်ရှင်က အံ့သြတဲ့ အကြည့်နဲ့ ကြည့်နေတယ်။ ဘာမှ မပြောဘူး။ တကယ်လည်း ဘူတာရုံကလေးမှာ ဒါမှမဟုတ် တိုက်ကြီး တမြို့လုံးမှာ၊ ဒါမှမဟုတ် တိုက်ကြီး တနယ်လုံး မှာ ကိုသက်ဦးကို ငြူစူမယ့်လူ ရှိပုံ မပေါ်ဘူး။ ဘာကြောင့်လဲ။ ကိုသက်ဦးဟာ ရှစ်လေးလုံး အရေးတော် ပုံကြီးမှာ တိုက်ကြီးရဲ့ တိုက်ပွဲဝင် ခေါင်းဆောင်၊ ပြီးတော့ သရက်တောက လွတ်လာတာ မကြာသေးဘူး။
မီးခိုးနဲ့ ဝေးနေတဲ့ အဆုပ်တွေ၊ ဟောင်းလောင်းဖြစ်နေတဲ့ ပါးစပ်ခြောက်ခြောက်တွေ အလုပ်ရ သွားပြီ။ ဂတ်ဗိုလ်ဆီက ခရာတွတ်သံ ကြားလိုက်ရတယ်။ နှုတ်ဆက်သံတွေ ညံသွားတယ်။ ခါးက ပုဆိုးနဲ့ မျက်ရည်စတွေကို သုတ်၊ ပုဆိုးကို တိုတိုပြင်ဝတ်လိုက်တဲ့ တိုက်ကြီးသားတယောက် နေ့ခင်းကြီးမှာ ရင်နာစရာ ပြဇာတ်တပုဒ် ကြည့်လိုက်ရသလို၊ ကိုယ်တိုင်လည်း ၀င်သရုပ်ဆောင်လိုက်ရ သေးတယ်။ ပြဇာတ်နာမည်က 'နေ့ခင်းအိပ်မက်' တဲ့။
ဆေးလိပ်ငတ်နေတဲ့ အချိန်မှာ ဆေးလိပ်သောက်ရတာ ဘယ်လောက်တောင် အရသာရှိတယ် ဆိုတာ ဆေးလိပ်ငတ်ဖူးသူတိုင်း သိကြတယ်။ ကျေးဇူးသိပ်တင်ပါတယ် ကိုသက်ဦးရယ်။
ကလေးမြို့နယ် နတ်မြောင်းရွာက ဦးဇင်းလေးက တိုင်းရင်းသားဖွံ့ဖြိုးရေးသိပ္ပံဆင်း တခွါးတယောက် နဲ့ စကားလက်ဆုံ ကျနေတယ်။
"၀က်လှကလေး၊ ဆတ်ဖားရိုး၊ ကိုင်းပင်ကြီး၊ ဥဒို၊ ဖားလေးကွင်း တို့မှာ ကျွန်တော့်အမျိုးတွေ ရှိတယ်။ ကျွန်တော်က ဆင်ကူးက" တခွါးရဲ့ အသံက ခပ်ဝဲ၀ဲ။ ရထားခုတ်သံနဲ့ ရောနေတယ်။ ဦးဇင်းက နားစိုက်ထောင်နေရတယ်။
"အမျိုးတွေဆီ ပြန်လာတာကို ဖမ်းပြီး ထောင်ချတာဗျ"
"ဘယ်နှခုနှစ်ကလဲ"
"၈၃ က"
"ဘယ်နှယောက်တုန်း"
"၆၃ ယောက်လေ"
"ဘယ်ကနေ ပြန်လာတာလဲ"
"မာနယ်ပလောက" တဲ့။
၎/၈၉ နဲ့ သေဒဏ်ကနေ တသက်တကျွန်း ပြောင်းသွားသတဲ့။ ဗိုက်ဆာရာမှာ သူများထက်ထူး ပြီး စောစောဆာတတ်သူက ဦးဇင်းကို အရွှန်းဖောက်နေပြန်ပြီ။
ရထားက ဥက္ကံ၊ သုံးဆယ်၊ သာယာဝတီ တို့ကို ဖြတ်ခဲ့ပြီ။ ရထားရဲ့ ပြတင်းပေါက်မှာ လယ်ကွင်းတွေ အပြည့်ရေးထားတဲ့ အ၀ါရောင်ဗရဗျစ်နဲ့ ပန်းချီကားတချပ် လာကပ်ထားတယ်။ ငိုက် မြည်းနေတဲ့ စပါးကလည်း အ၀ါ၊ ကတုံးတုံးထားတဲ့ ရိုးပြတ်ကလည်း အ၀ါ၊ မြင်မြင်သမျှ အ၀ါချည်းပဲ။ ငှက်တော်ကလေးပဲ အနက်ရောင်။ ငှက်တော်ကလေးတွေ၊ ပုစဉ်းထိုး ငှက်ကလေးတွေ တဂျုံးဂျုံးနဲ့ ဆူညံအော်ဟစ်နေတဲ့ ရထားကြီးကို အကြောက်အလန့်မရှိ ကြည့်နေကြတယ်။ ဒီနေ့မှ ထူးထူးခြားခြား ပါလာတဲ့ သံလှောင်အိမ် နှစ်ခုကို သူတို့ ကြည့်ကြရင်း အဖြေထုတ်နေကြတယ်။ သံလှောင်အိမ်တွေ ထဲမှာ ဘယ်သူတွေ ပါလာကြသလဲ။
ငှက်တော်ကလေးတို့ရေ......။
ပုစဉ်းထိုးငှက်ကလေးတို့ရေ.....။
ငါတို့ အင်းစိန်က လာကြတာကွဲ့။ အားလုံး ကိုးဆယ့်ကိုးယောက်ပေါ့။ တို့ကို ဘယ်ပို့မှာမှန်း မသိဘူး။ သေချာတာတခုကတော့ ငါတို့ ဘ၀က မင်းတို့လေးတွေလို မဟုတ်ဘူးကွဲ့။ ငါတို့ ချစ်တဲ့ မိဘတွေ၊ ငါတို့ချစ်တဲ့ အိမ်သူသက်ထားတွေ၊ ဆွေမျိုးမိတ်သင်္ဂဟတွေနဲ့ ဝေးတဲ့ဆီကို ပို့တော့မလို့။ ငါတို့ အသိုင်းအ၀ိုင်းအားလုံး ဆင်းရဲဒုက္ခနဲ့ ကြုံတွေ့နေရအောင်၊ နိုင်ငံရေး မလုပ်ချင်လောက်အောင် စိတ်ဓါတ် ကျစေဖို့ကွဲ့။ သူတို့ ဖြစ်စေချင်သလို ဖြစ်မတဲ့လား။ စမ်းကြည့်လိုက်လေ။
ငှက်တော်လေးမောင်နှံက သူပြောလိုက်တာကို ကြားသွားတယ် ထင်ပါရဲ့။ အမြီးကလေး မြှောက်လိုက်ကြပြီး စွေ့ခနဲ ပျံသွားကြတယ်။ ပုစဉ်းထိုး ငှက်ကလေးပါ လိုက်ပျံသွားတယ်။ ငှက်တော် ကလေးက ပုစဉ်းထိုး ငှက်ကလေးကို ရှင်းပြနေတယ်။ ပုစဉ်းထိုးငှက်ကလေးကလည်း စကားတွေ သိပ်ပြောတဲ့ ဆက်ရက်ကလေးကို ထပ်ရှင်းပြတယ်။ ဆက်ရက်ကလေးကနေ စာဝါလေး။ နောက် စာဝါကလေးကနေ ဂျိုးလည်ပျောက်လေး။ ဂျိုးလည်ပျောက်လေးကနေ.......။
သူ့ဇနီး ထောင်ဝင်စာ လာတွေ့ရင် ငှက်ကလေးတကောင်ကများ ဒီအကြောင်း လာပြောသေး လားလို့ မေးရဦးမယ်။
လက်ပံတန်းဘူတာရောက်တော့ နေ တော်တော်မြင့်နေပြီ။ ဆရာတော်ကြီးတို့တောင် ပုံစံဆွမ်း ဘုဉ်းပေးလို့ ပြီးကာနီးလုပြီ။ ဦးဇင်းတွေ ဘဲဥအစိမ်းနဲ့ ပုံစံငပိ ရောနယ်ပြီး ဖြစ်သလို ဘုဉ်းပေးနေ ကြရရှာတယ်။ ဆရာတော်များ ဒီနေ့ ဆွမ်းစားနည်းမယ် ထင်တာ။ မနည်းကြဘူး။ ခါတိုင်းလိုပဲ ဘုဉ်းပေးနေကြတယ်။ တဖက်သံလမ်းမှာ ရပ်ထားတဲ့တွဲက ကုန်စိမ်းသည်က သူတို့ကို ကြည့်ပြီး စိတ်ကူးရလာတယ်ထင်တယ်။ နံနံပင်တွေ တပွေ့ကြီး လက်ဆောင်လာပေးတယ်။ ပေရေနံစော်နေတဲ့ သံလှောင်အိမ်ထဲမှာ ဗမာနံနံနံ့က မွှေးကြိုင်သင်းသွားတယ်။ တယ်လဲ ထွားကြိုင်းလှတဲ့ ဗမာနံနံတွေ ပါလား။ ဆရာတော်တို့ကို ဦးဦးဖျားဖျား ကပ်လိုက်ရတယ်။ ရေစကြိုနယ် ကျွန်းဖိုပင်ရွာသား ဦးဇင်းပိန်ကလေးက နံနံပင်တွေကို ပလုပ်ပလောင်း ဘုဉ်းပေးလိုက်တယ်။
ကျေးဇူးတင်ပါတယ်။ ကုန်စိမ်းသည်ကြီးရေ.........။

ဖိုးသံစိမ်း
ဘ၀ကင်းဗတ်ပေါ်က သံမဏိစုတ်ချက်ကြမ်း- အပိုင်း (၁) ပြီး။
၂၀၀၃ ခု၊ နိုဝင်ဘာ ၂၇ ထုတ်၊ မာယာမဂ္ဂဇင်း မှ ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။

No comments: